ဒီးမော့ဆိုက ကလေး ၂ ဦးဓာတ်ပုံများ စစ်ကောင်စီတပ်က ထပ်ဖြန့်၊ နှိပ်စက်ဒဏ်ရာများတွေ့ရ
ဖက်ဒရယ် ဂျာနယ်
စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၁
အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်များတွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း ဖမ်းဆီးခံ ရကာ ညှင်းပန်းနှိပ်စက်ခံထားရသည့် လူငယ်နှစ်ဦး၏ ဓါတ်ပုံများကို ထပ်မံ ဖြန့်ဝေလာခဲ့သည်။
ဓါတ်ပုံထဲတွင် လူငယ်နှစ်ဦးသည် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ကြိုးတုပ်နှောင်ထားခံရသည့်အပြင် စစ်အာဏာရှင်အား ဆန့်ကျင်သည့် သင်္ကေတ လက်သုံးချောင်း ထောင်ထားသည်ကို တွေ့ရပြီး ထိုလက်သုံးချောင်းကိုလည်း ကြိုးဖြင့် တုပ်နှောင်ထားကာ ဓါးများဖြင့် လှီးဖြတ်ထားသည်ကို တွေ့ရသည်။
အဆိုပါ လူငယ်နှစ်ဦးသည် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မောင်ဖီဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ ဖြစ်ကြပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား စစ်ရေးတင်းမာနေစဉ် စက်တင်ဘာ ၇ ရက်နှင့် ၁၀ ရက်အတွင်း ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အဆိုပါ လူငယ်နှစ်ဦးသည် မိသားစုများနှင့်အတူ ရွာလုံးကျွတ် စစ်ဘေးရှောင်ကြသည့်ထဲတွင် ပါဝင်ပြီး ရွာသို့ ပြန်၍ စားနပ်ရိက္ခာနှင့် ပစ္စည်းများ သွားယူချိန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ကရင်နီလူ့အခွင့်အရေး အဖွဲ့က အတည်ပြုထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၁ ရက်တွင် မောင်ဖီဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ နှစ်ဦးကို ခြေမြန်တပ်ရင်း ခမရ ၄၂၇ ဝန်းအတွင်း ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက် စစ်အာဏာရှင်စနစ်အား ဆန့်ကျင့်သည့် အမှတ်လက္ခဏာ လက်သုံးချောင်းထောင်ထားသည့် ပုံများကို ဖြန့်ဝေခဲ့သေးသည်။
ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် စက်တင်ဘာ ၇ ရက်နှင့် ၁၀ ရက်အတွင်း ဖမ်းဆီးခံရသူ လူငယ်များမှာ မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ်တို့ အပြင် အခြားလူငယ် နှစ်ဦးလည်း ဖမ်းဆီးခံထားရပြီး ဒေါပိုးစီကျေးရွာတွင်လည်း ရိက္ခာပြန်ယူသည့် လူငယ်တဦး ယနေ့ထိ ပျောက်ဆုံးလျက် ရှိသည်။