သတင်း

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းမှာ ခရီးသွားပြည်သူတွေ ဓါးပြတိုက်မှု ခပ်စိပ်စိပ်ကြုံလာ

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းမှာ ခရီးသွားပြည်သူတွေ ဓါးပြတိုက်မှု ခပ်စိပ်စိပ်ကြုံလာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

မတ် ၂၉၊ ၂၀၂၅

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်သွားတဲ့ လမ်းပိုင်းမှာ သေနတ်နဲ့ဓားကိုင်ဆောင်ထားတဲ့ လူတစ်စုက ခရီးသွားပြည်သူတွေ၊ ကားတွေကိုတားပြီး ဓားပြတိုက် ပြုလုပ်တာကို ခပ်စိပ်စိပ်ကြုံခဲ့တယ်လို့ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်ထဲက လဝါးရွာနဲ့ မိုးကောင်မြို့နယ်ထဲက မရန်ကထောင်ရွာကြားမှာ ဖြစ်ပြီး မြစ်ကြီးနား–နမ္မတီး–မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့မြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ ကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆-၂၇ ရက်နေ့ ၂ ရက်ဆက် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ဟုတ်တယ်၊ အဲဒီ ဓါးပြတိုက်မှုက မတ်လ ၂၆-၂၇ ရက်နေ့ ၂ ရက်ဆက်တောင် ဖြစ်သွားတယ်၊ ဖားကန့်ကနေ မြစ်ကြီးနားပြန်တဲ့ ကျနော့အသိ မိတ်ဆွေတစ်ဦးကတော့ မတ်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်မှာ မျက်နှာမတ်စ်တပ်ထားပြီး သေနတ်တို တစ်လက်ကိုင်ထားတဲ့ လူငယ် ၆ ယောက်က သူ့ကို ကားရပ်ခိုင်းပြီး ဓါးပြတိုက်သွားတာလို့ ပြောတယ်။ ကားထဲပါလာတဲ့ သိန်း ၄၀ ပါသွားတယ်လို့ ဖုန်းခေါ်လာပြီး ပြောပြလာတယ်၊ နောက်ရက် ထပ်ကြုံတယ်လို့ ပြောတယ်ဗျ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး အဲဒီလက်နက်ကိုင်ဆောင်ထားတဲ့ လူငယ် ၆ ဦးဟာ အဲဒီ လမ်းပိုင်းတွေမှာ ဖြတ်သန်း သွားလာနေတဲ့ ကား၊ ဆိုင်ကယ်နဲ့ ခရီးသွား ပြည်သူတွေကို ရပ်ခိုင်းပြီး ဓားပြတိုက်မှု ၁၀ ကြိမ်ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ခပ်စိပ်စိပ်ကြုံနေရတဲ့ ဓါးပြတိုက်မှု ပြုလုပ်နေသူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ခရီးသွား ပြည်သူတွေက လိုလားနေပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button