
လဝါးစစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး၊ ဆေးဝါးနဲ့အစားအသောက် အရေးပေါ် လိုအပ်နေ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၁၈၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာက နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင် ခဲ့ကြတဲ့ ဒေသခံတွေဟာ နေရပ်ပြန်နေဖို့ အခက်အခဲဖြစ်နေပြီး ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲပြန်ပြင်းထန်လာတော့ ဘေးလွှတ်ရာ တောတွေ တောင်တွေဘက်ကို ရွာခံတွေ ထွက်ပြေးကြရတာပေါ့။ တချို့ကလည်း နီးစပ်တဲ့ရွာတွေဘက်ကို ပြေးကြတယ်။ ရွာထဲဝင်လာတဲ့ မင်းဇင်သန့် ပြည် သူ့စစ် ပူးပေါင်းတပ်တွေ ကျနော်တို့ မိသားစုဝင် နေအိမ်အပါအဝင် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးပေးလိုက်တယ်” လို့ လဝါးစစ်ဘေးရှောင် မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က စစ်တပ်နဲ့ မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ဟာ လေကြောင်းအကူသုံး တိုက်ခိုက်ကာ လဝါးကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် ရွာမနက်ခင်းစျေးတန်းအပါအဝင် လူနေအိမ် (၁၀၀) ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲကြောင့် ဘေးလွှတ်ရာကို တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ဆေးဝါးနဲ့ အစားအသောက်တွေကို အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လီဒိုလမ်းမကြီးပေါ်က ဖားကန့်-တနိုင်းသွားတဲ့ လမ်းပိုင်းအတွင်းမှာရှိတဲ့ ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လဝါးရွာ၊ လဂေါင်ရွာနဲ့ ခွန်စိုင်ယန်ရွာတွေဘက်က ဒေသခံပြည်သူ (၁၀၀၀) ကျော်ဟာ နမ္မတီး၊ မြစ်ကြီးနားနဲ့ မိုးကောင်းမြို့တွေဘက်ကို စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ (လဝါး ကချင်စစ်ဘေးရှောင်များ)