အာဏာသိမ်းခံထားရတဲ့ ရိုးရာ
ဖိုးသား | သတင်းဆောင်းပါး
ဝေဖန်မှုတွေ များစွာရှိနေခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ မူလက တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်ထိ ၇ရက်ကြာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်ထိ ပြောင်းလဲကျင်းပဖို့ စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၈ရက်၊ ညပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။
ဒါဟာ တောင်ကြီးရဲ့ ရိုးရာအမွေအနှစ်ဖြစ်တဲ့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲသမိုင်းတလျှောက် တခါမှ မရှိခဲ့ဖူးတဲ့ ရက်ပြောင်းရွေ့ကျင်းပတဲ့ ပွဲတော် ဖြစ်လာပါတယ်။ ကိုဗစ်၁၉ရောဂါ ဖြစ်ပွားပြီးနောက် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ပြန်လည်ကျင်းပ ခဲ့ပေမယ့် ယခင်က လူဦးရေ သိန်းဂဏန်းလာရောက်တဲ့တန်ဆောင်တိုင်ပွဲဟာ စစ်ကောင်စီက ကျင်းပတဲ့ အချိန်မှာ လာရောက်လည်ပတ်သူ ထောင်ဂဏန်းပင်မရှိလို့ ပွဲလာရောက်ကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲတော်ရက်ရွေ့ကျင်းပတာမျိုးတော့ မလုပ်ခဲ့ပဲ ပုံမှန်အတိုင်း ကျင်းပခဲ့တာပါ။
တောင်ကြီးမြို့နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဆီဆိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ပင်လောင်း၊ နောင်ချို၊ လွိုင်ကော်စတဲ့ ဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး တောင်ကြီးမြို့မှာလည်း စစ်ဘေးရှောင်အရေ အတွက်ကြောင့် မြို့လူဦးရေက သုံးဆခန့် မြင့်တက်နေတဲ့အချိန်၊ ကုန်ဈေးနှုန်းအစစအရာရာမြင့်တက်နေသလို အလုပ်အကိုင်ရှားပါးနေတဲ့အချိန်မှာ တန်ဆောင်တိုင်ပွဲကျင်းပဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန် ကတည်းက စစ်ကောင်စီဘက်တော်သားတွေ၊ စစ်ကောင်စီထောက်ခံသူတွေကလွဲလို့ ဒေသခံတွေနဲ့ နိုင်ငံတဝန်းလုံးပြည်သူတွေကတော့ ဝေဖန်နေခဲ့ကြပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီက ပွဲကျင်းပမယ့် အစီအစဉ်ကို နောက်ဆုတ်ခဲ့တာ မရှိပဲ အတင်းအကြပ် ဖိအားပေးပြီး ပွဲမဖြစ်ဖြစ်အောင် ကျင်းပဖို့ ဖိအားပေးလုပ်ဆောင်ခဲ့တာပါ။ ပွဲကျင်းပရေးကော်မတီဖွဲ့စည်းပြီး ရန်ပုံငွေရှာဖွေတာ၊ မီးပုံးပျံပညာရှင်တွေကို ပြိုင်ပွဲမဝင်မနေရ ဖိအားပေးတာ၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ပိုက်ဆံကောက်ခံတာ၊ စတိုးဆိုင်တွေ၊ ဈေးဆိုင်ခန်းတွေ၊ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေ ထံကနေ အလှူငွေကောက်ခံတာတွေ ပြုလုပ်ခဲ့တာပါ။
“ဈေးရောင်းကောင်းဖို့အတွက်ကြတော့ ဘာမှမစီစဉ်ပေးနိုင်ပဲ ပျံကျဈေးသည်တွေကို ၁၀၀၀စီထည့်ခိုင်းတယ်။ ဆိုင်ခန်းနဲ့ ဖွင့်တဲ့ဈေးဆိုင်တွေကတော့ ဆိုင်ခန်း အနေအထား၊ တည်နေရာပေါ် မူတည်ပြီး ကောက်တာ။ တန်ဆောင်တိုင်ပွဲအတွက်လို့ပဲပြောပြီး ကောက်တာပါ။ ဖြတ်ပိုင်းတွေ၊ ဘာတွေ ပြန်ပေးတာတော့ မရှိဘူး။ ရပ်ကွက်တွေကတော့ တစ်အိမ်ကို ၅၀၀၀မဖြစ်မနေထည့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ပိုထည့်ရတာပေါ့”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့နဲ့ ညကို အဓိကထားဦးတည်ပြီး ကျင်းပခဲ့တာဟာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLDအစိုးရလက်ထက် ၂၀၁၈ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်တွေဟာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်သိန်းချီလာရောက်ခဲ့သလို လွတ်လပ်မှု၊ ဘေးကင်းမှုအဖြစ်ဆုံး၊ အစည်ကားဆုံး ရိုးရာပွဲတော်နှစ်တွေ ဖြစ်ခဲ့သလို ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ပွဲကျင်းပရေးတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်းတွေနဲ့ မီးပုံးပျံပညာရှင်တွေအတွက် ဖိအားအကင်းဆုံးပွဲတော်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပွဲကို မင်းအောင်လှိုင်ကိုယ်တိုင်တက်မှာဖြစ်တဲ့အတွက် မဖြစ်မနေလုပ်ရမယ်လို့ ပြောထားတာ။ အစိုးရအဖွဲ့ကလည်း မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်၊ မြို့တွေသိမ်းခံနေရတာတောင် ပွဲလုပ်ခိုင်းလို့ အံ့ဩနေကြတယ်။ ဒါပေမယ့် သူ့ဆန်စားရဲမှတော့ သူခိုင်းတာလုပ်ပေးရမယ်ဆိုတဲ့ သဘောအတိုင်းပဲ မဖြစ်မနေလုပ်ဖို့ စီစဉ်ကြရတာပေါ့။ ဒေသခံတွေကော၊ လုပ်ငန်းရှင်တွေကကော ဒီပွဲကို စိတ်မဝင်စားကြတော့ ပွဲလုပ်ဖို့တော့ တော်တော်လေးစီစဉ်လိုက်ရတယ်။ မိုးရွာလို့ ပွဲရက်ရွေ့တယ်ဆိုတာထက် မင်းအောင်လှိုင် တရုတ်ကပြန်လာပြီး ပွဲတက်မယ့်ရက်နဲ့ ကိုက်အောင်လို့ ရက်ရွေ့လိုက်တာ။ အဲဒီကတည်း ရိုးရာမှ မဟုတ်တာ။ အာဏာအောက်မှာ လိုသလိုရွေ့ပြောင်းရတဲ့ ရိုးရာဖြစ်သွားပြီ”လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ NLDအစိုးရလက်ထက် ၂၀၁၉နဲ့ ၂၀၂၀ခုနှစ်တွေမှာ ကိုဗစ်-၁၉ရောဂါကြောင့် တန်ဆောင်တိုင်ပွဲတော်ကို ရပ်နားခဲ့ကြပါတယ်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်မသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ နိုင်ငံတဝန်းလုံးက ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ပေမယ့် စစ်အုပ်စုက အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားထောင်နဲ့ချီဟာလည်း CDMပြုလုပ်ခဲ့ကြသလို ရိုးရာပညာရှင်အများစုကလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက ကျင်းပတဲ့ ရိုးရာပွဲတော်တွေ၊ အခမ်းအနားတွေကို မပါဝင်တာ၊ သပိတ်မှောက်တာစတဲ့ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။
ဒီလိုဆန့်ကျင်တဲ့ အထဲမှာ တောင်ကြီးက မီးပုံးပျံပညာရှင်တွေ၊ ဝါသနာရှင်လူငယ်တွေလည်း ပါဝင်ခဲ့ပြီး လွတ်မြောက်နယ်မြေတွေကို သွားရောက်ကာ တတ်ကျွမ်းထားတဲ့ ပညာတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီကိုထောက်ခံတဲ့ မီးပုံးပျံပညာရှင်တွေ၊ ဘက်တော်သားတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှာ စစ်ကောင်စီက ဖိအားပေးပြန်လည်ကျင်းပခဲ့တဲ့ တန်ဆောင်တိုင်ပွဲမှာ ပါဝင်ခဲ့ကြသလို ဒီနှစ်မှာလည်း ပါဝင်နေကြပါတယ်။ ဒါပေမယ့်လည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ တောင်ကြီးသား မီးပုံးပျံပညာရှင်တွေကတော့ အာဏာသိမ်းခံထားရတဲ့ ရိုးရာပွဲတော်ကို စစ်အုပ်စုပြုတ်ကျမှသာ ပြန်လည်ဆင်နွှဲမယ်လို့ ဆိုလာသလို စစ်ကောင်စီဟာ ရိုးရာကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဆိုလာပါတယ်။
“မီးပုံးပျံနာမည်တွေကို ဖတ်ကြည့်လိုက်တာနဲ့ ရိုးရာက အာဏာသိမ်းခံထားရတယ်ဆိုတာ သိသာတယ်လေ။ မီးပုံးပျံလုပ်လာတာ နှစ်၂၀လောက်ရှိပြီ။ ဒီမီးနာမည်တွေ တခါမှ မကြားဖူးဘူး။ ဟိုးအရင်ခေတ် အဆက်ဆက်ကတည်းက ပါဝင်လာတဲ့ နာမည်ကြီးမီးတွေ မပါတော့ပဲ ဌာနဆိုင်ရာကလုပ်တဲ့ မီးနာမည်တွေ၊ စစ်တပ်နဲ့ပါတ်သက်တဲ့ လုပ်ငန်းတွေက လုပ်တဲ့ မီးနာမည်တွေ အများကြီးပါနေကတည်းက ရိုးရာလည်း အာဏာသိမ်းခံထားရတယ်ဆိုတာ ထင်ရှားနေပြီ။ ကျနော်တို့က စစ်အုပ်စုပြုတ်ကျမှပဲ ရိုးရာကို ပြန်ဖော်ဆောင်ဖို့ တွေ့ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်းလုံးက စစ်မျက်နှာပြင်တွေမှာ ကျဆုံးနေသလို မြို့တွေဆက်တိုက် လက်လွှတ်နေရပေမယ့် တန်ဆောင်တိုင်ပွဲကို လုံခြုံရေးအင်အား ထူထပ်စွာနဲ့ ကျင်းပပြုလုပ်နေတာဟာ စစ်ရှုံးနေတာကို ဖုံးဖိဖို့နဲ့ ဂုဏ်သိဏ္ခာပြန်ဆယ်ဖို့ လုပ်နေတာဖြစ်ပြီး အောက်ခြေဝန်ထမ်းတွေကို ငဲ့မကြည့်တာကြောင့် ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေက စိတ်ပျက်နေကြပါတယ်။ လက်ရှိတောင်ကြီးမြို့ရဲ့ လမ်းဆုံလမ်းခွတွေ၊ မီးပွိုင့်တွေတိုင်းမှာ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ အင်အားအပြည့်ချထားသလို ပွဲဧရိယာတဝိုက်ကိုလည်း လုံခြုံရေးအစီအမံတွေ တင်းကြပ်ထားပါတယ်။
“ဒီကရှိတဲ့ ရဲတွေက နားချိန်တောင် ကောင်းကောင်းမရဘူး။ နေ့ကော၊ ညကော ဂျူတီစောင့်ရတော့ ပင်ပန်းလို့ ငြီးငြူကုန်ကြပြီ။ ဒါကို တန်ဆောင်တိုင်လုံခြုံရေးပါ ယူခိုင်းတော့ တော်တော်လေးဒေါသထွက်နေကြတာ။ ဒီက တပ်ဖွဲ့အင်အားနဲ့ မလုံလောက်လို့ နေပြည်တော်ကနေတောင် အင်အားထပ်တောင်းထားရတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း တူတူပဲ။ တန်ဆောင်တိုင်အတွက် အလှူခံရ၊ ရန်ပုံငွေရှာပေးရနဲ့ ကုန်ဈေးနှုန်းနဲ့ လစာမမျှမတဖြစ်နေတဲ့ကြားက ပွဲဂျူတီပါ ချထားတော့ အကုန်လုံးက စိတ်ပျက်နေကြတယ်”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ယခုနှစ်မီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး ၂၆လုံးနဲ့ စိန်နားပန် ၂၁လုံး စုစုပေါင်း ၄၇ လုံးလွှတ်တင်မှာဖြစ်ပြီး အဲဒီမီးပုံးပျံတွေဟာ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေရဲ့ စပွန်ဆာ ပေးထားတဲ့ မီးပုံးပျံအများစုဖြစ်နေတာကို တွေ့ရပါတယ်။
စစ်တပ်ဟာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ပေါ်ရှိ မီးပုံးပျံပညာရှင်၊ မီးဆရာတွေကို လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ မီးပုံးပျံပညာရှင်နဲ့ မီးဆရာ အများအပြားရှိသလို ဖမ်းဆီးခံထားရတဲ့ မီးပုံးပျံပညာရှင်၊ မီးဆရာတွေကို တွေလည်း ရှိနေပါတယ်။
စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ တကယ်အနှစ်သာရ အစစ်အမှန်မရှိတဲ့ ရိုးရာမီးပုံးပျံပြိုင်ပွဲလို့ ပြောဆိုလာတဲ့ စစ်အာဏာရှင်တော်လှန်ရေးလုပ်နေသူ တောင်ကြီးသား မီးပုံးပျံဆရာ ရဲဘော်တစ်ဦးကို စစ်အာဏာရှင်စနစ်မကျရောက်ခင်နဲ့ စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ဘယ်လိုပုံစံတွေ ကွာခြားသွားသလဲ ဆိုတာနဲ့ပတ်သက်ပြီး စစ်အာဏာ ရှင်တော်လှန်ရေးလုပ်နေတဲ့ တောင်ကြီးသား မီးပုံးပျံဆရာ ရဲဘော်တစ်ဦးကို မေးမြန်းရာမှာတော့
“အရင်ကလုပ်လာတဲ့ပွဲတော်က ရိုးရာကို ဆက်လက်ထိန်းသိမ်းချင်တဲ့ လူငယ်တွေ၊ လူကြီးပိုင်းတွေ ရိုးရာအစစ်အမှန်ကို ချစ်မြတ်နိုးတဲ့သူတွေ အများကြီးရှိတာပေါ့။ အခုက ရိုးရာထက် ငွေကြေးကိုမြင်ပြီး လုပ်တဲ့လူက ခပ်များများပေါ့။ ခပ်များများဆိုတာထက် အကုန်လုံးနီးပါးပါပဲ။ လက်ရှိ စစ်ကောင်စီကျင်းပနေတဲ့ ပွဲတော်က သူတို့ထုတ်ပေးတဲ့ငွေကြေးနဲ့ လုပ်နေတာဆိုတော့ အရင်ကဆို ကိုယ်ပိုင်ငွေကြေးနဲ့လုပ်တာဆိုတော့ အခုစစ်ကောင်စီ ပိုက်ဆံနဲ့လုပ်တဲ့လူက ရှင်းရှင်းပြောရင် မီးပုံးပျံပွဲကိုချနင်းသလိုပဲ။ အရင်က ကျနော်တို့ လုပ်တဲ့အချိန်ကဆို ရိုးရာအစစ်အမှန်ကို အခြေခံရတယ်။ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့ လုပ်ဆောင်ကြတာ။ အခုကျတော့ ငွေကြေးတစ်ခုကို အခြေခံပြီး လုပ်ကြတာများတယ်”လို့ ပြောပါတယ်။
တောင်ကြီးမြို့မှာ ဒီကနေ့ မနက်အစောပိုင်းကတည်း လမ်းတွေပိတ်ထားပြီ မီးပုံးပျံကွင်းအဝင်လမ်းမှာ ကား၊ ဆိုင်ကယ်တွေကို လိုင်စင်ပါမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပေးနေသလို ကားတွေကို ကညနမှာ ယာဉ်စစ်ဆေးသကဲ့သို့ စစ်ဆေးနေကာ မိုင်း၊ ဗုံးရှာစက်တွေနဲ့ ထိုးရှာနေပါတယ်။ ပွဲဝင်မုဒ်ဦးဝင်ပေါက်မှာ X-Rayစက်ထားရှိကာ လုံခြုံရေးစစ်ဆေးသွားနေသလို မြို့တွင်းမှာလည်း ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးငွေတောင်းမှုတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် ၂/မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ပွဲခင်းထဲ ပေးမဝင်တာတွေ၊ ရပ်ကွက်တွင်းမှာ လိုက်လံစစ်ဆေးတာတွေ ရှိနေပါတယ်။
“မိတ္ထီလာမှာ ဗုံးကွဲသံကြားတော့ တောင်ကြီးမှာ ဒီနေ့ အသေစစ်နေတယ်။ မီးပုံပျံဖွင့်ပွဲနဲ့လည်း ဆိုင်မှာပေါ့။ ညကလည်း နဂါးပွက်ကျောင်းမီးပွိုင့်ထိပ်နားမှာ ကား၊ ဆိုင်ကယ် အကုန်တားစစ်တယ်။ မျက်နှာတွေပါ ဓာတ်မီးနဲ့ထိုးကြည့်ပြီး စစ်နေတာ။ စောစောစီးစီးလမ်းတွေ ပိတ်ထားပြီ။ မီးပုံးပျံကွင်းအဝင်လမ်းမှာ ကားကော၊ ဆိုင်ကယ်ကော လိုင်စင်ပါရင် ပေးဖြတ်ပါတယ်။ ကားကို ကညနယာဉ်စစ်သလိုစစ်ပါတယ်။ မိုင်း၊ ဗုံးရှာစက်နဲ့ ထိုးရှာပါတယ်။ အသေးစိတ်စစ်ပြီးရင် သွားလို့ရပါပြီ။ တချို့လာမဲ့ အဝေးကဧည့်သည်တွေလည်း မလာဖြစ်ကြတော့ဘူး”လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပွဲကျင်းပတဲ့ ဒီကနေ့မှာပဲ ပွဲဧရိယာနဲ့ အနီးတဝိုက်မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ ဖုန်းနဲ့ ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွား နေပါတယ်။ ဒါဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်တာတော့ မဟုတ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပတဲ့ မနှစ်က တန်ဆောင်တိုင်ပွဲနဲ့ ဒီနှစ်မှာ ဆိုးဆိုးရွားရွား ဖြစ်ပွားလာနေတာပါ။
“ဓလေ့ရိုးရာဆိုတာ မေ့ကောင်းသော အရာမဟုတ်သလို ယဉ်ကျေးမှုဆိုတာကလဲ လက်ဆင့်ကမ်း ထမ်းဆောင်ရတဲ့ ဘိုးဘွားအမွေတစ်ခုဖြစ်ပါတယ်။ည အဲ့လိုလက်ဆင့်ကမ်း သယ်ဆောင်တဲ့အပိုင်းမှာ အတင်းအကြပ်တော့ လုပ်လို့မရဘူးပေါ့။ အားလုံးသိတဲ့အတိုင်း တန်ဆောင်တိုင်ပွဲက မြန်မာပြည်ရဲ့ ပွဲတော်တခု။ အဲ့ထဲမှာမှ တန်ဆောင်တိုင်လို့ပြောလိုက်တာနဲ့ မီးပုံးပျံနဲ့ တွဲမြင်ကြတယ်။ မီးပုံးပျံလို့ပြောရင် တောင်ကြီးမြို့နဲ့ တွဲမြင်ကြတယ်။ ဒါဟာ လက်ဆင့်ကမ်းသယ်လာလို့ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒါကို အတင်းအကြပ်တော့ လုပ်လို့တော့မရဘူး။ ဒါဆို ရိုးရာကို လက်ဆင့်ကမ်းတဲ့ သဘောမဟုတ်တော့ဘူး။ ရိုးရာကို လက်ဆင့်ကမ်းတယ်ဆိုတာ ပွဲလုပ်မှမဟုတ်ပါဘူး။ လက်ရှိဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေက ပတ်ပတ်လည် တိုက်ပွဲဖြစ်နေတယ်။ ရေဘေးဒုက္ခ၊ စစ်ဘေးဒုက္ခကို ရင်ဆိုင်နေရချိန် အတင်းအကြပ် ပွဲတော်လုပ်ပြီး ရိုးရာကို လက်ဆင့်ကမ်းတာမျိုးက မဖြစ်သင့်ပါဘူး။ အားလုံးအေးချမ်းတဲ့ တနေ့ ဒီလိုပွဲမျိုးကို လွတ်လွတ်လပ်လပ်လုပ်ဆောင်ရင်း အဓိပ္ပါယ်ရှိတဲ့ရိုးရာကို ဖော်ကျူးလို့ရပါတယ်။ ရိုးရာလို့ပြောရင် တကိုယ်ကောင်းဆန်တာမပါပဲ မျှတမှုကို ရှေ့ရှုသင့်ပါတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုကျင်းပပြုလုပ်နေတဲ့ တန်ဆောင်တိုင်ပွဲကိုလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့၊ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသားညီကိုမောင်နှမတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ပါဝင်ခြင်းမပြုကြဖို့ မြို့ခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်နေကြပါတယ်။ ဒါကြောင့် စစ်ကောင်စီက အာဏာသိမ်းပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေမှု၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုကို မျက်ကွယ်မပြုထားဘဲ စစ်ကောင်စီက ကျင်းပနေဆဲ၊ ကျင်းပလာမယ့် အတုအယောင်ရိုးရာပွဲတွေ၊ အခမ်းအနားတွေမှာ မပါဝင်ခြင်းဖြင့် ဆန့်ကျင်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။