အတွေးအမြင်

အစာမကြေသေးသော အချုပ်အခြာအာဏာ(Sovereignty) ပုစ္ဆာ

ဆလိုင်း ကျဲအိုဘိခ်ထောင်း

အစာမကြေသေးသော အချုပ်အခြာအာဏာ(Sovereignty) ပုစ္ဆာ

ဆလိုင်း ကျဲအိုဘိခ်ထောင်း

Myanmar Now ၌ ကလောင်ရှင်တစ်ဉီးက အောက်တိုဘာ ပထမအပတ်နှင့် နိုဝင်ဘာပထမအပတ်တွင် “အချုပ်အခြာအာဏာ” ခေါင်းစဉ်နှင့် စပ်လျှဉ်း၍ နှစ်ကြိမ်တိတိ ဆောင်းပါးရေးသားခဲ့ရာမှာ NUG/NUCC နှင့် တိုင်းရင်းသားအဖွဲ့အစည်းတချို့၏ မူဝါဒရပ်တည်ချက်ကို ထောက်ပြဝေဖန်သည်ကို ဖတ်ရပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC) အစိတ်အပိုင်း ၁ တွင် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များ ဖြစ်သည်” ဟူသော အချက်ကို သူကထောက်ပြရာမှာ ၎င်းသည် နိုင်ငံရေးချုပ်ကွက်ဖြစ်ကြောင်း၊ စစ်ကောင်စီက နိုင်ငံ၏ အချုပ်အခြာအာဏာ ပြိုကွဲနိုင်ကြောင်း ကမ္ဘာပတ် ဝါဒဖြန့်နေမှုတွင် အထောက်ကူဖြစ်နိုင်ကြောင်း၊ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်သည် ‘နိုင်ငံသား’များသာ ဖြစ်ကြောင်း၊ “နိုင်ငံသား” များ၏ သဘောဆန္ဒ မပါဘဲ နိုင်ငံရေးအစုအဖွဲ့တချို့က အတင်းအကျပ် ဆောင်ရွက်(ပြောင်းလဲ)မည်ဆိုလျှင် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှု မရရှိနိုင်သလို နိုင်ငံတကာ ဆက်ဆံရေးတွင်ပါ ပြဿနာများစွာ ရှိလာနိုင်ကြောင်း၊ “ပြည်သူ့ဆန္ဒခံယူပွဲ” မှတဆင့်သာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိနိုင်ပါလိမ့်မည်ဖြစ်ကြောင်း၊ စသည်ဖြင့်။

ဆောင်းပါးရှင်၏ စိုးရိမ်မှုတစ်ချို့ကို မိမိကိုယ်တိုင်လည်း နားလည်ခံစားပေးနိုင်ပါသည်။  သာဓကအားဖြင့် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားကောင်းပြီး ပြည်ထောင်စုအစိုးရ အခွင့်အာဏာ ကင်းမဲ့သွားရုံမျှမက ပြည်ထောင်စုအစိုးရကို ဖြုတ်ချနိုင်သော အခွင့်အာဏာကိုပါ ဆုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်” ဆိုသည့် ထောက်ပြမှုသည် ဖက်ဒရယ်လိဇ်များဖြစ်ဖြစ်၊ လူမျိုးကြီးဝါဒီများဖြစ်ဖြစ်၊ အစဉ်မြဲ သတိထားနေကြမှာ ဖြစ်ပါသည်။ သို့သော် တချို့ထောက်ပြချက်များသည် အစိုးရိမ်လွန်ကဲခြင်း သို့မဟုတ် မိမိနှင့် နားလည်သဘောပေါက်မှု ခြားနားခြင်းဖြစ်ပါလိမ့်မည်။

၁။ စကားရပ်အပေါ် နာလည်သဘောပေါက်မှု လွဲသွားခြင်းလော

အမှန်စဉ်စစ် NUG/NUCC နှင့် တိုင်းရင်းသားအဖွဲ့များက ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များ ဖြစ်သည်” ဟုချမှတ်သည်မှာ ဝေဖန်သူဆောင်းပါးရှင် ထောက်ပြသကဲ့သို့ ပြည်နယ်များအတွင်းမှာသာ ပြည်ထောင်စုအချုပ်အခြာတည်ရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ FDC ချာတာ အခန်း(၄)၊ အပိုင်း(၃)၊ ပုဒ်မ(၆)ကို ဆက်ဖတ်လျှင် “ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာကို ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား ခွဲဝေကျင့်သုံးခြင်း ရှိရမည်”ဟု ထပ်ဆင့် ဖော်ပြထားသည်ကို တွေ့ရမှာဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်နယ်များအတွင်း၌သာမဟုတ်ဘဲ ပြည်ထောင်စု(ဗဟို)နှင့် အဖွဲ့ဝင်ယူနစ်များအကြား ခွဲဝေပြီး နိုင်ငံတော် တဝန်းလုံး၌ ပြန့်နှံ့တည်ရှိသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

သို့ဆိုလျှင် အဘယ်ကြောင့် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များ” ဆိုသည့် စကားရပ်ကို ထည့်သုံးရသနည်း။ အားလုံးသိရှိသည့်အတိုင်း ဤနိုင်ငံကို ၁၉၄၇ခုနှစ်မှာ ပင်လုံမြို့၌ ကျင်းပသည့် လူမျိုးအသီးသီးက ခေါင်းဆောင်များ ဆွေးနွေးသဘောတူညီချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အချုပ်အခြာကိုယ်စီရှိခဲ့ကြသော လူမျိုး/ပြည်ထောင်များ ဆွေးနွေးသဘောတူညီချက်ဖြင့် ကိုယ်စီ အချုပ်အခြာကို စုပေါင်း၍ ပြည်ထောင်’စု’ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ လူမျိုး/ပြည်ထောင်များဖြင့် စုစည်းသည့် ‘ပြည်ထောင်စုနိုင်ငံ’ဖြစ်သည့်အတွက် ဖက်ဒရယ်ယူနစ်/ပြည်နယ်(constituent units)များကိုလည်း လူမျိုး/လူမျိုးများ အခြေခံ(အခြေခံ)ဖြင့် ဖွဲ့စည်းဖို့ ယနေ့အထိ တိုင်းရင်းသားများ လိုလားခြင်းဖြစ်သည်။

အထက်တွင် ထောက်ပြသည့်အတိုင်း မြန်မာနိုင်ငံ စတင်တည်‌ထောင်သည့်ပုံစံသည် အမေရိကန်နှင့် ဆွစ်ဇလန်နိုင်ငံကဲ့သို့ သီးခြား အချုပ်အခြာအာဏာပိုင်အစုအဖွဲ့ (different sovereign entities)များ စုစည်း၍ အတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စု(coming together federalism) စနစ်ဖြစ်သည်။ ထို့ကြောင့် “ပြည်နယ်(လူမျိုး)များရှိ ပြည်သူများသည် အချုပ်အခြာ၏ မူလ(မူလ)ပိုင်ရှင်များ ဖြစ်ကြသည်” ဆိုသည်မှာ ယင်းတို့၏ အချုပ်အခြာ မူလပိုင်ဆိုင်မှုကို သီးခြားအသိအမှတ်ပြု ဖော်ပြခြင်းသာ ဖြစ်ပြီး FDC ချာတာ အခန်း(၄)၊ အပိုင်း(၃)၊ ပုဒ်မ(၆)တွင် ထပ်ဆင့် ဖော်ပြထားသည့်အတိုင်း အချုပ်အခြာသည် ပြည်နယ်များအတွင်းသာ မဟုတ်ဘဲ ပြည်ထောင်စုတဝန်းတွင် ပြန့်နှံ့တည်ရှိခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့သော ပြည်နယ်အချုပ်အခြာတည်ရှိမှု အလားတူပြဋ္ဌာန်းချက်မျိုးကို coming together နိုင်ငံတစ်ချို့တွင်လည်း တွေ့ရပါသည်။ ဆွစ်ဇလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေ(၁၈၇၄) အခန်း(၁)တွင် “အချုပ်အခြာအာဏာပိုင်သော ပြည်နယ်(Cantons) ၂၃ ခုမှ ဆွစ်ဇလန် ပြည်သူများ စုစည်းလျက်…”ဆိုပြီး ပြဋ္ဌာန်းလျက်ရှိသည်။ ထိုအခြေခံဥပဒေတွင် အချုပ်အခြာအာဏာပိုင်သော ပြည်နယ်(ကင်တုန်) ၂၃ ခု အမည်နာမကို အတိအကျ ဖော်ပြသည်။ ကနေဒါနှင့် အမေရိကန်နိုင်ငံမှာလည်း ပြည်နယ်များ အချုပ်အခြာပိုင်မှု ပြဋ္ဌာန်းချက်တစ်ချို့ရှိရာ အောက်တွင် ထပ်မံဖော်ပြပါမည်။

၂။ ပြည်သူ၊ ပြည်နယ်၊ ပြည်-နယ်-သူ ဟုဆိုရာတွင်

ဆောင်းပါးရှင်က အဓိကထောက်ပြရာတွင် “နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ကြသော နိုင်ငံသား(ပြည်သူ)များထံမှ ဆင်းသက်သည်”ဆိုသည့်အချက် ဖြစ်သည်။ ယင်းသည် အမေရိကန်နိုင်ငံ စတင်တည်ထောင်ရာတွင် Popular Sovereignty ဟု ခေတ်စားလာခဲ့ခြင်း ဖြစ်ပါသည်။

ဤနေရာမှာ (၂)ချက် ပြောစရာ ရှိပါသည်။ ပထမအချက်က “ကျနော်တို့အနေဖြင့် ပြည်သူ/နိုင်ငံသား အချုပ်အခြာအာဏာပိုင်မှု”ကို ငြင်းပယ်ခြင်းမဟုတ်ပေ။ ထို့ကြောင့်လည်း NUG/NUCC/EAOs ထုတ်ပြန်ချက်မှာ “ပြည်နယ်များရှိပြည်သူလူထု”ဟု အတိအလင်း ဖော်ပြခြင်းဖြစ်သည်။ အနာဂတ် ပြည်ထောင်စုနိုင်ငံကို လူမျိုး/လူမျိုးများအခြေခံ ပြည်နယ်များဖြင့် ဖွဲ့စည်းပြီဆိုလျှင် ထိုနိုင်ငံရှိ ပြည်သူ/နိုင်ငံသားအားလုံးသည် သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ ပြည်သူများဖြစ်ကြမှာ ဖြစ်သည်။

တနည်းအားဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူ/နိုင်ငံသားအားလုံးသည် သက်ဆိုင်ရာ ပြည်နယ်သားများ ဖြစ်ကြမှာ ဖြစ်ပါသည်။ အတူတူသာ ဖြစ်ပါသည်။ ဗမာအခြေခံ ‘ပြည်နယ်’ မဖွဲ့စည်းနိုင်သေးလို့သာ ပုံမဖော်နိုင်ကြသေးခြင်းလည်း ဖြစ်နိုင်ပါသည်။

ဒုတိယအချက်က ပြည်နယ်နှင့်ပြည်သူကိစ္စ။ ပြည်နှင့်နယ်၊ ပြည်နှင့်သူ ကြားမှာ “နယ်”နှင့် “သူ”သာကွာပါသည်။ “နယ်”(ပြည်နယ်)၊နှင့် “မ”(ပြည်မ)တို့က ပထဝီဝင်(Geography)ကို ညွှန်းဆိုသည်ဆိုလျှင် “သူ”(ပြည်သူ)သည် ထိုနယ်(ပြည်နယ်)မှာရှိသည့် “လူသား”များကို ဆိုလိုသည်ဟု ဆိုနိုင်သည်။ သို့တည်းမဟုတ် နယ်နှင့်သူကိုပေါင်း၍ ပြည်နယ်သူ (ပြည်-နယ်-သူ)ဆိုလျှင်လည်း ပြည်သူများသာလျှင် ဖြစ်ပါမည်။

ခြုံပြောရလျှင် ဤနိုင်ငံကို ပြည်နယ်များဖြင့် တည်ဆောက်မည်ဖြစ်သောကြောင့် ပြည်နယ်သူ ပြည်နယ်သားများ (ပြည်နယ်အတွင်းရှိပြည်သူများ)ဆိုလျှင်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူအားလုံးကို လွှမ်းခြုံပါသည်။

ဆက်စပ်လို့ ဆိုရလျှင် ပြည်သူ(People)ဟုဆိုရာတွင် demos(အများ)နှင့် ethnos(တိုင်းရင်း)ဆိုသည့် အချက်နှစ်ခုကို ထည့်သွင်းစဉ်းရသည်။ ဒီမိုကရေစီ၏ မူရင်းစကားလုံးဖြစ်သည့် demos သည် လူဉီးရေကိုအခြေခံပြီး ethnos သည် identity ခေါ် သရုပ်လက္ခဏာကို အခြေခံသည်။ မြန်မာနိုင်ငံတွင် လူမျိုး/လူမျိုးစု ၂၀ ကျော်ရှိရာ ၎င်းတို့သည် ရောသမမွှေ(Melting Pot)နေထိုင်ကြခြင်းမဟုတ်ဘဲ သီးခြားကိုယ်စီ(Salad Bowl)ဖြင့် အတူယှဉ်တွဲနေထိုင်ကြသည်။ ထို့ကဲ့သို့သော နိုင်ငံတွင် demos နှင့် ethnos ကို ဟန်ချက်ညီညီ ပေါင်းစပ်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်သည့် consociationalism စနစ်ကို ကျင့်သုံးဖို့ လိုအပ်သည်။

၃။ နဂိုကတည်းက အချုပ်အခြာသည် ‘နိုင်ငံသား’တို့၌ တည်ရှိသည် ဆိုသည့်အချက်

အတိအကျဆိုရလျှင် မြန်မာနိုင်ငံ၏ ပထမဆုံး အခြေခံဉပဒေဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဉပဒေ ပုဒ်မ ၃ မှာ “ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် ‘နိုင်ငံသားတို့’၌ တည်သည်”ဟု ပြဋ္ဌာန်းခဲ့သည်။ အာဏာရှင်နေဝင်းခေတ် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၄ တွင် “နိုင်ငံတဝန်းလုံး၌ တည်စေရမည်”ဟူ၏။ ၂၀၀၈ ခြေ-ဉတွင် ၁၉၄၇ ခြေ-ဉ ပုဒ်မ ၃ နှင့် ၁၉၇၄ ခြေဉပုဒ်မ ၄ ကို ပေါင်းစပ်၍ “နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်”ဟု ဖော်ပြသည်။

ထည့်သွင်းစဉ်းစားစရာအချက်မှာ မြန်မာနိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်းခဲ့သမျှ ဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးသည် တိုင်းရင်းသားများ၏ သဘောထား ထင်ဟပ်ခြင်းမရှိသေး ဆိုသည့်အချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကမကထပြု၍ တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲခဲ့သည့် ၁၉၄၇ အခြေခံဉပဒေကို တိုင်းရင်းသားများက အင်မတန်သ‌ဘောကျကြိုက်နှစ်သက်သည်ဟု ဗမာဒီမိုကရေစီအုပ်စုတချို့က လွဲမှားစွာ ယူဆတတ်သည်။ ဆောင်းပါးရှင်ကလည်း “လွတ်လပ်ရေးကတည်းက ယနေ့အထိ ကျင့်သုံးလာခဲ့သည့်” ဟူ၍ ခဏခဏ ဖော်ပြသည်။ ထိုနေရာနှင့်ပင် စပြီးလွဲချော်တော့သည်။

၄။ ပြည်နယ်များ၏ အချုပ်အခြာပိုင်ဆိုင်မှုသည် ထူးဆန်းသလော

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း ဆွစ်ဇာလန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေ(၁၈၇၄) အခန်း(၁)တွင် နိုင်ငံတော်ကို အချုပ်အခြာပိုင် ပြည်နယ် ၂၃ခုဖြင့် ဖွဲ့စည်းကြောင်း အစချီပြဋ္ဌာန်းခဲ့ပါသည်။  ယင်းသည် လက်ရှိ FDC ပြဋ္ဌာန်းချက်ပါ “အချုပ်အခြာ မူလပိုင်ဆိုင်မှု”နှင့် အလားသဏ္ဍန်တူပါသည်။

ဆွစ်ဇာလန်သည် ယင်းပုဒ်မကို ၁၉၉၉ ခုနှစ်တွင် ပြင်ဆင်လိုက်ပြီဖြစ်ပါသည်။ ကျန်တော်တို့နိုင်ငံသည်လည်း နောက်ပိုင်း အမျိုးသားပြန်လည်သင့်မြတ်မှု မြင့်တက်လာပြီး ယုံကြည်မှုခိုင်မာလာသည်နှင့်အမျှ တဆင့်ချင်း ပြင်ဆင်လို့ရပါသည်။

ကနေဒါနိုင်ငံ အာလ်ဗေတာ ပြည်နယ်က Alberta အချုပ်အခြာ အက်ဉပဒေတစ်ရပ်ကို ၂၀၂၂ ခုနှစ်တွင် ဝေဖန်မှုများကြားက ပြဋ္ဌာန်းခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်များလည်း အလားတူ နှစ်သွယ်-အချုပ်အခြာအာဏာ (dual-sovereignty) ရှိသည်ဟု ပညာရှင်တစ်ချို့က သတ်မှတ်ကြသည်။ ယင်းသည် အတူယှဉ်တွဲဖက်ဒရယ်(coming together federalism) နိုင်ငံများ၏ လက္ခဏာတစ်ခုဟု ဆိုနိုင်သည်။

အမေရိကန်နိုင်ငံ တည်ထောင်သူဖခင်ကြီးများ(founding fathers)ကြားမှာလည်း ပြည်နယ်သမားနှင့် ပြည်ထောင်စုသမား(federalists)များအကြား လွန်ဆွဲမှု မြင့်မားခဲ့သည်ဟု ဆိုကြသည်။ Thomas Jefferson ကဲ့သို့သော ကနဉီး ပြည်နယ်အသာပေး(states’ rights)သမားများက “ပြည်နယ်များသာ အချုပ်အခြာပိုင်သည်၊ ဗဟိုက ပြည်နယ်များအဖွဲ့ချုပ်(league of states)များသာဖြစ်သည်၊ အချုပ်အခြာမပိုင်”ဟု ရပ်တည်ခဲ့ကြသည်။ တစ်ဘက်မှာ Hamilton တို့ကဲ့သို့ ဖက်ဒရယ်ဝါဒီများကမူ ပြည်ထောင်စု(ဖက်ဒရယ်)ကသာ အချုပ်အခြာရှိသင့်သည်ဟု ယူဆကြသည်။

၅။ အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာကိစ္စ

အများသိရှိသည့်အတိုင်း အမေရိကန်နိုင်ငံတွင် အချုပ်အခြာ (sovereignty) နှင့်ပတ်သက်၍ ဉပဒေမှာ အတိအလင်း ဖော်ပြခြင်းမရှိပေ။ အခြေခံဉပဒေတွင် အချုပ်အခြာဆိုသည့် ဝေါဟာရ တစ်လုံးတစ်ပါဒမှ မပါရှိပေ။ ထိုသို့မဖော်ပြခြင်းသည်ပင် ရှင်းသည်ဟုဆိုရမည်‌လော၊ ရှုပ်သည်ဟုဆိုရမည်လော။

John Locke ၏ အတွေးခေါ်လွှမ်းမိုးခံရသည့် အမေရိကန် တည်ထောင်သူဖခင်များသည် သူတို့၏ ဖွဲ့စည်းပုံအခြေခံဉပဒေကို “ကျန်ုပ်တို့ ပြည်သူ – We the People” ဟူ၍ အစချီကြသည်။ ဗြိတိသျှနိုင်ငံ၏ ဘုရင်စနစ်နှင့် ကက်သလစ်ဘုန်းတော်ကြီးများ၏ အချုပ်အခြာစနစ်အောက်မှ လွတ်မြောက်လိုသူများ ဖြစ်ကြသည့်အားလျော်စွာ ‘ပြည်သူ’ကို အခြေခံသည့် အချုပ်အခြာ (Popular Sovereignty) ကို ကိုင်စွဲကြသည်မှာ အထူးအဆန်းမဟုတ်ပေ။ သို့သော် အချုပ်အခြာအာဏာကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှရှိသည်၊ ပြည်နယ်များမှာရှိသည်၊ တရားလွှတ်တော်ချုပ်မှာရှိသည်၊ ကွန်ကရက်နှင့် သမ္မတမှာရှိသည်၊ Red Indian များဆီမှာရှိသည်၊ စသည်ဖြင့် အမျိုးမျိုး ငြင်းခုန်မှုလည်းရှိသေးသည်။

Popular/People Sovereignty ဆိုလျှင်ပင် ‘ပြည်သူ(people)’ဆိုသည့်အချက်မှာ စောဒကတက်စရာ အကန့်အသတ် ရှိပြန်သည်။ နိုင်ငံသား(citizen)လား၊ ပြည်သူလား။ အထူးသဖြင့် နိုင်ငံတစ်ဝန်းလုံး လူထုဆန္ဒခံယူပွဲ(Referendum & Initiative) ပြုလုပ်သည့် စနစ်ဟူ၍ မရှိ။ ဖွဲ့စည်းပုံအခြေခံဉပဒေပြင်လျှင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခြင်းမဟုတ်ခဲ့ပေ။

ထို့ပြင် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးပြည်သူ့ဆန္ဒမဲဖြင့် ကျင်းပပြီး ပြည်သူအများဆန္ဒဖြင့် အဆုံးအဖြတ်ပေးသည်ဟု ဆိုရအောင်လည်း အတိအကျ မှန်ကန်မှုမရှိပြန်။ Popular Vote ခေါ် တစ်နိုင်ငံလုံး၏ပြည်သူအများစုမဲဆန္ဒထက် Electoral College ခေါ်  ပြည်နယ်အလိုက် အချိုးကျဖြင့် ရရှိသည့်မဲက အဓိက အဆုံးအဖြတ်ဖြစ်သည်။ သာဓကအားဖြင့် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်က ဒေါ်နယ်ထရမ့်ကို ပြည်သူ့ ပေါ်ပြူလာမဲ သုံးသန်းနီးပါးဖြင့် မဲအသာရသော်လည်း ပြည်နယ်အလိုက်အချိုးကျ အီလက်တော်မဲ(၇၇-မဲ)ဖြင့် ရှုံးခဲ့ရခြင်းဖြစ်သည်။

Sovereignty ၏ မူလဝေါဟာရ Latin စကားလုံး superanus သည် supreme power ခေါ်  ‘အမြင့်ဆုံးအာဏာ’ဟု အနက်ရပါသည်။ ၎င်းဖွင့်ဆိုချက်အရဆိုလျှင် ပေါ်ပျူလာမဲခေါ် ပြည်သူအများစု ဆန္ဒထက် ပြည်နယ်အချိုးကျဆန္ဒဆိုသည့်အချက်က လွှမ်းမိုးနေသည်။ လူဉီးရေအခြေခံဖြင့် ဖွဲ့စည်းသော အောက်လွှတ်တော်(House)ထက် ပြည်နယ်အခြေခံဖြင့် ဖွဲ့စည်းသော အထက်လွှတ်တော် (Senate)က အများအားဖြင့် လွှမ်းမိုးသည်ကိုလည်း တွေ့ရသည်။ ဆယ်ကြိမ်မြှောက် အခြေခံ ဥပဒေ ပြင်ဆင်ချက်မှာလည်း ကျန်ရှိအာဏာအားလုံး (residuary powers)ကို ပြည်နယ်ထံ အပ်နှံသည်။

ထို့ကြောင့် အမေရိကန်၏ အချုပ်အခြာအာဏာသည် ‘ပြည်သူ’ထံရှိသည် ဆိုထားအုံး၊ ပြည်နယ်များရှိ ပြည်သူ များထံ (သို့မဟုတ်) ပြည်နယ်များအခြေခံသော ပြည်သူများထံရှိသည်ဟု ဆိုရမှာဖြစ်သည်။ အချုပ်အခြာ အာဏာကို နိုင်ငံရေးအရ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ကြသော်လည်း ဥပဒေအရ အသက်ဝင်မှု သည် သီးခြား ဖြစ်တတ်ပါသည်။  

အမေရိကန်နိုင်ငံ၏ ပြည်နယ်များ အရေးပါမှုကို တချို့က ဘဝင်မကျဖြစ်တတ်သည်။ ဤနေရာတွင် အမေရိကန်နိုင်ငံ စတင်တည်ထောင်ခဲ့မှုကို သတိချပ်ရမှာဖြစ်ပါသည်။ ၁၇၇၆ ခုနှစ်တွင် ကိုလိုနီ(ပြည်နယ်) ၁၃ ခုမှ လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်မှုမှအဆင့် ၁၇၈၁ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းသည့် Articles of Confederation ၊ ထိုမှ ၁၇၈၉ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေ အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဗဟိုအားနည်း သော ကွန်ဖက်ဒရေးရှင်းပုံစံမှ ဗဟိုအားကောင်းသော ဖက်ဒရေးရှင်းပုံစံသို့ ပြည်နယ်များက တစ်ဖြေးဖြေးချင်း တည်ဆောက်နေကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ကိုလိုနီ(ပြည်နယ်)များသည် သူတို့၏ မူလအချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ဖက်ဒရယ်ပြည်ထောင်စုသို့ အတူယှဉ်တွဲနေထိုင်ရေး (coming together)မူဖြင့် တစ်ဖြည်းဖြည်းချင်း ပုံအပ်နေခြင်းဖြစ်သည်။

၆။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖဲခြောက်မှု

အချုပ်အခြာအာဏာ အဓိပ္ပယ်ဖွင့်ဆိုမှုကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှု အပြောင်း အလဲရှိနိုင်သလော။ မရှိပါ။ ဆောင်းပါးရှင်က ကိုးရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်၊ ကမ္ဘောဒီယား၊ တိမော လက်စ်တီနှင့် ထိုင်ဝမ်စသည်တို့ကို နမူနာ(သင်ခန်းစာ)ပေးထားသော်လည်း ထိုနိုင်ငံများ၏ အချုပ် အခြာ အာဏာ ပြဿနာသည် ၎င်းဝေါဟာရ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် သက်ဆိုင်မှုမရှိသည်ကို တွေ့ရမည် ဖြစ်ပါသည်။

တနည်းအားဖြင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ၏ ဉပဒေတစ်ရပ်ရပ်က မိမိနိုင်ငံအချုပ်အခြာအာဏာ အနက်ဖွင့်မှု အပေါ်မှာ မည်သည့်နိုင်ငံခြားနှင့် ကုလသမဂ္ဂအဖွဲ့အစည်းကမှ မေးခွန်းထုတ်ခြင်း၊ သို့တည်းမဟုတ်၊ ထိုအချက်အပေါ် အသိမှတ်ပြု၏မပြု၏ ဆုံးဖြတ်ခြင်း၊ ထုံးစံမရှိပေ။

သာဓကအားဖြင့် ၁၉၃၁ခုနှစ် Statute of Westminster အရ Dominion နိင်ငံများ၊ ၁၉၄၉ခုနှစ်မှစ၍ ဘုရင့်-ဓနသဟာယ(Commonwealth Realm) နိုင်ငံများဖြစ်သည့် အထူးသဖြင့် ကနေဒါ၊ နယူးဇီလန်နှင့် သြစတေးလျနိုင်ငံတို့သည် ၁၉၈၀ ကျော်အထိ သူတို့၏ အချုပ်အခြာအာဏာကို ယူကေနိုင်ငံ၏ ဘုရင်မထံ အပ်နှံခဲ့ကြသည်။ ယနေ့အထိ သူတို့နိုင်ငံ့ဉီးသျှောင်(Head of State)ကို ယူကေဘုရင်(Crown)ထံရှိပြီး သူ့ကိုယ်စားအဖြစ် Governor-General ကို သက်ဆိုင်ရာနိုင်ငံများတွင် လွှဲအပ်ထားပြီး နိုင်ငံ့အကြီးအကဲ တာဝန်ယူစေသည်။ ၎င်းကို ယူကေဘုရင်ကို သရဖူ(Crown)ဟူ၍လည်းကောင်း၊ ‘ဘုရင်/မ(King/Queen)’ ဟူ၍လည်းကောင်း၊  အချုပ်အခြာ(Sovereign)ယူ၍လည်းကောင်း၊ နာမည်အမျိုးမျိုးဖြင့် ခေါ်ဆိုရသည်။

နယူးဇီလန်၏ ဖွဲ့စည်းပုံအခြေခံဉပဒေ အခန်း(၁)တွင်း အချုပ်အခြာ(The Sovereign)ဟု ခေါင်းစဉ်တပ်ပြီး ရည်ညွှန်းသည်မှာ အင်္ဂလန်ဘုရင်မ(ယခုဘုရင်)ဖြစ်သည်။ သြစတေးလျဖွဲ့စည်းပုံအခြေခံဉပဒေ နိဒါန်းမှာလည်း ကျန်တော်တို့(ပြည်နယ်များ)သည် ဘုရားသခင်၏ ကျေးဇူးတော်မှီခိုလျက် ယူကေနိုင်ငံ၏ သရဖူ/ဘုရင်(The Crown)နှင့် ဤဖွဲ့စည်းပုံအခြေခံဉပဒေအောက်မှာ ဖက်ဒရယ်ဓနသဟာရနိုင်ငံအဖြစ် စုစည်းကြသည်”ဟု ရေးသားကြသည်။ ဆိုလိုသည်မှာ သူတို့၏ အချုပ်အခြာအာဏာကို သင်္ကေတ(symbolic)သဘောအရဖြစ်ဖြစ် ယူကေဘုရင်ထံ အပ်နှံကြသည်။

ထိုအချက်ကြောင့် သူတို့အချုပ်အခြာ ပိုင်ဆိုင်မှုအပေါ် ကုလသမဂ္ဂဖြစ်ဖြစ်၊ မည်သည့်နိုင်ငံကမှ စောဒက မတက်ပေ။ ဆိုရလျှင် သြစတေးလျတွင် Australia Act-1986၊ ကနေဒါတွင် Constitution Act 1982 နှင့် နယူးဇီလန်တွင် Constitution Act-1986 စသည်တို့မတိုင်ခင် ထိုနိုင်ငံများ၏ အချုပ်အခြာကို ယူကေနိုင်ငံက ဉပဒေအရသော်လည်းကောင်း၊ နိင်ငံရေးအရ သော်လည်းကောင်း ခပ်များများ သက်ရောက်မှုရှိခဲ့ပါသည်။ ဆိုလိုသည်မှာ မည်သို့ပင်ဖြစ်စေကာမူ ကုလနှင့် နိုင်ငံတကာမှ သူတို့နိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင်မှုအပေါ် မေးခွန်းထုတ်ခြင်း မရှိခဲ့ပါ။

International Legal Sovereignty သို့မဟုတ် External Sovereignty သဘောအရ နိုင်ငံတကာက အချုပ်အခြာပိုင်ဆိုင်မှုမှာ အဓိကအသုံးပြုသည့် စံနှုန်းသည် လွတ်လပ်သည့်နိုင်ငံ(Independent) ဖြစ်မှုနှင့် သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်စွမ်းရှိမှုတွင်သာ မှီတင်းပါသည်။ တစ်နည်းအားဖြင့် ထိုနိင်ငံ၏ အချုပ်အခြာအာဏာဆိုင်ရာ ဥပဒေအဓိပ္ပယ်ဖွင့်ဆိုမှုပေါ်မှာ အဓိကအခြေမခံပေ။

၇။ တစ်နိုင်ငံလုံး လူထုဆန္ဒခံယူပွဲ(Referendum) လုပ်သင့်သလော

 “ပြည်သူ့ဆန္ဒခံယူပွဲ မှတစ်ဆင့်သာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိနိုင်ပါလိမ့်မည်”ဆိုသည့် ဆောင်းပါးရှင် ထောက်ပြမှုကိုလည်း အလျဉ်းသင့်လို့ တန်ပြန်ထောက်ပြလိုပါသည်။ တကယ်လည်း NUG/NUCC ချာတာ အခန်း(၃)(၉)မှာ “လူထုဆန္ဒခံယူပွဲကျင်းပရမည်”ဟု ပါရှိသည်။

အထက်တွင် အမေရိကန်နိုင်ငံ နမူနာဖော်ပြခဲ့ပြီးဖြစ်သည်။ သူတို့နိုင်ငံမှာ ပြည်နယ်အဆင့်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပလေ့ရှိသော်လည်း တစ်ပြည်လုံးမှာ ကျင်းပခြင်း လုံးဝမရှိ‌‌ပေ။ အဓိကအကြောင်းရင်းမှာ လူဉီးရေအရ ပိုများသည့် ပြည်နယ်/အုပ်စုက လူဉီးရေးနည်းသည့် ပြည်နယ်/အုပ်စုကို ဒီမိုကရေစီများရာမဲဖြင့် အနိုင်ကျင့်မှာ (Tyranny of Majority) စိုးရိမ်သောကြောင့်ဖြစ်သည်။ ပြည်နယ်များဖြင့် တည်ထောင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ သေးငယ်သည့် ပြည်နယ်များကို ကာကွယ်ခြင်းဖြစ်သည်။

လူမျိုးခေါင်းဆောင်များက ပင်လုံစာချုပ်အရ တည်ထောင်သည့် မြန်မာနိုင်ငံတွင်လည်း အမေရိကန်ကဲ့သို့ သတိထားရန် အင်မတန်လိုအပ်ပါသည်။

ဉပမာဆိုပါစို့။ မြန်မာ့နိုင်ငံရေးပြသနာ၊ တိုင်းရင်းသားအရေး၊ စသည်တို့ကို စားပွဲပေါ်မှာ ပါဝင်ပတ်သက်သူများ (stakeholders) တွေ့ဆုံဆွေးနွေးအဖြေထုတ်ပြီး ထွက်ရှိလာသည့် ရလဒ်(ဖွဲ့စည်းပုံအခြေခံဉပဒေ)ကို လူထုဆန္ဒခံယူပွဲလုပ်ပြီး နောက်ဆုံး/ထပ်ဆင့် အတည်ပြုချက်နှင့် ပြည်သူ့သဘောတူညီချက်အရ ယူကြ မည်ဆိုပါစို့။ ပြည်သူအများစု (၆၀/၇၀ ရာခိုင်နှုန်းခန့်လား) ဗမာ/မြန်မာလူမျိုးဖြစ်ကြသည်၊ ၉၀ ရာခိုင်နှုန်းနီးပါး ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည်။ ထိုပြည်သူအများစုက သဘောမတူလျှင် မည်ကဲ့သို့ ဖြစ်သွား မည်နည်း။

ဆောင်းပါးရှင်ပြောသလို ပြည်သူထံ အချုပ်အခြာ(အမြင့်ဆုံး)အာဏာရှိသည်ဆိုပြီး နောက်ဆုံး အဆုံးအဖြတ် ကို သူတို့ထံ လူထုဆန္ဒခံယူပွဲနည်းလမ်းဖြင့် အပ်နှံလိုက်လျှင် တချို့ လူနည်းစုအရေး ကိစ္စများကို ဗမာ/ဗုဒ္ဓပြည်သူများထံ အပ်နှံသကဲ့သို့ ဖြစ်မနေဘူးလား။ ဖြစ်သင့်သည်က လူထုဆန္ဒခံယူပွဲ မဟုတ်ဘဲ လူထုညှိနှိုင်းပွဲ(Public Consultation) မျိုးသာဖြစ်ရမည်။

နိဂုံးချုပ်

ဆောင်းပါးရှင်က ၁၉၄၇ အခြေခံဉပဒေ အခန်း (၁၀)၏ ‘ခွဲထွက်ပိုင်ခွင့်အာဏာ’ ပြဋ္ဌာန်းထားရှိမှုနှင့် ယခု ပြည်နယ် အချုပ်အခြာ ပုဒ်မကို “နိုင်ငံရေးချုပ်ကွက်”ဆိုပြီး မရိုးသားမှုလုပ်ကွက်အဖြစ် သတ်မှတ်မှုသည် ဘက်နှစ်ဘက်အကြား နားလည်သဘောပေါက်မှုနှင့် ယုံကြည်မှု ကွာဟနေခြင်းကို ထင်ဟပ်စေပါသည်။ ပြည်နယ်များအချုပ်အခြာသည် ပြည်ထောင်စုပြိုကွဲရေးကို ဉီးတည်သယောင်၊ စစ်ကောင်စီနှင့် ကုလသမဂ္ဂတို့ကို ဖဲခြောက်ခြင်း စသည်တို့သည်တို့သည် ဉပဒေရှုထောင့်ထက် နိုင်ငံရေးပိုဆန်သည်ဟု မှတ်ချက်ချမိသည်။

အကယ်စင်စစ် ပြည်နယ်များအချုပ်အခြာ၏ မူလပိုင်ရှင်ဖြစ်မှုကို အသိအမှတ်ပြုခြင်းသည် ပင်လုံစာချုပ်ကို အသိမှတ်ပြုခြင်းဖြစ်သည်။ တိုင်းရင်းသားများ၏ နှစ်ပေါင်း ၇၀ ခံစားချက်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ဖို့အရေး နားလည်ခြင်းဖြစ်သည်။

ထိုသို့ပြဋ္ဌာန်းခြင်းကြောင့် ပြည်ထောင်စု၏ အချုပ်အခြာအာဏာတည်ရှိခြင်းကို မထိခိုက်ပေ။ FDC ချာတာ အခန်း(၄)၊ အပိုင်း(၃)အတိုင်း ပြည်ထောင်စုနှင့် ပြည်နယ်အကြား အချုပ်အခြာအာဏာ မျှဝေ/ခွဲဝေမှုကို အခြေခံဉပဒေထဲမှာ သီးခြား ပြဋ္ဌာန်းရမှာဖြစ်ပါသည်။ စိုးရိမ်စရာ မဟုတ်ပေ။

နိုင်ငံအတွင်း အချုပ်အခြာအာဏာ အနက်ဖွင့်ဆိုမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာက စောဒကတက် မေးခွန်းထုတ်စရာမရှိပေ။ အလားတူ အချုပ်အခြာ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ပြည်ထောင်စု ပြိုကွဲခြင်း၊ ခွဲထွက်ခြင်းနှင့် သက်ဆိုင်မှု လုံးဝမရှိ‌ပေ။ တွဲရေးခွဲရေးသည် ဆန္ဒ(Will)နှင့် အင်အား(Power) အပေါ်မှာသာ မူတည်ပါသည်။ ဉပဒေစာရွက်ပေါ်မှာ ရေးသားခြင်း မရေးခြင်းနှင့် သက်ဆိုင်ခြင်းမရှိပေ။

Related Articles

Back to top button