သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းမှုနဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ TNP ပါတီပြော

စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းမှုနဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ TNP ပါတီပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၈၊ ၂၀၂၄

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုနဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ-TNP ပါတီက ဒီဇင်ဘာလ ၂၇ရက်က ထုတ်ပြန်ခဲ့တဲ့ တတိယအကြိမ်‌မြောက် TNP ပါတီ ညီလာခံ သဘောထား ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တတိယအကြိမ်‌မြောက် TNP ပါတီ ညီလာခံကို ဒီဇင်ဘာလ ၂၄ရက်ကနေ ၂၅ရက်အထိ တအာင်းဒေသမှာ ကျင်းပခဲ့ပြီး ဗဟိုကော်မတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေမှ လေ့လာသူတွေ၊ လေ့လာသူတွေ စုစုပေါင်း ၉၃ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ညီလာခံကနေ ပါတီရဲ့ စတုတ္ထစသက်တမ်းမှာ ဆက်လက်တာဝန်ထမ်းဆောင်မယ့် ဗဟိုကော်မတီဝင် ၃၈ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၈ဦးနဲ့ ဗဟိုဥက္ကဌအဖွဲ့၊ အထွေထွေအတွင်းရေးအဖွဲ့တို့ကို လျှို့ဝှက်ဆန္ဒမဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့ပြီး အတည်ပြုချက် ၅ချက်၊ မှတ်တမ်းတင်ခြင်း ၁၁ချက်နဲ့ ရှေ့လုပ်ငန်းစဉ် ၈ချက်တို့ကို ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ညီလာခံကို တက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကို သုံးသပ်ခဲ့ကြပြီး စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို TNP ပါတီက ကန့်ကွက်ကြောင်း၊ စစ်ကောင်စီရဲ့ အရပ်သားပြည်သူအပေါ် ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒုက္ခရောက်နေတဲ့အပေါ် စာနာထောက်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး၊ ၁၀၂၇စစ်ဆင်ရေးနဲ့ တခြားတိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေက စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ အပေါ် ဂုဏ်ပြုကြိုဆိုတယ်လို့ TNP ပါတီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် TNP ပါတီအနေနဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCC က ဦးဆောင် အကောင်အထည်ဖော်မယ့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်တိုင်းမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
#FJMM

Related Articles

Back to top button