သတင်းဆောင်းပါး

၁၀၂၇ စစ်ဆင်ရေး ဘယ်အတိုင်းအတာထိ အောင်မြင်ခဲ့သလဲ

၁၀၂၇ စစ်ဆင်ရေး ဘယ်အတိုင်းအတာထိ အောင်မြင်ခဲ့သလဲ

သူရိန်ကျော်၊ သတင်းဆောင်းပါး

မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ရဲ့ ထိုးစစ်ဖြစ်တဲ့ (၁၀၂၇)စစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာတော့ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးကို MNDAA၊ TNLA၊ AAတို့က ၂၀၂၃ခုနှစ်၊ အောက်တိုဘာလက စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ ကရင်နီ တိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDP) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအဝင် များပြားလှတဲ့ ခုခံတော်လှန်ရေး အဖွဲ့အစည်းတွေဟာ ညီနောင်မဟာမိတ်များတွေရဲ့ စစ်ဆင်ရေးမှာ ညှိနှိုင်းဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ရဲ့ ဒီစစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးထိန်းချုပ်နိုင်ခဲ့တဲ့အပြင် လားရှိုးမြို့မှာ ရှိတဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဒီစစ်ဆင်ရေး ပထမ၊ ဒုတိယပိုင်းကာလ ၂ခုအတွင်း MNDAA က လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ လားရှိုးစတဲ့ မြို့တွေကို ထိန်းချုပ်ထားနိုင်ခဲ့သလို TNLA ကလည်း နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနဲ့ သီပေါမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဟိုပန်နဲ့ ပန်လုံမြို့တို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ခဲ့ပေမယ့် ‘ဝ’တပ်ဖွဲ့(UWSA)ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရှမ်းမြောက်၊ မဘိမ်းမြို့ကိုလည်း ၁၀၂၇စစ်ဆင်ရေးမှာ မပါဝင်ပေမယ့် အဲဒီကာလအတွင်း KIA က ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ စစ်​ကောင်စီတပ်ဟာ မူဆယ်မြို့၊ နမ့်လန်မြို့၊ မိုင်းရယ်မြို့နဲ့ ​နောင်ချိုမြို့နယ်ထဲက တောင်ခမ်းအ​မြောက်တပ်စခန်းအချို့ပဲ ကျန်​တော့တာကြောင့် နမ့်လန်နဲ့ တောင်းခမ်းဘက်မှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ တောင်ခမ်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ရာ လမ်းကြောင်းဖြစ်သလို စစ်ရေးအရ အချက်အချာ ကျတာကြောင့် စစ်ကောင်စီတပ်က လက်ရှိမှာ စစ်ကူအင်အား စေလွှတ်ပြီး အပြင်းအထန်တွေ ခုခံနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာ ၃လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

(MNDAA)ရဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက “၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုက ၉၀ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တယ်လို့ ယူဆပါတယ်ခင်ဗျ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုသာ မရှိရင်တော့ စစ်ဆင်ရေးအောင်မြင်မှု ရာခိုင်နှုန်းက ဒီထက်ပိုများမှာပါ။ အရပ်သားပစ်မှတ်တွေကို အဓိကထားပြီး ပေါက်ကွဲအားပြင်းဗုံးတွေနဲ့ လေကြောင်း တိုက်ခိုက်မှုကို နေ့စဉ် ရက်ဆက် ပြုလုပ်နေခဲ့တဲ့အတွက် အုပ်ချုပ်ရေးပိုင်း အားနည်းမှုမရှိပေမဲ့ မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အနည်းငယ် နှောင့်နှေးကုန်ပါတယ်။ လူထုလုံခြုံရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့ အတွက် မြေပြင်အနေအထားအရ စိတ်ချရပေမဲ့ လေကြောင်းရန်ကိုတော့ အပြည့်အဝ ကာကွယ်မပေးနိုင်သေး ပါဘူးခင်‌ဗျ။ အတတ်နိုင်ဆုံးတော့ ကြိုးစားဆောင်ရွက် နေကြပါတယ်”လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကာလအတွင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကိုလည်း အကြိမ်ကြိမ်တွေ့ကြုံခဲ့ရသလို စစ်ဆင်ရေး ပထမအပိုင်းကတည်းက တိုက်ပွဲတွေရပ်တန့်ဖို့အတွက် တရုတ်က ကြားဝင်ပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီအကြား ဟိုင်ဂင်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ယာယီသာ အပစ်ခတ်ရပ်စဲခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

“ဟိုင်ဂင်သဘောတူညီချက် ရေရှည်မခိုင်မာတဲ့ အဓိက အကြောင်းအရင်းကတော့ စစ်ကောင်စီဘက်က ဘယ်တုန်းကမှ အပြောနဲ့အလုပ် မညီခဲ့လို့ပါ။ စာချုပ်တွေပေါ် လက်မှတ်ထိုးပြီး နောက်ကွယ်မှာကြတော့ လုပ်ချင်တာလုပ်ခဲ့ပေါင်း များပြီလေ။ EAOsနဲ့ PDFတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကိုတော့ မရပ်တန့်ခဲ့တာက သက်သေပါပဲ”လို့ MNDAA ရဲ့ အထက်ပါ တာဝန်ရှိသူက ဆက်ပြော ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးနဲ့ မိုးကုတ်မြို့ကို TNLA၊ MNDAAနဲ့ PDF မဟာမိတ်တပ်တွေက သိမ်းယူအပြီးမှာ တိုက်ပွဲတွေရပ်ဆိုင်းဖို့ ဖိအားပေးနေတဲ့ တရုတ်အစိုးရက လျှပ်စစ်မီး၊ ဆေးဝါးနဲ့ အစားအသောက်တွေ နယ်စပ်ဖြတ် ဝင်ရောက်ခြင်း မရှိစေဖို့ ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီပိတ်ဆို့မှု တွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့  ဒေသခံပြည်သူတွေ အခက်တွေ့ နေခဲ့ကြရပါတယ်။ ဒီလိုအခက်ကြုံနေရတဲ့အခြေအနေမှာ့ပဲ TNLA က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်ရှိ သီပေါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ပိတ်ဆို့မှုတွေက ပိုလုပ်လာခဲ့ပါတယ်။

နယ်စပ်ဝင်ပေါက်တွေအပြင် ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်ဒေသကနေ MNDAA၊ TNLAနဲ့ AAတပ်ဖွဲ့တွေထံ အပ်တစ်ချောင်းမှ ရောက်ရှိမသွားအောင် ‘ဝ’ဒေသဘက်ကနေ ထွက်မယ့်ထွက်ပေါက် အကုန်လုံးကို ‘ဝ’ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တရုတ်ဘက်က ထောက်လှမ်းရေးတွေပါ လုံခြုံရေး လာရောက်ရယူပြီး အထူးတင်းကြပ်ထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

“စစ်ဆင်ရေးတစ်နှစ်အတွင်းမှာ မျှော်မှန်းထားတဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆောင်ရွက်တယ်။ လူထုရဲ့ ပါဝင်မှု တွေကြောင့် အောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ဘာတွေ လုပ်ဆောင်မယ်၊ ဘယ်လို လုပ်ဆောင် သွားမလဲ ဆိုတာကတော့ ပြောဖို့စောပါသေးတယ်၊ ဗဟိုကော်မတီ တစ်ခုလုံးရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်”လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက BBC သတင်းဌာနကို ဖြေကြားထားပါတယ်။

ဒီစစ်ဆင်ရေးအောင်မြင်မှု အတိုင်းအတာနဲ့ ပတ်သက်လို့ တပ်CDM ဗိုလ်ကြီး ကောင်းသူဝင်းက “လောက်ကိုင်က ဒကစကျတယ်၊ လားရှိုးက ရမခကျတယ်၊ မြို့တွေ အများကြီးကျတယ်။ ဒီလိုမျိုးဆိုတာက စစ်တပ်ရဲ့ သမိုင်းမှာ တစ်ခါမှ မရှိဖူးဘူး။ ရှမ်းမြောက်မှာဆိုရင် ၂၀၁၅ တို့၊ မုံးကိုးဖြစ်စဉ်တို့တုန်းက ထင်မြင်ချက် အကြီးကြီးတွေထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တာပဲ။ ဒါပေမယ့် စစ်တပ်က ပြန်ထိန်းနိုင်ခဲ့တယ်။ တိုးတက်လာတဲ့ နည်းပညာတွေ၊ လက်နက်ထုတ်လုပ်မှုပိုင်းတွေ၊ တိုက်ခိုက်စွမ်းရည် အများကြီး တိုးတက်လာသလို စုစည်းညီညွှတ်မှုအားကြောင့်လည်း စစ်တပ်ကို အထိနာစေခဲ့တဲ့ စစ်ဆင်ရေးလို့ ပြောလို့ ရပါတယ်”လို့ သူက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

လက်ရှိမှာတော့ MNDAAက ထိုးစစ်ရပ်သွားပြီဖြစ်ပေမယ့် TNLAက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သလို ၁၀၂၇စစ်ဆင်ရေးအပါအဝင် တောင်တန်းဒေသတွေမှာ တိုင်းရင်းသားမဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲပေါင်း များစွာပါဝင်ဆင်နွှဲပြီးအောင်ပွဲတွေရခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ဟာ မြန်မာပြည် အလယ်ပိုင်း အညာဒေသကို ဆင်းလာပြီး စစ်ရေးဖော်ဆောင်သွားတော့မယ်လို့ ထုတ်ပြန်အသိပေးထား ပါတယ်။

“၁၀၂၇ရဲ့ အောင်မြင်မှုကတော့ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကြီးလို့တောင် ပြောလို့ရတယ်။ ဒီစစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့အချိန်က စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေကို တစ်ခုမှ ပြန်မတိုက်နိုင်သေးဘူး။ မြို့တွေကိုဆက်ပြီးတော့ လက်လွှတ်ရမယ့်အခြေအနေတွေ အများကြီး တွေ့နေရ တယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးက သူတို့မှန်းထားတာထက်တောင် အများကြီးအောင်မြင်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ လက်ရှိစစ်ကောင်စီတပ်ရဲ့ အခြေအနေမှန်ကို အများကြီးမြင်လိုက်ရတယ်။ စစ်ရေးစွမ်းရည် ဘယ်လောက်ထိဆိုးရွားနေလဲဆိုတာ မြင်ရတယ်။ စစ်ကောင်စီတပ်ရဲ့ ခေါင်းဆောင်မှုပိုင်း ဆိုင်ရာ၊ စစ်တပ်ရဲ့ တပ်တွင်းအထက်အောက် ယုံကြည်မှု၊ စိတ်ဓါတ်ပိုင်းဘယ်လောက်ထိ ယိုယွင်းပျက်စီး နေလဲဆိုတာ မြင်လိုက်ရတယ်”လို့ ပြည်သူ့ပန်းတိုင်မှ CDM ဗိုလ်ကြီးလင်းထက်အောင်က ဖက်ဒရယ် ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

တရုတ်အနေနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ရပ်ခိုင်းပြီး စစ်ကောင်စီနဲ့ အနီးကပ်ဆုံး ဆက်ဆံရေးကို ပြန်လည် ဖော်ဆောင်လာနေတာလည်း ရှိနေသလို စစ်ကောင်စီကလည်း ရှမ်းမြောက်က လက်လွှတ်လိုက်ရတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ MNDAA နဲ့ TNLA ကတော့ သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားစီရင်ရေးနဲ့ ကုန်စည်ကူးသန်းရေးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသလို လေကြောင်းတိုက်ခိုက်မှုကလွဲရင် ဒီထက်ပိုဖော်ဆောင်နိုင်မှာဖြစ်ပြီး ကျန်တာကတော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံကို ရောက်ရှိနေပြီး မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ် ဆောင်ချက် ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်လို့ စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang တို့ ကူမင်းမြို့မှာ မနေ့ နိုဝင်ဘာလ (၆)ရက်က တွေ့ဆုံမှုမှာ  စစ်ခေါင်းဆောင်က ပြောဆို ခဲ့ပါတယ်။

“အခုတော်လှန်ရေးက အချိုးအကွေ့တခုကိုရောက်နေပြီ။ ဒါပေမယ့် အလုံးစုံအောင်မြင်ဖို့အတွက်ကတော့  ၂၀၂၅ခုနှစ်တနှစ်လောက်တော့ စောင့်ရအုံးမယ်လို့ ကျနော်ထင်တယ်။ ရှမ်းမြောက်ဒေသက တော်လှန်ရေး အဖွဲ့တွေကို တရုတ်အစိုးရက ဖိအားပေးလို့ ရကောင်းရနိင်မှာဖြစ်ပေမယ့် တနိုင်ငံလုံးက တော်လှန်ရေးအဖွဲ့ အားလုံးကို ဖိအားပေးလို့ မရနိုင်ဘူး။ နွေဦးတော်လှန်ရေးဟာ ရှမ်းမြောက်တော်လှန်ရေး မဟုတ်ဘူးဆိုတာကို တရုတ်ဘက်က သဘောပေါက်ဖို့ လိုတယ်”လို့ ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ဆိုပါတယ်။

စစ်ဆင်ရေး ဒုတိယအပိုင်းမှာတော့ တရုတ်ဘက်က နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုပါ စစ်ပွဲရပ်ဖို့ ပိုပြီးဖိအားပေးနေသလို စစ်ဆင်ရေး တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲက တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါ တရုတ်က ပိတ်ထား လိုက်ပါတယ်။ ဒါကြောင့် MNDAA၊ TNLA နဲ့ တရုတ်ကြားက ဆက်ဆံရေး၊ MNDAA နဲ့ TNLA က တရုတ်ရဲ့ ပိတ်ဆို့မှုတွေကို ဘယ်လိုကျော်လွှား နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

သူရိန်ကျော်(FJMM)

Related Articles

Back to top button