၁။ခွန်အားပြည့်စုံတဲ့ အသက်အရွယ်ရှိသူတွေတော်လှန်ရေးမှာပါဝင်ကြဖို့ KIO/KIA ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း
October 25, 2024
လက်ရှိအခြေအနေဟာ ရှိသမျှခွန်အားနဲ့ ကြိုးစားအားထုတ်ရမယ့် အချိန်ဖြစ်တာကြောင့် ခွန်အားပြည့်စုံတဲ့ အသက် အရွယ်ရှိသူတွေအားလုံး တော်လှန်ရေးလုပ်ငန်းစဉ်မှာပါဝင်ကြဖို့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ကျ ရောက် တဲ့ (၆၄)နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နေ့မှာ မိန်းခွန်းမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ရီလ(၁)ရက်နေ့က စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ နွေဦးတော်လှန် ရေးကြီး (Spring Revolution)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်တွဲပြီး အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင် မယ့် အချိန်ကောင်းဖြစ်တယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ ပါဝင်ထောက်ခံတဲ့ တော်လှန်ရေး ဖြစ်တာကြောင့် အာဏာရှင်စနစ် အမှန်တစ်ကယ် ကျရှုံးသွားမှာ ဖြစ်ပြီး KIO ဗဟိုကော်မတီကနေ ဦးစီးဆောင်ရွက်တဲ့ လုပ်ငန်း စဉ်မှာ ပြည်သူအားလုံးနဲ့ ဌာနဆိုင်ရာတွေ အားလုံး နိုင်ငံရေးပန်းတိုင်ရောက်အောင် ကြိုးစားပါဝင်ကြဖို့ကိုလည်း တိုက်တွန်းလိုက် ထားပါတယ်။ “ကချင်အမျိုး သားတော်လှန်ရေး ခရီးစဉ် နှစ်ပေါင်း(၆၀)ကျော်လာပြီဖြစ်ပေမဲ့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ နိုင်ငံ ရေးပန်းတိုင်ကို မရောက်သေးပါဘူး။ လက်ရှိ အခြေအနေဟာ ကျွန်တော်တို့ဆီမှာရှိသမျှ အားအင်နဲ့ ကြိုးစားအားထုတ် ယူရမယ့် အချိန်ဖြစ်ပါတယ်။ အဲဒါကြောင့် ခွန်အားပြည့်စုံပြီး အသက်အရွယ်ရှိတဲ့ လူတွေအားလုံး ဒီအရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်း စဉ်မှာ ပါဝင်လာကြပါစို့”လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက အခုလို တိုက်တွန်းထားတာပါ။
KIO အနေနဲ့ အာဏာရှင်စနစ် ပျောက်ကွယ်သွားအောင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ် ထားတဲ့အတွက် ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် မကြာမီအချိန် မှာ ပြည်သူ့စစ်အဖွဲ့တိုင်း ရပ်နားပြီး KIO နဲ့ တစ်သားတည်း လျှောက်လှမ်းသွားဖို့ကိုလည်း ပြန်လည်သတိပေးလိုက်တယ်လို့ လည်း ပါရှိပါတယ်။ “စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ အားသွန်ခွန်စိုက် ပါဝင်ပတ်သက်နေသူတွေနဲ့ ရန်သူရဲ့ လက်ပါးစေအဖြစ် ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အနုနည်းနဲ့ သိမ်းသွင်းခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့အချို့ကတော့ ရုတ်သိမ်း ရပ်နားသွားတာရှိသ လို တစ်ချို့ကတော့ ဆက်လက် လုပ်ဆောင်နေတာတွေကို မြင်တွေ့နေရပါတယ်”လို့ ပြောပါတယ်။ ပြန်လည်သိမ်းပိုက်ရရှိထား တဲ့ နယ်မြေဒေသ၊ ကျေးလက်ကျေးရွာတွေကို ပြန်လည်ထူ ထောင်တာ၊ အုပ်ချုပ်ရေး ယန္တရားချမှတ်တာ၊ တရားဥပဒေစိုးမိုးရေး တွေကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပြီး ပညာရေးအတွက်လည်း ကျောင်းတွေ တိုးချဲ့လှစ်တာ၊ ကျန်းမာရေး စီမံကိန်းတွေကို ချမှတ်ပြီး ဆေးရုံ၊ ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ မြန်မာအစိုးရ အဆက်ဆက် ကချင်ပြည်နဲ့ ကချင်ပြည်သူပြည်သားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဘဝကနေ လွတ်မြောက်ပြီး လွတ် လပ်တဲ့ ကချင်နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့တော်လှန်ရေးကို ဦးစီးဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ကို ဖွဲ့စည်းတည်ထောင်ထားတာ (၆၄)နှစ်ပြည့်အထိမ်းအမှတ်နေ့ ဖြစ်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပါရှိပါတယ်။ Read in Full
၂။ အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ
October 24, 2024
ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)နှင့်ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့် ထိုးစစ်ဆင်လျှက်ရှိနေပြီး အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးကပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက် တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်း ရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်”ဟု ပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း တိုက်ပွဲမှာ တိုင်းဌာနချုပ်နှင့် အလွန်နီးကပ်လာ၍ လေကြောင်းပစ်ကူမှု လျော့နည်းသွားသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲက တိုင်းဌာနချုပ်နဲ့ သိပ်မဝေးတော့ လေကြောင်းပစ်ကူတာတွေလည်း သိပ်မလုပ်နိုင်တော့တာ တွေ့ရတယ်။ မနေ့ကဆို လုံးဝနီးပါးကို လေကြောင်းပစ်ခတ်မှု မရှိခဲ့ ဘူး။ တိုက်လေယာဉ်တွေက အပေါ်မှာပဲ တဝဲလည်လည်တော့ ရှိနေကြတယ်” ဟု ပြောသည်။
အမ်းမြို့နယ်က စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထား သည့် တပ်စခန်းအချို့ကိုလည်း AA မှ သိမ်းပိုက်ထားသည်။ ယင်းအပြင် အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေ ယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့ ပစ်ခတ်နေပြီး စစ်ကောင်စီမှာ အမ်းလေယာဉ်ကွင်းကို လက်လွတ်ဆုံးရှုံးလိုက်ရသည့် အနေထားရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ အမ်းမြို့ခံအ များစုမှာ ပြီးခဲ့သည့်လပိုင်းများထဲက မြို့မှတိမ်းရှောင်ခဲ့ကြ ပြီဖြစ်သော်လည်း အချို့မှာမြို့တွင်းတွင်ကျန်ရစ်ခဲ့ရာမှ လက်ရှိ တိုက်ပွဲအတွင်း ပိတ်မိနေပြီးစားရေးရိက္ခာများလည်းကျပ်တည်းလျှက်ရှိကြောင်း သိရသည်။ Read in Full
၃။ စစ်ဘေးနှင့် ရေဘေးကြုံရသည့် ကျေးရွာ ၃၀ ခန့်မှ ပြည်သူများကို ကျပ်သိန်း ၇,၆၀၀ ခန့် KNU ထောက်ပံ့
October 24, 2024
စစ်ဘေးနှင့် ရေကြီးမှုဆိုးရွားစွာ ခံစားခဲ့ရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင် (ခလယ်လွီထူ ခရိုင်) အတွင်းအတွင်းရှိကျေးရွာ ၂၉ ရွာမှ ပြည်သူများကို ကျပ်သိန်း ၇,၆၀၀ ခန့် ထောက်ပံ့ကူညီခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန် သည်။ KNU ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မ တီ (CIDKP)မှ KNU ဗဟို၊ ခရိုင်တာဝန်ရှိသူများနှင့်ပူပေါင်းပြီး ညောင်လေးပင်ခရိုင်ရှိ မြို့နယ် ၃ ခု ပြည်သူများကို ငွေကြေး ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကျေးရွာပေါင်း ၂၉ ရွာရှိ အိမ်ခြေ သုံးထောင်ကျော်မှ လူဦးရေ ၁၆၁၁၂ ဦးအား ကျပ်ငွေ ၇,၅၉၉ သိန်း ထောက်ပံ့ခဲ့ကြောင်း အသိပေးထားသည်။ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး (လယ်ဒို)၊ ရွှေကျင် (ဆောထိ)၊ မုန်း(မူး)မြို့နယ် များတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ကြောင့် လူဦးရေ သိန်းချီ စစ်ဘေးဒုက္ခ ကြုံနေရသကဲ့သို့ ဇူလိုင်လ နှင့် စက်တင်ဘာလတွင် ရေးကြီးမှုအန္တရာယ်ကို နှစ်ကြိမ်ကြုံခဲ့ရ၍ ဒေသခံများ၏ လယ်ယာစိုက်ခင်း ထက်ဝက်ကျော် ပျက်စီးခဲ့ရသည်။
အဆိုပါ မြို့နယ်(၃)ခုအတွင်း ပြီးခဲ့သည့်စက်တင်ဘာလမှ ယနေ့အချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့ လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များရင်ဆိုင်ကြုံ တွေ့နေရခြင်း တို့ကြောင့် စားဝတ်နေရေးအကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ကြိုတွေ့နေရသည်ဟုလည်း KNU ဗဟိုက ထုတ်ပြန် သည်။ KNU တွင် ခရိုင်နှင့် တပ်မဟာ ၇ ခုရှိသည့် အနက် တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု သေဆုံးထိခိုက်မှု မကြာခဏ ကြုံနေရသည့်ခရိုင်ဖြစ်သည်။ Read in Full
၄။ ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊စစ်ကောင်စီ လေကြောင်း ပစ်ကူပေး
October 24, 2024
ချင်းပြည်နယ် ထန်တလန်မြို့၌ ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ချင်းဒေသကာ ကွယ်ရေးတပ် (CDF)များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့ အပြီး သတ် သိမ်းနိုင်ရေးတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။ “မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ကျနော်တို့ ဘက်မှာ လည်း ၁ ယောက်ထိခိုက်မှု ရှိပါတယ်။ အဓိက တိုက်ပွဲကတော့ ရဲစခန်းမှာပေါ့နော်။ သိမ်းနိုင်တာတော့မရှိသေးပါဘူး။ မနေ့ကနဲ့ ဒီနေ့ စကစ လေယာဉ်နဲ့လာဗုံးကြဲလို့ ခြောက်ကြိမ်လောက် ဗုံးကြဲတိုက် ခိုက်ပါတယ်။ အဲဒီလိုမျိုးပဲသတင်းကြားရပါတယ်။ ဆက် လက်ပြီးမှတိုက်ပွဲပြင်းထန်ပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပူးပေါင်းတပ်ဖွဲ့သည် ဇူလိုင်တတိယပတ်မှစ၍ ထန်တလန်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းများကို ဦးစွာသိမ်းပိုက်ခဲ့သည်။ ဩဂုတ်လဆန်းတွင် ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉)တပ်ကုန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိ နေရာ ၄ ခုတွင် တပ်စွဲ ခုခံခဲ့သည်။ ထို့နောက်ပိုင်း တွင် ချင်းပူးပေါင်းတပ်က လိုင်ဗီလာတည်းခိုခန်းရှိ စစ်ကောင်စီ ယာယီတပ်စွဲရာနေရာ၊ CB ဘဏ်ရှိ စစ်ကောင်စီယာယီတပ်စွဲရာ နေရာတို့ကို သိမ်းပိုက်ခဲ့ပြီး လက်ကျန်နှစ်နေရာ၌ တိုက်ပွဲများ ဖြစ်ခဲ့သည်။ စစ်ကောင်စီတပ်သည် ရဲစခန်း၊ ထွေအုပ်ရုံးနေရာနှင့် NLD ပါတီရုံး အဆောက်အဦးနေရာတို့၌ တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါလက်ကျန် တပ်စွဲရာနေရာများ မကျရေးအတွက် စစ်ကောင်စီက လေကြောင်း လက်နက်ကြီးပစ်ကူသုံးပြီး ထန်တလန်ကို မြေပြင်မှ စစ်အင်အားဖြည့်တင်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။ Read in Full
၅။ တနင်္သာရီ တန်ပြန်စစ်ဆင်ရေးမှာ စစ်ကောင်စီ တိုက်ခိုက်ရေးဒရုန်းတွေ ပိုသုံးလာ
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအဖြစ် စစ်ကြောင်းထိုး နေတဲ့ စစ်ကောင်စီတပ်ဟာ အကြီးစား တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ကမ်းရိုးတန်း တိုင်းစစ်ဌာချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ခိုက်ရေးဒရုန်းတွေကို အဓိကထား အသုံးပြုလာတာပါ။ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့အတွက်လည်း တနင်္သာရီတိုင်းအတွင်းမှာ ဒရုန်းတပ်ရင်းတစ်ခုကို သီးခြားဖွဲ့စည်းထားပြီး အမှတ် ၆၀၃ ဒရုန်းတပ်ရင်း လို့ အမည်ပေးထားကာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်မှာ ထားရှိထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ထိုးမှုတွေဟာ နယ်မြေစိုးမိုးမှုအတွက် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေကို ပြန်လည်ရယူချင်တဲ့ သဘောမျိုး ဖြစ်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာက ပြောပါတယ်။“စစ်ကောင်စီဘက်က လက်ရှိ စစ်ကြောင်းထိုးနေတာကတော့ နယ်မြေစိုးမိုးမှုအတွက် ဆိုတာထက် ကျွန်တော်တို့ရဲ့ ထိန်းချုပ်လှုပ်ရှားနယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောမျိုးတွေ့ရတယ်။ ကျွန်တော်တို့ဘက်က မြင်တာက သူတို့ကမြို့ကို အဓိကပေါ့ဗျာ မြို့ရွာကိုအခြေခံ ပြီး ဆင်ခြေဖုန်းရပ်ကွက်တွေကို မြို့နဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေကို ပြန်ပြီးတော့စိုးမိုးနယ်မြေတွေ ပြန်ရအောင်လုပ်နေတဲ့သဘောမျိုးတွေ့ရတယ်” လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် ဟာ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေကိုပါ အများဆုံးအသုံးပြုလာတယ်လို့ ပြောပါတယ်။“သူတို့စစ်ကြောင်း ဝင်လာတဲ့အချိန်မှာ ဒရုန်းတွေ အသုံးများလာတာ တွေ့ရတယ်။ ဒရုန်းကို သူတို့ဘက်ကနေပြီးတော့ လေးစီးလောက်ထိ သုံးလာ တာ တွေ့တယ်။ ကင်းထောက်ရော ဗုံးကြဲတာရော အဲဒါတွေ လုပ်ဆောင်တာရှိတယ်ပေါ့။ ဒီစစ်ကြောင်းမှာ သုံးတာတော့ မာတီရို တာပေါ့နော်။ အဲဒါတွေပဲ သုံးတယ်ပေါ့နော်။ ကင်းထောက်ဒရုန်းတွေသုံးတယ်။ မာတီရိုတာဗုံးကြဲတဲ့ တိုက်ခိုက်ရေးဒရုန်းတွေ သုံး တယ်”လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးဒရုန်းတွေပါ အသုံးပြုလာကြောင့် တော်လှန်ရေးအင် အားစုတွေ အနေနဲ့ စစ်ဆင်ရေးတွေမှာ ပိုပြီးဂရုစိုက်ရသလို တန် ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားရတယ်လို့ သူက ဆက်ပြောပါတယ်။ တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှု တွေအပြင် လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ခြောက်သောင်းနီးပါးရှိခဲ့တယ်လို့ ဒေသတွင်း သုတေသန အဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ Read in Full
၆။ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်မှာ မြဝတီမြို့ခံတွေစိုးရိမ်
October 24, 2024
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေသလို သင်္ဃန်းညီ နောင်ကို ပြန်တိုက်ယူဖို့ ပြင်ဆင်နေလို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်လာမှာကို မြဝတီမြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်က လေးကေ့ကော် စွယ်တော်အမြောက်ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ဟာ မေတ္တာလင်းမြိုင်ကျေးရွာ အခြေစိုက်ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ အကူအညီ နဲ့ စစ်စခန်းစွန့်ခွာပြီး မြဝတီ ၂၇၅ တပ်ရင်းဘက်ကို တပ်ဆုတ်လာခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့တွေအတွက် အောက်တိုဘာ ၂၀ ရက်နေ့မှာ လေ ကြောင်းက ထောက်ပံ့ပစ္စည်းတွေ ပေးပို့ခဲ့ပြီးနောက်ပိုင်း သင်္ဃန်းညီနောင်က စစ်တပ်ဗျူဟာအပါအဝင် တပ်ရင်းသုံးခုနေရာကို ပြန်သိမ်းဖို့ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ခလရ ၂၇၅ မှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာပါ။ အခုလို စစ်ရေးပြင်ဆင်မှုတွေကို မြင်နေရတာကြောင့် တိုက်ပွဲတွေ နောက်တစ် ကြိမ် ပြန်ဖြစ်လာမှာကို စိုးရိမ်နေရတဲ့အကြောင်း မြဝတီမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “လေးကေ့ကော်အမြောက်ကုန်း အဖွဲ့တွေ တစ်ရာဝန်းကျင်လောက်က ၂၇၅ မှာ လာပေါင်းတယ်။ ၂၇၅ မှာ အင်အားဖြည့်တယ်။ အဲ့ဒီလိုလာတာပေါ့။ စွယ်တော် ကုန်းက ဟာတွေပေါ့။ BGF က ပို့ပေးတယ်ပေါ့။ ဘယ်သူရှိမလဲ၊ ဘေးနားမှာမေတ္တာလင်းမြိုင်ရှိတာကိုး။ တကယ်လို့ ဒီမြဝတီ ဖြစ် မယ်ဆိုလို့ရှိရင်လည်း အရင် ၄ လပိုင်းထက် ပိုဆိုးသွားလိမ့်မယ်” လက်ရှိမြဝတီမြို့မှာတော့ ကရင်နယ်ခြားစောင့်တပ်နယ် (၃) BGF လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့က မြို့နေရာတော်တော်များများမှာ ကင်းဂိတ်စခန်းတွေချထားပြီးလုံခြုံရေး တင်းကျပ်ထားပါတယ်။
ဒါ့အပြင် ခလရ ၂၇၅ နဲ့ သင်္ဃန်းညီနောင်ဘက်ကို စစ်ကြောင်းထိုးတဲ့သတင်းတွေကြောင့် မြဝတီမှာ နေထိုင်သူတချို့က တော့ အိမ်ကမိဘနဲ့ကလေးငယ်တွေကို နေရာရွှေ့ပြောင်းထားရတယ်လို့ မြဝတီ-မော်လမြိုင်ကို ကုန်စည်ပို့တဲ့အမျိုး သမီးက ပြောပါတယ်။ “ကျွန်မတို့က ကုန်စည်ပို့တာဆိုတော့ မိသားစုက မြဝတီမှာပဲ နေတာများတယ်။ အခုကတော့ ၂၇၅ တို့ ညီနောင်တို့ အခြေအနေက ပြန်ဖြစ်မယ်ပြောနေကြတယ်ဆိုတော့ အဖေ အမေနဲ့ ကလေးတွေကို မော်လမြိုင်ဘက် ပြန်ပို့ထားတယ်လေ။ ဒီမှာပါဆယ်နဲ့ အောက်ကတက်တဲ့ကုန်ပဲ လက်ခံပို့နေတယ်။ ထိုင်းပစ္စည်းက ဖမ်းတယ်ဆိုတော့ ပါဆယ်လက်မခံဘူးလေ” အခု ရက်ပိုင်းအတွင်းမှာတော့ ကော့ကရိတ်မြို့က စစ်ကောင်စီ အောင်ဇေယျစစ်ဆင် ရေးတပ်တွေ အာရှလမ်းကို လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းနဲ့ အပြင်းအထန်တိုက်ခိုက်နေပေမဲ့ တောနော်ရေတံ ခွန်နေရာနဲ့ ရေတွင်းဖြူကုန်းနေရာကို ကျော်လွန်တိုက်ခိုက် လို့မရသေးဘူးလို့ KNLA မဟာမိတ်စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောပါတယ်။ အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီ တပ်စခန်းနဲ့ စစ်ကြောင်းတွေရှိနေတဲ့ မြဝတီ-ကော့ကရိတ်-အာရှလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို ကြာအင်းဆိပ်ကြီး စစ်ဗျူ ဟာ၊ ဘုရားသုံးဆူအနန်းကွင်း စစ်ဗျူဟာနဲ့ ဖာပွန်စစ်ဗျူဟာကုန်းနေရာတွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကပါ နေ့စဉ်ပစ်ကူပေးပြီး ခုခံတိုက်ခိုက်နေရပါတယ်။ Read in Full
၇။ ဗန်းမော်နှင့်မိုးမောက်ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ တင့်ကားပါတပ် နောက်ပြန်ဆုတ်ရ
October 24, 2024
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြား အောင်မြေကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) တို့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့မှစကာ မိုးမောက်မြို့ ခလရ ၄၃၇ အနီးသို့ စစ်ကောင်စီတပ်က တင့်ကားလေးစီးပါ မြေပြင်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာရာ KIA နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။ “စစ်တပ်ကတစ်ဖန်ပြန်ပြီး တင့်ကားတွေနဲ့ စစ်ကြောင်းထိုးလာတယ်လို့ကြားတယ်။ တိုက်ပွဲ ဖြစ်နေတာ ၃ ရက်လောက်ရှိနေပြီ။ အခုဖြစ်နေတဲ့ စစ်ရေးအခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်း ပြန် ထိုးနေတာ။ ဒရုန်း၊ လက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တန်ပြန်တိုက်ခိုက်လိုက်တော့ ပြန် နောက်ဆုတ်သွားကြတယ်။ အပြန်အလှန် တိုက်ပွဲဖြစ်နေတဲ့သဘောပါ” ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းမီဒီယာများကို ဖြေကြားထားသည်။
စစ်ကောင်စီ၏ တင့်ကားပါ ခြေလျင်အင်အားအလုံးအရင်းသုံးထားသည့် စစ်ကြောင်းကို KIA က တိုက်ခိုက်ခဲ့ရာ အကျ အဆုံးများစွာနှင့် တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။ စစ်ကောင်စီသည် မိုးမောက်မြို့ ၆ မိုင်နှင့် ၇ မိုင်ကြားကို ယခုတစ်ဖန် စစ်ကြောင်းထိုးဝင်ရောက် လာသည့်အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လေကြောင်းပစ်ခတ်မှုအပြင် ဒရုန်းများ လက်နက် ကြီးများဖြင့်ပါ စစ်ကောင်စီဘက်က အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “၇ မိုင်နားတော့မရောက်သေးဘူး။ ၆ မိုင်အထက် နားမှာဖြစ်နေတာ။ တင့်ကား လေးစီးပါတယ်။ ခြေလျင် အင်အား အလုံး အရင်းနဲ့ ချီတက်လာတာ။ အခုတော့ နောက်ပြန်ဆုတ် ထားတယ်။ အင်အားစုဖွဲ့ပြီး ပြန်တက်မယ့်သဘောရှိတယ်” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဗန်းမော်အခြေစိုက် စကခ ၂၁မှ စုဖွဲ့အင်အားဖြင့် စစ်ကြောင်းဖြစ်ပြီး သေဆုံးထိခိုက်များသဖြင့် နောက်ပြန်ဆုတ်သွားရပြီး ပြန် လည် အင်အားစုနေကြောင်း ဒေသခံများထံက သိရသည်။ Read in Full
၈။ အမ်းနှင့် စစ်တွေရှိ ကျေးရွာအချို့မှနေအိမ်များကို စစ်ကောင်စီက လုံခြုံရေးအရဟုဆိုကာ ပြောင်းရွှေ့ ခိုင်းနေ
October 24, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက လုံခြုံရေးအရဟုဆိုကာ ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။ အမ်းမြို့နယ် GE တပ် (ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် ) အနီးတွင်ရှိသော ပြောင်း ချောင်း ကျေးရွာနှင့် BE တပ် (စစ်မြေပြင်အင်ဂျင်နီယာတပ်) အနီးရှိ ဇာဒီမော်ကျေးရွာတို့ကို ယခု အောက်တိုဘာ ၂၁ ရက်မှ စတင် ၍ ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နေ့က အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် BE တပ် လူပျိုဆောင်သို့ကျရောက် ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့် သေဆုံးခဲ့သည်။ အဆိုပါ သေဆုံးမှုဖြစ်ပြီးနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်များအနီးရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီက အတင်းအဓမ္မရွှေ့ ပြောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။
“လက်နက်ကြီးနဲ့ BEတပ်ထဲ ပစ်ခံရပြီး တပ်အနီးကရွာတွေကို ပြောင်းခိုင်းတယ်ပြောတယ်။ နေရာ စီစဉ်ပေးတာလည်း မရှိဘူး။ အားချင်းရွှေ့ခိုင်းနေတာ အမှန်ပါ” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်တွေမြို့ရှိ နာဇီရွာရဲစခန်းအနီး တွင်ရှိသော နေအိမ် ၆၀ ခန့်ကိုလည်း ရဲစခန်းခြံစည်းရိုး ချဲ့ထွင်ခတ်မည်ဖြစ်ရာ မလွတ်သည့်အတွက် နေအိမ်များကို နိုဝင်ဘာလ အတွင်းအပြီး ဖျက်ပေးရမည်ဟုပြောဆိုခဲ့ကြောင်းသိရသည်။ စစ်တွေရှိ ကျေးရွာများကို စစ်ကောင်စီက ကာကင်းစခန်းပြုလုပ်ရန် လုံခြုံရေးဂိတ်များ ပြုလုပ်ရန် စသည့်အကြောင်းပြချက်များဖြင့် ဖယ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ မောင်းထုတ်ခံရသည့် ကျေးရွာများမှ ဒေသခံများကိုလည်း စစ်ကောင်စီက စစ်တွေမြို့ အတွင်းပြောင်းရွှေ့စေပြီး ဧည့်စာရင်းအကြောင်းပြဖမ်းဆီးသွားပြီးနောက် မတရားအသင်းဆက်သွယ်မှု စသည့် ပုဒ်မတပ်တရားစွဲဆိုမှုများရှိသလို ငွေညှစ်၍ပြန်လွှတ်ပေးခံရသူများလည်းရှိကြောင်း သိရသည်။ Read in Full
၉။ဆေးဝါးများဖမ်းဆီးသိမ်းဆည်းခံနေရသောကြောင့် နန့်မွန်းစစ်ရှောင်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခက်ခဲနေ
October 24, 2024
စစ်ကောင်စီပူးပေါင်း စစ်ကြောင်းဝင်ရောက်လာသောကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မိုးညှင်းမြို့နယ်၊ အင်းတော် ကြီးဒေသ၊ နန့်မွန်းမြို့မှ ဒေသခံပြည်သူများ ဆေးဝါးရရှိရန်ခက်ခဲနေသဖြင့် အကူအညီများ လိုအပ်နေကြောင်းသိရသည်။ နန့်မွန်း ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်စခန်းသို့ သွားသည့်လမ်းတွင် SNA တပ်ဖွဲ့ဝင်များက တာဆီးစစ်ဆေး နေသောကြောင့် ဆေးဝါးရရှိရန် ခက်ခဲနေသည်ဟု နန့်မွန်းမြို့ခံ စစ်ရှောင်တစ်ဦးက ပြောသည်။ “ဘာကြောင့်လဲဆိုတော့ အခုရှိ နေတဲ့နေရာက နန့်မွန်းကိုဖြတ်ရတယ်ဆိုတော့ ရွာမှာရှမ်းနီ (SNA) တွေရှိနေတော့ အရမ်းစစ်မေးမြန်းလို့။ ရွာထဲလည်းပြန်လို့မရသေးဘူး။ စစ်ရှောင်ကူညီတဲ့အဖွဲ့တွေနဲ့ KBC ကိုလည်း ဆေးဝါး အကူညီတောင်းထားတယ်။ ဒါပေမဲ့ ဒီဘက်က ဆေးတွေရောက် လာဖို့ကို ခက်ခဲနေတာ” ဟုပြောသည်။ လက်ရှိအချိန်တွင် ဒေသခံများ နန့်မွန်းမြို့အတွင်းသို့ပြန်လိုပါက SNA တပ်၏ ခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး မြို့အတွင်း အမျိုးသားများကိုတွေ့ရှိပါက တင်းကြပ်စွာစစ်ဆေးမေးမြန်းသဖြင့် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။
နန့်မွန်းမြို့အတွင်း တပ်စွဲနေထိုင်သည့် SNA တပ်ဖွဲ့ဝင်များက လမ်းတွင်တားဆီးစစ်ဆေးလေ့ရှိပြီး ဆေးဝါးပစ္စည်းများကို သိမ်းယူလေ့ရှိသောကြောင့် မော်တော်ယာဉ်လိုင်းများကလည်း ဆေးပစ္စည်းများ တင်ဆောင်ခြင်းမပြုကြောင်း စစ်ရှောင်ကူညီ နေသူတစ်ဦးက ပြောသည်။“ဟိုတလောက ရှမ်းအချင်းချင်းပဲလေ ဆေးပစ္စည်းသယ်လာတာကို ရှမ်းနီက ဖမ်းပေးလိုက်တာ၊ ပစ္စည်းပြန်ရအောင် အသားကုန်ရှင်းပြမှပြန်ပေးတာတဲ့။ ဆေးတွေအကုန်လုံးတော့ ပြန်မရဘူး၊ အားဆေးတွေတော့ အကုန်သိမ်း ပေးလိုက်တယ်ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဆေးပစ္စည်း မသယ်ရဲဘူး။ ကားဆရာတွေလည်း သူတို့ကို အရမ်း စစ်မေးတော့ မသယ်ရဲကြတော့ဘူး” ဟုပြောသည်။ သိမ်းဆည်းခံရသည့် ဆေးဝါးများတွင် အင်္ဂလိပ်ဆေးအပြင် တိုင်းရင်းဆေး များလည်း သိမ်းဆည်းခံရကြောင်း သိရသည်။ ဖျားနာသူများကို ဆေးများပေးနေသောလည်း ဆေးဝါးပြတ်လပ်မှုနှင့်ကြုံတွေ့ လာ ရသောကြောင့် SNA တပ်အနေဖြင့် ပြည်သူလူထုအတွက်ဆေးဝါးရရှိရန် ကူညီပေးစေလိုကြောင်း သူကဆက်ပြောသည်။ နန့်မွန်း မြို့ခံ ကိုးရာခန့်က စစ်ရှောင်စခန်းနှစ်နေရာတွင် တိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အိုများအတွက် သွေးတိုးကျဆေး၊ အားဆေး၊ အကိုက်အခဲပျောက်ဆေးများအပြင် ရာသီဥတုအပြောင်းအလဲကြောင့် နှာစေး၊ ချောင်းဆိုးအဖြစ်များသဖြင့် ကုသရန်ဆေးဝါးများ အဓိကလိုအပ်နေကြောင်း သိရသည်။ Read in Full
၁၀။ ဒီးမော့ဆိုမြို့နယ်က ကလေးငယ်များ ပညာရေးအတွက် သင်ထောက်ကူပစ္စည်းများလိုအပ်
October 25, 2024
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကလေးငယ်တွေအတွက် ပညာရေးအဆက်မပြတ်စေဖို့ ကျောင်းဆောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေသိရပါတယ်။ ဒီးမော့ဆိုမြို့ နယ် ပညာရေးဘုတ်အဖွဲ့ဟာ ကလေးငယ်တွေပညာရေးအတွက် မိဘပြည်သူတွေနဲ့ အလှူရှင်တွေရဲ့ အကူ အညီနဲ့ ဆောင်ရွက်လည်ပတ်နေတာဖြစ်ပြီး ရုံးလည်ပတ်နိုင်ဖို့ ကျောင်းဆောင်တွေ၊ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့မှု၊ ကလေးတွေအတွက် စာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ စတဲ့လိုအပ်ချက်များစွာရှိနေတာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်ပညာရေး ဘုတ်အဖွဲ့ စတင်ခဲ့တာ ၃ နှစ်ရှိသွားပြီး ဒီကာလအတွင်း အခက်အခဲတွေလည်းရှိနေသလို အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်ပေမဲ့ တိုးတက်အောင်မြင်လာမှုကတော့ ပညာသင်ကြားခွင့်ရတဲ့ ကလေးငယ်တွေ ၉၀ ရာခိုင်နှုန်းကျော် ရှိလာတယ်လို့ ဘုတ်အဖွဲ့ဝင် CDM ဆရာယောက်က ပြောပါတယ်။
“တိုးတက်အောင်မြင်မှုကတော့ ပညာသင်ကြားခွင့်ရရှိတဲ့ ကလေး ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ရာနှုန်းပြည့် မရှိရ တာကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်ဒဏ်ကြောင့် အားလုံး လုံခြုံစွာ ပညာမသင်ကြားနိုင်တဲ့ အတွက်ဖြစ်ပါ တယ်။” အချိန်မရွေး စစ်ကောင်စီတပ်ရဲ့ လေယာဉ် ဗုံးကြဲတဲ့ဒဏ်နဲ့၊ လက်နက်ကြီးဒဏ်တွေ ကြုံတွေ့ရနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှု အခက်အခဲတွေကြားကနေ ကလေးတွေ ပညာသင်ကြားမှု မရပ်တန့်အောင် တတ်နိုင်သလောက် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်စခန်းတွေရှိနေပြီး စစ်ရှောင်လာကြတဲ့ မိသားစုက ကလေးငယ်တွေကိုလည်း ခွဲခြားခြင်း မရှိဘဲပညာသင်ကြားတဲ့ အခွင့်အရေးတွေကိုဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ Read in Full
၁၁။ အင်းလေးဒေသ ရေဘေးကြုံနေရတဲ့ ကျေးရွာတွေကို စစ်မှုထမ်းကောက်
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မြင်းစခွန့်တောင်ခြေကျေးရွာအုပ်စုကို စစ်ကောင်စီက စစ်မှု ထမ်း ကောက်ခံနေတယ်လို့ ရွာခံတွေက သတင်းပေးပို့လာပါတယ်။ လက်ရှိ ရေဘေးကြုံနေရဆဲဖြစ်တဲ့ မြင်းစခွန့်တောင်ခြေ ကျေးရွာအုပ်စု၊ ကြံ့ပုံကြီးနဲ့ မြောင်းရိုးကြီးကျေးရွာမှာ စစ်မှုထမ်း တစ်ဦးစီ ခေါ်ယူသွားမှာဖြစ်ပြီး မပေးနိုင်တဲ့ ကျေးရွာက သိန်း ၆၀ နဲ့ လူစားငှားရမ်းရမယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က အစည်းအဝေးဆုံးဖြတ်ချက်အရ သိရပါတယ်။ မြောင်းရိုးကြီး ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ပြောင်းခင်းတွေ အကုန်မြုပ်တာ အဖူးလေးပဲ ပေါ်တယ်။ အဲတုန်းက တိုက်နယ်ဥက္ကဌက လာမှမကူဘဲ အခု မှ ပိုက်ဆံလာကောက်နေတာ။ တောင်ယာစိုက်ခင်းတွေက အကုန်မြုပ်နေတာ ဘယ်လိုငွေဖော်ရမလဲ”လို့ ပြောပါတယ်။ မြင်းစ ခွန့်တောင်ခြေကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က စစ်မှုထမ်းမလိုက်နိုင်တဲ့ ကျေးရွာတွေကိုတစ်အိမ် ၁၂၀,၀၀၀ ကျပ် ထည့်ဝင်ရမယ်လို့ သတ်မှတ်ထားပြီး အောက်တိုဘာလကုန်အမီ ထည့်ဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
“အင်းထဲကလို တစ်အိမ်လုံး မမြုပ်ပေမယ့် ခါးလောက်ရောက်တယ်။ အဲဒါတွေကျတော့ သူတို့ မကူဘူး။ ကျမတို့ရွာက ဘယ်အလှူရှင်မှ မရောက်တော့ ကိုယ့်ဝင်ငွေနဲ့ပဲ ဖြေရှင်းရတာ။ ရေဘေးအကြွေးတောင် မဆပ်နိုင်သေးဘူး”လို့ ကြံ့ပုံ့ကြီးကျေးရွာခံ တစ်ဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်ဟာ သန်းခေါင်စာရင်း ကောက်ခံစဉ်က ရေသန့်ဆေးပြားနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းသွားမယ်လို့ မက်လုံးပေးပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်အထိ အကောင်ထည်ဖော်နေတာမျိုးမရှိသေးဘဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ သန်းခေါင်စာရင်းကိစ္စနဲ့ လုံးပန်းနေတယ်လို့ ဆိုပါတယ်။ အင်းလေးဒေသမှာ ကျေးရွာပေါင်း ၁၇၁ ရွာအထိ ရေဘေးသင့်ခဲ့ပြီး လက်ရှိမှာ ကျေးရွာ ၃ ပုံတစ်ပုံခန့်က ရေကျသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ တွေ လိုအပ်နေသေးတယ်လို့ စုံစမ်းသိရပါတယ်။ Read in Full
၁၂။ နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေးခက်ခဲသည့် ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမှု များပြားလာ
October 24, 2024
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း များရှားပါးလာပြီး မိသားစုစားဝတ်နေရေး အင်မတန်ခက်ခဲမှုများရှိလာ၍ ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမှုများပြားနေကြောင်းသိရသည်။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် မြို့နယ်၊ ဒေသအလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အသီး သီးပေါ်ပေါက်လာပြီး ချင်းလူငယ်များသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် မိမိမြို့နယ်၊ မိမိဒေသရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တို့တွင် အသီးသီး ဝင်ရောက်ခဲ့ကြသည်။ တော်လှန်ရေးကြာလာသည်နှင့်အမျှ ချင်းပြည်နယ်တွင် စစ်ရှောင်များပိုမိုများပြာလာခြင်း၊ စစ်ကောင်စီက ဖြတ်လေးဖြတ်ကို အသုံးပြုခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ တော်လှန်ရေးနယ် မြေကျယ်ပြန့်လာပြီး တိုက်ပွဲပြင်းထန်ခြင်း၊ ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် မိသားစုစားဝတ်နေရေး အကျပ်အတည်းတို့ကြောင့် ချင်းလူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာကြောင်းဒေသခံများထံက သိရသည်။
“မိသားစုဝင် လေးဦးထဲမှာ ကျွန်တော်က သားအကြီးဆုံးပါ။ စစ်ကောင်စီကို တစ်နှစ်ကျော်တော် လှန်ခဲ့တယ်။ တော်လှန် ရေးလုပ်ချင်ပေမယ့် တစ်ဖက်မှာ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး အလွန်ခက်ခဲတဲ့အတွက် တော်လှန်ရေးဘဝကို စွန့်လွှတ်ပြီး မလေးရှားကို သွားလိုက်တာပါ။ မလေးရှား မှာလည်း အဆင်မပြေပေမယ့် မိသားစုတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့နေ သလို တော်လှန် ရေးကိုလည်း ထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်”ဟု ဟားခါးမြို့မှ မလေးရှားရောက် အမျိုးသားတစ်ဦးက ပြော သည်။ ပြည်ပနိုင်ငံသို့ ထွက်ခွာသော ချင်းလူငယ်အများစုသည် မိသားစုစားဝတ်နေရေးအဆင်မပြေမှုကြောင့် ချင်းကာကွယ်ရေး တပ်ဖွဲ့မှ အနားယူ၍ ပြည်ပနိုင်ငံသို့ ထွက်ခွာသူများပြားပြီး မိဘများ၏ ဖိအားပေးမှုကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာသူများလည်း ရှိကြောင်းသိရသည်။ “နိုင်ငံခြားမှာ သား/သမီး ဒါမှမဟုတ် ဆွေမျိုးရှိတဲ့သူတွေပဲ အဆင်ပြေကြတယ်လို့ပြောလို့ရတယ်။ နိုင်ငံခြား ကနေ လတိုင်းလိုလိုငွေပို့ပေးကြတယ်ဆိုတော့ စားနိုင်တယ်၊သောက်နိုင်ကြတယ်။ ဒါကြောင့် မိဘတိုင်းလိုလိုက သား/သမီး တွေ နဲ့မခွဲခွာချင်ပေမယ့် ငွေပို့နိုင်သည်ဖြစ်စေ၊ မပို့နိုင်သည်ဖြစ်စေ၊ နိုင်ငံခြားသွားဖို့ပဲတွန်းအားပေးကြတယ်”ဟု မတူပီမြို့၊ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ Read in Full
၁၃။ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းတပ်ဖွဲ့မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး KIA ထံ အလင်းဝင်
October 24, 2024
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးသည် လက်နက်အလက် ၃၀ ယူ ဆောင်ပြီး ကချင် လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင် အပ်နှံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုသည်။ အောက်တိုဘာ ၂၃ ရက်တွင် ပန်ဝါနှင့် ကန်ပိုက်တီကြားရှိ တမူခုန်းကျေးရွာမှ ပြည်သူ့စစ်အချို့က KIA ထံ အလင်းဝင်ခဲ့သည့် ဖြစ် စဉ်မှန်ကန်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကအတည်ပြုသည်။ “လက်နက် ၃၀ လာအပ်တာပါ။ ပြည်သူ့စစ် အကြီး ပိုင်းရယ်။ ရွာလူကြီးရယ် ၅ယောက်ပဲလာပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အခြားသတင်းရင်းမြစ် တစ်ဦးကလည်း ယခု လက်နက်နှင့်အတူ ပူးပေါင်းလားသည့် ပြည်သူ့စစ်ခေါင်းဆောင်သည် ကချင်မျိုးနွယ်စုဝင် ရဝမ်လူမျိုး တစ်ဦးဖြစ်ကြောင်း ပြောပြသည်။ “ဒီ KIA တွေက သူတို့နဲ့ မတိုက်ချင်လို့ သူ့အိမ်မှာ သူ့ကို သွားရှာတယ်။ KIA နဲ့ ပူးပေါင်းဖို့ရန် အတွက်ပေါ့။ ကျနော်တို့ အချင်း ချင်းတွေ မတိုက်ခိုက်ကြရန်အတွက် သူ့ကို သွားခေါ်တယ်ပေါ့နော်။သူက လားဖမ်းတယ်လို့ထင်တယ်။ အဲဒါ သူက ကြောက်လို့ ပန်ဝါဘက်ထွက်ပြေးသွားတယ်။ ကျနော်တို့ KIA တွေပဲ ပန်ဝါကို ပြန်သိမ်းလိုက်တဲ့အချိန် သူက ရွာကို ပြန်ပြီးမှ သူ့နေရာကို ပြန်ပြီးမှ အရင်တုန်းက သူ့ရဲ့ လက်အောက်ခံတွေဆီမှာ အပ်ထားတဲ့ သေနတ်တွေ အကုန်လုံးယူပြီးမှ KIA ကို အပ်လိုက်တယ်တဲ့။သူ့တို့ရဲ့ ခေါင်းဆောင်က အလယ်ထဲက လွယ်အိတ်လွယ်ထားတဲ့ အင်္ကျီအမဲနဲ့ အဲဒီတစ်ယောက်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိ သောလည်း ပန်ဝါ တိုက်ပွဲတွင် ပြည်သူ့စစ်များ ပူးပေါင်းလာမှုများ ရှိသည်ဟု အတည်ပြုသည်။ “လောလော ဆယ် အဲဒီဘက်မှာ က ပူးပေါင်းတာချည်းပါပဲ”ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောပြသည်။ KIA သည် စက်တင်ဘာလကုန်ပိုင်း၌ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)နယ်မြေမှ ချီဖွေမြို့၊ အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့တို့ကိအချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက် ပန်ဝါ၊ ကန်ပိုက်တီဒေသရှိ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ ရာ အောက်တိုဘာ ၁၈ရက် ညပိုင်း၌ ပန်ဝါမြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်းနှင့် ပန်ဝါရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်များအပါအဝင် တပ်စခန်းကြီးငယ်များစွာကို အချိန်တိုအတွင်း သိမ်းပိုက်ရရှိထားသည်။
၁၄။ ဒေသတွင်းမငြိမ်မသက်မှုကြောင့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ရွာပြင်ထွက်ခွင့်ပိတ်ပင်ထား
October 24, 2024
ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး နန်းတောင်းရွာနှင့် သစ်ပင် ကောက်ရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကဒေသခံများကို ရွာပြင်ထွက်ခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဒေသခံ ပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်နှင့်ညောင်ရွှေမြို့နယ် အစပ်တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ရွာပြင်ထွက်ခွင့် လုံးဝပိတ်ထားပြီး ရွာပြင်ထွက်တာ တွေ့ရှိပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။“တိုက်ပွဲကရွာတောင်ဘက် မိုးဦး၊ နမ့်ဖာမူဘက်မှာပဲဖြစ်တာ ဆို တော့လေ ဒီဘက်မှာက စစ်ကောင်စီရော PNO တွေရောနေရာလာချထားတယ် ရွာသူရွာသားတွေကိုလည်း ဘယ်မှပေးမသွားဘူး ရွာပြင်တောင်ထွက်လို့မရတော့ဘူး အင်းထဲလည်းဆင်းလို့မရဘူး လှေမြင်ရင်ပစ်မယ်ပြောတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုလိုဒေသခံများအား ရွာပြင်ပေးမထွက်တာ တပတ်လောက်ရှိပြီဖြစ်ပြီး ကျောင်းသူ/သားများပို့သည့်စက်လှေတစ်စင်း သာ အင်းထဲသို့အလံဖြူထောင်ကာ သွားလာခွင့်ရှိကြောင်း ၎င်းကပြောသည်။“ဒီမှာကကျောင်းသားပို့တဲ့ စက်လှေ တစ်စီးပဲသွား လို့ရတယ်၊ ဘုရားတောင်က ဦးဇင်းပြောပေးထားလို့ရတာ၊ စက်လှေမှာတော့ အလံဖြူထောင်ထားရတာပေါ့၊ ပြီးတော့ တစ်ခြား မြောက်ဘက်ကရွာတွေဆိုလည်း ထွက်လို့ရတယ် ဒီမှာပဲမရတာ”ဟု ၎င်းကဆက်ပြောသည်။ ဒေသခံများအား ရွာပြင်ထွက်ခွင့် လုံးဝပိတ်ပင်လိုက်သည့်အတွက် တစ်နေ့လုပ်တစ်နေ့စားသမားများနှင့် တံငါသည်သမားများက စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်စေကြောင်း ဒေသခံများကပြောဆိုကြသည်။ Read in Full
၁၅။ ဖားကန့်ရှိ ရှမ်းနီတပ်စခန်းတစ်ခုကို KIA သိမ်းပိုက်
October 25, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ ရှမ်းနီတပ်ဖွဲ့(SNA)၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ဖားကန့် တာမခံ ဆယ်ဇင်းနားက ပန်ဆေးဆိုတဲ့ SNA ပေါ့ ရှမ်းနီတပ်ဖွဲ့တွေကို ဒီမနက် ၅နာရီလောက်မှာ အပြီးသတ်သိမ်းယူလိုက်တယ်။ အဲဒီတပ် ကို”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ယခင်ကလည်း KIA နှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
ဆယ်ဇင်းဒေသရှိ SNA တပ်စခန်း သိမ်းပိုက်နိုင်မှုနှင့် လက်နက်ခဲယမ်း ၊ စစ်သုံ့ပန်းရရှိမှု ရှိ၊မရှိ အခြေအနေများ ဆက် လက်စုံစမ်းဆဲဖြစ်သည်။ ယခင်ကလည်း ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းတပ်ပူးပေါင်းတပ်များ၏ စခန်းအချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားပြီး မြို့ ဧရိယာ၏ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ် ထားသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားသည်။ Read in Full
၁၆။ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူနှင့်ရိက္ခာများ စစ်ကောင်စီမပို့နိုင်ရန် တော်လှန်ရေးအင်အားစုများ ပိတ်ဆို့
October 24, 2024
အနန်းကွင်းဗျူဟာ စခန်းကို စစ်ကောင်စီက စစ်ကူနှင့် ရိက္ခာများမပို့နိုင်စေရန် တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေကြောင်း တောင်လှန်ရေးတပ်များ၏ မြေပြင်တပ်မှူးများက ပြောသည်။ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတခုဖြစ်သည့် ဘုရားသုံးဆူ- သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်ဗျူဟာစခန်းကို ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ လွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်နေကြခြင်းဖြစ်သည်။“မိမိတို့စစ်ရေးအတွေ့အကြုံအရသုံးသပ်ရရင် အနမ်းကွင်းဗျူဟာကျဖို့သိပ် မကြာတော့ပါဘူး။ စစ်ကူတွေမပို့နိုင်လို့ စစ်သည်အင်အား ရိက္ခာ၊ စစ်လက်နက်၊ ခဲယမ်းမီးကျောက်တွေလည်း အလုံအလောက် မရှိတော့ဘူး။ ထိခိုက်ထားတဲ့လူနာတွေအတွက်လည်း ကုသမှု အလုံအလောက် မရရှိဘူး။ မြေပြင်ကနေ အတည်မပြုနိုင်သေးတဲ့ သတင်းအရ စိတ်ဓါတ်ကျပြီး အစုအပြုံနဲ့လက်နက်ချတဲ့ စစ်သည်တွေလည်း ရှိနေတဲ့အတွက် သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး”ဟု မွန်ပြည်ကာ ကွယ်ရေးတပ်(MSDF) ဥက္ကဋ္ဌ Dr. သီရိမွန်ချမ်းက ပြောသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတ ခ) လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာရှိ အနန်းကွင်းအခြေချ စစ်ဗျူဟာစခန်းမကျရေး စစ်ကောင်စီကလေကြောင်း မှ အဓိက ခုခံနေရပြီးတိုက်ပွဲသည်လည်းအောက်တိုဘာလ ဒုတိယပတ်အတွင်းမှစကာ ပြန်လည်ပြင်းထန်ကြောင်း သိရသည်။
ဒဏ်ရာရထားသည့် စစ်ကောင်စီတပ်သား အများအပြားရှိနေပြီး လက်နက်ချအလင်းဝင်လာသူများလည်းရှိကြောင်း တော်လှန်ရေးတပ် မြေပြင်တပ်မှူးကဆိုသည်။ “အလုံးအရင်းနဲ့ဝင်တာမဟုတ်ဘူးခင်ဗျ။ နည်းနည်း နည်းနည်းချင်းဝင်တာ။ လက် နက်ခဲယမ်းအချို့လည်း ရထားတယ်။ ဆယ်ဂဏန်းလောက်တော့ရှိတယ်ဗျ”ဟု ၎င်းကပြောသည်။ လက်ရှိတွင် စစ်ကောင်စီ၏ စမုဒုံမြို့နယ် အခြေစိုက်အမြှောက်တပ် အမတ (၃၁၈)၊ သံဖြူဇရပ်မြို့နယ်အခြေစိုက် အမတ (၃၁၅)၊ ရေးမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၈၃)၊ ခမရ (၅၈၇)စသည့် တပ်ရင်းများနှင့် အနီးအနားရှိ တပ်စခန်းငယ်များမှ လက်နက်ကြီး၊ အမြှောက်များပစ်ကူပေးနေမှုများ ရှိသည်။ ထိုစခန်းသိမ်းတိုက်ပွဲနှင့် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ ကြောင့် ဒေသခံ ထိခိုက်၊ သေဆုံးမှုများလည်း ရှိသည်။ လက်ရှိတွင် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်အပါအဝင် ရွာပေါင်း ၁၀ ရွာ ခန့်က ဒေသခံများ ဘေးလွတ်ရာတိမ်း ရှောင်နေကြရသည်။ Read in Full
၁၇။ ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ
October 24, 2024
ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သား တွေ ဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီ ကနေသိရပါတယ်။ ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာအမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက် ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါ တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက် ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။ ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်း အတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်းအားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့ ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်း ခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော် ဆိုးသွားနိုင်ပါတယ်”လို့ ပြောပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်း တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ် ယာဉ်နဲ့ပို့ထားတဲ့ စစ်သားစုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ Read in Full
၁၈။ ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ
October 24, 2024
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက် စားသောက်နေရသည်ဟု စုံစမ်းသိရသည်။ လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူ ဆောင်လာသည့် ဆန် နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြော သည်။“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ ၃ လလောက်ရှိနေပြီ တိုက်ကြတာ။ ရွာတွေထဲထိ ဝင်လာတော့ အိမ်မှာရှိတဲ့ ဆန်တွေ နိုင်သလောက်ပဲ သယ်လာတာ။ တောထဲရောက်တော့ စားသောက်ဖို့က မလောက်ဘူး၊ အဲ့တဝိုက်ကရှိတဲ့ ပြောင်းဖူးတွေယူပြီး ရောချက်စားရတာ။ ထမင်းနပ် မှန်အောင်လည်း မစားရဲဘူး၊ နောက်ရက်တွေအတွက် မကျန်မှာဆိုးလို့ ကလေးတွေလည်းရှိ တယ်” ဟု ၎င်းစစ်ရှောင် အမျိုးသမီးက ပြောသည်။
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ-ပင်လောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်း စသည့် ကျေးရွာ အသီးသီးတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူစစ် PNO တို့ ပူးပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့ နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေ ခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးကင်းလုံခြုံသည့်နေရာ တောထဲတွင်သာ ခိုအောင်းနေထိုင်နေရပြီး စားဝတ်နေ ရေးအတွက် တစ်နေ့ထက် တစ်နေ့ ပိုပိုခက်ခဲလာသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။“လွိုင်ကော်နဲ့ ဖယ်ခုံဘက် ပင်လောင်းဘက်လည်း ရေဘေးကော စစ်ဘေးကော ရှောင်နေရတယ်။ တောထဲမှာ နေရတော့ ဘာအလုပ်မှလည်းမရှိ၊ မြို့ထဲလည်း သွားလို့မရဘူး။ နေတဲ့တဝိုက်နားက အကုန်တိုက်ပွဲတွေဖြစ်နေကြတာ။ စားသောက်ဖို့ကလည်း စိတ်ပူနေရတယ်”ဟု ၎င်း အမျိုးသားက ပြောသည်။ Read in Full
၁၉။ Kpay အသုံးပြု၍ မရသဖြင့် ရခိုင်စစ်ရှောင်များကို အကူညီပေးရန် ခက်ခဲနေ
October 24, 2024
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝနီးပါးပြတ်တောက်နေသဖြင့် စစ်ဘေး ရှောင်များကို အကူအညီပေးရန် အခက်အခဲဖြစ်ပေါ်နေရကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုကြ သည်။ လက်ရှိတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ အသုံးပြုနေသည့် Kpay အကောင့်များမှာ Log Out ကျပြီး အသုံးပြု၍ မရ ဖြစ်နေသဖြင့် အလှူရှင်များမှ လှူဒါန်းသည့်ငွေများကို ငွေလွှဲပြောင်းပြီး ထောက်ပံ့ပေးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။ “ ဖုန်းလိုင်းပြတ်သွားတော့ Kpay အကောင့်ကို ပြန်ဝင်လို့ မရတော့ဘူး။ အကောင့်ထဲမှာ အလုပ်အတွက်ရော စစ်ဘေးရှောင်တွေ အတွက် လှူထားတဲ့ ငွေတွေရော သိန်းရာနဲ့ချီရှိ နေတယ်။ Kpay ဝင်မရတော့ အခက်ကြုံနေရတာ”ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အမျိုးသမီးက ပြော သည်။ ရခိုင်တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် လူမှုကူညီရေးလုပ်ဆောင်နေသူများမှာ Kpay ကို အဓိကအသုံးပြု၍ အလှူရှင်များ၏ ကူညီထောက်ပံ့ငွေများကို လက်ခံကာ စစ်ဘေးရှောင်များကို ပြန်လည်ထောက်ပံ့ပေးနေကြခြင်းဖြစ်သည်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ရခိုင်ကမြို့နယ်အားလုံးကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီးနောက် မြို့နယ်များကို အာရက္ခတပ်တော် (AA) ထိန်းချုပ်လာချိန် နေရာအချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း နေရာကွက်ကျားရရှိခဲ့သည်။
သို့သော်လည်း ယင်းနေရာများတွင် အောက်တိုဘာ ဒုတိယပတ်အတွင်း ၄ ရက်ခန့်ကြာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အားလုံး ပြတ်တောက်သွား၍ Kpay အကောင့်ကို အသုံးပြုကာ အလုပ်လုပ်နေသူများမှာ အခက်အခဲကြုံနေရခြင်းဖြစ်သည်။“တိုက်ပွဲကြောင့် ရှောင်နေရတဲ့ ဆရာတော်တစ်ပါးကို လှူဖို့အတွက် နိုင်ငံခြားက အလှူရှင်က ကျမ အကောင့်ကို လွှဲထားတာ။ အဲဒါ လေးရက်လောက် ဖုန်းလိုင်းပြတ်သွားတာနဲ့ အကောင့်လော့ကျပြီး ဘယ်လိုမှ ပြန်ဝင်မရတော့ဘူး။ ကိုယ့်ပိုက်ဆံကို စိုက်ပြီး ပေးထားရတယ်” ဟု ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ ရခိုင်တွင် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ အစောပိုင်းက Kpay အကောင့် ပြန်ဝင်မရသူများမှာ ရန်ကုန်မြို့ရှိ မိတ်ဆွေများကို အကူအညီတောင်းပြီး သက်ဆိုင် ရာ ဆက်သွယ်ရေးရုံးများတွင် ဆင်းကဒ်ပျောက်တိုင်ကြားကာ ကဒ်အသစ်လုပ်၍ ရန်ကုန်မှ တစ်ဆင့် အကောင့်ကို ပြန်ဝင်နိုင်ခဲ့ ကြသည်။ “ အလှူငွေတွေကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ပေးနေတာ မဟုတ်ဘဲ အွန်လိုင်းပေါ်ကပဲလွှဲပေးနေကြတာ။ အခုလို အကောင့်တွေ လော့ကျသွားတော့ အလှူရှင်ကရော ဘယ်လို ယုံကြည် တော့မှာလဲ” ဟု ကျောက်ဖြူမြို့ နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။ Read in Full
၂၀။ ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန်၊ မြို့စွန့်ခွာပါက နေအိမ်ဖောက်ထွင်း လုယက်ခံရမည်ဟု စစ်ကောင်စီ ဝါဒဖြန့်
October 24, 2024
နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့အနီး စစ်ကောင်စီ စစ်ကြောင်းများ ဖြန့်ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေစဥ်ပြည်သူများ မြို့ကိုစွန့်ခွာထွက်ပြေးပါက ကျန်ရှိ နေအိမ်များ ဖောက်ထွင်း လုယက်ခံရမည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း မြို့ခံများကပြောသည်။ ပြီးခဲ့သည့် အောက်တို ဘာလ ၁၉ ရက်နေ့မှ စတင် ကာ ပြင်ဦးလွင်အနီး ဂန့်ဂေါ်ရွာတိုက်ပွဲများ စတင်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများပြင်းထန်နေပြီး ပြင်ဦးလွင်အနီးမှ စစ်ကောင်စီ လက်နက်ကြီး ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ “ဝက်ဝံနဲ့ ဘန့်ဘွေးဘက်က လက်နက်ကြီး ပစ်ကူပေး နေတယ်။ ပြင်ဦးလွင်အထိ တိုက်ပွဲဖြစ်နိုင်သလားဆိုတော့ စစ်ကောင်စီပေါ်မူတည်တာပေါ့။ ပြည်သူတွေ အနေနဲ့ကတော့ စစ်ရေး သတိရှိကြပါလို့ပဲ ပြောလို့ရမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်းအများစု နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီဟု သတင်း ကြားရကြောင်း ပြည်သူများ မြို့ကိုစွန့်ခွာပါက ကျန်ရှိသည့် နေအိမ်နှင့် ဟော်တယ်များ၊ ဆိုင်များ ဖောက်ထွင်းလုယက် ခံရနိုင် သဖြင့် မြို့ကို စွန့်ခွာမှု မပြုသင့်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်နေသည်ဟု မြို့ခံ တစ်ဦးက ဆိုသည်။ “တရား ဝင် ပြောတာတော့ မဟုတ်ဘူးပေါ့။ မြို့ထဲမှာနေတဲ့ တပ်မိသားစုတွေကနေ သတင်းဖြန့်နေတာပေါ့။ အခုအခြေအနေက ဘန့်ဘွေးဘက်နဲ့ တောင်ခမ်း ဘက် အခြေအနေ မကောင်းရင် တိုက်ပွဲက မြို့နားရောက်လာမှာပဲလေ။ ထွက်ပြေးရင်လည်း သူတို့ (စစ်ကောင်စီတပ်) လုယက် ကြမှာ” ဟု ၎င်းကရှင်းပြသည်။ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ဂန့်ဂေါကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး အုမ္မသီး လမ်းခွဲအထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရကြောင်း ၎င်းကဆက်ပြောသည်။ လက်တလော နောင်ချိုမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး နေစဥ်လူနေရပ်ကွက်နှင့်ကျေးရွာများ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံနေရသ ဖြင့် အရပ်သားသေဆုံးမှုများ ရှိနေကြောင်း TNLA က ထုတ်ပြန်ထားသည်။ Read in Full
၂၁။ သထုံထောင်က အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားဆောင်းစုဖို့ စစ်ကောင်စီ စီစဉ်
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်း စစ်သားစုဆောင်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၂ ရက်နေ့က သထုံထောင်ထဲရောက်ရှိလာပြီး အကျဉ်း သားတွေရဲ့ တစ်ဦးချင်းကိုယ်ရေးအချက်အလက်တွေကို လာရောက်ကောက်ယူနေတာပါ။ အဲဒီစာရင်းကောက်ယူရာမှာ အကျဉ်သားတွေရဲ့ အမည်၊ အသက်၊ အိမ်ထောင်ရှိ/မရှိ၊ ပညာအရည်အချင်း၊ ကျန်းမာ ရေးကောင်း/မကောင်းအပါအဝင် ပြစ်ဒဏ်ကျခံနေ ရတဲ့ ပြစ်မှုအမျိုးအစားနဲ့ ထောင်ဒဏ်နှစ်တွေကိုပါ ကောက်ယူသွားပါတယ်။ စစ်ကောင်စီဘက်က အကျဉ်းသား တွေရဲ့ကိုယ်ရေး အချက်အလက် အသေးစိတ်လာရောက်ကောက်ယူ သွားတဲ့အတွက် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေဟာ စစ်မှုထမ်းဖို့ခေါ် ဆောင်ခံရမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက် နေတယ်လို့ သိရပါတယ်။
ထောင်နဲ့နီးစပ်သူတွေအရ ပြောပြချက်အရ သထုံခရိုင်အနေနဲ့ လာမယ့်စစ်မှုထမ်းအပတ်စဉ် ၇ အ တွက် စစ်မှုထမ်းပေး ဆောင်ရဖို့ ရှိနေတဲ့အတွက် အသက်အရွယ်ပြည့်မီနေတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်းခေါ်ဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။ အကျဉ်းသား ၇၀၀ ကျော်ရှိနေတဲ့ သထုံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၂၅ ဦး ရှိနေပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်း သား တွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ သထုံခရိုင်မှာ စစ်မှုထမ်းခေါ်မရတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း စစ်မှုထမ်းဖမ်းဆီးဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးမှုနဲ့ ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအပတ် စဉ် ၁ ကနေ အပတ် ၅ အထိ စစ်သား စုဆောင်းခံရသူ ၂၁၀၀၀ ထက်မနည်းရှိခဲ့ပါတယ်။ Read in Full
၂၂။ အခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ် ၂၀ ဦး သေဆုံး
October 24, 2024
နိုင်ငံတဝန်းမှာ အခုလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံက သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက် နက်ကြီးပစ်ခတ်မှုအပါအဝင် သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ သေဆုံးခဲ့ရတာပါ။ အဲဒီထဲမှာ လေကြောင်းတိုက်ခိုက် မှုကြောင့် ကလေးငယ်စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်တာကြောင့် ကလေးငယ် ၄ ဦးသေဆုံးခဲ့သလို ကျန်တဲ့ ၃ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဗန္ဓုလရပ်ကွက်ရှိကုန်စုံဆိုင် တစ်ဆိုင် ကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆိုင်ပိုင်ရှင် ဦးဖိုးကြား၊ ဇနီးဒေါ်မာသင်းအပြင် သားသမီးတွေဖြစ်တဲ့ မခင်မိုးသဲဦး၊ မောင်ရွှေဖြိုးအောင်၊ တူမတွေဖြစ်တဲ့ မထက်ထက်အောင်နဲ့ မမေပျိုပျိုတို့အား ဦးခေါင်းကို သေနတ်နဲ့ပစ် ခတ်သတ်ဖြတ်ခဲ့တယ် လို့ AAPP က ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလ တတိယအပတ်အထိ စစ်ကောင်စီလက်ချက်ကြောင့် စစ်ကိုင်းတိုင်းမှာ ကလေး ၆ ဦးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ပြီး သေဆုံးသူတွေကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော် ပြထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့အထိ စစ်အာဏာ သိမ်းမှုဖြစ်စဉ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေးတွေရဲ့ လက်ချက် ကြောင့် ပြည်သူစုစုပေါင်း ၅,၈၇၉ ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၃။ ဟောင်းနွမ်းငွေစက္ကူများကို အသုံးမပြုလျှင် အရေးယူသွားမည်ဟု AA က ဒေသန္တရအမိန့်ထုတ်
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ဟောင်းနွမ်း ငွေစက္ကူများ (ဟောင်းနွမ်း၊ စုပ်ပြဲငွေစက္ကူ)များကို အသုံးပြုကြရန် AA က ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ထပ်မံအသိပေးထား ကြောင်း ဒေသခံများကပြောသည်။ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ သံတွဲ စသည့် AA ထိန်း ချုပ်နယ်မြေများတွင် ငွေစက္ကူအကောင်းများအပြင် ဟောင်းနွမ်းငွေစက္ကူများကိုပါ မဖြစ်မနေအသုံးပြုကြရန် အသိပေးထားခြင်းဖြစ်သည်။ ထိုသို့ ဟောင်းနွမ်းငွေစက္ကူများကို လက်မခံခြင်း၊ ရောင် းဝယ်၍မရရှိပါက ဒေသန္တရဥပဒေအရအရေးယူသွားမည်ဟုဆို သည်။“ပိုက်ဆံက အသစ်ဝင်တာမရှိဘဲ အဟောင်းပဲထပ်တလဲလဲအသုံးများနေတော့ အားလုံးက ဟောင်းနွမ်းလာတာပေါ့နော်။ ဒါကို အကုန်လုံးကလည်း နားလည်ဖို့လို အပ်တယ်” ဟု မြေပုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ရေးပဋိပက္ခကြောင့် ရခိုင် တွင် လမ်းခရီးပိတ်ဆို့ခြင်း၊ ဘဏ်လုပ်ငန်းများ မလည်ပတ်နိုင်သည့်အတွက် ငွေစက္ကူအသစ်များ ဝင်ရောက်ခြင်းမရှိဘဲ ငွေစက္ကူ အဟောင်းများကို အသုံးပြုကာ ရောင်းဝယ်လျက်ရှိကြသည်။ သို့ရာတွင် ငွေစက္ကူအဟောင်းများမှာ ပိုမိုဟောင်းနွမ်း လာခြင်း ကြောင့် ရောင်းဝယ်ဖောက်ကားရာ၌ ဟောင်းနွမ်းငွေစက္ကူများကို အသုံးပြု၍မရဘဲ ဖြစ်လာနေသည်။
အဆိုပါ ငွေစက္ကူအဟောင်းများကိုအသုံးပြုကြရန် AA မှပြီးခဲ့သည့်ဇူလိုင်လတွင် အသိပေးထားခဲ့သော်လည်း နောက် ပိုင်းတွင် ဟောင်းနွမ်းငွေစက္ကူများပြန်လည်အသုံးမပြုဘဲဖြစ်လာသဖြင့် ယခုအခါဒေသန္တရအမိန့်ထုတ်ပြန်လာခြင်းဖြစ် သည်။ ဟောင်း နွမ်းငွေစက္ကူများကို အသုံးမပြုခြင်းမှာ ဒေသခံများအတွက်များစွာထိခိုက်မှုရှိစေသည်ဟု မြောက်ဦးမြို့ခံ ဒေါ်ဟေမွန်လှိုင်ကပြော သည်။“ကျမမှာတောင် သုံးလို့မရတဲ့ပိုက်ဆံ သိန်းနဲ့ချီပြီး သိမ်းထားလို့ရှိပါတယ်”ဟု၎င်းကဆိုသည်။ တစ်ဖက်မှာလည်း အသုံးပြု ၍မရသည့် ဟောင်းနွမ်းငွေစက္ကူများကို လျော့ဈေးဖြင့် လိုက်လံဝယ်ယူနေသည့် ဈေးကွက်တခုလည်း ပေါ်ပေါက်လာခဲ့သည်။ အမျိုးသမီးတစ်ဦးက “ညမတို့ ရွာဘက်မှာဆိုရင် တစ်သောင်းတန်ကို ခုနှစ်ထောင့်ငါးရာနဲ့ လိုက်ဝယ်ကြတာရှိတယ်။ စီးပွားရှာကြ တာပေါ့နော်။ ဒါတွေကိုလည်း အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။ Read in Full
၂၄။ မိုးကုတ်မှ အကြီးစားကျောက်တွင်းများတူးခွင့်ပိတ်ထားပြီး တပိုင်တနိုင်တွင်းများသာခွင့်ပြုဟု TNLA ပြော
October 24, 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အကြီးစားကျောက်မျက်တူးဖော်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ဒေသခံများစားဝတ်နေရေး ပြေလည်စေရန်အတွက် တနိုင်တပိုင် ကျောက်လုပ်ကွက်များကိုသာ လုပ်ကိုင်ခွင့်ပြုထားသည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က ပြောသည်။ ကျောက်လုပ်ကွက်အသစ်များသတ်မှတ်ပေးထားခြင်းမရှိဘဲ ယခင် ရှိပြီးသားလုပ် ကွက်များတွင် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ တနိုင်တပိုင်တူးဖော်ခွင့်ပြုထားခြင်းဟု PSLF/TNLA ပြန်ကြားရေးတာဝန် ခံ လွေးယေဦး ကပြောသည်။“တခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေရော ကျောက်မျက်ရတနာတူးဖော်မှု အကြီးစားတွေကို တော့ ကျမတို့ပိတ်ပင်ထားဆဲဖြစ်ပါတယ်”ဟု လွေးယေဦးကပြောသည်။ တနိုင်တပိုင်လုပ်ကွက်များခွင့်ပြုထားသော်လည်း အခွန် နှုန်းထားသတ်မှတ်ကောက်ခံခြင်းမရှိဘဲ တူးဖော်သူများကအဆင်ပြေသည့်နှုန်းထားများဖြင့်သာ ပေးဆောင်ခွင့်ပြုထားသည်ဟု လွေးယေဦးက ပြောသည်။ သို့သော်ဒေသခံအချို့ကမူ လက်ရှိတွင် တွင်းလုပ်သားလိုင်စင်အနေဖြင့် တဦးလျှင် ကျပ် ၃,၆၀၀၀၊ တွင်းခွန်အနေဖြင့် တွင်းအမျိုးအစားအလိုက် မြေတွင်း(ဒေသအခေါ် လေးပင်တွင်း)ကို တနှစ်စာကျပ် ၂၅၀,၀၀၀၊ ဂဲတွင်းကို တနှစ်စာ ကျပ် ၅၀၀,၀၀၀ ကို TNLA ထံပေးဆောင်ရကြောင်း ပြောသည်။
“လေးပင်ကတော့ အရင်းအနှီး နည်းတာပေါ့။ သူက လူငါးယောက်နဲ့လုပ်လို့ရတယ်။ ဂဲတွင်းကတော့ မိုင်းတွေခွဲရတယ်၊ စက်ပစ္စည်းတွေလဲပို သုံးရတယ်။ ကျောက်ကလည်း ပိုအရည်အသွေးကောင်းတယ်။ ကျောက်ထွက်ကောင်းတဲ့လုပ်ကွက်မျိုးဆို ပိုကောက်မှာ။ ဒါပေမယ့် စစ်ကောင်စီလက်ထက်ကထက် အများကြီး သက်သာတယ်” ဟု ဒေသခံတဦးက ပြောသည်။ စစ်ကောင်စီလက်ထက်တွင် ကျောက်တူးဖော်သူတဦးထံမှ တလလျှင် ကျပ် ၁၅၀,၀၀၀ တောင်းခဲ့ပြီး နောက်ပိုင်းတွင် တလလျှင် ၃၀၀,၀၀၀ ထိပေးဆောင်ခဲ့ရကြောင်းဒေသခံများက ပြောသည်။ လက်ရှိတွင် ဒေသခံ ကျောက်လုပ်ငန်းရှင်များနှင့် ကျောက်တူး နေသူများက မိုးကုတ်ရှိ အကြီးစားကျောက်မျက်လုပ်ကွက်များကို TNLA အနေဖြင့် မည်သည့်ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေး မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရားမျှတစွာ စီမံခန့်ခွဲရန်လည်း ၎င်းတို့ကတောင်းဆိုသည်။“ပြဿနာက TNLA က ပွင့်လင်းမြင်သာမှုမရှိဘူး။ လုပ်ကွက်ကြီးတွေကတော့ ဘယ်သူတွေရတယ်ဆိုတာသေချာမသိသေးဘူး”ဟု မိုးကုတ် ဒေသခံတဦးက ပြောသည်။ Read in Full
၂၅။ KNLA ဒုစစ်ဦးစီးချုပ်၏ တပ်မဟာ(၄)ခရီးစဉ်အတွင်း KTLA တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့
October 24, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ သည် ယခုလ ၁၈ ရက်နေ့မှစ၍ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄)/ဘိတ်-ထားဝယ်ခရိုင်သို့ သွားရောက်သည့် ခရီးစဉ် အတွင်း ကော်သူးလေအာမီ-KTLA တပ်ရင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း တပ်မဟာ (၄) တာဝန်ရှိသူများက ပြောသည်။ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် ယခုလ ၁၈ ရက်မှစ၍ ၂၁ ရက်နေ့အထိ ကေအဲန်ယူ၊ ဘိတ်-ထားဝယ် ခရိုင်/ တပ်မဟာ(၄) နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် နှင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ များနှင့် တွေ့ဆုံခဲ့ သလို ကေအဲန်ယူမှ ခွဲထွက်ထားသည့် KTLA ၏ ထီဆဲ့မေ့ယွာတပ်ရင်းတာ ဝန်ရှိသူနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဘိတ်-ထားဝယ် ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက အတည်ပြုပြောသည်။ “ဒုစစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်က မြို့နယ် တပ်ရင်း၊တပ်ဖွဲ့ ခေါင်း ဆောင်တွေနဲ့ ပြည်သူလူထုတွေကို သွားတွေ့ ဆုံစကား ပြောတာပါပဲ။ တစ်ချိန်တည်းမှာပဲ KTLA လို့ သိထားတဲ့ ထီးဆဲ့မေ့ယွာ တပ်ရင်းနဲ့ပါတွေ့လိုက်တယ်။ ဒါပေမဲ့ ထီးဆဲ့မေ့ယွာတပ်ရင်းကတော့ ကျနော်တို့ မြို့နယ် တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လက်တွဲ လုပ်ဆောင်နေတဲ့ တပ်ရင်းပါ။” ဟု ပြောသည်။
အဆိုပါ KTLA တပ်ရင်းသည် ယခင် ကေအဲန်ယူ တပ်မဟာ(၄) ၏ တပ်ရင်းဟောင်းသာဖြစ်ပြီး အမြင်မတူမှုကြောင့် KTLA အနေဖြင့် ခွဲထွက်သွားသော်လည်း လက်တွဲလုပ်ဆောင်မှုများရှိနေကြောင်း၊ ဒုစစ်ဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ပဒိုစောအယ်နာက ဆက်ပြောသည်။ ကေအဲန်ယူ၏ တနင်္သာရီ မြို့နယ်၊ KNLA တပ်ရင်း(၁၃) နယ်မြေတွင် အဓိက လှုပ်ရှားနေသည့် ထို KTLA တပ်ရင်းနှင့် KNLA ဒုစစ်ဦးစီးချုပ်တို့ တွေ့ဆုံမှု အတွင်း အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကေအဲန်ယူ၊ တပ်မဟာ(၄) နယ်မြေရှိ ယခင်ကရင်အမျိုး သားကာကွယ် ရေးအဖွဲ့-KNDO တပ်ရင်းတပ်ဖွဲ့အချို့သည် ကေအဲန်ယူကအဖွဲ့မှထုတ်ပယ်ခြင်းခံရသော စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ စောနယ်ဒါးမြ ပြန်လည်ဖွဲ့စည်းလိုက်သည့် KTLA တပ်ဖွဲ့ အနေဖြင့် အသွင်ပြောင်းရပ်တည်သွားခဲ့ကြသည်။ ထို KTLA အဖွဲ့အချို့သည် စစ်ကောင်စီအပြင် မိခင်အဖွဲ့အစည်း ကေအဲန်ယူကိုပါ ရံဖန်ရံခါပြန်လည်တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။ ကေအဲန်ယူ တပ်မဟာ (၄) အနေဖြင့် ရန်သူ စစ်ကောင်စီနှင့် ပူးပေါင်းကာ ၎င်းတို့ကို တိုက်ခိုက်နေကြောင်း KTLA တပ်ဖွဲ့ဝင်အချို့က ပြောဆိုကာ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုများရှိ လာသလို သက် ဆိုင်ရာ KNLA ဗဟိုဌာနချုပ်အထိ ဝင်ရောက်ညှိနှိုင်း ဖြေရှင်းပေးသော်လည်း ပြေလည်မှုမရရှိဘဲ ထိတွေ့တိုက် ခိုက်မှု မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။ Read in Full
၂၆။ သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီဗုံးကြဲ
October 25, 2024
ရခိုင်ပြည်၊ သံတွဲမြို့ပေါ်မှာ စစ်မှုထမ်းဟောင်းရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တို ဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီ တပ် လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်ရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံးရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးရယ် အဲ့ဒီရုံးတွေကို ဗုံးကြဲသွားတာဗျ၊ အားကစားခန်းမကို ဗုံးကြဲသွားတာရှိတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေ အဆက်ဖြတ်ထားတော့ အတည်ပြုနေရတာ အရမ်း ခက်ခဲတယ်”ဟုပြောသည်။ ယင်းဗုံးကြဲတိုက်မှုကြောင့် သံတွဲမြို့ အမှတ် ၈ ရပ်ကွက်က အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီရုံးနှင့် စစ်ကောင်စီတပ်သားစုဆောင်ရေးရုံး ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
သံတွဲမြို့နှင့် ငပလီမြို့တို့သည် အာရက္ခတပ်တော် AA ၏ ထိမ်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့် မြို့များဖြစ်ကြပြီး မကြာသေးခင်ကလည်း အဆိုပါမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ မကြာသေးခင်ကလည်း သံတွဲမြို့တော်ခန်းမရုံး၊ သဘာဝပတ်ဝန်းကျင်းရုံးနှင့် ယခုလက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးနှင့် စစ်ကောင်စီတပ်၏ စစ်မှူးထမ်းဟောင်းရုံးများကို စစ်ကောင်စီ ဗုံးကြဲသွားခြင်း ဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက ” မစားရတဲ့အမဲ သဲနဲ့ ပစ်တာပေါ့ဗျာ။ အဲ့ဒီလေယာဉ်က ဂွဖက်ကိုသွားတာ၊ အဲ့ဒီမှာ လမ်းကြုံလို့ ပစ်တာနဲ့တူတယ်။ အရင်ကတော့ သံတွဲမြို့တော်ခန်းမရုံး၊ သဘာဝပတ်ဝန်းကျင်းရုံးကို ဗုံးကြဲခဲ့တယ်။ အခုတစ်ခါ လာကြဲတယ်ပေါ့။ ဒီရုံးတွေမှာ လူတွေမှ မနေကြ တာကို၊ ဒါပေမယ့် စစ်တပ်က သူတို့နေရာတွေမှာ မနေစေချင်တဲ့ သဘောနဲ့ လာကြဲတာနေမှာပေါ့ “ဟုပြောသည်။ ရခိုင်ပြည် အတွင်း စစ်ပွဲတိုင်း အရှုံးပေါ်နေသည့် စစ်ကောင်စီသည် အရပ်သားများ နေထိုင်ရာနေရာများ၊ ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံးနှင့် ရုံးများတို့ကို လေကြာင်းက အဓိက ပစ်မှတ်ထား ဗုံးကြဲနေသည်။ Read in Full
၂၇။ သီပေါမြို့ လုံခြုံရေးကင်းမဲ့ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရ
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ ပစ္စည်းဖောက် ထွင်း ခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် မြို့ပေါ်ရပ် ကွက်များတွင် သူခိုးများ သောင်းကျန်းလာပြီး ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း ဒေသခံများက ပြော သည်။“တချို့လည်းပြန်ကြတယ်၊ အိမ်သန့်ရှင်းရေးပြန်လုပ်ကြတာပေါ့။ တချို့ကြလည်း မပြန်ရင်အိမ်သိမ်းမယ်ဆိုတဲ့ကောလာ ဟလတွေယုံပြီး ပြန်ကြတဲ့လူလည်း ရှိတာပေါ့။ လူမနေတဲ့အိမ်ဆိုရင်တော့ သူခိုးဝင်ဖောက်ခံရတယ်၊ တုံစင့်ဘက်က ကျနော့် အိမ် လည်း ပစ္စည်းခိုးခံရတယ်။ အထဲကပစ္စည်းအကုန်ဝင်မွှေသွားတာ”ဟု ကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ ဩဂုတ်လတွင် စစ်ရေးပြန်လည် ပြင်းထန်ခဲ့သည့် သီပေါမြို့အခြေစိုက် စစ်ကောင်စီ တပ်များကို TNLA ပူးပေါင်းတပ်ဖွဲ့က ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည့် ၂ လကျော်အတွင်း မြို့နေလူထုထက်ဝက်ကျော်မှာ ဘေးလွတ် ကင်းရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
၎င်းစစ်ဘေးရှောင်ပြည်သူများသည် လေကြောင်းဗုံးအန္တရာယ် စိုးရိမ်မှုကြောင့်နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင် စခန်း များတွင် ဆက်လက်နေထိုင်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။“စိတ်ပူတာကတော့ အိမ်မပြန်ရင်လည်းသူခိုးရန် ကြောက်ရတယ်။ ကိုးကွယ်တဲ့ ဘုရားဆင်းတုက အစ ဘုရားပန်းအိုး၊ အိပ်ယာ၊ ခေါင်းအုံးအထိ အကုန် လုံး ယူသွားကြတယ်။ အိမ်ပြန်နေရင်လည်း လေယာဉ်နဲ့ ဗုံးထပ်လာကြဲမှာ စိတ်ပူရတယ်၊ စိတ်ထဲ မလုံခြုံသလို ဖြစ်တယ်။ တစ်ရက်လောက် မြို့ထဲဝင် အိမ်ပြန်ကြည့်တာပဲ လုပ်တယ်၊ အိမ်မှာ မအိပ်ရဲဘူး”ဟု ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။ လက်ရှိ သီပေါမြို့ပေါ် ရွှေဓား ကျောင်းတိုက်၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော် ဆက်လက်တိမ်းရှောင် ခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ Read in Full
၂၈။ သထုံမှာ NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
October 24, 2024
မွန်ပြည်နယ် သထုံမြို့နယ် အင်းကွဲကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က အင်းကွဲကျေးရွာနေ NLD ရပ်ကျေးပါတီဝင်နှစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် စောတာတီးနဲ့စောချစ်တို့ကို နေအိမ်မှာလာ ရောက်ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးထားတဲ့ NLD ပါတီဝင်တွေကို သုဓမ္မဝတီနယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေး မြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ ဖမ်းဆီးခံ NLD ပါတီဝင်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ထောက်ပို့လုပ် ဆောင် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း အင်းကွဲကျေးရွာနေ လူငယ်နှစ်ဦးကို စစ်ကောင်စီက PDF စွပ်စွဲချက်နဲ့ သထုံ-ဘားအံလမ်းပေါ်မှာ ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာတွေအရ အာဏာ သိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ Read in Full
၂၉။စစ်ကောင်စီ စိုးမိုးနယ်မြေမှ စုဆောင်းထားသူတွေကို ဟိုပုံးမှာ စစ်သင်တန်းပေး
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ တိုးချဲ့ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်ကောင်စီက စစ်မှုထမ်းအသစ်တွေ ခေါ်ယူပြီး နေ့စဉ်ပို့ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီ က သိရပါတယ်။ အဲဒီ စစ်မှုထမ်းတွေကို စစ်ကောင်စီက သူတို့ စိုးမိုးထားနိုင်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်း အရှေ့ခြမ်းတို့က ခေါ်ယူထားပြီး ရှမ်းပြည်တောင်ပိုင်းက ခေါ်ယူထားသူတွေ မပါဝင်ဘူးလို့ စစ်မှုထမ်းလေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ သုတေသီ တစ်ဦးကပြောပါတယ်။“စစ်ကောင်စီရဲ့လုပ်ရိုးလုပ်စဉ်က ကိုယ့်နယ်မှာဖွင့်ထားတဲ့သင်တန်းကျောင်းကို နယ်ခံတွေ ဘယ်တော့မှမပို့ဘူး။ ထွက်ပြေးမှာ ကြောက်လို့လေ။ ကျနော်တို့ ရှေ့အပတ်စဉ်တွေတုန်းကဆို စစ်ကိုင်းဘက် ခေါ်လာတဲ့ လူကို ပဲခူးကို ပို့တယ်။ နောက်ပြီး ရှမ်းပြည်ကလူတွေဆို ရမဲသင်း၊ ပုသိမ်၊ သထုံ အဲလိုပေါ့နော် ဝေးဝေးလံလံနေရာတွေကို ပို့တာ တွေ့ရတယ်ပေါ့နော်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအသစ်တွေကို မနက် အာရုဏ်တက်ချိန်နဲ့ ညသန်းခေါင်ယံရောက်ခါနီးအချိန်တွေမှာ ပို့ဆောင် လေ့ရှိပြီး စစ်ကား၊ Faw ကား၊ 4 Weel တွေ အသုံးပြုနေတယ်လို့ဆိုပါတယ်။“သူတို့စဖွင့်တာက တနင်္လာနေ့လောက် ထင်တယ်။ ရပ်စောက်ကနေ စစ်ကားအပြည့်နဲ့ တင်ခေါ်လာတာ။ ရိက္ခာအပါဆို အစီး ၅၀ လောက် ရှိတယ်။ အကုန် လုံးကတော့ လူသစ်တွေပဲ။ တော်တော်လည်း ငယ်သေးတယ်။ ကျန်တဲ့ရက်တွေလည်း ၃ စီးကနေ ၆ စီးကြား နေ့တိုင်း ပို့နေတယ်” လို့ စစ်ကားလေ့လာ စောင့်ကြည့်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။ စစ်မှုထမ်းဥပဒေအရ အပတ်စဉ်တစ်ခုမှာ လူဦးရေ ၅ ထောင်သာ ခေါ်ယူသွား မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပေမယ့် လက်ရှိမှာ စစ်မှု ထမ်းဥပဒေအတွက်သာမက တပ်မများအလိုက် တပ်သား သစ်စုဆောင်းရေး အနေနဲ့လည်း ပေါ်တာဆွဲခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၃၊ ၄၊ ၅ အတွင်း စစ်မှုထမ်းအသစ် စုစုပေါင်း ၂၁,၀၀၀ အထိ ခေါ်ယူခဲ့တယ်လို့ BACS ရဲ့ လေ့လာချက်အရ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတင်မက ပအိုဝ်းပြည်သူ့စစ် (PNA)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော်(RCSS/ SSA)ကလည်း တပ်သား သစ်အပြိုင် စုဆောင်းနေကြပါတယ်။ Read in Full
၃၀။ ပုလော-မြိတ်ကားလမ်းပြန်ဖွင့် ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲ
October 24, 2024
နှစ်ဖက်တိုက်ပွဲကြောင့် ရက်ရှည်ပိတ်ထားသည့် ပုလော-မြိတ်ကားလမ်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်ဖွင့် ပေးလိုက်သဖြင့် ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။“ပိတ်မိနေတဲ့ကားတွေက အကုန်ရှေ့ဆက်နေကြပြီ၊ ဂိတ်ကနေ ထွက်မယ့်ကားတွေတော့ မထွက်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်။ ဒီနေ့မှစပြီးလမ်းဖွင့်တဲ့ရက်ဆို တော့ ထွက်တဲ့ကားလည်းနည်းတယ်။ လက်ရှိထွက်တဲ့ကားတွေကို နောက်ထွက်မယ့်ကားတွေက လှမ်းထောက်နေတုန်းပဲ” ဟု ထားဝယ်-မြိတ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုမှ ကြဲရွာနှင့် မီးလောင်ချောင်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တို့ အောက်တိုဘာ ၁၄ ရက်ညနေပိုင်း ကစပြီး နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ကြဲရွာနှင့် မီးလောင် ချောင်းရွာတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် အောက်တိုဘာ ၁၅ ရက်မှ ၂၃ ရက်နေ့မနက်ပိုင်းအထိ ပုလော-မြိတ်ကား လမ်း ပိတ်ထားခြင်းဖြစ်ပြီး ရာနှင့်ချီသည့်ကားများ ရက်ရှည်ပိတ်မိနေခဲ့သည်။ ပိတ်မိနေသည့်ကားများကို နှစ်ဖက်စလုံးက စစ်ဆေးပြီး သွားလာခွင့်ပြုနေ ခြင်းဖြစ်သည်ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကားသမား အချို့ကပြောသည်။“အခုပဲ ကျွန်တော်တို့ကားထွက်ဖို့လုပ်နေတယ်၊ တချို့ကားတွေလည်း အခြေအနေစောင့်ကြည့်နေကြ တယ်” ဟု မြိတ်မှ ခရီးသည်တင်ကားမောင်းသမား တစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဘက်က အရပ်ဝတ်များဝတ်ဆင်ကာ ခရီးသည်ဟန်ဆောင် စစ်အင်အားတိုးချဲ့ စေလွှတ်နေသဖြင့် စစ်ရေးလိုအပ်ချက်အရ လမ်းပိတ်ခဲ့ခြင်းဖြစ်သလို တိုက်ပွဲအတွင်း ခရီးသည်များအန္တရာယ်ဖြစ်မည်စိုးရိမ်သဖြင့် လမ်းပိတ် ထား ခြင်းဖြစ်သည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပုလောမြို့နယ်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်မှ ကျေးရွာအတော်များများနှင့် ပုလော-မြိတ် ပြည်ထောင်စုကားလမ်းကို ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်ကဆိုသည်။“ဒီလမ်းကြောင်းမပွင့်ဘူးဆိုရင် မြိတ်တိုင်းမှူးလည်းပြုတ်သွားနိုင်တာပဲ၊ ကိုကြီး (ကျွန်တော်)တို့ဘက်ကလည်း ရွက်ကုန်ဖွင့်တာပဲ၊ အင်အားရှိသလောက်အသုံးချပြီးလုပ်တာပဲ၊ ရက်ကြာလာတော့ တောင့်ခံမနိုင်တဲ့ အနေထားရောက်လာတာပေါ့၊ ပုလောနဲ့ ပလ လမ်းပိုင်းကို ကျွန်တော်တို့ ထိန်းချုပ်ထားဆဲ၊ အခုထိလည်းစစ်ရေးတင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။
၃၁။ တရုတ်ဘက်က ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ် ပိတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ကုန်ဈေးနှုန်း မြင့်တက်လာ
October 24, 2024
ကန်ပိုက်တီမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တရုတ်ကနေ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်လိုက်ပြီး ဝိုင်းမော်နဲ့မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ကန်ပိုက်တီမြို့အနီးမှာ အောက်တို ဘာလ ၁၇ ရက်နေ့လောက်ကတည်းက KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး တရုတ်ပြည်ဘက်နေ အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက နယ်စပ်ဂိတ်ပိတ်ထားတာကြောင့် ကုန်အဝင်မရှိတော့ဘဲ စက် သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ “ကန်ပိုင်တီဂိတ်ကိုတရုတ်တွေ မဖြတ်ခိုင်းတော့တာလေ။ တရုတ်တွေမဖြတ်ခိုင်းလို့ ဆီတွေ ဈေးတက်လာနေတယ်။ တချို့ဆိုင်တွေဆို ပိတ်ထားကြပြီ။ ဆီသယ်တဲ့ ကားတွေတော့ အလွတ်ပဲဆင်းလာကြတယ်။”လို့ ဒေသခံကဆိုပါတယ်။ လက်ရှိအချိန်မှာ ဓာတ်ဆီတစ်လီတာကို ၈,၅၀၀ ကျပ်ရှိနေပြီဖြစ်ပြီး ကားစီးနင်းတဲ့သူတွေကို ၅၀,၀၀၀ ကျပ်၊ ဆိုင်ကယ်စီးနင်းသူကိုတော့ ဆီတိုင်ကီအပြည့်(၅ လီတာခန့်) ဆိုပြီး အကန့် အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။
ဒါ့အပြင် အခြားစားသောက်ကုန်တွေလည်း ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရက်အတန်ကြာ ဂိတ်ပိတ် ထားမယ်ဆိုရင် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့သာမက ကချင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများ ထိခိုက်လာနိုင်တယ်လို့ နောက်ထပ်ဝိုင်းမော်ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။ “ကချင်ပြည်နယ်အတွင်း နည်းနည်းတော့ခက်လာတော့မယ်။ ခရမ်း ချဉ်သီး၊ အာလူးတွေ၊ ဂေါ်ရခါးသီးတွေက အဲဒီဘက်ကပဲလာတာ။ အောက်ပိုင်းကသယ်မယ်ဆိုရင် အရမ်းခက်သွားပြီလေ။ အဲဒါ ကြောင့် တရုတ်နယ်စပ်ကပဲ သွားသယ်ယူနေတာ။” လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် မန္တလေး-မြစ်ကြီးနားအဓိကလမ်းမကြီးကို လက်နက်ကိုင်တပ်ဖွဲ့တွေ ပိတ်ထားတဲ့ အတွက် ကုန်ကားတွေ လွတ်လွတ်လပ်လပ်သွားလာလို့မရတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ အဲဒါကြောင့် ကန်ပိုက်တီ- တရုတ်နယ်စပ်ဂိတ်ကိုသာ အာထားနေရပြီး လတ် တလောဂိတ်ပိတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်းက နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခုဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီဂိတ်ကို တရုတ်ပြည်ဘက်က ပိတ်ထားလိုက်တဲ့အပြင် ပန်ဝါနယ်စပ်ဂိတ် နဲ့ လိုင်ဇာဂိတ်ကိုပါပိတ်ထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ Read in Full
၃၂။ လွိုင်ကော်မြို့ ရေကျသွားသည့်နေရာများတွင် စာသင်ကျောင်းများပြန်ဖွင့်
October 24, 2024
ရေဘေးဆိုးရွားစွာကြုံခဲ့တဲ့ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ အခြေခံစာသင်ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ အချိန်ပြည့်တက်ရတာမျိုး မဟုတ်ဘဲ နေ့တဝက်သာ ဖွင့်နိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တမြို့လုံးသန့်ရှင်းရေး မပြီးသေးတာနဲ့ ရေမကျသေးတဲ့အပိုင်းတွေ ကျန်နေသေးတာကြောင့် မြို့ပေါ်က စာသင်ကျောင်းတွေ အကုန်မဖွင့်နိုင်သေးဘဲ ရေမကျသေးတဲ့အပိုင်းတွေက ကျောင်းတွေမှာ စုပေါင်းပြီး တက်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။“ကျောင်း ကတော့ ဒီအချိန်ပြည့်တော့ မဟုတ်ဘူးပေါ့နော်။ မနက် ၈ နာရီတက်တယ်၊ နေ့လယ် ၁၂ နာရီခွဲ ဆင်းတယ်၊ အဲ့လိုမျိုးဖွင့်တယ်။ ထ ၁ ဖွင့်တယ်၊ ထ ၅ ဖွင့်တယ်၊ ထ ၇ ကတော့ ရေမြုပ်နေလို့ လောလောဆယ် သွားလို့လာလို့ မရသေးဘူးပေါ့နော်။ အဝေးသင်ကတော့ ဟိုးမြို့အဝင်နားက ကွန်ပျူတာတက္ကသိုလ်ကတော့ ပြန်ဖွင့်ဖို့လုပ်နေပြီ၊ ပညာရေးကသူတွေ အဲ့မှာတော့ လူစုနေပြီပေါ့။” လွိုင်ကော်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံကျောင်း တွေကို နိုဝင်ဘာလထဲမှာ ဖွင့်နိုင် ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေပြီး ကျောင်းတက်ဖို့ ပြန်လာကြတဲ့သူတွေ အနည်းငယ်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “တက္ကသိုလ်ဘက်ကတော့ အဝေးသင်တွေဖြေဖို့ ကျောင်းသားတွေပြန်လာတာတော့ တွေ့တယ်။ အဲဒါက သူတို့လမ်းကြောင်းနဲ့ သူတို့သွားကြပါလိမ့်မယ်၊ ရှိနေပါလိမ့်မယ်။ အဖြစ်သဘောမျိုးနဲ့ ပြန်လာပြီးလုပ်တာတော့တွေ့တယ်လေ။ ပြီးခဲ့တဲ့ ၂ လလောက်ရှိမှာပေါ့လေ။ သူတို့ စည်းရုံးရေးပြန်ဆင်းပြီးတော့ စဖွင့်တာ။ ရေကြီးတော့ လည်း သူတို့ ရအောင်ပြန်တက်နေကြတာပဲ” လို့ ပြောပါတယ်။ လွိုင်ကော်မြို့ လက်ရှိ ရေကျသွားတဲ့အပိုင်းဘက်မှာ အခြေခံစာသင်ကျောင်း အနည်း ငယ်နဲ့ ဖွင့်ထားပြီး ရေမကျသေးတဲ့ဘက်ခြမ်းက ပြည်သူတွေကိုတော့ မြို့ထဲအဝင်မခံဘူးလို့ ဆိုပါတယ်။ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့သူတွေ ရှိနေပေမဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်အထိကို KNDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ၈ လလောက် ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ဇွန်လမှာ ပြန်ပြီးဆုတ်ခွာခဲ့ကြပါတယ်။ လက်ရှိမှာတော့လွိုင်ကော်တမြို့လုံးနီးပါးကို စစ်ကောင်စီက ပြန်ထိန်းချုပ်ထားပြီး မြို့ထဲမှာအခြေခံစားသောက် ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ ကုန်တွေ အကုန်လုံး ၂ ဆနီးပါး ဈေးတက်နေပါတယ်။ Read in Full
၃၃။ KNLA ဌာနချုပ် ဗုံးကြဲခံရမှု PDF လက်ချက်ဟု စစ်ကောင်စီထိုးချ
October 24, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ နယ်မြေအတွင်းရှိ ဌာနချုပ်အားဒရုန်းဖြင့် ဗုံးကြဲ သောအဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ပြောကြားလာကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။ စစ်ကောင်စီဘက်မှ ထိုသို့ပြောဆိုခြင်းသည် KNU/KNLA နှင့် PDF များကြား သွေးကွဲမှုဖြစ်စေရန် ပြောဆိုလုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်း ဆောင်အချို့က ဆိုသည်။ အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ KNLA တပ်မဟာ ၇ ဗဟိုဌာနချုပ် သေ့ဘေ့ထာစခန်း ကာမီကာဇယ်ဒရုန်း ၄ လုံးနှင့် တိုက်ခိုက်ခံခဲ့ရပြီး ရဲဘော် ၂ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သလို အဆောက်အဦအချို့ ပျက်စီးမှု ဖြစ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNLA နယ်မြေများတွင် စစ်ကောင်စီနှင့် ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့များကြားတိုက်ပွဲများ ရှိနေသော်လည်း စစ်ကောင်စီဘက်မှ KNLA ဌာနချုပ်ကို တိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ တပ်မဟာ ၇ နယ်မြေမှလွဲ၍ တခြားသော KNLA တပ်မဟာ နယ်မြေများတွင် KNU/KNLA နှင့် PDF ပူးပေါင်းတပ်များသည် စစ်ကောင်စီ တပ် စခန်းများအား တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ KNU/KNLA နှင့် PDF များ သွေးကွဲသွားပါက KNLA နယ်မြေအတွင်းရှိ စစ်စခန်းများ အား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲသွားမည်ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နဝတ) အစိုးရ ခေတ်တွင်လည်း KNU/KNLA မှ အရာရှိစစ်သည်အချို့ KNU မှ ခွဲထွက်ကာ DKBA အဖြစ် ဖွဲ့စည်းခဲ့သည်အတွက် KNU အင်အား ချည့်နဲ့သွားခဲ့ပြီး စစ်စခန်းအချို့ လက်လွှတ်ခဲ့ရမှုများရှိခဲ့ဖူးသည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် KNU/KNLA နှင့် NUG/PDF တို့ ပူးပေါင်းနိုင်သဖြင့် အားကောင်းစွာဖြင့် စစ်ကောင်စီ စခန်းများစွာအား သိမ်းပိုက်လာနိုင်ခဲ့ရာ အဆိုပါအဖွဲ့နှစ်ဖွဲ့အား စစ်ကောင်စီ မှ သွေးကွဲရန် လုပ်ကြံဖန်တီးပြောဆိုခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုသည်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။