သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

သုံးလ ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၄ ခုနှစ် ဩဂုတ်လ မှ အောက်တိုဘာလ အထိ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

သုံးလ ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၄ ခုနှစ် ဩဂုတ်လ မှ အောက်တိုဘာလ အထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာ ပြုစု၍ ထုတ်ပြန်လျက် ရှိသည်။ ယခု စာတမ်းတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလ နှင့် အောက်တိုဘာလ (၃)လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ‌ဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများ၊ တောင်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ တပ်စခန်းများနှင့် တိုင်းရင်းသားဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေးကောင်စီတို့ ၏ ဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။

အပိုင်း (၁)

(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်ဖွဲ့မှ သေဆုံးမှုများ

၂၀၂၄ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလ နှင့် အောက်တိုဘာလ သုံးလတာအတွင်း တိုင်းရင်းသားပြည်နယ်ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ ပစ်ခတ်မှု အကြိမ်ပေါင်း (၆၂၄) ကြိမ်ကျော်ရှိခဲ့ရာ ကရင်ပြည်တွင် (၁၄၇) ကြိမ်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ရှမ်းပြည်တွင် (၁၁၄) ကြိမ်၊ ရခိုင်ပြည်တွင် (၁၀၆) ကြိမ်၊ ချင်းပြည်တွင် (၈၀)ကြိမ်၊ ကချင်ပြည်တွင် (၇၅) ကြိမ်၊ မွန်ပြည်တွင် (၆၄) ကြိမ်၊ နှင့် ကရင်နီပြည်တွင် (၃၈) ကြိမ် စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီတပ်သား (၂၄၄၁) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ များဘက်မှ (၉၃) ဦးခန့် ကျဆုံးခဲ့သည်ဟု တွေ့ရှိရသည်။

(၁) ကချင်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၇၁၀) ဦးသေဆုံးကာ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့များမှ တော်လှန်ရေးတပ်သား (၄) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည် အတွင်းရှိ တယန်ဇွပ် (Tayang Zup)၊ အင်ဆောပ့် (NSawp) ကျေးရွာရှိ တပ်စခန်း (၂)ခု၊ လမောင် (Lamawng) စစ်ကောင်စီ တပ်စခန်း၊ တောမှော် (Tawmaw) တပ်စခန်း၊ မိုးမောက် ခမရ (၄၃၇)၊ ကောင်ဂျာယန် ကာကင်းစခန်းများကို ဩဂုတ်လအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဆိုင်းတောင်ရဲစခန်းအပြင် ချီဖွေမြို့ အပါအဝင် စစ်ကောင်စီတပ်စခန်း (၅) ခုကိုလည်း စက်တင်ဘာလအတွင်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါ သည်။ ထို့အပြင် ခလရ (၂၉၈) တပ်ရင်း၊ စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့၊ လုပီ ၁၀၀၂ တပ်ရင်း ဌာနချုပ်၊ စင်ကြိုင် ၁၀၀၃ တပ်ရင်းဌာနချုပ်နှင့် ပန်းဝါမြို့တစ်ခုလုံးကို အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင် ခဲ့ပါသည်။ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ကချင်အထူး ဒေသ(၁)နယ်မြေ – ဆဒုံး၊ ချီဖွေ၊ ပန်းဝါ နှင့် ဆော့လော်မြို့များကို ထိန်းချုပ်လျက် ရှိပါ သည်။

(၂) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား(၇၅)ဦး သေဆုံးကာ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့များမှ တော် လှန်ရေးတပ်သား (၃၅) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်မြို့ရှိ စစ်ကောင်စီ အမှတ်(၂၆၉) ခြေလျင်တပ်ရင်းစခန်းကုန်း ဩဂုတ်လအတွင်း သိမ်းပိုက် နိုင်ခဲ့ပါသည်။ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စွဲ ထားသည့် Lai Villa စခန်းကိုလည်း စက်တင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ထန်တလန်မြို့ CB Bank တပ်စခန်းနှင့် Kiamtlang တပ်စခန်းများကိုလည်း အောက်တိုဘာလ အတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၃) ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား (၃၆၄) ဦးသေဆုံးကာ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့များမှ တော်လှန်ရေးတပ်သား (၅) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။

ရှမ်းပြည်တွင် ဩဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ဆီဆိုင်မြို့နယ် ဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည် မြောက်ပိုင်းတွင် နမ့်ဆန်မြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ် တို့၌ ကိုးကန့်တပ်-MNDAA၊ တအောင်း တပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ရှမ်းပြည်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအဖြစ် MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များ မှ မြို့သိမ်းတိုက်ပွဲများစတင်ခဲ့ပြီး လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခ အပြင် ကျောက်မဲမြို့ရှိ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၁၊-၅၀၂ များကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ TNLAပူးပေါင်း တပ်ဖွဲ့ များသည် နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၊ အမြောက် တပ်ရင်း (၃၅၄)၊ ခမရ-၅၀၃၊-၅၀၄ တပ်များကိုလည်း စက်တင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ခလရ-၂၃ တပ်ရင်းကိုလည်း TNLAပူးပေါင်းတပ်များက အောက်တိုဘာလ အတွင်း သိမ်းပိုက် နိုင်ခဲ့ပါသည်။

(၄) ကရင်နီပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၁၁၀) ဦးသေဆုံးကာ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့များဘက်မှ တပ်သား (၄၃) ဦး ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီတို့အကြား လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ကရင်နီပြည်နယ် မြောက်ပိုင်းဒေသ၊ ကရင်နီပြည်-ရှမ်းပြည်နှင့် ဆပ်စပ်ဒေသ များ တွင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု များသည် ဘော်လခဲခရိုင် အတွင်းရှိ စကစ၏ ရေကျော်တပ်စခန်းကိုလည်း ဩဂုတ်လအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်၊ ကရင်နီ လူမျိုး ပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦးနှင့် ရှမ်းတောင်အခြေစိုက်တပ်ဖွဲ့စသည့် တပ်ရင်းများ ပူးပေါင်းပါဝင်လျက်ရှိပါသည်။ ထို့အပြင် ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်ရှိ ထူးချောင်းစခန်း ကုန်းကို ကရင်နီပြည် တပ်မတော်(KA) မှ အောက်တိုဘာလ အတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၅) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ အကြားထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင် စီတပ်သား (၂၈၂) သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ကရင်ပြည်ဒေသရှိ ဒူးပလာ ယာခရိုင်အတွင်းရှိ ဒေသများနှင့််ထိစပ်ဒေသများ၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဒူးသထူခရိုင်အတွင်းရှိ ဒေသအချို့များ၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒေသများ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ဒေသများတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဝင်းရေးမြို့နယ်ရှိ လွှတ်ရှမ်းစစ်ကောင် စီတပ်စခန်းကို စက်တင်ဘာလအတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းကိုလည်း KNLAပူးပေါင်းတပ်များမှ အောက်တိုဘာလ အတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၆) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၇၀) ဦးနှင့်အထက်သေဆုံးကာ၊ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဘက်မှ တပ်သား (၆) ဦးကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

မွန်ပြည်ဒေသတွင် မွန်ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ် ပါတီ-NMSP AD၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ရေးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-YPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ရေးမြို့နယ် စသည့်ဒေသများတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ အောက်တိုဘာလအတွင်းတွင် မုဒုံမြို့နယ်၊ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်များတွင် ထိတွေ့ပစ်ခတ် မှုများ ဖြစ်ပွားခဲ့ပါသည်။

(၇) ရခိုင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၈၃၀) ဦး သေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ တစ်ခုလုံး ကိုအပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်စသည့် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ အာရက္ခတပ်တော် (AA) အနေဖြင့်  မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲကျွန်း၊ ပလက်ဝ စသည့်ဒေသများကို ထိန်းချုပ်နိုင်ခဲ့ပါသည်။ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် သံတွဲမြို့နယ်၊ ဂွမြို့နယ် နှင့် ကျိန္တလီ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်း နှင့် ၃၇၃-တပ်ရင်းကို အာရက္ခတပ် တော်(AA) က အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။

(ခ) အရပ်သား ပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ

၂၀၂၄ ခုနှစ် ဩဂုတ်လ မှ အောက်တိုဘာလအထိ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြုပ်မိုင်း များကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများ ကြောင့် အရပ်သား စုစုပေါင်း (၉၉၀)ဦးခန့် သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုများကောင့် အရပ်သား အိမ်ခြေ (၁၉၂၅) လုံး ပျက်စီးမှုအား မှတ်တမ်း တင်နိုင်ခဲ့သည်။

ဤသုံးလတာ ကာလအတွင်း ရှမ်းပြည်တွင် အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ပြည်သူ (၅၄၄) ဦးသေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ရခိုင်ပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံးဖြစ်ကာ(၃၀၆)ဦးနှင့် ကချင်ပြည်သည် အရပ်သား သေဆုံးမှု (၅၉) ဦးဖြင့် တတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် မွန်ပြည်တွင်(၄၈)ဦး၊ ကရင်ပြည်တွင်(၁၉)ဦး၊၊ ချင်းပြည်တွင်(၈)နှင့် ကရင်နီ ပြည်တွင် (၆) ဦးစီ စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ဤသုံးလတာကာလအတွင်း ပြည်သူ့အိုးအိမ်ပျက်စီးမှု အနေဖြင့် ကချင်ပြည်တွင် (၆၇၃)လုံး ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည်တွင်(၅၈၁) လုံးဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် ရခိုင် ပြည်တွင်(၃၈၁)လုံးဖြင့် တတိယအများဆုံးဖြစ်ကာ၊ ချင်းပြည်တွင်(၉၄)လုံး၊ ကရင်ပြည်နှင့် ကရင်နီ ပြည်တွင်(၈၇)လုံး နှင့် မွန်ပြည်တွင် (၂၂) လုံး စသည်ဖြင့် အသီးသီးပျက်စီး ဆုံးရှုံးမှု ရှိခဲ့ပါသည်။

အပိုင်း (၂)

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

(၁) ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး ဖြစ်တည်မှုအရ ညီနောင်မဟာမိတ်များနှင့်အတူ ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေးအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ PNFC အနေဖြင့် ရှမ်းပြည်တောင်ပိုင်းတွင် PNLA နှင့် ရှမ်း-ကရင်နီ နယ်စပ်တွင် ကရင်နီ တပ်မတော်-KA၊ KNDF တို့နှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောဆိုထားပါသည်။ PNFC သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပအိုဝ်းလူထုများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကာ ပအိုဝ်းလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လူထုတွေ့ဆုံပွဲ တစ်ရပ်ကိုလည်း ကျင်းပနိုင်ခဲ့ပါသည်။ ထို့အပြင် PNFC ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် ပအိုဝ်းပညာရေး ကော်မတီကို ဖွဲ့စည်းပြီး ပအိုဝ်းတိုင်းရင်းသားများ အတွက် မြေပြင်နဲ့ Online များဖြင့် အခြေခံပညာရေးကကို အောင်မြင်စွာ ဆောင်ရွက်နေကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျင်းပပြုလုပ်သည့် မိဘ၊ ဆရာ၊ ကျောင်းသားတွေ့ဆုံပွဲတွင် PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားခဲ့ပါသည်။

PNFC သည် ပအိုဝ်းပြည်နယ်တစ်ခု ပေါ်ပေါက်လာရန်အတွက် ပထမဆင့်အနေဖြင့်  ပအိုဝ်း ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချမှတ်နိုင်ခဲ့ပြီး ပအိုဝ်းပြည် ပေါ်ပေါက်ရေးသည် ပအိုဝ်းပြည်သူ လူထု၏ အထူးတာဝန်တစ်ရပ်ဖြစ်ကြောင်း PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်းက လူထုတွေ့ဆုံပွဲတွင် ဖြေကြားခဲ့ပါသည်။ PNFC သည် တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ၏ အနာဂတ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် သဘော ထားထုတ်ပြန်သည့် အဖွဲ့(၉)ဖွဲ့တွင် ပါဝင်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ် ပြန်ထားပါသည်။

(၂) မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC)

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် ဒုတိယအကြိမ် ညီလာခံကို ၂၀၂၄ ခုနှစ် မေလ အတွင်းတွင် ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း တော်လှန်ရေးကာလနှင့် အသွင်ကူးပြောင်းရေးကာလအတွက် အရေး ကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါသည်။ မွန်ပြည်တွင် မွန်ပြည်သစ်ပါတီ-ADအဖွဲ့ ထွက်ပေါ်လာခဲ့ပြီး ၎င်းအဖွဲ့နှင့် MSFC တို့အကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး အဖွဲ့နှစ်ဖွဲ့ အကြား ညှိနှိုင်းရေးအဖွဲ့များမှ တဆင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။

စစ်ရေးပူးပေါင်းမှုအနေဖြင့် မွန်ပြည်တော်လှန်ရေးတပ်၊ မွန်ပြည်ကာကွယ်ရေးတပ်များ နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး MSFC အနေနှင့် မွန်ပြည်ကာကွယ်ရေးတပ်များ အကြား လိုအပ်လျက်ရှိသည့် အကူအညီများကိုလည်း အစဉ်တစိုက်ပံ့ပိုးပေးလျက်ရှိပါသည်။ နိုင်ငံရေးအရ လှုပ်ရှားမှုများအနေဖြင့် MSFC နှင့်နီးစပ်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် NMSP-AD, MLA စသည့်တပ်ဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ တချိန်တည်းတွင် MSFC အုပ်ချုပ်ရေးကော်မတီအနေနှင့်လည်း စစ်ဘေးရှောင် ပြည်သူလူထုများအတွက် ပညာရေး၊ ကျန်းမာ ရေး၊ လူသားချင်းစာနာမှု စသည့် အကူညီများကို မွန်ပြည်နယ်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း ဒေသများတွင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ အုပ်ချုပ်ရေးကော်မတီအောက်တွင် ဌာန(၉)ခု ဖွဲ့စည်း နိုင်ခဲ့ပြီး မွန်ပြည်နယ်တစ်ခုလုံးကို ဦးတည်ကာ ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် လျက်ရှိပါသည်။ MSFC အနေဖြင့် ကြားကာလ ဖွဲ့စည်းပုံကို Zero Draft အထိ ရေးဆွဲနိုင်ခဲ့ပြီး အသွင် ကူးပြောင်းရေးကာလအတွက် လိုအပ်ချက်များကို ပြင်ဆင်ရေးဆွဲ ဖြည့်စွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ မွန်ပြည်အတွင်း နယ်မြေစိုးမိုးရေး ကအနေဖြင့် အားနည်းလျက် ရှိသေးသော်လည်း အချို့ကျေးရွာများတွင် တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းထိန်းချုပ်နိုင်ကြောင်း သိရပါသည်။ မွန်ပြည်အတွင်းအချို့ဒေသများတွင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများအပြင် MSFC၏ ပညာရေးမူဝါဒအရ ဒေသတွင်းရှိ တိုင်းရင်းသား ကျေးရွာများတွင် မိခင်ဘာသာစကား အခြေပြု ပညာရေးလုပ်ငန်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ဖက်ဒရယ်ဂျာနယ်-မြန်မာနှင့် တွေ့ဆုံမေးမြန်းမှုတွင်ပြောကြားခဲ့ပါ သည်။

(၃) ချင်းလဲန်းကောင်စီ (Chinland Council)

ချင်းလဲန်းတွင် ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး ဖွဲ့စည်းပုံမှတဆင့် ချင်းလဲန်းကောင်စီ ပေါ်ပေါက်လာခဲ့ပါသည်။ ကောင်စီမှထပ်ဆင့်၍ ချင်းပြည် အစိုးရ၊ ချင်းပြည်လွှတ်တော်၊ ဒေသန္တရအစိုးရ စသည်ဖြင့် အဆင့်ဆင့်ပေါ်ပေါက် လာခဲ့ပါသည်။ ချင်းပြည်အစိုးရတွင် ဝန်ကြီးဌာန (၁၄) ခုရှိပြီး ဝန်ဆောင်မှုများကို လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်အဆင့်တွင်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေးကိစ္စများကို ချင်းပြည် လွှတ်တော် က ဖော်ဆောင်လျက်ရှိသည့်အပြင် ဒေသန္တရအဆင့်တွင်လည်း အုပ်ချုပ်ရေးလုပ်ငန်း များကို ပီပြင်စွာ ဖော်ဆောင်လျက်ရှိပါသည်။

လွှတ်တော်အနေဖြင့်လည်း ဥပဒေ (၅) ခုအထိ ပြဌါန်းနိုင်ခဲ့ပြီး တရားရေးဌာန အနေဖြင့်လည်း ရာဇဝတ်အမှု၊ တရားမမှုများကို တရားစီရင်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ ဒေသန္တရအစိုးရ အနေဖြင့် (၁၈) ဖွဲ့ရှိပါသည်။ ဒေသန္တရအစိုးရအနေဖြင့် ချင်းပြည်အတွင်းရှိ (၉) မြို့နယ်ကို အခြေခံပြီး ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ လက်ရှိချင်းပြည်၏ ပကတိအခြေအနေ၊ တော်လှန်ရေး အခြေအနေအရ တော်လှန်ရေးကာလအတွင်း ရေးဆွဲထားသည့် အခြေခံဥပဒေအရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ တော်လှန်ရေးကာလအတွင်း အသုံးပြုမည့် အခြေခံဥပဒေ ဖြစ်သောကြောင့် ချင်းပြည် ၏ ရှိရင်းစွဲ (၉) မြို့နယ်ကို အခြေမခံထားကြောင်း သိရှိရပါသည်။ ဒေသန္တရအစိုးရအဆင့်တွင် ချင်းပြည်နယ်၏ ရှိရင်းစွဲ (၉) မြို့နယ်အပြင် နိုင်ငံရေးအရ ကလေး၊ ဂန့်ဂေါ၊ ကဘော်ဖက် ဒေသများ အပြင် အသစ်သော ဒေသ(၁၀)ခုလည်း ပါဝင်ကြောင်း ၎င်းတို့ကို သီးသန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့နယ် များ အနေဖြင့် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ချင်းပြည်အတွင်း နယ်မြေစိုးမိုးရေး အနေဖြင့် ဟားခါးမြို့နယ်၊ တွန်းဇံမြို့နယ်တွင် အပြည့်အဝ နယ်မြေစိုးမိုးနိုင်ခဲ့ပြီး ရိခေါ်ဒါရ်မြို့၊ ဟါာလ်းငိုးရမ်း (Hualngoram) ဒေသ၊ လိုင်လင်းပီဒေသ၊ ဇိုတုန်ဒေသ၊ လောက်တူဒေသ များတွင်လည်း ဖော်ဆောင်နိုင်ခဲ့ပါသည်။ ချင်းလဲန်းကောင်စီအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ သွားနိုင်ရန် မူဝါဒချမှတ် သည့်အပြင် ချင်းပြည်အစိုးရ၏ ဝင်ငွေ၏ ၆၅-ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း ချင်းလဲန်း ကောင်စီ၏ ဒုဥက္ကဌ Pu Bawi Kung က ဖက်ဒရယ်ဂျာနယ်-မြန်မာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြော ကြားခဲ့ပါသည်။

(၄) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သည် ကရင်နီပြည် ကြားကာလအစီအမံနှင့်အညီ ကရင်ပြည်သူလူထု အလွှာစုံပါဝင်သည့် ညီလာခံကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) သည် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ “တရားဥပဒေ စိုးမိုးရေး စီမံချက်” တစ်ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် စီမံချက်ပါ ပြဌာန်းချက်များနှင့် အညီ “တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့(Task Force) နှင့် အထူးတပ်ဖွဲ့(Special Force) တို့ကို ဖွဲ့စည်းကာ ၎င်းတို့ကို ညွှန်ကြား ချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည် ဖြစ်ကြောင်း အသိပေး ကြေညာထားပါသည်။ ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်အနေဖြင့်လည်း ကရင်နီပြည်နယ်၊ ကြားကာလ အစီအမံနှင့်အညီ အခန်း(၁၂)ခန်းပါဝင်သည့် ကရင်နီပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကိုပြဠါန်းနိုင်ခဲ့ပါသည်။ ကြားကာလအုပ်ချုပ်ရေးကောင်စီပညာရေးဌာန အနေဖြင့် တစ်နှစ် အတွင်း ကရင်နီပြည်နယ်အတွင်း စာသင်ကျောင်း(၃၆၁)ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့အပြင် ပညာရေးဌာန၏ ရှေ့လုပ်ငန်းစဉ်များအနက် ဘာသရပ်ပေါင်းစုံ တက္ကသိုလ် (Comprehensive University)တစ်ခုကို စတင်နိုင်ရန်နှင့် ကရင်နီသင်ရိုးညွှန်းတမ်း စံသတ်မှတ်ချက် မူဘောင် (Karenni Curriculum Standard Framework) နှင့် ဆရာအတတ်သင် စံသတ်မှတ်ချက် မူဘောင် (Teacher Competency Standard Framework) ကို ပညာရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၏ ပံ့ပိုးမှုဖြင့် ပူးပေါင်းညှိနှိုင်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပညာရေးဌာန၏ တစ်နှစ်ပြည့်အစီရင် ခံစာတွင် ဖော်ပြထားပါသည်။

 

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ

၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ

၄) တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ

၅) ဖက်ဒရယ် ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ

PDF File CLICK HERE TO DOWNLOAD

Related Articles

Back to top button