
EAOs နှင့် PDFs များ လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ဖို့ စစ်ခေါင်းဆောင် ထပ်ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၇၊ ၂၀၂၅
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs) အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ဖို့ ဒီကနေ့ မတ် ၂၇ ရက်နေ့မှာ ကျရောက်သော နှစ် ၈၀ ပြည့် တပ်မတော်နေ့ မိန့်ခွန်းကတဆင့် ထပ်မံပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်က “ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်” လို့ ပြောတာပါ။
လက်နက်ကိုင်လမ်းစဉ်များနှင့် အကြမ်းဖက်လမ်းစဉ်များကြောင့် နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနှင့်အတူ ဖော်ဆောင်ဖို့ စစ်ခေါင်းဆောင်က သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးစားပွဲဝိုင်းပေါ်သာ အဖြေရှာနိုင်မည်ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကြိုဆိုလမ်းဖွင့်ထားသလို၊ ယခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ အနိုင်ရ ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးမည် ဖြစ်တယ်လို့လည်း သူက ပြောဆိုပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs) များကို လက်နက် စွန့်ခိုင်းနေပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ် ၂ ခုဖြစ်တဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တို့ကို လက်လွှတ်ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-MWD