အင်တာဗျူး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)နဲ့ တွေ့ဆုံခြင်း

သီးသန့် ဆက်သွယ်မေးမြန်းချက် 

ဦးမျိုးကျော် | အထွေထွေအတွင်းရေးမှူး 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)

၁) ပထမဦးဆုံးအနေနဲ့ မေးချင်တာကတော့ အာဏာသိမ်းမှုအလွန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ရဲ့ ပါတီနိုင်ငံရေး အခန်းကဏ္ဍကို မေးချင်ပါတယ်။ လက်ရှိ ပါတီအနေနဲ့ ဘာတွေ ဆောင်ရွက် နေပါသလဲ။ 

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ALD ပါတီအနေနဲ့ အဓိကအနေနဲ့လုပ်ဆောင်တာကတော့ အာဏာသိမ်းလိုက် တဲ့အခါမှာ ALD ပါတီအနေနဲ့ ဖွဲ့စည်းပုံ ပျက်သွားပြီဆိုတာကို ကျနော်တို့ဖက်က လက်ခံလိုက်တယ်။ အဲ့ဒီတော့ ၂၀၀၈ မရှိတော့ဘူး၊ နောက်တခါ ALD ပါတီရဲ့မူက တစ်ပါတီအာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်မှ မပေါ်ပေါက်လာရေးဆိုတာ ALD ရဲ့ မူဝါဒဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုအာဏာသိမ်းလိုက်တာကို ALD အနေနဲ့ ဘယ်လိုမှ လက်မခံဘူး။

ဒါကြောင့် ALD ပါတီဟာ ပြည်သူလူထုနဲ့အတူတူ ပူးပေါင်းပါဝင်မှုတွေရှိခဲ့ တယ်။ နောက်တချက်က ဒီနိုင်ငံရဲ့ ပြဿနာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့ ဖက်ဒရယ်ရရှိရေးအတွက် အဟန့်အတားဖြစ်တဲ့ ဖွဲ့စည်းပုံလည်း ပျက်သွားပြီ၊ စစ်အာဏာရှင်ကိုလည်း ပြည်သူတစ်ရပ်လုံးက လက်မခံဘူးဆိုတဲ့အနေအထားမှာ ဒီအချိန်ဟာ ဖက်ဒရယ်ဖော်ဆောင်ရေးအတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ ALD အနေနဲ့မြင်မိပါတယ်။

ဖက်ဒရယ် ဖော်ဆောင်ရေးအတွက် တွန်းတွန်းတိုက်တိုက်နဲ့ ပူးပေါင်းပါဝင်လှုပ်ရှားနေတာပေါ့နော။ တူညီတဲ့အဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီးတော့ ALD အနေနဲ့ ပါဝင်လှုပ်ရှားနေပါတယ်လို့ ပြောချင်ပါတယ်။

၂) ဒုတိယအချက်အနေနဲ့ ရွေးကောက်ပွဲတရပ် ကျင်းပတော့မယ် ဆိုရင် ဘယ်လို အခင်းအကျင်းမျိုး ရှိနေဖို့ လိုအပ်လဲ ပြောပေးပါဦး။

ဖြေ။ ။ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ကတော့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီ တွေလိုမယ်။ နောက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုဆိုတဲ့ ပြည်သူတွေက မဲပေးနိုင်လောက်တဲ့ အခြေအနေ အခင်းအကျင်း တခု ပြည်သူတွေဖက်မှာ ရှိနေဖို့လိုတာပေါ့နော။

နောက်တခါ ရွေးကောက်ပွဲမှာ ကြည့်ကြပ်ဖို့ ဒိုင်သဘောမျိုးပေါ့ နော၊ တရားမျှတစွာရှိဖို့အတွက် တည့်မှတ်ပေးဖို့ပေါ့နော၊ စည်းပျက်ကမ်းပျက်မဖြစ်ရအောင် အလွဲသုံးစား မဖြစ်ရအောင် သမာသမတ်ကျတဲ့ အဖွဲ့အစည်းရှိဖို့လိုတာပေါ့လေ။

၃) ဆရာတို့ ALD ပါတီအနေနဲ့ လက်ရှိရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံ မတင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိထားပါတယ်။ ဘာကြောင့် အဲဒီဆုံးဖြတ်ခဲ့ရတာလဲ။ 

ဖြေ။ ။ ဟုတ်ပါတယ်။ ပါတီရဲ့ မူဝါဒအရလည်း မကိုက်ညီတဲ့အတွက်ကြောင့် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ လက်မခံဘူး ကျနော့်အနေနဲ့ ပါတီ တာဝန်ရှိသူတယောက်အနေနဲ့ပြောတာပါ။ တစ်ဆက်ထဲ မှာပဲ လက်မခံဘူးဆိုတာက ခေါင်းဆောင်တစ်ယောက်ယောက် လူပုဂ္ဂိုလ်တယောက်ယောက်ကနေပြီး ပြောတာမဟုတ်ဘဲနဲ့ ပါတီအနေနဲ့လည်း ဆုံးဖြတ်ချက်ချဖို့လိုတယ်။ အဲ့ဒီကြောင့် ပါတီဗဟိုကော်မတီ အစည်း အဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။

၄) လက်ရှိ အခင်းအကျင်းအရ၊ မှတ်ပုံမတင်ရင် ပါတီဖျက်သိမ်းခံရနိုင်တဲ့ အလားလာထိ ပြဌာန်းချက်တွေလဲ ရှိနေတယ်လို့ နားလည်ထားပါတယ်။ ALD အနေနဲ့ ပါတီမှတ်ပုံ မတင်ဖို့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်လို သက် ရောက်မှု ရှိလာနိုင်မယ်လို့ သုံးသပ် ထားပါသလဲ။    

ဖြေ။ ။ ပါတီ မှတ်ပုံမတင်တော့ဘူးဆိုတဲ့အခါမှာတော့ သူတို့ရဲ့ မူလရှိနေတဲ့ ကော်မရှင်ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ဘူးဆိုရင် ပါတီကတော့ ပျက်ပြယ်ဆိုပြီး သူတို့ထုတ်ပြန်ထားတာရှိတယ်လေနော။

 အဲ့ဒီမှာ တခုပြောစရာရှိတာက ပါတီတခုဆိုရာမှာ သက်ဆိုင်ရာအုပ်ချုပ်နေတဲ့သူတွေက ဖျက်လို့ပျက်တယ် ဆိုတာမျိုးတော့မရှိဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးပါတီ တချို့ဆိုရင် လွတ်လပ်ရေးမခင်ကတည်းကနေပြီးတော့ နိုင်ငံရေးပါတီရှိခဲ့တယ်။

ဖျက်တာလည်း အကြိမ်ကြိမ် ပဲ၊ ဒါပေမဲ့ သူတို့တွေက ဒီနေ့အချိန်ထိလှုပ်ရှားနေတဲ့ဟာမျိုးတွေ့ရတယ်။ ထိုနည်းလည်းကောင်းပဲ ALD ပါတီ ဆိုလည်း ၁၉၉၂ ခုကတည်းက ပါတီဖျက်သိမ်းခြင်းခံရတယ်၊ တရားမဝင် ဖျက်သိမ်းတယ်လို့ကြေညာတယ်။ သို့သော်လည်း ကျနော်တို့ အဲ့ဒီအချိန်မှာလည်း ALD ကနေနဲ့ပဲ တောက်လျှောက်လှုပ်ရှားလာနေတယ်။ ၂၀၁၂ ကျမှာပဲ တရားဝင်ပြန်ပြီးတော့ မှတ်ပုံတင်ခဲ့ပါတယ်။

၅) တဘက်ကလည်း အာဏာသိမ်းမှုအလွန် ထွက်ပေါ်လာတဲ့ ဥပဒေ ပြဌာန်းချက်တွေက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်သလို လွှတ်တော်အခင်းအကျင်းကလည်း ရှိမနေတာကြောင့် တရားမဝင်ဘူးလို့ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ ဒီအပေါ်မှာကော် ဆရာတို့ ပါတီအနေနဲ့ ဘယ်လိုနားလည် လက်ခံထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ပါတီအနေနဲ့ကတော့ အခု မင်အောင်လှိုင် က အာဏာသိမ်းတာကိုက တရားမဝင်ဘူးလေ၊ သူတို့ နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ပြီးတော့ ရေးဆွဲထားတဲ့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်အခန်း ကဏ္ဍမှာ ပါဝင်နိုင်အောင် သူတို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တောင်မှ သူတို့အာဏာသိမ်းတဲ့ဟာက မညီဘူး။

တနည်းအားဖြင့်ပြောရရင် သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ ကို သူတို့ဖျက်လိုက်တာပါပဲ။ ဒါပေမဲ့ သူတို့ကတော့ အာဏာသိမ်းတယ်လို့မပြောဘူး ၂၀၀၈ နဲ့ အညီ အာဏာထိန်းတယ်ဆိုတဲ့သဘောပြောတယ်။ ပြီးတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်မဟုတ်တဲ့ ဥပဒေ၊ အမိန့်၊ ကြေညာချက်တွေ ထုတ်လာတယ်၊ သူတို့မှာ ဒါတွေကို လုပ်ပိုင်ခွင့် မရှိဘူး၊ ပြဋ္ဌာန်းပိုင်ခွင့်မရှိဘူး။

အခုလုပ်နေတဲ့အလုပ်တွေ ရွေးကောက်ပွဲကိုပဲကြည့်ကြည့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေကို ပြဋ္ဌာန်းလာတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတယ်ဆိုတဲ့ဟာတွေက သူတို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ပဲ ကျနော်က အဲ့ဒီလိုသုံးသပ်ပါတယ်။

၆) တဘက်က စစ်ကောင်စီရဲ့ ဒီနိုင်ငံရေးပါတီ ဥပဒေကို ပြန်လေ့လာကြည့်တော့ မှတ်ပုံတင်ပြီးရင်  တနိုင်ငံလုံး အဆင့် ယှဉ်ပြိုင်မယ့် ပါတီတွေက ပါတီဝင်အင်အား ၁ သိန်း ရှိရမယ်နဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ဆိုရင် တော့ အင်အား ၁၀၀၀ ရှိရမယ်အပြင် ပါတီရံပုံငွေ ကိစ္စတွေလည်း သတ်မှတ်ထားတာ ရှိပါတယ်။ ဒီပြဌာန်းချက် တွေအရ တနိုင်ငံလုံးအဆင့်သွားမယ့် ပါတီတွေအတွက် လက်ရှိအခင်းအကျင်းအရ ခက်ခဲမယ် လို့ သုံးသပ်ကြပါ တယ်။ တနိုင်ငံလုံးအဆင့် ပါတီတွေအပါအဝင်၊ တိုင်းရင်းသားပါတီတွေကို ဘယ်လို သက်ရောက်မှုကို ဖြစ်စေ နိုင်မယ်လို့ ဆရာမြင်ပါသလဲ။

ဖြေ။ ။ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကတော့ ဒီပြည်ထောင်စုကို မည်သည့် တိုင်းရင်းသားတွေကမှ မပိုင်စေရဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့နော။ တိုင်းရင်းသားပါတီတွေ ကိုယ်စားပြုမရအောင် ပြဋ္ဌာန်းလိုက်တယ် လို့ပဲနားလည်ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသားဆိုတဲ့ဟာက တိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်တွေဖွဲ့စည်းထားတဲ့ဟာက ရခိုင်ဟာ ရခိုင်ပြည်နယ်မှာ အများကြီးရှိပေမဲ့ ရခိုင်နဲ့ ဆက်စပ် နေတဲ့ ဥပမှာ ဧရာဝတီတိုင်းတို့မှာလည်း ဖိုးဘင်စဉ်ဆက်နေထိုင်လာခဲ့တယ်။

ထိုနည်းလည်းကောင်းပဲ ကရင် တွေဆိုရင်လည်း ဧရာဝတီတိုင်းမှာဆိုရင် ကရင်ကတောင်ပိုများနေတယ် ကရင်ပြည်နယ်မှာထက်၊ နောက်ပြီး ပဲခူးတိုင်းမှာလည်းပဲ အဲ့လိုပြန့်ကျဲနေထိုင်ကြတယ်။ ထိုနည်းလည်း ကောင်းပဲ ရှမ်း၊ ကချင် ရောသူတို့ ဆက်စပ် နေတဲ့ နယ်နိမိတ် ပြည်နယ်တွေရှိတယ်။

အဲ့လိုဆက်စပ်နေတဲ့ နေရာတွေမှာ ကျနော်တို့အနေနဲ့ ပြည်ထောင်စု အဆင့် ပါတီထောင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်ထောင်စုအဆင့် ပါတီထောင်ဖို့ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ တစ်ဝက်ကျော်ဆိုတဲ့ ၁၆၅ မြို့နယ်မှာ ပါတီရုံးဖွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေထွက်လာတယ်။ ဒါကအင်မတန်မှားနေတယ်ပေါ့နော။

အခုလိုကန့်သန့်ချက်တွေ လုပ်လိုက် တဲ့အခါမှာ ပြည်ထောင်စုအဆင့်ကို ဝင်နိုင်မဲ့ပါတီဆိုတာက အစဉ်အဆက် စစ်တပ်နဲ့စစ်တပ်အပေါင်းအပါ ပါတီတွေလောက်ပဲ လုပ်နိုင်မယ်။ တနည်းအားဖြင့် ဗမာပြည်သူကို ကိုယ်စားပြုတဲ့ ပါတီတွေလောက်ပဲ ပါတီထောင်နိုင်မယ်ဆိုတဲ့ အခင်းအကျင်းကို ရောက်သွားတာပေါ့။

ဆိုတော့ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေက ဘယ်လိုမှ မမျှတတဲ့ အနာဂါတ်စည်းလုံးညီညွှတ်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ဘဲ မြင်ပါတယ်။

၇) ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တပြိုင်တည်းကောက် ယူမယ်လို့ စစ်ကောင်စီဘက်က ကြေညာလာတာ တွေ့ရပါတယ်။ ဒီအပေါ်ရွေးကောက်ပွဲကလည်း ၂၀၂၄ ထဲမှာမှ ဖြစ်လာ နိုင်တယ်လို့လည်း ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ စစ်ကောင်စီ အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပ လာနိုင်မယ်လို့ မြင်လား။ ဘယ်လိုသုံးသပ် ရှုမြင်ပါသလဲ။  

ဖြေ။ ။ အခု စစ်ကောင်စီ စစ်အာဏာရှင်ရဲ့လုပ်ငန်းတွေက ရွေးကောက်ပွဲပဲဖြစ်ဖြစ်တခြားဟာတွေပဲဖြစ်ဖြစ် ကျနော့် အနေနဲ့ အောင်မြင်လိမ့်မယ်လို့ မထင်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းကတည်းက သူတို့လုပ်နိုင် တဲ့ဟာက အာဏာသိမ်းတာလောက်ပဲရှိတယ်။

နောက် မတည်ငြိမ်မှုကိုအကြောင်းပြပြီးတော့ ခြောက်လ သက်တမ်းနှစ်ကြိမ်ထပ်တိုးခဲ့တယ်။ တနည်းအားဖြင့် ပြောရရင် သူတို့အာဏာသိမ်းစဉ်ကတည်းက သူတို့စီမှာ ဘာမှ အနာဂါတ်မသေချာဘူး။ ရှေ့ဆက်လည်း အကောင်အထည်ဖော်ဖို့မမြင်ဘူး။

အခုလည်း ထပ်ပြီးလာပြန်ပြီ လူဦးရေသန်းခေါင်စာရင်း ကောက်မယ်ဆိုတဲ့ဟာမျိုးပေါ့။ တိုင်းပြည်နေရာ တော်တောများများကို ကာဖျူးထုတ် ထားခဲ့တယ်။

ဆိုတော့ ဒီလိုအနေအထားမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ သန်းခေါင်စာရင်းကောက်မှာလဲ၊ ဘယ်သူတွေကရော တာဝန်ယူပြီးကောက်မှာလဲဆိုတဲ့ ဟာမျိုးတွေပေါ့နော။ ဆိုတော့ တာတွေက လက်ရှိနဲ့ အင်မတန်မနီးစပ်ဘူး အင်မတန်ဝေးနေသေးတယ်။ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

 ၈)  လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေအရ တဘက်က အတိုက်အခံ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ရွေး ကောက်ပွဲကို အွန်လှိုင်း စနစ်နဲ့ ပြုလုပ်နိုင်တယ်လို့ အကြံပြုချက်တွေ ရှိလာပါတယ်။ တချို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲထားဖို့ လိုတယ်လို့ ပြောကြတယ်။ ဒီအပေါ်ဘယ်လို မြင်ပါသလဲ။ 

ဖြေ။ ။ ဒါကိုတော့ ကျနော့အနေနဲ့ သဘောမကျဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တနည်းအားဖြင့်ပြောရရင် NLD နဲ့ စစ်ကောင်စီ အာဏာလုပွဲမဟုတ်တော့ဘူး။ ဆိုတော့ မှန်တယ် ၂၀၂၀ ရွေးကောက်ပွဲ NLD အနိုင်ရခဲ့တယ်။

ဒါပေမဲ့ ဒီဟာကိုပဲ ဆုပ်ကိုင်ပြီးတော့ ငါတို့အာဏာ ငါတို့ပြန်ပေးဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဒီအာဏာရှင်စနစ်ကို တွန်လှန်တိုက်ခိုက် တိုက်ပွဲဝင်သွားတဲ့ လူငယ်တွေရဲ့ ဖြစ်တည်မှုကို ဂရုစိုက်ပေးဖို့လိုလိမ့်မယ်။

ဒါကို အနိုင်ရ ပါတီတွေအနေနဲ့ သတိထားဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ နောက်တခါ ရွေးကောက်ပွဲ အွန်လှိုင်းကနေ ပြုလုပ်ဖို့၊ အွန်လှိုင်းစနစ်နဲ့ ကျင်းပဖို့ဆိုတာက ကျနော်တို့နိုင်ငံ အဲ့ဒီအဆင့်ထိ မရောက် သေးဘူးဗျ။ အချိန်စောနေသေး တယ်။ အဲ့ဒီအတွက် အများကြီးပြင်ဆင်ရအုန်းမယ်လို့ပဲ အကြံပြုချင်ပါတယ်။

၉) ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အာဏာရအစိုးရ NLD လက်ထက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရက်ပေါင်း ၉၀ မျှ နေရုံဖြစ် မဲပေးခွင့် ပေးခဲ့တဲ့မူကိုကျင့်သုံးခဲ့လို့ ပြည်နယ်အခြေခံပြု တိုင်းရင်းသားပါတီတွေ ကြား နှစ်နာမှုတွေ ရှိခဲ့သလို အငြင်းပွားမှုရှိခဲ့ပေမယ့် တစုံတရာ ကျေနပ်မှုရှိအောင် ဖြေရှင်းပေးနိုင်ခဲ့တာ မတွေ့ရဘူး။ ဆိုတော့ ပုံမှန်ကာလတွေ ပြန်ရောက်ရင်၊ ဒါမှမဟုတ် နောက်ထပ် ရွေးကောက်ပွဲတွေမှာ ဒီလိုအငြင်းပွားမှုဖြစ်စေမယ့် မဲပေးခွင့်ဆိုင်ရာမူတွေကို မဖြစ်စေဖို့ ဘယ်လိုပြဌာန်းကျင့်သုံးဖို့ လိုအပ်မယ်လို့ အကြံပြုချင်လဲ။ 

ဖြေ။ ။ ကျနော်တို့ အဲ့ဒီတုန်းက ရက်ပေါင်း ၉၀ အတွင်းအခြေချနေထိုင်တဲ့သူ မဲပေးခွင့်ရှိတယ်ဆိုတဲ့ဟာကို အဲ့ဒီကာလတုန်းကလည်း ကန့်ကွက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် အဲ့ဒါတွေက တိုင်းရင်းသား တွေနေတဲ့ ပြည်နယ်တွေမှာ များစွာရိုက်ခတ်မှု၊ သက်ရောက်မှုရှိတယ်ပေါ့နော။

ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက တိုင်းရင်းသားပြည်နယ် တချို့မြို့နယ်တွေမှာဆိုရင် လူဦးရေအင်မတန် နည်းတယ်ပေါ့နော။ ရာဂဏန်း၊ ထောင်ဂဏန်းလောက်ပဲရှိတဲ့ မြို့နယ်တွေလည်းရှိနေတယ်။

အဲ့ဒီလိုနေရာမျိုးမှာ သံယံဇာတတွေ ထွက်လို့သော်လည်းကောင်း၊ အခြားအကြောင်းကြောင်းကြောင့် သော်လည်းကောင်း လူဦးရေတချို့ကို အဲဒီ ဒေသက အလုပ်တခုခုမှာ ထည့်ထားလိုက်တာနဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ မဲပေးနိုင်တယ်ဆိုတာ အဲ့ဒီဒေသခံ တွေရဲ့ လိုလားချက်မဟုတ်ဘဲနဲ့ အပြင်ကလာတဲ့ လူတွေက မဲပေးပြီးတော့ အဲဒီဒေသရဲ့ တရားဝင်မှုကို ရယူ သွားမယ်ဆိုရင် ဒါဟာဘယ်လိုမှမဖြစ်သင့်ဘူးဆိုပြီး ကျနော်တို့ အဲ့တုန်းက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း အဲ့ဒီတုန်းက အင်မတန်မှကို မလျော်ညီတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်တာပါပဲ။

Related Articles

Back to top button