မြန်မာ့အရေးပြေလည်ဖို့ အာဆီယံက ဘယ်လိုကူညီနိုင်မလဲ. . . . . ?
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဘုန်းမောင် – ဘာသာပြန်ဆောင်းပါး
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးနှင့် ရခိုင်ပြည်နယ် တို့တွင် တိုက်ခိုက်မှုများတိုးမြှင့်လာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က တိုက်ပွဲများ စတင်ဖော်ဆောင်ချိန်ကစ၍ ဒုက္ခသည်လှိုင်းသစ် ထပ်မံပေါ်ပေါက်လာခဲ့ပြီး ပြည်သူအများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေးခဲ့ကြသည်။ မောင်တောမြို့နယ်တွင်လည်း ပဋိပက္ခများပြင်းထန်လာသည်နှင့်အမျှ လူသေဆုံးမှု အရေအတွက် မြင့်တက်လာခဲ့ကာ ဒုက္ခသည်အရေအတွက် တိုးမြင့်လာခဲ့လေသည်။
မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲ များကြောင့် မြန်မာပြည်သူ ၃ ဒဿမ ၁ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာအေဂျင်စီ (UNHCR) ကဆိုသည်။ အတိုက်အခံအင်အားစုများနှင့် မြန်မာစစ်တပ်တို့ကြား ပဋိပက္ခများက လက်ရှိအချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တချိန်တည်းမှာပဲ မြန်မာစစ် ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားသော နယ်ပယ်များစွာတွင် ဩဇာလွှမ်းမိုးမှု တရိပ်ရိပ်ကျဆင်းလာခဲ့သည်။
မြန်မာစစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ထက်ဝက်ပင် မရှိတော့သောနယ်မြေကိုသာ ထိန်းချုပ်ထားနိုင်တော့ ကြောင်း အစီရင်ခံစာတစ်စောင်အရ သိရသည်။ မြန်မာစစ်တပ်သည် ၎င်းတို့ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်များ အပြင်းအထန်ဆင်နွှဲနေသောကြောင့် တိုက်ပွဲများ ပိုမိုဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သောဇန်နဝါရီလကနေ ဧပြီလအထိ မြန်မာစစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၁၆ ကြိမ်ရှိခဲ့ပြီး အရပ်သား အများအပြားသေဆုံးခဲ့သလို ဒေသတွင်း မတည်မငြိမ် ဖြစ်ခဲ့ရသည်။
တစ်ချိန်တည်းမှာပဲ မြန်မာ့အကြပ်အတည်းဖြေရှင်းရာတွင် အာဆီယံ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မေး ခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ အာဆီယံသည် ၎င်း၏ “အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရေး” မူဝါဒကို ကတိကဝတ်ပြုထားသောကြောင့် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံ အတွက်လည်း အခက်အခဲများစွာ ရှိနေပါသည်။
မြန်မာ့အရေးဖြေရှင်းရန် နိုင်ငံတကာကအာဆီယံအား ဖိအားများပေးခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပါ။ အာဆီယံသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရန် တွန်းအားများပေးခဲ့သော်လည်း စစ်တပ်က မြန်မာနိုင်ငံကိုထိန်းချုပ်ထားဆဲသာဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းများ ရရှိခဲ့သည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန်တွင်လည်း မြန်မာ့အရေးက တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ လာအိုနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့လေသည်။ မြန်မာ့ပဋိပက္ခအတွင်း သားကောင်အဖြစ် ကျရောက်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ဖို့ခွင့်ပြုရန် မြန်မာ စစ်ကောင်စီအား အင်ဒိုနီးရှားအစိုးရက အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ သို့သော် လူသားဆန်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို လက်ကိုင်ပြုရန်အတွက်မူ သံတမန်ရေးအရ အလှမ်းဝေးကွာနေဆဲဖြစ်သည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် အာဆီယံဥက္ကဋ္ဌရာထူးကို ဆက်လက်မရယူနိုင်သေးသော်လည်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ပြန်လည်ဖြစ်ထွန်းပေါ်ပေါက် လာရန်အတွက်ကိုမူ ဆက်လက်လုပ်ဆောင်နိုင်ပါသေးသည်။ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပါသည်။ မြန်မာစစ်တပ် အာဏာသိမ်းယူ မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်အပေါ် ဝေဖန်မှုများရှိနေသော်လည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်တပ်ကို လေးစားနေဆဲဖြစ်သလို ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလည်း အားပေးနေဆဲ ဖြစ်လေသည်။
မြန်မာစစ်တပ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများသည် အငြင်းပွားမှုများအတွင်း ပိတ်လှောင်နေ သောကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတောင်းဆိုမှုများက အောင်မြင်မည်မဟုတ်ဟု အင်ဒိုနီးရှားနှင့် ကျန်အာဆီယံနိုင်ငံများက ယူဆထားကြပုံ ပေါ်လေသည်။ အချို့သော အရန်အင်အားစုများ သည်လည်း ဒီမိုကရေစီကိုလိုလားသည့်တိုင် အကြမ်းဖက်နည်းလမ်းကို ဆက်ပြီးအသုံးပြုနေကြဆဲသာ ဖြစ်သည်။ တချိန်တည်းမှာပဲ အချို့သောသူများကလည်း မြန်မာနိုင်ငံကနေ လုံးဝခွဲထွက်ချင်ပုံ ပေါ်နေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏နိုင်ငံတွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန်အတွက် ၁၉၉၈ ခုနှစ်တွင် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းခဲ့လေသည်။ ထိုသို့ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးဆီသို့ အသွင်ကူးပြောင်းနိုင်ခဲ့သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်း၏ အတွ့အကြုံများအား ပြန်လည်ဝေမျှပေးခြင်းဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်ပါသည်။
အာဆီယံတွင်ဆိုလျှင်လည်း အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ထင်ရှားသောအခန်းကဏ္ဍကြောင့်သာ ကျော်စော သည်မဟုတ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဥ်တွင်လည်း ပါဝင်လျက်ရှိနေသောကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် အင်ဒိုနီးရှားနိုင်ငံသည် အဓိကကျသောအခန်းကနေ ပါဝင်လျက်ရှိနေသည်။ အင်ဒိုနီးရှားနိုင်ငံ သည် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများတွင်ပါ ဝင်နေသော်လည်း အသံကျယ်ကျယ်မထွက်သော သံခင်းတ မန်ခင်းကို အသုံးပြုလျက်ရှိနေပါသည်။ အင်ဒိုနီးရှားသည် လူသိရှင်ကြားဖြစ်မည့်ကိစ္စရပ်များကို လက်ရှောင် ထားသည်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်အစပိုင်းကစ၍ ၄ လအတွင်း မြန်မာနိုင်ငံရှိ အသီးသီးသော အဖွဲ့အစည်းများနှင့် အစည်းအဝေးပေါင်း ၆၀ အထိ ကျင်းပခဲ့လေသည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် မြန်မာစစ်ခေါင်းဆောင်နှင့် အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံတို့အကြား အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအောင်မြင်မှုများ ဆက်လက်မြှင့်တင်ရန်အတွက် ကတိကဝတ် ပြုထားသောကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏ကတိကဝတ်အတိုင်း ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုရပ်စဲရေး၊ အစုအဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးရေး၊ အထူးသံတမန်ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် အာဆီယံ အထူးသံတမန်များကို ဝင်ရောက်ခွင့်ပြုရေး စသည့်အချက်များပါဝင်သော အာဆီယံသဘောတူညီချက် ၅ ရပ်သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပေသည်။ သို့သော် အာဆီယံအဖွဲ့ဝင် များအကြား သဘောတူညီချက်ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ကာ အာဆီယံက အစပြုသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ရန်ကိုလည်း မြန်မာစစ်ခေါင်းဆောင်က ငြင်းဆိုခဲ့သည်။ ယင်းအပြင် ဒီမိုကရေစီလိုလားသောအုပ်စုများကလည်း မြန်မာစစ်ကောင်စီကို လက်တုံ့ပြန် တိုက်ခိုက်လျက်ရှိသောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ပို၍ ဆိုးရွားလာစေခဲ့သည်။ မြန်မာစစ်အာဏာရှင်များကို တန်ပြန်ထိန်းညှိပေးနိုင်စွမ်းသော နောက်ထပ်အင်အားစုများ မရှိတော့ခြင်းကလည်း ရေရှည်အကြပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။
မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှုတစ်စုံတစ်ရာမရှိခြင်းက စိုးရိမ်စရာအကြောင်းအရင်း တစ်ခု ဖြစ်သည်။
အာဆီယံသည် ဒေသတွင်း၌ အရေးပါသောအဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း မြန်မာ့အရေးနှင့်ပတ်သက် လာလျှင်တော့ အသံထွက်မှုနည်းပါးသောကြောင့် အာဆီယံ၏အခန်းကဏ္ဍအပေါ် ဝေဖန်မှုများ ရှိနေပါသည်။ အကောင်အထည်ဖော်နိုင်စွမ်း အနည်းငယ်သာရှိခဲ့သော အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘော တူညီချက် တိုးတက်လာရန် အစုအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း အာဏာရယူထားသော မြန်မာစစ်တပ်က ကြီးကြီးမားမား တုံ့ပြန်မှုမျိုးမရှိခဲ့ပါ။
တချိန်တည်းမှာပင် အာဆီယံ၏ “အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဟူသော မူဝါဒအား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ စတင်ပေါ်ပေါက်လာခဲ့သည်။
အာဆီယံပဋိညာဥ်တွင်ပါဝင်သော “ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရ”မူဝါဒသည် အာဆီယံ၏ ထိရောက်သောဆုံးဖြတ်ချက်များ လျင်မြန်စွာချမှတ်နိုင်ရေးတွင် အဟန့်အတားဖြစ်စေသလို အပြုသဘော ဆောင်သော ထိတွေ့ဆက်ဆံမှုနှင့်ပတ်သက်သည့် မူဝါဒသစ်ဆီ ဦးတည်ရာတွင်လည်း အဟန့်အတားဖြစ်စေ သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဆိုခဲ့သည်။ မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူမည်ဖြစ်ရာ ကွာလာလမ်ပူ၏ရပ်တည်ချက်က အရေးကြီးပေသည်။
“ဝင်ရောက်စွက်ဖက်ခြင်း မပြုရ”ဆိုသောမူဝါဒသည် အာဆီယံကို အမှန်တကယ် ထိခိုက်စေနိုင်သည်ဟု ဝေဖန်သူတချို့က စောဒကတက်ကြသည်။ ခက်ခဲသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်ရချိန်မှာတော့ ဝင်ရောက်မစွက် ဖက်ရေးက ရေသာခိုလိုသူတို့အတွက် မှီခိုစရာလည်း ဖြစ်နေပေသည်။
ရှေ့ကိုမျှော်ကြည့်ပြီး ပြောရမည်ဆိုလျှင်တော့ မြန်မာ့အရေး၌ အာဆီယံ၏ ပါဝင်ပတ်သက်မှုသည် စဥ်ဆက်မ ပြတ်သော သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုများလိုအပ်သလို ဆန်းသစ်မှုရှိသော ဖြေရှင်းမှုမျိုးဖြစ်ဖို့လိုသည့်အပြင် အခြေခံမူဝါဒများအား ပြန်လည်အကဲဖြတ်ခြင်းမျိုးလည်း လိုအပ်မည်ဖြစ်သည်။ အာဆီယံ၏အနာဂတ် အခန်းကဏ္ဍတွင် ငြိမ်သက်သော သံတမန်ရေးဆိုင်ရာ ဆောင်ရွက်မှုများအပြင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပံ့ပိုးပေးခြင်းနှင့် မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွင်း ပါဝင်နေသော အဖွဲ့အစည်း များအကြား ဆွေးနွေးပွဲများဖြစ်မြောက်လာရန် တိုးမြှင့်ခြင်းများဆောင်ရွက်ဖို့ လိုအပ်နေပါသည်။
“The Diplomat”တွင် ဖော်ပြထားသော “How ASEAN Can Help Mediate in Myanmar”ကို ဆီလျော်အောင် ရေးသားသည်။
မူရင်းဆောင်းပါး ဖတ်ရန်လင့်ခ် – Read in full