
စစ်ကောင်စီထံ စောင့်ကြည့်နည်းပညာ ရောင်းချခဲ့တဲ့ Compelson ကုမ္ပဏီကို အရေးယူဖို့ JFM တောင်းဆို
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၁၆၊ ၂၀၂၅
မြန်မာပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းနည်းပညာ စစ်ကောင်စီကို ရောင်းချခဲ့တဲ့ ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ အခြေစိုက် Compelson s.r.o ကုမ္ပဏီကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar အဖွဲ့က ချက်နိုင်ငံ အစိုးရကို တောင်းဆို လိုက်ပါတယ်။
ဒစ်ဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson ဟာ MOBILedit Forensic Pro Software ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို ရောင်းချထားတဲ့ သက်သေရရှိထားတယ်လို့ ဆိုပါတယ်။
ဒီ ဆော့ဝဲလ်ဟာ လုံခြုံရေးအကာကွယ်တွေကို ဖြတ်ကျော်နိုင်သလို၊ လုံခြုံတဲ့ ဆက်သွယ်ပြောဆိုမှု အက်ပလီ ကေးရှင်းတွေက ဖျက်ပြီးသား အချက်အလက်တွေကို ပြည်လည် ဖော်ယူနိုင်ပြီး၊ ဖုန်းထဲက အချက်အလက် တွေကို လည်း ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
ဒီနည်းပညာနဲ့ မြန်မာစစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဟာ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆထားသူတွေကို ပစ်မှတ်ထား စောင့်ကြည့်တာ၊ ထောက်လှမ်းတာနဲ့ ဥပဒေမဲ့ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ နဲ့ လူ့အခွင့်အရေးကာကွယ်သူတွေ အပါအဝင် ပြည်သူ ၂၉,၀၀၀ ကျော်ကို တရားလက်လွတ်ဖမ်းဆီးခဲ့ပြီး အကျဉ်း ထောင်တွင်း ညှင်းပန်းနှိပ်စက်မှုတွေနဲ့ သေဆုံးတာတွေ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Compelson ကုမ္ပဏီဟာ လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ထံ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်၊ Compelson ကုမ္ပဏီက မြန်မာ စစ်အုပ်စု နဲ့ ရဲတပ်ဖွဲ့ ရဲ့ ဆိုက်ဘာရာဇဝတ်မှုဌာနကို လိုင်စင်ဝယ်ယူမှု သက်တမ်းတိုးဖို့ အီးမေးလ်တွေ များစွာကို Justice For Myanmar က တွေ့ရှိထားတယ်” လို့ ပြောပါတယ်။
ဒါ့ကြောင့် ချက်အစိုးရအနေဖြင့် Compelson ကုမ္ပဏီကို မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချထောက်ပံ့ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းအတွက် ချက်ဥပဒေ သို့မဟုတ် အီးယူဥပဒေတို့အား ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန်နှင့် Compelson အပေါ် ပို့ကုန် ထိန်းချုပ်ရေးများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပြစ်ဒဏ်များ ချမှတ်ရန် Justice for Myanmar က တောင်းဆို ထားပါတယ်။
Photo: Justice for Myanmar