
၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၀၊ ၂၀၂၅
ဒီတပတ်ထပ်မံပြီး၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ် ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး
TNP အနေနဲ့ TNLA နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ TNP ရဲ့ နိုင်ငံရေးအရ လက်ဆက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်များ၊ တအာင်းဒေသအတွင်းမှာ စစ်ရေးအခြေအနေ၊ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့မှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ TNP ၏ ပူးပေါင်းဆောင်ရွက်ချက်၊ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတို့ ကြိုးစားကြမယ့် ဒီမိုကရေ စီဖက်ဒရယ်တည်ဆောက်ရေးအပေါ်အမြင်၊ ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up federalism) မူအပေါ်အမြင်၊ နိုင်ငံရေးပါတီတွေ၊ လက်ရှိနွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အတွက် အဓိကစိန်ခေါ်မှုအပေါ်သုံးသပ်ချက်အပါအဝင် ၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ လုပ်ဆောင်စေချင်တဲ့အချက် စတဲ့အကြောင်းများနှင့်အတူ တအာင်း(ပလောင်) အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ မိုင်းနိုင်ဂေါင်ဂျားကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဆက်သွယ် မေးမြန်းတင်ဆက်ထားပါတယ်။
———-
မေး။ ။ TNP အနေနဲ့ TNLA နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအတိုင်းအတာဘယ်လောက်ရှိပါသလဲ။ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးအားကောင်းအောင် ဖော်ဆောင်သွားကြမယ်လို့ TNLA ခေါင်းဆောင်တွေကလည်း ပြောထားတော့ TNP အနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။
ဖြေ။ ။ကျနော်တို့ တအာင်း(ပလောင်)အမျိုးသားပါတီ TNP အနေနဲ့ PSLF/TNLA နဲ့ တိုက်ရိုက်ချိတ် ဆက်ပြီး ပူးပေါင်းဆောင်ရွက်တာ မရှိပါဘူး။ သို့ပေမယ့် ကျနော်တို့ပါတီရဲ့ လုပ်ငန်းတွေ အောင် အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့အတွက် ခုလောလောဆယ်မှာကတော့ PSLF/TNLA က ကျနော်တို့ တအာင်းပြည်မှာ စီမံအုပ်ချုပ်နေတဲ့ အစိုးရဖြစ်နေတဲ့အတွက် တစုံတရာချိတ်ဆက်ပြီး လုပ်ဆောင် တာတော့ရှိပါတယ်။
အဲဒီအုပ်ချုပ်ရေးပိုင်း၊ တရားဥပဒေစိုးမိုးရေးအပိုင်း အားကောင်းဖို့အတွက် ဆိုရင် ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်းပါပဲ ကျနော်တို့ဒေသ/တအာင်းပြည်မှာ စီမံအုပ်ချုပ်နေတဲ့ အစိုးရနဲ့ လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ဘယ်အတိုင်းအထိ ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာကတော့ လိုအပ်တဲ့အခန်းကဏ္ဍတိုင်း မှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေး။ ။ TNP ရဲ့ နိုင်ငံရေးအရ လက်ဆက်အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကရော ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့ တတိယအကြိမ်မြောက် တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံ သဘောထား ထုတ်ပြန်ကြေညာချက်မှာပါတဲ့အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျနော်တို့ ပါတီက ဖက်ဒရယ် ယူနစ်တခုဖြစ်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီမှာ အဖွဲ့ဝင် အဖွဲ့ အစည်း ဖြစ်တယ်။
ကျနော်တို့ရဲ့ ထုတ်ပြန်ကြေညာချက် ၃/ဃ မှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ မှ ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေးလမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အတိအလင်းဖော်ပြထားပါတယ်။ ဒါက လက်ရှိနွေဦးတော်လှန်ရေး မှာ ပါတီအနေနဲ့ ဆက်လက်အကောင်အထည် ဖော်သွားမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
မေး။ ။ တအာင်းဒေသအတွင်းမှာ စစ်ရေး၊ နိုင်ငံရေး ဘယ်လိုဖိအားမျိုးတွေ ကြုံနေရသလဲ။ ဘယ်လို ကျော်ဖြတ်ဖို့ ပြင်ဆင်နေတာမျိုးရှိသလဲ။
ဖြေ။ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးပြောရရင် ကျနော်တို့တအာင်းပြည်/ဒေသမှာပဲ မကဘူးပေါ့နော်။ တနိုင်ငံလုံးအတိုင်းအတာကြုံတွေ့ရတဲ့ ဖိအားတွေပဲဖြစ်တယ်။
ဆိုတော့ စစ်ရေးအရတော့ ပြောဖို့ ဆွေးနွေးဖို့အခက်အခဲတော့ရှိပါတယ်။ သို့ပေမယ့် ဒီအကြမ်းဖက်စစ်ကောင်စီက သူလက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေမှာ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက် ခိုက်မှုတွေ လုပ်နေတာတွေရှိတယ်။ အပြန်အလှန် လမ်းကြောင်းပိတ်ဆို့ တားဆီးမှုတွေတော့ရှိနေတယ်။ အပြန်အလှန် ဖြတ်(၄)ဖြတ် လုပ်နေကြတာပေါ့နော်။
အဲဒါတော့ စစ်ရေးပေါ့နော်။ နိုင်ငံရေးအရတော့ ဒီစစ်ကောင်စီ ဖက်ကကော/ တိုင်းရင်းသားတော်လှန်ရေး အင်အားစုဖက်ကကော တွေ့ဆုံညှိနှိုင်းဖို့ စာထုတ်ပြန်ထားတာရှိပေမယ့် ခုချိန်ထိ တစုံတရာ တိုးတက်လာတာ မတွေ့ရသေး ပါဘူး။
ဆိုတော့ ဒီဖိအားတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ကတော့ လမ်းကြောင်းရှာရတာတော့ ခက်ခဲ နေပါဦးမယ်။ တရုတ်ဖက်က ကြားဝင်စေ့စပ်မှုတွေ လုပ်နေပေမယ့် အပြောင်းအလဲကြီးကြီးမ ဖြစ်လာတော့ မတွေ့ရသေးပါဘူး။ ကျနော်တို့ပါတီအနေနဲ့လဲ ဒီလိုအခက်အခဲတွေ ကျော်လွှားနိုင်ဖို့က လက်ရှိတအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီရဲ့ ဦးဆောင်မှုတွေနဲ့ပဲ သွားရမယ့်အနေအထားပဲ ရှိနေပါသေးတယ်။
မေး။ ။ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့မှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးကြီး သလဲ။ TNP ပါတီအနေနဲ့ကော ဘယ်လိုပူးပေါင်းပါဝင်နေသလဲ။ ဘယ်လိုဆက်ပြီး ပူးပေါင်းဆောင်ရွက်ကြမလဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရှေ့မှာ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက ကျွဲကူးရေပါ ဆိုတဲ့သဘောပါ။ ကျနော်တို့ပါတီအနေနဲ့ကလဲ ဒီနွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ် တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ဒီနွေဦး တော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတို့နဲ့ အတူ အတူတကွလက်တွဲပြီး ပါဝင်ဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆက်လက်ဆောင် ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီက ကြိုးစားကြမယ့် ဒီမိုကရေ စီဖက်ဒရယ်တည်ဆောက်ရေးက လူထုတောင်းဆိုချက်ကို ပြည့်မှီအောင် တကယ်ကော ဖော်ဆောင် နိုင်ပါ့မလား။
ဖြေ။ ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးပြောရရင်တော့ ကျနော်တို့ပါတီအနေနဲ့ တခြားကျန်သောပါတီတွေ ကို သုံးသပ်ဖို့တော့ ခက်ခဲတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ပါတီအနေနဲ့က ဒီစစ်ကောင်စီက ဖော်ဆောင်သွားမယ့် မည်သည့် ကိစ္စမဆို အယုံအကြည်မရှိလို့ သူတို့(စစ်ကောင်စီ)ထံ မှတ်ပုံတင် မတင်ခဲ့ဘူး၊ သူတို့ ပြုလုပ်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်တယ်။ သူတို့နဲ့ပေါင်းမှ ဘာမှမလုပ်ခဲ့ဘူး။ ဒါက ကနော်တို့ပါတီရဲ့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ဖြစ်တယ်။
မေး။ ။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့အခါ အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့ အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမူအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေကျင့်သုံးမယ်လို့ ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom up federalism) မူကို တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်မှာ ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ။ ။ ဒီထုတ်ပြန်ကြေညာချက် ထုတ်ပြန်တဲ့ထဲမှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အနေနဲ့လည်း ပါဝင်ထားပါတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း TPCC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ် သည်။ ဆိုတော့ ဒီအပေါ်မှာ သိပ်ပြီး ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
နှစ်ပေါင်း (၇၀) ကျော် ရှုံးဆုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ဒီထုတ်ပြန်ကြေညာချက်နဲ့အတူ လူထုနဲ့အနီးကပ် ဆုံးဖြတ်တဲ့ ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးမူကို ဆွဲကိုင်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ အမြင်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိနွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အတွက် အဓိကစိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အဓိက စိန်ခေါ်မှုကတော့ ဒီမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်လို့ပဲ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ဒီအကြမ်းဖက်စစ်ကောင်စီကို အမြတ်ပြတ်ချေမှုန်းနိုင်မှသာလျှင် ကျနော်တို့တတွေ တည်ဆောက်ချင်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ အဲဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်သင့်သလဲ။
ဖြေ။ ။ ၂ဝ၂၄ ခုနှစ်မှာ ရရှိလာတဲ့တချို့တဝက်သောအောင်မြင်မှုတွေ/ ၂၀၂၄ မှ ကြုံတွေခဲ့ရတဲ့ ခက်အခဲစိန်ခေါ်မှုတွေကို ဒီလာမည့် ၂၀၂၅ မှာ ကျနော်တို့တတွေ စုစည်းညီညွတ်မှုတွေကို ပေါင်းစပ် ပြီး ကျော်ဖြတ်ကြရမယ်။ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအချင်းချင်းသော်လည်း ကောင်း၊ ဒီနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ အင်အားစုအချင်းချင်းသော်လည်းကောင်း၊ ဒီအင်အားစုအချင်းချင်းသော်လည်းကောင်း အပြန်အလှန် ယုံကြည်မှု၊ အသိအမှတ်ပြုမှုတွေ လုပ်ပြီး ရှေ့ ဆက်နိုင်မှသာ ဒီ၂၀၂၅ မှာ အောင်မြင်မှုတွေ ဆက်လက်ပြီး ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ တခြားဖြည့်စွက်ပြီးပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ဒီနွေဦးတော်လှန်ရေးဟာ ကျနော်တို့အတွက် နောက်ဆုံးတော်လှန်ရေးပဲ ဖြစ်ရမယ်။ နောက်ဆုံးတော်လှန်တဲ့ မျိုးဆက်ပဲ ဖြစ်ရမယ်။ လူလုပ်တဲ့ဘေးဒုက္ခကို လူကသာလျှင် ပြန်လည်ကုစားနိုင်လိမ့်မယ်။
ဒီမိုကရေစီစိတ်ဓါတ်ကို အာဏာရှင်စိတ်ဓါတ်နဲ့ ဘယ်တော့မှ ဖျက်စီးပြစ်လို့ မရဘူးဆိုတာ ကျနော်ယုံကြည်တယ်။ ကျနော်တို့တတွေ တိုက်တဲ့နေရာခြင်းသာ မတူပေမယ့် တိုက်နေတဲ့ ဘုံရန်သူက တစ်ခုထဲပါလို့ ပြောချင်ပါတယ်။
ရှေ့ဆက်တော်လှန်ရေး ခရီးဟာ ပိုပြီး ကြမ်းတမ်းမယ် အဲဒီအတွက် တော်လှန်ရေးအင်အားစု အသီးသီးကော၊ ကျနော်တို့ တော်လှန် ပြည်သူတွေကော ဒီခက်ထန်ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းကို အောင်အောင်မြင်မြင်နဲ့ ခုခံ တော်လှန်နိုင်ပါစေကြောင်း ပြောကြားရင်း အဆုံးသတ်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
TNP – Ta’ang National Party
TNLA – Ta’ang National Liberation Army