တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 97, December 3, 2024)

၁။ ရေးမြို့နယ်၊ အမှတ် ၈ လမ်းတွင်  ခမရ ၃၄၃ တပ်မှ စစ်ကားကို  ကြားဖြတ်တိုက်ခိုက်မှု  စစ်သား ၃ ဦး သေဆုံး
 December 3, 3034
မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာကျေးရွာကို ဖြတ်သန်းမောင်းနှင်လာသည့်  ခမရ ၃၄၃ တပ်မှ  အကြမ်းဖက်စစ်သားများ လိုက်ပါစီးနင်းလာသည့် ကားကို အမှတ် ၈ လမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောကြားသည်။ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၄ မိနစ်အချိန် ရေးမြို့နယ်၊ စုံနံ့သာကျေးရွာကို ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်၏ ၃၄၃ တပ်မှ တပ်သားများ စီးနင်း လာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးဘီလူးတပ်ဖွဲ့မှ တပ်သား ၁ ဦး ခြေထောက်တွင်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

“ဒီနေ့ မနက်၃၄၃ တပ်သားတွေ အစည်းအဝေးသွားတဲ့အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာ စုံနံ့သာလမ်းမကြီးပေါ်မှာ ၃ ဦး သေတယ်။  သူတို့ဘက်က ပြန်လည်ပစ်ခတ်တာ ရှိတယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ အမှတ် ၈ လမ်း မကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနောက် အကြမ်းဖက်စစ်တပ်၏  ၅၈၆ ၊ ၃၄၃ ၊ ၅၈၇ တပ်ရင်းများက  လက်နက်ကြီးများဖြင့်  ပစ်ခတ် နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ Read in Full

 
၂။ RCSS နဲ့ SSPP တို့ တင်းမာမှုတွေရှိနေပေမယ့် ပေါင်းစပ်ညှိနှိုင်းရေး ဖော်ဆောင်သွားမယ်လို့ SSPP ထုတ်ပြန်
 December 2, 2024
ရှမ်းပြည်တောင်ပိုင်းရှိ RCSS နဲ့ SSPP မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေပေမယ့် နှစ်ဖက်ပေါင်းစပ်ညှိနှိုင်းရေးကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ SSPP က ( ဒီဇင်ဘာ၁ ) မှာထုတ်ပြန်ပါတယ်။ အခုချိန်ကာလဟာ တပ်ဖွဲ့ နှစ်ဖွဲ့အပစ်ရပ်ပြီး အမြန်ဆုံးပေါင်းစည်းနိုင်ရန် ရှမ်းပြည်သူလူထုက ကြား၀င်စေ့စပ်ပေးနေတာကြောင့် ပေါင်းစည်းနိုင်ရေး ရှေးရှူ့ကာ နှစ်ဖက်တိုက် ပွဲ တွေမဖြစ်ပွားစေဖို့ SSPP/SSA အနေနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ SSPP အနေနဲ့ အခုလို ထိန်းသိမ်းခဲ့ မှုကို RCSS တပ်ဖွဲ့က အခွင့်ကောင်းအဖြစ်အသုံးချပြီး SSPP တပ်စခန်းတွေကို တိုက်ခိုက်တာ၊ တပ်ဖွဲ့၀င်တွေနဲ့ ဒေသခံပြည်သူတွေကို အကြိမ်ကြိမ်တိုက်ခိုက်တာတွေအပြင် ဖမ်းဆီးခြင်းတွေလုပ် ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS နဲ့ SSPP ဟာ ၂၀၂၃ ခုနှစ် ၊နို၀င်ဘာလအတွင်းက နှစ်ဖက်အပစ်ရပ်စဲကြောင်း ပူးတွဲထုတ်ပြန်ထားခဲ့တာ တစ်နှစ် နီးပါးရှိပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက နယ်မြေအငြင်းပွားမှုကိစ္စရပ်တွေမှာ ထိတွေတိုက်ပွဲတချို့ မကြာ ခဏ ဖြစ်ပွားလျက်ရှိနေတာပါ။ အခုလို SSPP ရဲ့ထုတ်ပြန်ထားချက်နဲ့ပတ်သက်ပြီး RCSS ဘက်က ဒီနေ့ထိပြန်လည်တုံ့ပြန်ပြော ဆိုတာမျိုးမရှိသေးပါဘူး။ RCSS နဲ့ SSPP ဟာ ၎င်းတို့ရဲ့ နယ်မြေဒေသတွေမှာ ထိန်းချုပ် လှုပ်ရှားလျက်ရှိကာ စစ်ကောင်စီပြုလုပ် တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတချို့မှာပါ၀င်ခဲ့ပြီး စစ်အာဏာရှင်လက်အောက် က လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ၀င်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ဆက်နွယ်ပတ်သက်တာတွေမရှိဘူးလို့  ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွေက ထုတ် ပြန် ပြောကြားခဲ့ဖူးပါတယ်။ Read in Full

၃။ AA ထိန်းချုပ်ထားသည့် တောင်ကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲ၍ ဒေသခံ၂ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ
 December 2, 2024
အာရက္ခတပ်တော် (AA)က ထိန်းချုပ်လိုက်ပြီး မြေပြင်စစ်ကူလမ်းကြောင်းများပါ ပိတ်ဆို့ခံလိုက်ရသည့် တောင်ကုတ်မြို့ ကို စစ်ကောင်စီက နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီသည် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က  တောင်ကုတ်မြို့ ခရိုင်ကျေးရွာကို ဗုံး လေး လုံးကြဲချတိုက်ခိုက်ခဲ့ရာ တောင်ကုတ်ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၉ ဦးခန့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။ သေဆုံးခဲ့သူများမှာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်နေ ဒေါ်မသိန်း (၇၁) နှစ်နှင့် သာယာအေး ကျေးရွာတွင်နေထိုင်သူ မောင်ကျော်သက်နိုင် (၁၇) နှစ်တို့ဖြစ်ပြီး  ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။ “စကခ ၅ ပတ်လည်က တိုက်ပွဲပြင်းထန်နေတာ။ အဲဒီ့ပတ်လည်လည်း ဗုံးကြဲတယ်။ မြို့ပေါ်ရပ်ကွက် တွေရော  မြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ရပ်ကွက်တွေပါ ရမ်းကြဲနေတာ” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ခရိုင်ကျေးရွာတွင် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များမှ စစ်ရှောင်လာသည့် ဒေသခံစစ်ဘေးရှောင် အများစုနေထိုင်နေကြ ပြီး စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခံစစ်ပြင်၍ ပြန်လည်တိုက် ခိုက်နေသည့် စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) မှာလည်းပိတ်ဆို့တိုက်ခိုက်ခံနေရပြီး မြေပြင်စစ်ကူမပို့နိုင် သည့်အတွက် လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီသည်တောင်ကုတ်မြို့ကို ၁၇ ရက်တာထိုးစစ်ဆင်ပြီး  ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် တောင်ကုတ်မြို့အပါအဝင် တိုက်ပွဲပြင်းထန်နေသည့် အမ်းနှင့်ဂွမြို့နယ်တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။ Read in Full

၄။ တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ်(၁၄၀)ကျော် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့
 December 2, 2024
တောင်ကြီး တန်ဆောင်တိုင်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၁၄၀)ကျော်ကို စစ်ကောင်စီတပ်က စစ်သင် တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ကာလတွင် ဖမ်းဆီးခံရသူလူငယ် (၁၄၀ )ကျော်ရှိခဲ့သည်။ အဆိုပါ လူငယ် (၁၄၀)ကျော်ထဲတွင် အမျိုးသမီးများ လည်း ပါဝင်နေပြီး ယခင်က ငွေပေးလျှင် ပြန်လွှတ်ပေးသော်လည်း ယခုအချိန်တွင် ငွေပေးလျှင်လည်း မရတော့ဘဲ ဖမ်းဆီးခံရသူ များကို ကျိုင်းတုံဘက်သို့ စစ်သင်တန်း တက်ရောက်ခိုင်းကာ ရှေ့တန်းပို့လိုက်သည်ဟု ဖမ်းဆီးခံရသည့် လူငယ်များနှင့်နီးစပ်သူကပြောသည်။“တောင်ကြီးတန်ဆောင်တိုင် မတိုင်ခင်လေးက လူငယ် အများကြီး ROYAL တောင်ကြီးမှာ ၂၀ ကျော် ဖမ်းခံရ တယ်။ မိန်းကလေးတွေလည်းပါတယ်၊ PNO ဘက်က သား သမီးတွေကိုတော့ ပြန်လွှတ်တာပေါ့။ တစ်ခြားဘာမှမရှိတဲ့သူတွေ ကတော့ ငွေနဲ့ ပေးလည်း မရဘူး အဖမ်းခံရတယ်။ ပြီးရင် ကျိုင်းတုံဘက်ကိုပို့ပြီး ရှေ့တန်းပို့တယ်ကြားတယ်”ဟု အဆိုပါ နီးစပ်သူ အမျိုးသားတစ်ဦးကပြောသည်။

ထိုသို့ ဖမ်းဆီးခံရမှုများကြောင့် ညဘက်အပြင်မထွက်ရဲကြတော့ဘဲ ပိုက်ဆံပေးနိုင်ပြီး လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ် သူများသာ ညဘက်အပြင်ထွက်ကြတော့ကြောင်း တောင်ကြီးမြို့နေ လူငယ်တစ်ဦးကပြောသည်။ ထို့ကဲ့သို့ စစ်ကောင် စီတပ်မှ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာသောကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် လုံခြုံရေးကို ပို၍ စိုးရိမ်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။“ကိုယ်က သားယောကျ်ားလေး မွေးထားရတော့ ပိုဆိုးတာပေါ့။ ညဘက် လည်းစိတ်ပူတယ်၊ နေ့လည်းဘယ်သွားသွား စိတ်ပူတယ်။ ကိုယ်က ကျောထောက် နောက်ခံ ဘာမှမရှိတော့စိုးရိမ်ရတယ်။ ပိုက်ဆံ ရှိရင်တောင် ပြန်ရွေးလို့ မရတော့ဘူးလေ”ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယခုလက်ရှိ တောင်ကြီး မြို့ပေါ်တွင် ညဘက် ၇ နာရီကျော်မှ စပြီး မြို့ထဲနှင့် ရပ်ကွက်များတွင် လူသွားလာမှု နည်းပါးလာပြီး ညဈေးတန်းများ၌သာ လူအနည်းငယ် ရှိတော့သည်ဟု ဒေသခံများထံမှ သိရသည်။ Read in Full

၅။ ဖာပွန်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ
 December 2, 2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထွီးသီးအုရွာ၌ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ များကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ နှင့် ၅ နာရီခန့် တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များက ဖားပွန်နယ်မြေ (ငှက်ပျောတော) နှင့် ထွီးသီးအုနယ်မြေတွင် အကြမ်းဖက် စစ်တပ် တိုက်ပွဲ ၂ ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး MA-1 သေနတ် ၃ လက်နှင့် MA-4 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသော မာထောစစ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ၈၁ မမ လက်နက်ကြီး ၁ လက် ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 

၆။ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဆက်လက်လက်ပြင်းထန်၊ ၂ ဖက်အထိအခိုက်အကျ အဆုံးများ
December 2, 2024
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနဲ့ ဂန့်ကော်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲဆက်လက်လက်ပြင်းထန်နေပြီး ၂ ဖက်အထိအခိုက်အကျအဆုံးများတယ်လို့ ရှေတန်းစစ်မြေ ပြင်မှာ ရှိနေ သူတွေက ပြောပါတယ်။ “တိုက်ပွဲက နေ့တိုင်းလိုလို ပြင်းထန်နေတယ်။ ဂန့်ကော်မှာက အခုထိ စစ်ကောင်စီထိန်းချုပ်ထားဆဲပဲ။ စစ်ကောင်စီဘက်ရော ဒီဖက်အဖွဲ့ရော အထိအခိုက်များတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ တိုက် ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နေ့စဥ်လိုလို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိ နေသူတွေဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ အမြောက်တပ်တွေတည်ရှိရာ တောင်ခမ်းကျေးရွာမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လက တည်းကစကာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်နေတာ ၄ လနီးပါးရှိနေပါပြီဖြစ်ပါတယ်။

နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကြားရှိ ဂန့်ကော်၊ အုမ္မတီးနဲ့ ရေဝင်းစတဲ့ ကျေးရွာအနီးတစ်ဝိုက်မှာတွေတော့ စစ်ကောင်စီနဲ့ TNLA အကြား ပြီးခဲ့တဲ့ အောက်တိုဘာတတိယအပတ်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နောင်ချို-ပြင်ဦးလွင်ကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်ကနေ စစ်ကောင်စီတပ်က ဖြစ်သန်းသွာ လာခွင့် ပိတ်ပင်ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တစုံတရာထုတ် ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ TNLA ဘက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ဖို့ အသင့်ရှိ ကြောင်း ထုတ်ပြန်ထားတာပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း TNLA ထိန်း ချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီနဲ့ TNLA အကြား အပစ်ရပ်ရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ မဖြစ်နိုင်သေးပါဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ 

 
၇။   မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဟု CDFမင်းတပ် ကြွေးကြော်
 December 2, 2024
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို အောင်မြင်အောင်ဆင်နွှဲမည်ဟု မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ် (CDF)က ပြည်သူများအား အသိပေး ကြေညာသည်။ မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင်ခဲ့ရာ သုံးပတ်ကျော်ကြာသည် အထိ တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ မြို့သိမ်းစစ်ဆင် ရေး မစတင်ခင်ကတည်းက အဆိုပါစစ်ဆင်ရေးတွင် အသုံးပြုရန် ရန်ပုံငွေရှာဖွေမှုကို CDFမင်းတပ် ရန်ပုံငွေရှာဖွေရေးကော်မတီ က ဦးဆောင်ပြီး တောင်ဇလပ်မြေကမ်ပိန်းအဖြစ် မြေကွက်များ ကံစံမဲရောင်းချခဲ့သည်။ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ပြုလုပ် ခဲ့သည့် တောင်ဇလပ်မြေ ကမ်ပိန်းအတွက် ကံစမ်းမဲလက်မှတ်အစောင်ရေ ၁၀,၀၀၀ (ကျပ်သိန်း ၂၀၀၀)ကို ရောင်းချခဲ့ရာ ကံစမ်းမဲ လက်မှတ်အစောင်ရေ ၁၈,၀၀၀ ကျော် (ကျပ်သိန်း ၄၅၀၀ ကျော်)ဖိုး ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ သတ်မှတ်ထားသည့် ပမာဏထက် ရန်ပုံငွေ ပိုမိုရရှိခဲ့၍ ပါဝင်ပံ့ပိုးသူတစ်ဦးချင်းစီကို အထူးကျေးဇူးတင်ကြောင်း CDF မင်းတပ် ရန်ပုံငွေရှာဖွေရေးကော် မတီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ CDF မင်းတပ်ကလည်း (ဒီဇင်ဘာ ၂ရက်)တွင် ထပ်မံ ဖော်ပြသည်။

“CDF Mindat ရဲဘော်များအနေဖြင့်လည်း မင်းတပ်မြို့သိမ်းတိုက်ပွဲအောင်မြင်အောင် ဆင်နွှဲပါမည်။ အရေးတော်ပုံပြီး သည်အထိ တော်လှန်ရေးအောင်နိုင်သည်အထိ စွမ်စွမ်းတမံကြိုးစားသွားပါမည်ဟု ကတိပြုလိုက်ရပါတယ်ခင်မျာ”ဟု CDF မင်းတပ်က အသိပေးသည်။ CDF မင်းတပ်အနေဖြင့် နိုဝင်ဘာ ၉ ရက်မှ စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲ၌ အောင်မြင်မှုများရရှိထား ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေး ထုတ်ဖော်ပြောကြားထားသော် လည်း စစ်ရေးအခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ CDF မင်းတပ်သည် ချင်းညီနောင် အဖွဲ့ဝင် ဖြစ်ပြီး ချင်းညီနောင်နှင့်မဟာမိတ်များက မင်းတပ်မြို့သိမ်း တိုက်ပွဲအပြင် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်သည်။ မင်းတပ်ဒေသ စစ်ရေးအခြေအနေကို ဒေသခံတစ်ဦးက လူမှု ကွန်ရက်မှတဆင့် ရေးသား အသိပေးထားရာ (ဒီဇင်ဘာ ၂ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ကို လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့ဟု ဖော်ပြ သည်။ Read in Full

၈။ မြေပုံမြို့နယ်မှာ မွတ်ဆလင်ဒုက္ခသည်များ အရေပြားရောဂါခံစားနေရ
 December 2, 2024
ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ကလေး၊ လူကြီးမကျန် အရေပြားရောဂါဝေဒနာ ခံစားနေရ ကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်းမှာ မွတ်ဆလင်မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိ ပြီး စခန်းတစ်ခုလုံးနီးပါး အနည်းအများ ခန္ဓာကိုယ်ယားယံခြင်းနှင့် အဖုအထစ်များ ဖြစ်ပွားနေကြသည်ဟု ရောဂါဝေဒနာခံစား နေရသူ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။ “စခန်းတစ်ခုလုံး လူကြီး၊ လူငယ်မရွေး ဖြစ်နေတာပါ။ တစ်ခန္ဓာလုံး ယားယံ ပြီး စဖြစ်တယ်။ ယားနာပျောက်ဆေးတွေ လိမ်းပေမယ့်လည်း မပျောက်ဘူး။ တချို့ဆို အနာဆိုးတွေအထိတောင် ဖြစ်နေကြပြီ။ ဖြစ်နေကြတာက တော်တော်ကြပါပြီ။ မိုးရာသီကတည်းက စဖြစ်နေကြတာ။ ပျောက်လည်းမပျောက်ဘဲ ပိုပိုဆိုးဝါးလာပါတယ်” ဟု ပြောသည်။ အရေပြားယားနားများမှာ ခြေ၊ လက်၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိနေကြပြီး အိမ်ထောင်စုတစ်ခုတွင် အနည်းဆုံး ၂ ယောက်နှုန်းခန့် ဖြစ်ပွားနေကြကြောင်း အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များတွင် အဖြစ်များကြောင်း ပြောဆိုကြသည်။ အရေပြားရောဂါ ဝေဒနာခံစားနေရခြင်းမှာ ဒုက္ခသည်စခန်းအတွင်း သန့်ရှင်းသပ်ရပ်မှု အားနည်းခြင်းနှင့် တကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ အသုံးမပြုနိုင်ခြင်းကြောင့် ယခုအချိန်အထိ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ဒုက္ခ သည်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ကိုယ်ရည် သန့်ရှင်းမှုကြောင့်လို့တော့ ထင်ပါတယ်။ ဘာလို့ဆို အရင်က ထောက်ပံ့မှုတွေ ရစဉ်က တစ်ကိုယ်ရည် သုံးပစ္စည်းတွေဆိုလည်း ရကြတယ်။ ဆပ်ပြာတွေဆို လိုသလောက် အသုံးပြုနိုင်ကြတယ်။ အခုကျတော့ ဆပ်ပြာကြမ်းတောင် မဝယ်သုံးနိုင်ကြတာ များကြတယ်။ စခန်းအခြေနေက ထောက်ပံ့မှုရပ်နေတော့ စားဝတ်နေရေးတောင် အနိုင် နိုင်ရယ်။ အခုရောဂါ ကို ဆေးခန်းပြဖို့ဆိုဝေးလာဝေး၊ ဆေးလေးတောင်ပုံမှန်မလိမ်းနိုင်ကြဘူး။ အားလုံးက ကျပ်တည်းနေကြတော့ ထမင်းမငတ်ဖို့ကို ပဲ ဦးစားပေးနေရတော့လေ”ဟု ပြောသည်။ ကျန်းမာရေးကအရေးကြီးသည်ဟု မွတ်ဆလင်ဒုက္ခသည်များမှာ သိရှိကြသော်လည်း လတ်တလော အရေးကြီးသည်က စားဝတ်နေရေးဖြစ်သည့်အတွက် အရေပြားရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရခြင်းများ ကို သည်းခံဖြတ်သန်းနေထိုင်နေကြရသည်။ စခန်းကို ယခင်ကနိုင်ငံတကာအဖွဲ့စည်းများလာရောက်၍ ကျန်းမာရေးစောင့်ရှောက် မှုများပြုလုပ်မှုရှိခဲ့ကြသော်လည်း လက်ရှိတွင်ထိုကဲ့သို့လာရောက်မှုများလည်းမရှိကြကြောင်းစခန်းနေသူများကဆိုသည်။ စားနပ်ရိက္ခာကို ယခင်ကကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့ WFP က ကူညီထောက်ပံ့ပေးခဲ့သော်လည်း မေလကစ၍ ထောက်ပံ့မှုမရရှိသည့်အတွက် ဖြစ်သလို ရုန်းကန်ရှာဖွေစားသောက်နေရပြီး ကုန်ဈေးနှုန်းကြောင့် ထမင်းနပ်မှန်ရန် ခက်ခဲနေကြကြောင်းသိရသည်။  Read in Full

၉။  စစ်ကောင်စီ နဲ့ KTLA ရဲ့ အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့် တနင်္သာရီမှာကုန်စည်သယ်ယူဖို့ခက်ခဲ
 December 2, 2024
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကော်သူးလေတပ်မတော်(KTLA)က အပြန်အလှန်လမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီမြို့ နယ်က ကျေးလက်ဒေသတွေကို ကုန်သယ်နေတဲ့ ဗောဓိကမ်းတံတားကို စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်ခဲ့ပြီး ညောင်ပင် ကွင်းတံတားကိုတော့ ကော်သူးလေတပ်မတော်(KTLA)ကပိတ်ချခဲ့တာပါ။ တခြားမြို့တွေကနေ တနင်္သာရီမြို့နယ်က ကျေးလက် ဒေသတွေကို ကုန်သယ်ယူဖို့အတွက်ဆိုရင် ဗောဓိကမ်းတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ညောင်ပင်ကွင်းတံတားတွေကို ဖြတ်ပြီး ကုန်သယ်ယူရတာပါ။“တံတားရှိရဲ့သားနဲ့ တခြားလမ်းတွေကပတ်သွားနေရတာ မလိုအပ်ဘဲကုန်နေတဲ့စာရိတ်တွေအ များကြီးပဲဗျ။ ကုန်ဈေးတွေလည်းအကုန်တက်၊ လိုတဲ့ပစ္စည်းကလည်း လိုတဲ့အချိန်မရဘူး။”လို့ ဘန်လောရွာခံအမျိုးသားတစ်ဦး က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကော်သူးလေ တပ်မတော်က အပြန်အလှန်ပိတ်ထားတဲ့ တံတားတွေကြားမှာ ဘန်လော၊ ဘန်းသဲနဲ့ ညောင်ပင်ကွင်းအနောက်ကမ်းရွာရှိပါတယ်။ အဲဒီရွာတွေကနေ အဓိကကုန်သွယ်နေတဲ့ ကျေးလက်ဒေသ ရှစ်ရွာ အနည်း ဆုံးရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်အပြန်အလှန် လမ်းပိတ်ထားတာကြောင့် အဲဒီရွာတွေအကုန်လုံး ကုန်စီးဆင်းမှုအခက်အခဲဖြစ်နေပြီး တချို့ရွာတွေမှာဆိုရင် ဆန်တစ်အိတ်ကို တစ်သိန်းခွဲဝန်းကျင်ကနေ နှစ်သိန်းကျပ် ဝန်းကျင် ဖြစ်လာသလို ဒီဇယ်ဆီတစ်လီတာကို ၃၅၀၀ ကျပ်ကနေ ၅၇၀၀ ကျပ်ဝန်းကျင်အထိဈေးတက်လာတယ်လို့ ဆိုပါတယ်။

တံတားတွေပိတ်ထားတာကြောင့် ရေလမ်းအသုံးပြုသွားလာနေကြရပြီး လူတစ်ဦး ကူးတို့ခ ၁၀၀၀ ကျပ်၊ ဆိုင်ကယ် တစ်စီးဆိုရင် ၄၀၀၀ ကျပ်ပေးပြီးလာနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။“အရင်က ပိုက်ဆံတစ်ထောင်က ကျန်းမာ ရေးစရိတ် စားစရိတ်လုပ်နေရတဲ့ ကျပန်လုပ်သမားတွေဆို အခုကူးတို့ခဖြစ်သွားပြီ။ စားဖို့သောက်ဖို့ မကျန်တော့ဘူး။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ကော်သူးလေတပ်မတော်ဘက်ကတော့ အဲဒီတံတား ပိတ်ရတဲ့အဓိက ရည်ရွယ်ချက်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်သာဖြစ်ပြီး ကုန်စီးဆင်းမှုအခက်အခဲကြောင့် ကုန်ဈေး နှုန်းကြီးမြင့်တဲ့ဒဏ်ကို ကော်သူးလေ တပ်မတော်လည်း ပြည်သူတွေနည်းတူ ခံရတဲ့အကြောင်းတုံ့ပြန်ပြောဆိုပါတယ်။ “မြို့သိမ်းတိုက်ပွဲ ရွာသိမ်းတိုက်ပွဲဆိုတာ မြို့ထဲရွာထဲမတိုက်လို့ရှိရင်မပြီးဘူး။ နောက်တစ်ခုက ကျနော်တို့ကဘယ်အရာကိုပဲကြည့်ကြည့် လုံခြုံရေးမျက်လုံးနဲ့ကြည့်တယ် လုံခြုံ ရေးနားနဲ့နားထောင်တယ် ကျနော်တို့ကအရပ်သားမဟုတ်ဘူး ပြည်သူအတွက် စစ်သားဖြစ်တယ် ပြည်သူအတွက်စစ်သားပဲ ခေတ္တခဏလေးတော့ အချိန်ကာလတစ်ခုဖြစ်ဖြစ်သည်းခံစေချင်တယ်။”လို့ KTLA ထီးဆဲမဲ့တပ်ရင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။ Read in Full

၁၀။  ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးကာလ ဟားခါး – ထန်တလန်ကြား စစ်စခန်း ၄ ခုကို သိမ်းယူ
 December 2, 2024
ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ၏ Jericho စစ်ဆင်ရေးအတွင်း ဟားခါး-ထန်တလန်ကြားက စစ်ရေးအရအချက် အချာကျသည့် စစ်ကောင်စီစခန်း ၄ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး ၂ ဦး၊ တပ်နှင့်ရဲအရာရှိ ၅ ဦးနှင့် တပ် ဖွဲ့ဝင် ၃၀ ခန့် သေဆုံးသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များ သည် Jericho စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ လ ၂၂ ရက်မှစတင်၍ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ Jericho စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ၏ Kiamtlang/Ruavazung စခန်း၊ သီမြစ်ချောင်စခန်း၊Umpu Puaknak စခန်းနှင့်ပွိုင့်- ၃ စခန်းတို့ကို သိမ်းလိုက်ခြင်းဖြစ်ပြီး ယခု အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်းနေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။“ကျနော်တို့ ဒီစခန်းက ၄ ခုကို သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင် ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ်၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ ဘက်က ဂျက်ဖိုက်တာကို အားကိုးပြီး တော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့အနီး စစ်ကောင်စီ ခလရ ၂၂၂ လက်အောက်ခံ၊ Kiamtlang/Ruavazung တပ်စခန်းကို နိုဝင်ဘာလ ၃၀ ရက် က သိမ်းပိုက် ရရှိခဲ့ပြီး တပ်ရင်းမှူး အပါအဝင် တပ်အရာရှိ ၂ ဦး၊ ရဲမှူး ၁ ဦး နှင့် တပ်ဖွဲ့ဝင်များ အများအပြား သေဆုံးကြောင်း သိရ သည်။ သီမြစ်ချောင်းတံတားအနီးရှိ သီမြစ်ချောင်စခန်းနှင့် Umpu Puaknak စခန်းတို့ကိုလည်း နိုဝင်ဘာလ ၃၀ ရက်မှာပင် ချင်းပြည် အစိုးရပူးပေါင်းတပ်က သိမ်းယူလိုက်ကြောင်း၊ စစ်ကောင်စီမှ ထိခိုက် ကျဆုံးမှုများပြီး ထွက်ပြေးကြသည်ဟု သိရသည်။ ဟားခါး – ထန်တလန် ကြားမှာပင်တည်ရှိသည့် စစ်ကောင်စီ ပွိုင့် ၃ စခန်းကုန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၅ ရက် သိမ်းဆည်းထားသည်။ Jericho စစ်ဆင် ရေးတွင် စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ထဲက တပ် သား ၁ ဦးမှာ ဒဏ်ရာများရရှိထားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က စွန့်ပစ်ခံထားရသူဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်ရင်းမှူး ၂ ဦး၊ တပ်အရာရှိ ၃ ဦး၊ ရဲအရာရှိ ၂ ဦးတို့သည် တိုက်ပွဲမှာပင် သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀ ခန့်လည်း သေ ဆုံးနိုင်ချေရှိသည်ဟု ဆလိုင်းထက်နီက ပြောသည်။ ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲဘော် ၄ ဦးမှာ ကျဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက အတည်ပြုသည်။ 

၁၁။ စံကားဒေသ တွင် PNO မှ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူ
 December 2, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ် တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေ အိမ်အတွင်းထိဝင်ရောက် ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မယူဆောင် သွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦး ကပြောသည်။“နိုဝင်ဘာလ ဒုတိယပတ်ထဲမှာပဲ PNO အဖွဲ့တွေ ကျေးရွာနေအိမ်တွေထဲဝင်ပြီး ပိုက်ဆံရှိတဲ့ အိမ်တွေဆိုတန်ဖိုးရှိ တဲ့ ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဘုရားတောင်ရွာနဲ့ ဟိုတိန်ရွာဘက်မှာ မြို့နဲ့ နည်းနည်းဝေးတော့ သူတို့လုပ်ချင်သလို လုပ် ကြတယ်။ အထက်လူကြီးတွေတော့ သိမှာလည်း မဟုတ်ဘူး၊ ပစ္စည်းတန်ဖိုးက နည်းတာ မဟုတ်ဘူး ယူသွားတာ။ လက်နက်နဲ့ ခြိမ်းခြောက်နေတော့ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ထိုကျေးရွာ အများစုသည် PNO အဖွဲ့ဟု ကြားလိုက်သည်နှင့်အမျှ ကြောက်ရွံ့လာခြင်း၊ အခွန်ကို အဆမတန် ကောက် ယူခြင်းနှင့် စစ်မှုထမ်းခေါ်ဆောင်မည်ကို စိုးရိမ်နေခြင်းကြောင့် လူငယ်အများစုဟာနိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။“PNO ပအိုဝ်းပြည်သူ့စစ်က ရွာထဲ ရောက်နေတယ်လို့ ကြားလိုက်တာနဲ့ ကြောက်နေရ တယ်။ အခွန်တွေ အဆမတန် ကောက်တတ်လို့ ပြီးတော့ စစ်မှုထမ်းဖို့ အတင်းခေါ်တတ်တယ်။ လူငယ်တော်တော်များက ရွာမှာ မနေရဲကြဘူး၊ နိုင်ငံခြားပဲသွားကြကုန်ပြီ။ အိမ်မှာကျန်တဲ့လူကြီးတွေဆို သူတို့အဖွဲ့က လုပ်ချင်တာလုပ်ကြတယ်”ဟု ၎င်း အမျိုး သားက ပြောသည်။ အခြားတဘက်တွင် PNO တပ်ဖွဲ့သည် အကြောင်းပြချက်မရှိဘဲ မည်သည့် ပြည်သူအိမ်ကိုမှ တရားမဝင် ဝင် ရောက်ခြိမ်းခြောက်ခြင်း မပြုလုပ်ကြောင်း၊ ၎င်းတို့ နယ်မြေအတွင်း တရားမဝင်သည့် ပစ္စည်းများ တွေ့ရှိပါက တရား ဥပဒေအရ အရေးယူ လုပ်ဆောင်ကြောင်း PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအရာရှိ တစ်ဦးကပြောသည်။“အကြောင်းပြချက်မရှိ ဘဲ ပြည်သူ ပိုင် နေအိမ် ပစ္စည်းတွေကိုတော့ သိမ်းယူတာ မရှိဘူး၊ တရားဥပဒေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတခုခု တွေ့ရင်တော့ ကျနော်တို့လည်း အရေးယူသင့်ရင် ယူရတယ်။ ဒါက ကျနော်တို့မြေလည်း ဖြစ်တယ်၊ ရှင်းလင်းသင့်တာရှိရင် ရှင်းလင်းရမယ်”ဟု ၎င်းဗိုလ်မှူးအရာရှိက ပြောသည်။ Read in Full

၁၂။ တပ်ဖွဲ့ဝင်များ ဖမ်းခံရသည့် ကာကင်းသို့ စစ်ကောင်စီ အင်အားဖြည့် ဒေသခံများအခက်ကြုံ
 December 2, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ တပ်မဟာ(၆) မြဝတီတောင်ပိုင်း ဝေါ်လေဒေသ ရွှေအေး မြိုင်ရွာရှိ စစ်ကောင်စီကာကင်းမှ တပ်ဖွဲ့ဝင် ၁၆ ဦးကို ကော်သူးလေအာမီ- KTLA ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီက အင်အား ဖြည့်လာပြီး ယခုရက်ပိုင်းတွင်ပစ်ခတ်မှုရှိ၍ အခက်ကြုံနေသည်ဟု ဒေသခံများကပြောသည်။ လက်ရှိ ရွှေအေးမြိုင်ကျေးရွာ ဘုန်း ကြီးကျောင်းအနီးတောင်ကုန်းပေါ်၌ စစ်ကောင်စီကတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ချထားပြီး လက်နက်တက်ဆင်အသင့် ပြင်ထားကာ ဒေသခံတို့၏ စိုက်ခင်းများဘက်သို့ ပစ်ခတ်မှုများရှိ၍ ပြောင်းဖူးချိုးရန်နှင့်ပဲရိတ်သိမ်းရန်ခက်ခဲနေသည်ဟု ဒေသတစ်ဦးကပြော သည်။“တောင်ပေါ်မှာဟိုနေ့က သူများသွားလုပ်တော့ နည်းနည်းဘဲကျန်တော့တယ်။ အခုတစ်ခြားစခန်းကထပ်ပြီး အင်အား ပြန်လာချဲ့တယ်။ ကုန်းပေါ်ကနေ ဒေသခံတွေ ပြောင်းဖူးတို့ ပဲတို့ ခူးတဲ့နေရာမှာ စက်သေနတ်နဲ့ မော်တာတို့နဲ့ ပစ်တာရှိတယ်။ ထိတာတော့မကြားရဘူး။ ဒါပေမယ့် အဲလိုပစ်တော့ ပြောင်းဖူးတို့ ပဲတို့ မသွားခူးရဲကြဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ကာကင်းစခန်းရှိ စစ်ကောင်စီတပ်ခွဲမှူး ဗိုလ်ကြီးအာကာအပါအဝင်တပ်ဖွဲ့ဝင်များက သွားလာရေးအဆင်ပြေရန်အတွက် ထိုဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပူးပေါင်းမည်ဟု မကြာခဏပြောဆိုခဲ့သည်။ သို့သော် အချိန်အတော်ကြာသည်ထိ မပူးပေါင်းသည့်အတွက် နယ်မြေအတွင်းရှိ ကော်သူးလေအာမီ- KTLA က နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုနောက် စစ်ကောင်စီဘက်မှ ယခုလို အင်အားပြန် တိုးချဲ့ချထားခြင်း ဖြစ်သည်။ ဖမ်းဆီးထား သည့် စစ်ကောင်စီ တပ်ခွဲမှူး ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို KTLA က လက်ရှိအချိန်တွင် သုံ့ပန်းအနေဖြင့် ဖမ်းဆီးထိန်း သိမ်းထားဆဲဖြစ်ကာ အဆိုပါကာကင်းနေရာကိုလည်း တစ်စုံတစ်ရာ သွားရောက် ပစ်ခတ်မှုမရှိဟု KTLA ဘက်က ပြောသည်။ ထိုကာကင်းစခန်းသည် ဥကရစ်ထ စစ်ကောင်စီတပ်စခန်းနှင့် အနီးစပ်ဆုံးရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်နေ့ တွင်လည်း ဥကရစ်ထ စစ်ကောင်စီတပ်စခန်း၊ ဝေါလေဗျူဟာကုန်းတို့မှ လက်နက်ကြီး များနှင့်ဆက်တိုက် စစ်ကူပစ်ခတ်ခဲ့မှုပြု လုပ်ခဲ့သည်။ Read in Full

၁၃။ ထားဝယ်မှာ မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေဆုံး
 December 3, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် ငါးရှဉ့်သွားထောင်တဲ့ လူငယ်တစ်ဦး သေ ဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ကနိုင်းဒါကျေးရွာနေ အသက် ၁၄ နှစ် အရွယ် လူငယ်တစ်ဦးဟာ ကျေးရွာအနီးရှိ ပေါက်တိုင်းချောင်းမှာ ငါးရှဉ့်သွားထောင်စဉ် မြေမြှုပ်မိုင်းနင်းမိပေါက် ကွဲမှုနဲ့ ကြုံခဲ့ရ တာပါ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အဲဒီလူငယ်ဟာခြေထောက်နှစ်ဖက်လုံး ပြတ်တောက်ဒဏ်ရာနဲ့သွေးထွက်လွန်ပြီး အခင်း ဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ပေါက်တိုင်းချောင်း အနီး မှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး သတိပေးဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်လို့ သိရပါတယ်။

မိုင်းထိမှန်သေဆုံးခဲ့တဲ့  လူငယ်ရဲ့ မိသားစုဟာ နဂိုကသရက်နှစ်ခွကျေးရွာမှာ နေထိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လက လည်း ဖခင်ဖြစ်သူဟာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးမြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်တောက်ဒဏ်ရာရရှိခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေး လှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ အများဆုံးဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁၀၀၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။ Read in Full

၁၃။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲခဲ့ရာ ကျေးရွာများကို  AA က ဆက်တိုက်သိမ်းပိုက်နေပြီး တိုက်ပွဲမြို့နှင့်ပိုမိုနီးကပ်လာ
 December 2, 2024
စစ်ရေးပြင်းထန်နေသည့်ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA) က မြို့နယ်အတွင်းရှိ ကျေးရွာများကို သိမ်းပိုက်ယူခဲ့ပြီး မြို့နှင့်အနီးဆုံးထိ တိုက်ပွဲဖော်ဆောင်လာကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်နေ့အထိ  စစ်ကောင်စီတပ်စွဲခဲ့ရာ လောင်းကျိုး ကျေးရွာနှင့် ညောင်ချောင်း ကျေးရွာများကို  AA က သိမ်းယူခဲ့ရာ စစ်ကောင်စီတပ်များမှာ ရဟိုင်းကူးတို့ကျေးရွာထိ တပ်ဆုတ် ခဲ့ရ ကြောင်းသိရသည်။ “စစ်တပ်က ဂွမြို့နဲ့ အနီးဆုံးထိဆုတ်ပေးနေရပြီ။ တိုက်ပွဲ‌နေရာတွေက မြို့နဲ့ ငါးမိုင်လောက်ပဲ ကွာတော့ တယ်။ ရဟိုင်းကျေးရွာတွေဘက်ကိုတော့ ပြီးခဲ့တဲ့ လကတည်းကပြောင်းခိုင်းထားတယ်။ လေကြောင်းလည်းတိုက်ခိုက်တာရှိ တော့ အိမ်တွေတော့ထိခိုက်ပျက်စီးကုန်ပါတယ်” ဟု ဂွဒေသခံ တစ်ဦးက ပြောသည်။ ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲခဲ့ရာ ရွှေတွင်းတူး၊ ချင်းကုန်း၊ ဆတ်သွား၊ ဆင်ကူး၊ ကျောင်းတောင်၊ ဘာလီချောင်း၊ ကင်းပုံ စသည့်‌ကျေးရွာများကိုလည်း AA က ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့သည်။ ရဟိုင်းကူးတို့ရွာထိဆုတ်ခဲ့ရသည့် စစ်ကောင်စီတပ်များထဲတွင် ခမရ- ၅၆၂နှင့် ခမရ-၅၆၃ တပ် ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ဧရာဝတီတိုင်းမှ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်လာသည့် တပ်သားသစ်အများစု ပါဝင် ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ဂွမြို့မကျစေရေးအတွက် အင်အားထောင်ချီသုံးပြီး တပ်ရင်းများတွင် လုံခြုံရေးယူခိုင်းထား သည့်အပြင် ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်မှ စစ်သင်္ဘောများ ကိုပါ အသုံးပြု၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။ လေကြောင်းမှလည်း Y12 ၊ Y8၊ ဂျက်ဖိုက်တာများဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကျေးရွာများကို ဗုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အလားတူ AA က ဂွမြို့ နယ်တွင်သာမက မောင်တော မြို့ပြင်တွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို အနီးကပ်တိုက်ခိုက်နေပြီး မြေပြင်ထောက်ပို့ လမ်းကြောင်းများပါ ဖြတ်တောက်ထားပြီးဖြစ်ကြောင်းသိရသည်။ Read in Full

၁၄။တိုက်ပွဲအတွင်းမှာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့သလိုမူးယစ်ဆေးတွေသုံးစွဲခဲ့ကြောင်း စစ်သုံ့ပန်းတွေဝန်ခံထွက်ဆို
 December 2, 2024
ကရင်နီပြည်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ WY ဆေးပြားသုံးစွဲကြောင်းနဲ့ အထက်အမိန့်အရ တပ်သား တွေဟာ ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ လွိုင်ကော်တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက် အောက်ခံအမှတ် (၈၀) ခြေလျင်တပ်ရင်းက တပ်သားတွေက ဝန်ခံ ထွက်ဆိုထားပါတယ်။ ဒီကနေ့ KNDF ထုတ်ပြန်ထားတဲ့ အင်တာဗျူး ရုပ်သံဖိုင်မှာ ငြင်းဆိုလို့မရတဲ့ အထက်လူကြီးတွေရဲ့ အမိန့်အရ လုပ်ခဲ့ရတာဖြစ်တယ်လို့ ကိုယ်ပိုင်နံပါတ် ပစ/၁….၀ တပ်သား မျိုးသက်မင်းက KNDF ရဲ့မေးမြန်းမှုကို အခုလို ဝန်ခံ ထွက်ဆိုထားတာပါ။“၆ မိုင် ( ဒီးမော့ဆို ) မှာတော့ အိမ် ၂ လုံး ၃ လုံး ရှို့ဖူးတာတွေ့ဖူးတယ်။ လူကြီး အကြီးအကဲတွေက ရှို့ ဆိုတော့လည်း ရှို့ရတာပေ့ါ။ မြင်ကွင်းတွေ မလွတ်တဲ့ အိမ်တွေမှာ ရှို့ တယ်။ အဝတ်အစားတွေဘာတွေ တွေ့ရင်ရှို့တယ် အဲ့လို။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေအတွက် ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။ အကြောင်းကြောင့်နဲ့ လုပ်ခဲ့ရတာပေါ့။ လုံးဝလွန်ဆန်လို့ မရလို့ အထက်က ဗိုလ်ကြီးတွေလုပ်ခိုင်းလို့ လုပ် လိုက်ရတာ။”လို့ မျိုးသက်မင်းက ထွက်ဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကာလအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အချိန်မှာလည်း ပြည်သူတွေရဲ့နေအိမ်ကို ရည်ရွယ်ချက်ရှိရှိ လိုက်လံမီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်အရေအတွက် ၆၀ ကျော်ရှိ တယ်လို့ ကိုယ်ပိုင်နံပါတ် တတ/၁…၁ တပ်သား ဖိုးထူးက သူပါဝင်ခဲ့တဲ့တိုက်ပွဲအတွင်းအဖြစ်အပျက်ကို ရုပ်သံဖိုင်မှာပြောဆိုထား ပါတယ်။ ဒါ့တွေအပြင် WY ဆေးပြားတွေကို မရရတဲ့နည်းနဲ့ ရှာဝယ်တာရှိပြီး ဆေးသုံးခိုင်းကာ ရှေ့တန်းထွက်ခိုင်းတာမျိုး တွေကို စစ်ကောင်စီတပ်မှာ ပြုလုပ်လေ့ရှိတယ်လို့ စစ်သုံ့ပန်းတွေကဆိုကြပါတယ်။ အထူးသဖြင့် ကင်းစောင့်တဲ့အချိန်မျိုးတွေမှာ ဆေး ပြားသုံးခိုင်းတယ်လို့တပ်သား မျိုးသက်မင်းက အခုလိုပြောပါတယ်။“ဆေးပြားသေးသေး‌လေးပေါ့နော ကင်းစောင့်တဲ့အချိန်အိပ် ချင်မှာစိုးလို့ လူကလည်း စိတ်ညစ်တဲ့အခါဆို လူလည်း လန်းစေတယ်အဲ့ဒါမျိုးမို့သုံးတာ။”လို့ မျိုးသက်မင်းက ဆိုပါတယ်။ တပ်တွင်း အထက်လူကြီးအမိန့်ကိုနာခံရပြီး တိုက်ပွဲအတွင်းမှာ ရှေ့တန်းရောက်တပ်သားတွေကို နောက်မဆုတ်ခိုင်းဘဲ အသေခံတိုက် ခိုင်းတာမျိုး ရှိတယ်လို့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ကိုယ်ပိုင်နံပါတ် တတ/၁….၄ တပ်သား ဇော်လင်းဖြိုး ကလည်း ပြောဆိုထားပါတယ်။ Read in Full

၁၅။ ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံငါးခု ထိခိုက်ပျက်စီး
 December 2, 2024
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်တာ နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဘုန်ကြီးကျောင်း လေးကျောင်းနဲ့ ဓမ္မာရုံတစ်ခု ထိခိုက်ပျက်စီးတယ်လို့ ကရင်အမျိုး သားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ခလရ (၂၆၄) တပ်ရင်းက ကျွဲတလင်းနဲ့ ရွာသာယာ ရွာအပါအဝင် ရွာလေးရွာထက်မနည်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျွဲတလင်းရွာ ဘုန်းကြီးကျောင်းနဲ့ ရွာသာယာရွာ ဘုန်းကြီးကျောင်းတို့ ထိ ခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း ခလရ (၂၆၄) တပ်ရင်းက ရွာရှစ်ရွာခန့်ကို ပစ် ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပြီး အဲဒီတိုက် ခိုက်မှုကြောင့်လည်း နတ်လင်းရွာက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ အင်းနက်ရွာက ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးတယ်လို့ KNU က ပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်ကလက်နက်ကြီး ၁၈ လုံး ပစ်ခတ်ခဲ့သလို၊ ဒရုန်းနဲ့လည်း အကြိမ် နှစ်ဆယ်အထိ တိုက်ခိုက်တာကြောင့် ကျေးရွာဆေးပေးခန်း နှစ်ခု၊ ဆန်စက် တစ်လုံး၊ နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလအတွင်း ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလိုရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းကြောင့်လည်း အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်လေးပင်ခရိုင်အတွင်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို လက်နက် ကြီး ၈၆ လုံး ပစ်ခတ်ခဲ့တာကြောင့်လည်း ခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ ဆေးပေးခန်းတွေ ပျက်စီးခဲ့သလို ဒေသခံ နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ KNU က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

၁၆။ လွိုင်ကော်မြို့က ရပ်ကွက် ၅ ခုမှာ စာရင်းသွင်းပြီး ပြန်လည်နေထိုင်နိုင်ပြီလို့ စစ်‌ကောင်စီပြော
 December 2, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်လိုတဲ့ ဒေသခံတွေဟာ လွိုင်ကော်မြို့နယ်စီမံ အုပ် ချုပ်ရေးရုံးမှာ စာရင်း‌‌ပေးသွင်းပြီး ပြန်လည်နေထိုင်နိုင်ပြီလို့ စစ်ကောင်စီက နိုဝင်ဘာလအတွင်းမှာ ကြေငြာထားပါတယ်။ ဒါ့ အပြင် ကြေငြာစာတွေကို ရပ်ကွက်တွင်း လိုက်လံကပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။“အရင်ကတော့ အိမ်တွေပြန် ပေးကြည့်ရုံပဲ။ ခုတော့ ပြန်နေချင်ရင် နာရီစင်နားက အုပ်ချုပ်ရေးရုံးမှာ စားရင်း‌ပေးပြီး နေလို့ရပြီ”လို့ ဒေသခံအမျိုးသမီးတစ်ဦး ကပြောပါတယ်။ လွိုင်ကော် တစ်လေးလုံးစစ်ဆင်ရေးအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ နောာင်ယား(က)၊ နောင်ယား (ခ) ၊ မိုင်းလုံး၊ ထေးသမ ရပ်ကွက်နဲ့ ဒေါဥခူရပ်ကွက်တွေမှာ ပြန်နေထိုင်လိုပါက စာရင်းသွင််းခိုင်းတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လေးလုံးစစ်ဆင်ရေးကြောင့် မြို့တွင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံး ရပ်တန့်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့ဒေသခံအများစုဟာ နီးစပ်ရာ ရှမ်းပြည်နယ်က မြို့နယ်တွေမှာ တိမ်းရှောင်ခဲ့ကြရပါတယ်။ စစ် ဆင်ရေးဖြစ်ပွားပြီး ၁နှစ်အကြာမှာတော့ စစ်ကောင်စီက အခုလို ကြေညာထားတာဖြစ်ပါတယ်။ မြို့တွင်းမှာ လျှပ်စစ် မီး၊ ဆက်သွယ်ရေးလိုင်း ပုံမှန်ပြန်လည်ရရှိဖို့နဲ့ ဌာနဆိုင်ရာရုံး၊ ဈေး၊ တက္ကသိုလ်ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့လည်း စစ်ကောင်စီကလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက နောင်ယား (ခ) ရပ်ကွက်မှာ ပြန်လည်နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ နေ အိမ်ဝန်းထဲမှာ မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ စစ်ဘေးတိမ်းရှောင်ကြတဲ့ လွိုင်ကော် မြို့ခံတွေ နေအိမ် ပြန်လာကြည့်တာ များလာပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် နေရပ်မပြန်ရဲဘူးလို့ ဒေသခံ တ ချို့က ပြောပါတယ်။ “‌နောင်ယားကန်နားက အိမ်မှာ မိုင်းနင်းမိတယ်ကြားတော့ ကိုယ့်အိမ်တွေမှာကော မိုင်းတွေရှိ၊ မရှိ မသိသလို၊ ရှင်းထားလား မရှင်းထားလားလည်း မသိတော့မပြန်ရဲသေးပါဘူး။ အိမ်ကလည်း သူခိုးခိုးခံရလို့ကုန်သ လောက်ရှိနေပါပြီ”လို့ နောင်ယား (ခ) ရပ်ကွက် မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့ဟာ ဧရိယာစတုရန်းမိုင် ၂၃၀ ခန့် ကျယ်ဝန်းပြီး မြို့ပေါ်ရပ် ကွက် ၃၀ ခန့်ရှိပြီး လူဦးရေ ၆၀၀၀၀ ကျော်ရှိပါတယ်။ လက်ရှိမှာ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘော်ဝမ် ၊ မင်းစု ၊ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နမ့်ကွတ်၊ ရွှေတောင်၊ ဒေါတမ၊ ဈေးပိုင်း၊ လောဓမ၊ ဓမ္မရုံ၊ မင်္ဂလာ စတဲ့ရပ်ကွက်တွေမှာတော့ ဒေသခံတချို့ ပြန်လည် နေထိုင် ကြတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့တွင်းမှာတော့ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ကြိုးပမ်းနေရှိ သလို မြို့အဝင်အထွက် ပတ်လည်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ Read in Full

၁၇။ ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ
 December 2, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့ ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ် မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲတာအပြင် မြို့အဝင်အထွက် လုံခြုံ ရေး တင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လို တွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ် သူတို့လည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် သိသိသာသာ စစ်ရေးလှုပ်ရှားလာကြတယ်။ အင်အားတွေ လည်း ထပ်ဖြည့်တာတွေရှိနေတယ်”လို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နယ်စပ်ဒေသရှိ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းလိုက်တဲ့နောက် နိုဝင်ဘာလ ၂၆ ရက်နေ့က စပြီး ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဘက်ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၂၇ ရက်နေ့ နန်ဇော်ယန်ရွာ ဘက် လေယာဉ်ဗုံးကြဲတာ၊ KIA/PDF တပ် လှုပ်ရှားနယ်မြေ နေရာတစ်ချို့ကို ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါ တယ်။

ဒါ့အပြင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းပိတ်ထားကာ ခရီးသည်ကား၊အိမ်စီးကား၊ကုန်တင်ကား အား လုံးကို လုံး၀ဖြတ်သန်းခွင့်မပေးဘဲ ဆိုင်ကယ်တွေကိုတော့ ခဏတဖြုတ် လမ်းပေးဖြတ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ဘက် စစ်ရေးလှုပ်ရှားမှုစတင်လာ တာနဲ့တစ်ချိန်တည်းမှာပဲ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကိုလည်း ပိတ်လိုက်၊ဖွင့်လိုက် လုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် ဖွဲ့ဟာ ဝိုင်းမော်မြို့ထဲ၊ မြို့ပြင် အားလုံး လုံခြုံရေးတိုးမြှင့် တင်းကြပ်ထားသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရာ၀တီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့စလုံး လှုပ်ရှားနေတာကြောင့် မကြာခဏ တိုက်ပွားနေဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့မှာ တိုက်ပွဲဖြစ်လာမယ်ဆိုပါက ဝိုင်းမော်မြို့ထဲမှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာသွားလာ ရေးပိုခက်ခဲလာနိုင်တဲ့အတွက် စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။“ဝိုင်းမော်ဘက်မှာ တိုက်ပွဲပြန်ဖြစ်လာရင်တော့ကျမတို့စိုးရိမ် နေတာက ဘယ်ဘက်ကိုထွက်ပြေးရမလဲလို့ တွေးပူနေတယ်။ ဆဒုံးလမ်းဘက်ပဲ ထွက်ပြေးရမလား၊ ဆမားလမ်းဘက်ကပဲ ထွက် ပြေးရမလား စိတ်တွေက ဝေဝါးပြီးရှုပ်ထွေးနေတယ်။ ဗလမင်းထင်တံတားလည်းပိတ်လိုက်ပြီဆိုတော့ နောင်းချိန်းဘက်လည်း ထပ်စိုးရိမ်နေရပြန်ရော။ စစ်တပ်လည်းရှိတယ်။ KIA လည်းရှိတယ်လို့ ပြောတယ်။ စိတ်တွေက ရှုပ်ထွေးပြီး စိတ်ညစ်နေတယ်” လို့နောက်ထပ် ဝိုင်းမော်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ Read in Full

၁၈။ တနင်္သာရီနဲ့ ဖြူးမှာ မြေမြှုပ်မိုင်းကြောင့် သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
 December 2, 2024
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တို့မှာ ဒီရက်ပိုင်း မြေမြှုပ်မိုင်းနင်းမိလို့ ကလေးနှစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ထားဝယ်မြို့နယ်၊ ကနိုင်းရွာမှာ ၁၄ နှစ်အရွယ် ယောက်ျားလေး တစ်ဦး ငါးဖမ်းထွက်စဉ် ချောင်းအနီးမြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ထားဝယ်ဒေသခံတစ်ဦးကပြောါပတယ်။“အဲဒီကောင်လေး က သူအားတဲ့အချိန် သူအလုပ်လုပ်တဲ့ ခြံနံဘေးမှာရှိတဲ့ ရေး-ထား၀ယ် ရန်ကုန်သွားတဲ့ ရထားလမ်းဘေးမှာရှိတဲ့ ချောင်းနံဘေးမှာ ငါးသွားမျှားရင်းနဲ့ မိုင်းနင်းမိသွားတာ။ အရင်ဆုံးတစ်လုံး နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားတာ။ ခြေတစ်ဖက်ပြတ်ပြီး အဲဒီ ဒဏ်ရာနဲ့ ချောင်းကိုပြန်တက်လာတဲ့အခါ နောက်တစ်လုံး ထပ်နင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားတယ်။ အဲဒီဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်” နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာက အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး ကွမ်းသီးခြံထဲလုပ်ငန်းခွင်ဝင်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးပြီး ပြန်ထွက်ချိန်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့လေ့ရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစလို့ ပုလော၊ ထား၀ယ်၊ သရက်ချောင်းနဲ့ တနင်္သာရီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ပေါက်ဇလုပ်ရွာက မိသားစု သုံးဦးကတော့ ဖြူးမြို့ ကို ဈေးဝယ်ထွက်လာချိန် စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်းနောင်နဲ့ သမီး ဖြစ်သူ အသက် ၅ နှစ်အရွယ် မအေးမြတ်ငြိမ်းတို့ သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မနုနုဝင်းကတော့ ဖြူးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။  

၁၉။ စစ်ကောင်စီဒရုန်းကြောင့် ကလေးနဲ့ မိခင်ဖြစ်သူ သေဆုံး
 December 2, 2024
စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်းရင်းကျေးရွာမှာနေတဲ့ ၂ နှစ်အရွယ်ကလေး နဲ့ သူ့ရဲ့မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူက ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ PNP ပြည်သူ့စစ်တွေအထိုင်ချရာနေရာကနေ ဒရုန်းတက်လာပြီး တောင်ယာခြံထဲ ပြောင်းချိုး နေကြတဲ့ မိသားစုရှိရာကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ကလေးနဲ့ ကလေးအမေက ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ ကလေးအဖေကတော့ ခန္ဓာကိုယ်အနှံ့ ဗုံးဆံထိတဲ့ ဒဏ်ရာတွေရရှိထားပါတယ်”လို့ PNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုခွန်ရိန်းယံ က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပအိုဝ်း ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ် နေတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေ တယ်လို့ ဆိုပါတယ်။ မနေ့ကလည်း ဆီဆိုင် -လွိုင်ကော် လမ်းမတကြောက ထီးစဲခါးဆရာတော်ပါဝင်တဲ့ကားကို ပစ်ခတ်တာ ကြောင့် ဆရာတော်ပျံလွန်တော်မူပြီး ကျန်တဲ့ဆရာတော် နှစ်ပါးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ PNLA ကြား နိုဝင်ဘာလ ၂၀ ရက်ကစပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကာ စစ်ကောင်စီဖက်က ရွာကိုမီးရှို့လို့ နေအိမ် ၁၄ လုံး ထပ်မနည်း ပျက်စီးကာ ဖမ်းဆီးခံရတဲ့ ပြည်သူလေးဦးနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ လေးဦးအထိ ရှိနေတယ်လို့ သိရပါတယ်။ Read in Full

၂၀။ ရခိုင်တွင် ကလေးငယ်များ ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိ
 December 3, 2024
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေအတွက် လအလိုက် ပုံမှန်ထိုးပေးနေကျဖြစ်တဲ့ ကာကွယ် ဆေးတွေ ထိုးနှံပေးနိုင်တာ မရှိဘူးလို့ ကလေးမိခင်တွေဆီကနေ သိရပါတယ်။ ကာကွယ်ဆေးမထိုးပေးနိုင်တာဟာ တိုက်ပွဲစတင် ချိန်ကတည်းကဖြစ်ပြီး တနှစ်နီးပါးအကြာ ရှိလာခဲ့ပြီလို့ ကျောက်တော်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။“ကျမ ကလေးဆို ကာကွယ်ဆေးမမြင်ဖူးသေးဘူး။ တိုက်ပွဲစဖြစ်ကတည်းက ကလေးတွေ ကာကွယ် ဆေးမထိုးကြရတာ။ တနှစ်လောက် တောင်ရှိပြီ။ တိုက်ပွဲပြီးတော့လည်းမထိုးကြရသေးဘူး။” အရင်ကျန်းမာရေးဌာနတွေ ပုံမှန်လည်ပတ်စဉ်ကတနှစ်အောက်ကလေး ငယ်တွေကို ဝက်သက်၊ မဲခိုင်၊ ဂျပန်ဦးနှောက်ရောင် စတဲ့ကာကွယ် ဆေးတွေ လအလိုက် ပုံမှန်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ဒေသမှာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ အပါအဝင် နှစ်ဖက် ထိန်းချုပ်နယ်မြေ ၂ ခုလုံးမှာ ကာကွယ်ဆေးတွေ မထိုးပေးနိုင်တော့ဘူးလို့ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ မြောက်ဦးမြို့နယ် က ကျန်းမာရေးဝန်ထမ်းတယောက်ကတော့ “ဒီဘက်မှာကကျတော့ ကာကွယ်ဆေးက မရှိလို့ မထိုးကြရတာပါ။ တလောက တော့ ကာကွယ်ဆေး ရောက်မယ်၊ ဆေးတွေ ထိုးရတော့မယ်လို့ ပြောသံကြားတယ်။ ဒါပေမဲ့ ခုထိတော့ ဘာမှထူးမလာသေးပါ ဘူး” လို့ ပြောပါတယ်။ ရခိုင်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျန်းမာရေးကဏ္ဍအပြင် တခြား ပညာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးဟာ တပြည်နယ် လုံး အတိုင်းအတာအနေနဲ့ ပျက်ယွင်းနေတာ ဖြစ်ပါတယ်။ Read in Full

၂၁။ ကျိုက်ထိုတွင် လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၀ နှစ်ချ
 Decmber 2, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီက အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့က ပြောသည်။  ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချစ်စုရတနာ၊ အသင်းဝင်များဖြစ်သည့် ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် က နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ၎င်းတို့လေးဦးကို သေဒဏ်အထိချမှတ်နိုင်သည့် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ၅၄ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။  ယင်းအနက် ဦးမြအောင်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ကျိုက်ထို မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ကြောင်း နီးစပ်သူများထံမှ သိရသည်။“ကော့စံနိုင်လူမှုကူညီ ရေးအသင်းဝင်တွေကို ဖမ်းသွားတာက ငါးလလောက်တော့ရှိပြီ။ အခုက အသင်းဝင်တစ်ဦးကိုပဲ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု နီးစပ်သည့် ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

ကျန်ရှိနေသည့် မချစ်စုရတနာနှင့် အသင်းဝင်နှစ်ဦးတို့ကို စစ်ကောင်စီက ထိန်းသိမ်းထားဆဲဖြစ်ပြီး အမှုဆက်လက် ရင် ဆိုင်နေရကြောင်း ၎င်းကပြောဆိုသည်။  တော်လှန်ရေးတပ်ဖွဲ့ကိုဆက်သွယ်ခြင်း၊ သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းတို့လုပ်ဆောင် သည်ဆိုပြီး မွန်ပြည်နယ်အတွင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့နေများ၊ လူမှုကယ် ဆယ်ရေးအဖွဲ့ဝင်များ၊ သာမာန်အရပ်သား ပြည်သူများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ အထူးသဖြင့် စစ်ရေးပြင်းထန်နေသည့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ဘီးလင်း၊ ကျိုက်ထိုနှင့်သထုံမြို့နယ်အတွင်းက လူငယ်များဆက် တိုက်ဖမ်းဆီးခံနေရပြီးအချို့ကလည်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့် အရေးယူခံနေရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ဟု အမည်ပေးထားသည့် လူမှု ကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းထိုက်နှင့်အသင်းဝင် ကိုဝင်းကြည်၊ ကိုတူးတို့ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးအကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် အမှုဖွင့်အရေးယူထားသည်။ Read in Full

၂၂။ ဖားဆောင်းတွင် စစ်ကောင်စီတပ်က ရိက္ခာကို လေထီးဖြင့်သာ ချပေးနိုင်
 December 3, 2024
ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တပ်စခန်းအနေနဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းတို့ပဲ ကျန်ရှိနေပြီး ရိက္ခာပေးပို့မှုကိုလေကြောင်းကနေတဆင့် လေထီးနဲ့ပေးပို့တာတွေသာပြုလုပ်နိုင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က တလကို ပျမ်းမျှအနေနဲ့ ၂ ကြိမ်လောက် လေကြောင်း ကနေ ဆန်၊ ပဲ၊ ငရုတ်သီး၊ လက်နက်ခဲယမ်းတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကို လာချပေးပြီး တော်လှန်ရေးတပ်ဘက်က ရရှိတာတချို့လည်း ရှိတယ်လို့သိရပါတယ်။ KA က ဗိုလ်မှူးကြီးဘုန်းနိုင်က “ကင်းထောက် လေယာဥ်နဲ့ လာပစ်ချပေးတာ လုပ်ပါ တယ်။ ကျည်ဆန်ရော ဆန်ရော ငရုတ်သီးခြောက်တွေကော။ တလကို ၁ ခါ ၂ ခါလောက် လာချပေးတတ်တယ်။ ကျနော်တို့ ဘက်က ကျည်ဆန်တွေလည်း ရတာတွေရှိတယ်။ MA ကျည်ပေါ့။ ရိက္ခာလာချသွားတာက လွန်ခဲ့တဲ့ တပတ် ဆယ်ရက် လောက် ကပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေတဆင့် ရိက္ခာနဲ့ ခဲယမ်းတွေ မပို့ခင်မှာ အနီးနား ပတ်ဝန်းကျင်ကို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ တခါတလေပြုလုပ်ကာ နေရာရှင်းလင်းပြီးမှ ခလရ ၁၃၄ နဲ့ ၁၃၅ ထဲကို ပစ္စည်းတွေချတယ်လို့သိ ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတချို့ရှိပြီး စစ်ကောင်စီတပ်က နိုဝင်ဘာလထဲ လေကြောင်း ကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နေအိမ်ပြန်ကြည့်သူတွေအနေနဲ့ သတိထားကြဖို့ကိုလည်း အသိပေးတာတွေ ရှိနေကာ နောက်ပိုင်းမှာတော့ ပြန်ကြည့်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ Read in Full

၂၃။ ရှမ်းမြောက်တွင် ဗုံးကြဲခံရမှုကြောင့် တစ်လအတွင်း အရပ်သား ၁၀၀ ကျော် သေဆုံးဒဏ်ရာရ
 December 2, 2024
ရှမ်းမြောက်ဒေသ၊ တအာင်းတပ် (TNLA) ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ အတွင်း အရပ်သားသေဆုံးသူ ၃၈ ဦးနှင့် ဒဏ်ရာရရှိသူ ၇၀ ဦးရှိခဲ့သည်ဟု ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။ အရပ်သားထိ ခိုက်သေဆုံးမှုမှာ နောင်ချိုမြို့နယ်တွင် သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦး၊ မိုးကုတ်တွင် သေ ဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦး၊ မိုင်းငေါ့မြို့တွင်ဒဏ်ရာရရှိသူ ၅ ဦး၊ ကွတ်ခိုင်တွင်သေဆုံးသူ ၃ ဦးနှင့်ဒဏ်ရာရရှိ သူ ၇ ဦး၊ ကျောက်မဲတွင်သေဆုံးသူ ၁၀ ဦး နှင့် ဒဏ်ရာရရှိသူ ၂၀ ဦးတို့ဖြစ်သည်။ စစ်ကောင်စီက အရပ်သားနေထိုင် ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိမှုအပြင် နေအိမ်ဆောက်အအုံများအပြား ပျက်စီးသွား ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်း တပ် (TNLA)က ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့အပါအဝင် မြို့ပေါင်း ၁၂ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သား ထိခိုက် သေ ဆုံးမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးမှု လစဉ်မြင့်တက်လျက်ရှိသည်။ လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးတင်း မာမှုများအပေါ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် အသင့်ရှိနေကြောင်း တအာင်းတပ် (PSLF/TNLA) က နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထား သည်။ စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး၊ ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေကြရသည့် ဒေသခံများအား ငှဲ့ညာထောက်ထားခြင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားခြင်း တို့ကြောင့် နှစ်ဖက်စစ်ရေး ပဋိပက္ခ အဆုံးသတ်နိုင်ရန်ဖြစ်ကြောင်း TNLA ဘက်က ပြောဆိုထားသည်။ Read in Full

၂၄။ ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ
December 2, 2024
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေ ကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အင်အားအများအပြားနဲ့တပ်ထိုင်ထားတဲ့ ဟုမ္မလင်းမြို့ပေါ် နောင်ပိုအောင်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၀ ရက်နေ့စပြီး  NLD ပါတီဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်မိသားစုတွေကို လိုက်လံဖမ်းဆီးပြီး ရိုက်နက်တာတွေရှိနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦး ပြောပါတယ်။“ဒီမှာတော့အရမ်းဖမ်းနေတယ် မိသားစုထဲက PDF ထဲမှာဝင်ထားတဲ့သူတွေရှိတဲ့အိမ်ဆိုရင် မိသားစုလိုက် လိုက်ဖမ်းတယ်။ အရင်က NLD မှာမဲစာရင်းလိုက်ကောက်တဲ့ အိမ်တွေလည်းလိုက်ဆွဲတယ် အခုထိမလွတ်သေးဘူး မိသာစုလိုက်အကုန်ဖမ်းတာ”လို့သူကပြောပါတယ်။ အခုလိုဖမ်းဆီးရာမှာတော့ ကလေးလူကြီး၊သက်ကြီးရွယ်အို မရွေးဖမ်းဆီးနေ တာဖြစ်ပြီး ပြန်လွတ်ပေးတာရှိသလို ရက်ရှည်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။“မိသားစုတစ်စုဆိုရင် နေမ ကောင်းဖြစ်နေတဲ့ မိန်းမကြီးတစ်ယောက်ပဲကျန်ထားတယ် ကျန်တဲ့သားနှစ်ယောက်ရယ် သမီးနှစ်ယောက်ရယ်ဖမ်းသွားတယ် သူ့ ယောကျ်ားရယ် အဲ့နေမကောင်းလို့ကျန်ခဲ့တဲ့မိန်းမက နောက်နေ့ဆုံးသွားတာ။ သဂြိုလ်တဲ့ချိန်တောင် သူ့ယောက်ကျားနဲ့ ကလေး တွေအကုန်မလွတ်ပေးဘူး သမီးနှစ်ယောက်ထဲကိုပဲလွတ်ပေးတယ်”လို့ နောက်ထပ် ဟုမ္မလင်းမြို့ အမျိုးသမီးတစ်ဦးက ဆက် ပြောပါတယ်။

ဒါကြောင့် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုကျေးရွာထဲမှာရှိတဲ့ ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေ တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။“နောင်ပိုအောက်ဘက်စဖမ်းတာ အခုဒီဘက်ကိုလည်းဖမ်းနေပြီကြား တော့ တချို့ကိုယ့်ကိုကိုယ် စိုးရိမ်တဲ့သူက တိမ်းရှောင်နေကြပြီ နဂိုကတည်းက စစ်ဘေးကြောက်လို့ပြေးရတာ အခုဖမ်းလို့ဆိုပြီး ထပ်ပြေးနေရပြီ”လို့ ဟုမ္မလင်းမြို့အမှတ် ၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဟုမ္မလင်းမြို့ပေါ်မှာ LND မိသားစုဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး နောင်ပိုအောင်ကျေးရွာထဲမှာတော့ လင်းသုခရွှေဆိုင် ပိုင်ရှင် မိသားစုဝင်သုံးဦး၊ ရွှေစံအိမ် ကလေးအရုပ်အရောင်းဆိုင်ကနေ မောင်နှမနှစ်ဦး၊ ဒေါ်သန်းဝေ အသက် ၅၀ ဝန်းကျင်တစ်ဦး နဲ့ NLD ပါတီဝင်မိသားစုဝင် ၅ ဦး စုစုပေါင်း ၁၁ ဦးအထိဖမ်းဆီးထားပြီး ရိုက်နက်တာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ ဟုမ္မလင်း မြို့နယ်အနောက်ခြမ်း နောင်ပိုအောင်တကြောက SNA စစ်သားတွေတပ်ထိုင်ထားတဲ့ ပန်ချယ်၊ ဆိုင်းပန်ကုန်း၊ ပါဟုတ်ကြီး ကျေးရွာတွေ KIA ပူးပေါင်းတပ်က နိုဝင်ဘာ လအတွင်း သိမ်းပိုက်လိုက်တဲ့နောက် SNA တပ်က အခုလိုအရပ်သားတွေကို မတရား ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ Read in Full

၂၅။ လေကြောင်းတိုက်ခိုက်ခံရသည့် မောင်တောဒေသခံများ ဆေးကုသရန် အကူအညီလိုအပ်နေ
 December 2, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားကြသည့် မောင်တောဒေသခံများမှာ ဆေးဝါးကုသရန် ငွေကြေးအခက်ခဲရှိနေပြီး ဒေသတွင်း ဆေးဝါးပြတ်လပ်နေ၍ လူနာများအတွက် အကူအညီများလိုအပ်နေကြောင်း ပြောဆိုကြ သည်။ ပြီးခဲ့သည့် ဩဂုတ် ၂ ရက်က မောင်တောမြို့နယ်၊ မောင်နီရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မနှုရ်ဆော်ရာ၏ လက်မောင်း၊ နောက်ကျောနှင့် ရင်ဘတ်များတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ခွဲစိတ်ကုသမှု မပြုလုပ်နိုင်သေးသဖြင့် စိုးရိမ်စရာ ဖြစ်နေရကြောင်း ကာယကံရှင်က ပြော သည်။“ ဒီမှာက ဆေးရုံလည်း မရှိတော့ ဆေးကုသမှု အပြည့်အဝ မလုပ်ရသေးဘူး။ ဒဏ်ရာတွေက အခုထိ နာကျင်နေတုန်းပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှာ သွားပြီး ဆေးကုဖို့ကလည်း ပိုက်ဆံမတက်နိုင်ဘူး ” ဟု ဒဏ်ရာရနေသူ မနှုရ်ဆော်ရာက ပြောသည်။ လက်ရှိတွင် မနှုရ်ဆော်ရာတို့ မိသားစုသည် လှဖိုးခေါင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေပြီး ဒဏ်ရာများကို စခန်းအတွင်းရှိ ဆေးခန်းကပေးသည့် ဆေးဝါးများဖြင့်ကုသနေရသည်။ သို့သော်လည်း မနှုရ်ဆော်ရာ၏ ခန္ဓာကိုယ်အတွင်း ကျည်စများ ရှိနေသေး သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း ဖခင်ဖြစ်သူ မိုဟာမတ်ရော်ဖိတ်က ပြောသည်။“ ကျနော်က ဈေးရောင်းပြီး စားနေကြရတာ။ သူ့ကို ဘင်္ဂလားဒေ့ရှ်ကို သွားပြီး ဆေးကုသပေးနိုင်ဖို့ ကျနော့် မှာ ပိုက်ဆံမရှိဘူး။ သမီးလေးကို ဆေးကုသလို ရနိုင်အောင် ကျနော်တို့ မွတ်ဆလင်တွေပဲ ဖြစ်ဖြစ်၊ ရခိုင်တွေပဲ ဖြစ်ဖြစ် ကူညီပေးစေချင်တယ်”ဟု သူက ဆို သည်။

အလားတူ အောက်တိုဘာ ၂၁ ရက်က မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက် ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်ထဲတွင် ဦးလှဖြူတို့ နေအိမ်မှ ကိုယ် ဝန်အရင့်အမာနှင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး အပါဝင် ၄ ဦးမှာ တစ်နေရာထဲ သေဆုံးခဲ့ပြီး နောက်ထပ် ဆေးကုသနေစဉ် သေဆုံးသူ ၃ ဦး အထိရှိခဲ့ကြောင်း သိရသည်။ ဦးလှဖြူ အပါဝင် နောက်ထပ် ၆ ဦးမှာ ပြင်းထန်ဒဏ်ရာရှိခဲ့ပြီး လက်ရှိတွင် ဆေး ကုသမှုခံယူနေသော်လည်း အရေးတကြီးလိုအပ်သည့် ဆေးဝါးများအခက် အခဲရှိနေသည်။“ကျနော်တို့ ကျေးရွာမှာ အာရက္ခတပ် တော်က တပ်စခန်းလည်း ရှိတာမဟုတ်ဘူး။ ကျနော်တို့ အရမ်း ခံစားရတယ်။ စစ်ကောင်စီက လူမျိုးတုံး သတ်ဖြတ်နေတာတွေ ကို အရမ်းခံစားရတယ်”ဟု ဦးလှဖြူက ပြောသည်။ လက်ရှိတွင် ဦးလှဖြူ၏ ဘယ်ခြေနှင့်ဂျိုင်းအောက် နံဘေးစများတွင် ဒဏ်ရာ များ ရှိနေပြီး လုံလောက်သည့် ဆေးဝါးများ ရှာမရခြင်း၊ ခွဲစပ်ကုသရန် အဆင်မပြေမှုများ ရှိနေသည်။ မောင်တောမြို့ နယ်တွင် စစ်ကောင်စီ၏ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှလွဲ၍ မြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထားသည်။

၂၆။ မူဆယ်တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိ
 December 12, 2024
စစ်‌ကောင်စီတပ် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့တွင် နိုဝင်ဘာတစ်လအတွင်းပိုင်ရှင်မဲ့ ရုပ် အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု တအာင်းတပ် TNLA က သတင်းထုတ်ပြန်သည်၊ အဆိုပါ ရုပ်အလောင်းများကို မူဆယ်မြို့ရှိ ရပ်ကွက်များ၌လည်းကောင်း၊ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်တွင်လည်းကောင်း တွေ့ရှိခြင်းဖြစ် သည်ဟု သိရသည်။ ထိုပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲထားသူ အများစုဖြစ်ပြီး အချို့ရုပ်အ‌ လောင်းမှာ အသတ်ခံထားရသည့် ရုပ်အလောင်းများဖြစ်သည်ဟု TNLA က ဖော်ပြသည်။

မူဆယ်မြို့သည် ရှမ်းမြောက်ဒေသရှိတစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီးလောင်းကစား၊ မူးယစ်ဆေးသုံးစွဲမှု ၊ဓားပြတိုက်မှု၊ ခိုးမှုနှင့် လုယက်မှု ယခင်ထက် ပိုမိုများပြားလာသည်ဟု ဒေသခံများပြောဆိုချက်ကို ကိုးကားပြီး TNLA ကဆိုထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၇ လောင်း တွေ့ရှိခဲ့သေးသည် ဟု TNLA ကထုတ်ပြန်ထားသည်။ Read in Full

၂၇။ နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ
 December 2, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေ ဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်း ပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။“ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ၊ ချောင်းဆိုးလို့သွားပြတာဖြစ်ဖြစ် ဆေးကအပြင်မှာပဲဝယ်ရတယ်သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲဖြစ်နေတယ် ခက်တာက အပြင်မှာလည်းဆေးကမရှိဘူးရှားတယ်”လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောပါတယ်။ လတ်တလော နောင်မွန်မြို့မှာ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးတဲ့ အင်ဆူလင် ထိုးဆေးအပါအဝင်၊ ကျောက်ကပ်ဝေဒနာရှင်တွေသုံးတဲ့ ဆေးဝါးများလည်း ရှားပါးပြတ်လပ်နေသလို လက်ကျန်ဆေးများမှာ လည်း ဆေးအမျိုးအစားပေါ်မူတည်ပြီး စျေးအဆမတန်မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့်ဆေးအရောင်းဆိုင်များမှ သိရပါတယ်။

“လောလောဆယ် အပြင်မှာပဲ ပါရာစိမ်းတစ်ကဒ်ကိုသုံးလေးထောင်ပေးဝယ်ရတယ်  ကျန်တဲ့ဆေးဆိုတော့နော် စျေးတ အားကြီးတယ် အဲ့ကြောင့်တချို့ဆို ဆေးမြီးတိုတွေနဲ့ကုနေကြတယ် ဆေးမဝယ်စားနိုင်လို့ တော်တော်လေးခက်ခဲကြတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလကုန်ပိုင်းအထိ နောင်မွန်မြို့တွင်း ပါရာစိမ်းတစ်ကဒ်ကို ယခင်စျေး ကျပ် ၁၀၀၀ (တစ်ထောင်) ယခု ကျပ် ၃၀၀၀ (သုံးထောင်) ၊ ဘိုင်အိုဂျစ်ဆစ် တလုံး ယခင်က ၂၀၀ (တစ်ရာ) ကျပ်မှ ယခု ၅၀၀ (ငါးရာ) ကျပ်၊ ဒီကိုဂျင် တလုံး ၂၅၀ (နှစ်ရာ့ငါးဆယ်) ကျပ်မှ ၅၅၀ (ငါးရာငါ့ဆယ်) ကျပ်၊ အန်နာဘွန်စီတလုံးလျှင် ၅၀၀ (ငါးရာ) ကျပ်မှ ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကနေစပြီး ကုန်းကြောင်းနဲ့ဆေးဝါးတင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တင်းကြပ်ထားတာဖြစ်ပါတယ်။ Read in Full

၂၈။ ချောင်းဆုံ လောင်းကစားဝိုင်းများကို သေနတ်ခါးကြားထိုးထားသည့် လူမိုက်များက လုံခြုံရေးပေး
 December 2, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို ပစ္စတိုသေနတ်ခါးကြားထိုးထားသည့် လူမိုက်များ က လုံခြုံရေးတာဝန်ယူထားကြောင်း သိရသည်။ ချောင်းဆုံမြို့နယ်၊ကတောင်စိန်ရွာတွင် နေ့ခင်းပိုင်းဖွင့်လှစ်သည့် လောင်းကစား ရုံနှင့် ညဘက် ပွဲခင်းများ၌ ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများ၌ အရပ်ဝတ်လူမိုက်များက သေနတ်ခါးကြားထိုး ကာ စောင့်ကြပ် နေကြောင်း ချောင်းဆုံဒေသခံအချို့ထံက သိရသည်။“ညဘက် ပွဲဈေးက လောင်းကစားဝိုင်းတွေဘက်မှာ မျက်နှာစိမ်းအရပ်ဝတ် တွေ ၁၀ ယောက်လောက် စောင့်တယ်။ အဲ ၁၀ ယောက်မှာ နှစ်ယောက်၊သုံးယောက်လောက်က ဘောင်းဘီရှည်ဝတ်ပြီး အဲ ဘောင်းဘီမှာ သေနတ်ချိတ်ထားတယ်။ အဲအစောင့်တွေက တက်တူးတွေလည်း အပြည့်ဆိုတော့ ဌာနဆိုင်ရာအရာရှိတော့ မဟုတ်တာ သေချာတယ်”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ ယင်းမျက်နှာစိမ်းအရပ်ဝတ်များသည် အသက်၂၅ နှစ်မှ ၃၀ ဝန်းကျင်ကြား အရွယ်များဖြစ်ပြီး ရဲနှင့် ပြည်သူ့စစ်များပင် ၎င်းတို့ကို ကြောက်ကြရကြောင်း သိရ သည်။

“လောင်းကစားဝိုင်းကန်ထရိုက်က ဌားထားတဲ့ လူမိုက်တွေလို့ ပြောကြတယ်။လောင်းကစားဝိုင်းမှာ ဗရုတ်ဗရက်လုပ် တဲ့သူတွေ၊ မူးပြီး ဟေးဟားလုပ်တဲ့ ရွာခံလူငယ်တွေကို ဒီကောင်တွေနဲ့ ပယ်ပယ်နယ် နယ်ထိုးကြိတ်တာ ရစရာမရှိဘူး။ ဒီကောင် တွေ ထိုးကြိတ်နေတဲ့အချိန် ရဲနဲ့ပြည်သူ့စစ် ဝင်မတားရဲဘူး။ သူတို့ထိုးကြိတ်ပြီးမှ ပြည်သူ့စစ်တို့အုပ်ကြီးတို့က အထိုးခံရတဲ့သူ တွေကို လာသယ်သွားကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။ ရဲနှင့်ပြည်သူ့စစ်တို့က ပွဲခင်းလုံခြုံ ရေးကို တာဝန်ယူကြရပြီး လောင်းကစားဝိုင်းများ၏ လုံခြုံရေးကို လူမိုက်တို့ကတာဝန်ယူကြသည်။“လေသံကအညာ သားလေသံနဲ့။ ဘယ်ဒေသကကောင် တွေလဲတော့ မသိဘူး။ လောင်းကစားဝိုင်းကို တော်ရုံလူ ဓာတ်ပုံမရိုက်ရဲဘူး။ ဒီကောင်တွေက ပတ်ပြီးကြည့်နေကြတာ”ဟု ချောင်းဆုံမြို့နယ်၊မုရစ် ကြီးရွာသားတစ်ဦးကပြောသည်။ သီတင်းကျွတ်လပြည့်ညမှ စတင်ကာ ချောင်းဆုံမြို့ပေါ်နှင့် ရွာများတွင် ဘာသာရေးအထိမ်းအမှတ် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဇာတ်ပွဲသွင်း၍ ညဘက်လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းကို စစ်ကောင်စီခန့် မွန် ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ချောင်းဆုံစရဖတာဝန်ခံ တပ်ကြပ်ဖြိုးမင်းထွန်းက တာဝန်ခံ လုပ်ဆောင်လျက်ရှိသည်။ Read in Full

၂၉။ ရခိုင်ပြည်နယ်မှ Non CDM ဝန်ထမ်းများ ခရီးသွားခွင့်ပိတ်ခံထားရ
 December 2, 2024
စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သေးတဲ့ ရခိုင်ပြည်နယ်ရှိ မြို့တွေက ဝန်ထမ်းတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားပြီး တိုက်ပွဲတွေ ဖြစ်ပေါ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ဖို့နဲ့ ဌာနဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေ လုံခြုံစေဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာဖြစ်ကာ စစ်တပ်ရဲ့ ပြောင်းရွှေ့မိန့်ကျမှသာ အခြားနေရာကို ပြောင်းရွှေ့ခွင့်ရမယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။“ကျောက်ဖြူဘက်က ဆရာ၊ ဆရာမတချို့ကိုလည်း မြို့ပေါ်ပြောင်းခိုင်းတာ၊ စစ်တွေဘက်သွား ခိုင်းတာတွေ လုပ်ထားတယ်။ ဌာနဆိုင်ရာခွင့်ပြုချက်မပါဘဲ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နေရာကနေ တခြားနေရာကို သွားခွင့်မရှိဘူးလို့ နှုတ်မိန့်ပေးထားတယ်။ အရေးပေါ် ပြောင်းရွှေ့လို့ရအောင်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လည်း မှာထား တယ်” လို့ ကျောက်ဖြူမြို့နယ်မှ Non CDM ဆရာမတယောက်က ပြောပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ဂွမြို့တို့က စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာကတော့ စစ်တွေ၊ ကျောက် ဖြူနဲ့ မာန်အောင်မြို့တို့ဖြစ်ကာ အဆိုပါမြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ တိုက်ပွဲတွေဖြစ်လာမှာကို ကြောက် လန့်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ AA က ထိန်းချုပ်ထားနိုင်တဲ့မြို့တွေက ဝန်ထမ်းတွေကို စစ်ကောင်စီက လစာမပေးတော့ဘဲ အခြား ဒေသတွေကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ ဝန်ထမ်းတွေသာ ဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဝန်ထမ်း တွေကပြောပါတယ်။“မကွေးတိုင်း၊ ဧရာဝတီနဲ့ ရန်ကုန်ဘက်တွေကို အပြောင်းအရွှေ့တွေနဲ့ တော်တော်များများ ရောက်ကုန်ပြီ။ တချို့ကျတော့လည်း ဝန်ထမ်းအဖြစ်က နုတ်ထွက်လိုက်ကြတယ်။ ကျနော်တို့လည်း ဘယ်တော့ပြေးရမလဲမသိလို့ ရန်ကုန်ကို အပြောင်းအရွှေ့တင်ထားတယ်” လို့ စစ်တွေမြို့မှ လဝကဝန်ထမ်းတယောက်က ပြောပါတယ်။ Read in Full

၃၀။ မြန်မာ့အ‌ရေး နိုင်ငံတကာဆောင်ရွက်ချက်တွေ ပြောင်းလဲဖို့ UNHRC တိုက်တွန်း
 December 3, 2024
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာအရပ်သား ခြောက်ထောင် သေဆုံးခဲ့ရပြီ ဖြစ်တာကြောင့် နိုင်ငံတကာအနေ နဲ့ မြန်မာ့အရေးအပေါ် တုံ့ပြန်ဆောင်ရွက်တဲ့ပုံစံတွေ ပြောင်းလဲသင့်ပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ နိုင်ငံတကာ အသိုင်း အဝိုင်းက မြန်မာပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တာကို သတိပေးချက်တွေ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအရေး ကမ္ဘာတစ်ဝန်းက အာရုံစိုက်လာအောင် စတင်လုပ်ဆောင်ပြီး ပြောင်းလဲကြဖို့တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေမဲ့လည်း မြန်မာပြည်သူတွေကို ပံ့ပိုးကူညီရာမှာ ညှိနှိုင်းဆောင်ရွက်မှုနဲ့ အာရုံစိုက်မှု အားနည်းနေသေးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ လက်နက်တွေ စစ်ကောင်စီလက်ထဲ မရောက်ဖို့အရေး နိုင်ငံတကာအနေနဲ့ တားဆီးနိုင်စွမ်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂက လက်ခံရရှိတဲ့ အစီရင်ခံစာတွေအရ စစ်ကောင်စီက ဖမ်းဆီးထားချိန် လူ နှစ်ထောင်နီးပါး သေဆုံးခဲ့ရ ကြောင်း၊ အဲဒီအထဲက ၃၆၅ ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ၂၁၅ ယောက်က အရှင်လတ် လတ် မီးရှို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း ရေးသားထားပါတယ်။ စစ်ကောင်စီဟာ ဝေဖန်သူတွေကိုနှုတ်ပိတ်ဖို့အတွက် မတရားဖမ်းဆီး ထိန်းသိမ်းတာ၊ တိတ်တ‌ဆိတ် လက်စဖျောက်ပစ်တာလို လုပ်ရပ်တွေ ဆက်လုပ်နေတဲ့အပေါ် စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် လက်ရှိထောင်ထဲမှာ ဖမ်းဆီးခံထားရသူ ၂၁ဝဝဝ ရှိနေပြီး သူတို့ ဘယ်ရောက်နေတယ်ဆိုတာကို မိသားစုတွေနဲ့ ရှေ့နေတွေလည်း မသိရဘဲ ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီက တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းနေတဲ့အပေါ် ဆန့်ကျင်ကြဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လူသိရှင်ကြား ကန့်ကွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။ Read in Full

၃၁။ ဒီးမော့ဆိုတွင် စစ်ဘေးရှောင်များအတွက် လိုတရ ရန်ပုံငွေဆိုင်များ ဖွင့်လှစ်
 December 3, 2024
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၁၅ ခုမှာ အလှူရှင် နည်းပါတဲ့အခါ အရေးပေါ်  ရန်ပုံငွေအသုံးပြုဖို့ ‘လိုတရ’လို့ ခေါ်တဲ့ ရန်ပုံငွေဆိုင်တွေကို အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ပေးနေပါတယ်။  အောက်တို ဘာလ ပထမအပတ်ကစပြီး စစ်ရှောင်စခန်းတခုကို တဆိုင်နှုန်းနဲ့ ၂ လအတွင်းမှာ Clean Yangon အဖွဲ့က ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား ၁၅ ဆိုင်အထိ ဖွင့်လှစ်ပေးထားတယ်လို့  Clean Yangon အဖွဲ့ တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါ တယ်။“အဓိကက ကျနော်တို့ကူချင်တာကို ကူပေးတာမဟုတ်ဘူးဗျ၊ သူတို့ လိုအပ်တာကို ကူညီပေးတာ။ ကော်မတီတွေနဲ့ အစည်းအ‌ဝေးထိုင်ကြတယ်၊ သူတို့စခန်းတွင်းက စစ်ရှောင်လူထုက အဓိက လုပ်ချင်တဲ့ဟာကို ဆုံးဖြတ်ချက်ချပြီးတော့ လုပ်တာ မျိုးပေါ့နော်။ တချို့ဆိုင်က ဆန်ရောင်းချင်တယ်၊ တချို့က ကုန်စုံဆိုင်ဖွင့်ချင်တယ်၊ တချို့က Star link စတဲ့ မတူညီတဲ့ စိတ်အား ထက်သန်မှုတွေကို တွေ့ရတယ်ခင်ဗျ။” အလှူရှင်ကိုပဲ အမြဲမမျှော်နေဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပါဝင်ရင်း စခန်းတွင်း ရန်ပုံငွေ ရရှိ စေဖို့အတွက် လိုတရ ရန်ပုံငွေဆိုင်တွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဆိုင်ကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို စစ်ရှောင်စခန်းအတွက် ပြန်အသုံးချနိုင်မှာဖြစ်ပြီး စစ်ရှောင်စခန်း ၁၅ ခု က အိမ်ထောင်စု ၁၀၀၀ ကျော်ရဲ့ လူဦးရေ ၄၅၀၀ ကျော်က ပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ စစ်ရှောင်အမျိုးသမီးတ ယောက် က “ စခန်းအတွင်းမှာရှိတဲ့သူလည်း အရင်က အပြင်မှာ ဆန်ဝယ်စားရတာ အယောက်တိုင်းလိုပေါ့။ ဒါကြောင့် အနီးနားက သူတွေ အတွက်ကော စခန်းအတွက်ကော သယ်ရတာ ပြုရလွယ်ကူအောင် ဆန်ပဲ ရောင်းမယ်ပေါ့။ ဆီဖိုးလည်း သက်သာတာပေါ့။ ကိုယ့် ရန်ပုံငွေ အတွက်လည်း ဝင်အောင်ဆိုပြီးမှ လာအားပေးခိုင်းတာပေါ့။ ပိုက်ဆံများလာရင် စခန်းက ဘဏ္ဍာထိန်းနားကို အပ်တာ ပေါ့”လို့ ပြောပါတယ်။ စစ်ရှောင်စခန်း ၁၅ ခုက ပြည်သူတွေနဲ့ တိုင်ပင်ကာ စစ်ရှောင်စခန်းတခုကို မတည်ငွေ သိန်း ၁၀၀ ကနေ သိန်း ၁၃၀ ကြား ထုတ်ပေးပြီး သာရေး/နာရေးကိစ္စအဝဝနဲ့ အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးလာတဲ့အခါ အရေးပေါ် ရန်ပုံ ငွေ အသုံးပြုလို့ရအောင် ကူညီစီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်အမျိုးသမီးတယောက်က “ဆိုင်က စစ်ရှောင် တွေအတွက် အထောက်အကူ တော်တော်ဖြစ်တယ်။ စစ်ရှောင်တွေ ဝေးဝေးသွားဝယ်စရာ မလိုတော့ဘူးပေါ့နော်။ ဒီမှာ လာဝယ် စားသူတွေလည်းများပါတယ်။ တရက်တရက် မဝယ်ရဘူးဆိုတာ မရှိပါဘူး။ အမြဲတမ်းလိုအပ်တာတွေ ရှိနေ ဝယ်နေရတာဆိုတော့ ရောင်းရပါတယ်”လို့ ပြောပါတယ်။ Read in Full

၃၂။  သံတွဲတွင် နိုဝင်ဘာလအတွင်း အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်
 December 2, 2024
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁ ရက်ကနေ ၃၁ ရက် အထိ တလတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုဟာ သံတွဲမြို့ နယ်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲ တာကြောင့် နိုဝင်ဘာ တလအတွင်းမှာ ထိခိုက်သေဆုံးသူ ၁၄ ယောက်အထိ ရှိခဲ့ပါတယ်။ သံတွဲဒေသခံ ကိုတေဇာအောင်က “သံတွဲမှာ ဗုံးကြဲတာက တရက်ခြားလောက်ကို တခါကြဲတယ်၊ ဘယ်မှာစပြီး တောက်လျှောက် ဖြစ်လာလဲဆိုတော့ ဂွတိုက်ပွဲနဲ့ အမ်း၊ တောင်ကုတ် မြို့သိမ်းတိုက်ပွဲတွေကြောင့် ပိုဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေဟာလည်း ကိုယ့်အိမ် ကိုယ့်နေရာမှာ မအိပ်ရဲကြဘူး။ တောတောင်အစပ်တွေ၊ သစ်ပင်တွေအောက်မှာပဲ ဆောင်းတွင်းကာလကြီးမှာတောင် မြေကြီးပေါ်မှာပဲ ခင်းပြီး အိပ်ကြရတယ်။ ခြံကျယ်ကျယ်ရှိတဲ့သူတွေက အိမ်ဘေးမှာပဲ ဗုံးခိုကျင်းတူးပြီး အိပ်ကြရတယ်။ ညဘက်ဆိုလည်း ကောင်းကောင်း မအိပ်ရပါဘူး၊ လုံလုံခြုံခြုံနဲ့ အိပ်ရတဲ့အနေအထား မဟုတ်ပါဘူး ဖြစ်သလိုပါပဲ။ လမ်းဘေးတွေမှာ အိပ်ကြရတယ်၊ မြေကြီးပေါ်မှာ အိပ်ကြရတယ်၊ တချို့ကျတော့ ဗုံးခိုကျင်းတွေထဲ အိပ်နေရတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ နိုဝင်ဘာ တလအတွင်း အရပ်သားသေဆုံးသူ ၁၈ ယောက်အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ယောက်အထိ ရှိခဲ့တယ်လို့ ကောက်ယူရရှိထားတဲ့ စာရင်းအရ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွား သူတွေဟာ ဂွမှာ ၇ ယောက်၊ သံတွဲမှာ ၃ ယောက်၊ တောင်ကုတ်မှာ ၄ ယောက်၊ မောင်တောမှာ ၄ ယောက် ဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရရှိသူတွေကတော့ သံတွဲမှာ ၁၁ ယောက်၊ ဂွမှာ ၅ ယောက်၊ တောင်ကုတ်မှာ ၄ ယောက်၊ ဘူးသီးတောင်မှာ ၄ ယောက်၊ မောင်တောမှာ ၂ ယောက်နဲ့ ပုဏ္ဏားကျွန်းမှာ ၁ ယောက်တို့ ဖြစ်ပါတယ်။ စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားလွှမ်းမိုးအောင် ရည်ရွည်ချက်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတယောက်က “လက်ရှိ မင်းအောင်လှိုင် ဟာ စစ်ပွဲတွေကို နိုင်အောင်တိုက်နိုင်တဲ့ အနေအထား မရှိဘူး။ တော်လှန်ရေးအင်အားစုတွေ ထောက်ခံတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားလာမှာပဲ။ ထောက်ခံမှု ပံ့ပိုးမှုမရှိအောင် အကြောက်တရားလွှမ်းမိုးအောင် ဆိုတဲ့ပုံစံနဲ့ လူနေအဆောက်အအုံတွေ လက်နက်ကြီးတွေ ပစ်တယ်၊ လေကြောင်းဗုံးကြဲချတာရှိတယ်။ ဆက်ပြီးလည်း ဒီပြစ်မှုတွေကို ကျူးလွန်နေဦးမှာပဲ။ ကမ္ဘာမှာ လူ့အခွင့်ရေးချိုးဖောက်မှု အဆိုးဆုံးအဆင့်ကို ရောက်သွားပြီ” လို့ ပြောပါတယ်။ Read in Full

၃၃။ မူဆယ်နဲ့ နမ့်ခမ်းကို စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီနဲ့ TNLA အပြန်အလှန်ပိတ်ဆို့
 December 2, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့ နမ့်ခမ်းမြို့တွေထံ စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အပြန်အလှန်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မူဆယ်မြို့ကနေ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့ထံ စား သောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး ပိတ်ထားလိုက်တာလို့ နမ့်ခမ်း ဒေသခံတစ်ဦးက ပြောပါတယ်။“မူဆယ်မြို့ အထွက် ပန်ခမ်းတံတားကနေ ပိတ်ထားတာဗျ။ ဘာမှထွက်လို့ မရဘူး။ ဆိုင်ကယ်နဲ့ ဟင်းချက်စရာ ရောင်းတဲ့သူတွေတောင် ပေးမသွားတော့ဘူး။ လူကတော့ ဝင်ထွက်လို့ရတယ်” TNLA ဘက်ကလည်း နမ့်ခမ်းကနေ မူဆယ်မြို့ဘက် စားသောက်ကုန် သယ်ယူခွင့်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပိတ်ထားလိုက်ပြီလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။“TNLA က နမ့်ခမ်း ဘက်ကို ကုန်ပစ္စည်းမသယ်ဖို့ မနေ့က ကန့်သတ်လိုက်ပြီ။ စက်ဆုံးဆီ မရဘူး။ စားသောက်ကုန် မရဘူး။ ကျန်တဲ့ပစ္စည်းတွေက တော့ သူတို့ စာရင်းထုတ်ပေးမယ်ပြောတယ်။ အခုတော့ ဘာမှပေးမသယ်တော့ဘူး” TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ နမ့်ခမ်းကနေ မူဆယ်ဘက်ကို ကုန်ပစ္စည်းတင်ပို့မှုအပေါ် ကန့်သတ်ထားတာ မရှိသေးဘူးလို့ ငြင်းဆိုပါတယ်။

လက်တွေ့မှာတော့ မူဆယ်-နမ့်ခမ်းလမ်းမှာ နှစ်ဖက်တပ်ဖွဲ့တွေက ကုန်စည်သယ်ခွင့်ကို ကန့်သတ်ထားတာကြောင့် နှစ် မြို့ လုံးမှာ ကုန်ဈေးနှုန်းတွေတက်လာသလို ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေလည်း လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ မူဆယ်မြို့ တစ်မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က မူဆယ်မြို့ကို ၀ိုင်းပတ်ပိတ်ဆို့ထားပါတယ်။ တရုတ် နိုင်ငံကတော့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကို  တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ် ဆောင်ခွင့်တွေကို ပိတ်ဆို့ထားပြီး စစ်ကောင်စီ ကလည်း ပြည်မကနေ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကုန်စည်သယ်ခွင့် ကန့်သတ်ထားပါတယ်။ Read in Full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button