သတင်းဆောင်းပါး

တရုတ်ဖိအားပေးမှုတွေအောက်က ၆၅ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့ သီပေါမြို့

ဖိုးသား | သတင်းဆောင်းပါး

တရုတ်ဖိအားပေးမှုတွေအောက်က ၆၅ရက်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတဲ့ သီပေါမြို့

ဖိုးသား | သတင်းဆောင်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်းမြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၃ကို အောက်တိုဘာလ ၁၃ရက်၊ နေ့လည်ပိုင်းက အပြီးသတ်တိုက်ခိုက်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တစ်မြို့လုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ သီပေါတစ်မြို့လုံးကို ရဖို့ ၂လကျော်ကြား တိုက်စစ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

သီပေါမြို့ကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေမှ ပြီးခဲ့တဲ့ ဩဂုတ်က ၉ရက်က စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆၄ရက်အကြာမှာတော့ မြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သီပေါမြို့နယ်မှာ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၀၃ ၊ ခမရ ၅၀၄နဲ့ ခြေလျင်တပ်ရင်း ခလရ ၂၃ တပ်ရင်းဌာနချုပ်အပါအဝင် စစ်တပ်တပ်ရင်း ၃ ခု အခြေစိုက်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ သီပေါ မြို့ မြောက်ဘက် ၂ မိုင်အကွာရှိ ခမရ ၅၀၃နဲ့ ခမရ ၅၀၄ တပ်ရင်းတို့ကို TNLA တပ်တွေက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့သလို နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၃ ကို အောက်တိုဘာလ ၁၃ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

လူဦးရေ ၉၀၀၀နီးပါးနေထိုင်တဲ့ သီပေါမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ခလရ ၂၃ကို စွန့်ခွာခဲ့ရတာဖြစ်ပြီး မြို့ကို လက်လွှတ်ခဲ့ရပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲကနေ  စစ်ကောင်စီတပ်ဘက်က စစ်သားနဲ့ မိသားစုဝင်အင်အား ၃၀၀ ခန့်ဟာ မိုင်းရယ်ဘက်သို့ ဆုတ်ခွာသွားတယ်လို့ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ရဲ့ သတင်းပြန်ကြားရေးဌာနက ​အောက်တိုဘာ ၁၄ရက်မှာ ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

“ခလရ၂၃က သဘောတူညီမှုနဲ့ သီပေါကနေ အေးအေးဆေးဆေးထွက်ခွာသွားတယ်။ တပ်မိသားစုတွေရော ဒဏ်ရာရလူနာတွေအပါအဝင် လူသုံးရာလောက် ကားကြီးသုံးစီး ကားကြီးခြောက်စီးနဲ့ အေးအေးဆေးဆေး ထွက်သွားတော့ ညှိနှိုင်းပြီးမှ ထွက်သွားပုံပဲပေါ့။ မိုင်းရယ်ဘက်ကို တက်သွားကြတယ်ဆိုပြီး သတင်းထုတ်ပြန်တာပါ”လို့ ရှမ်းတိုင်းရင်းသားတစ်ဦးက SSPPရဲ့ သတင်းဖော်ပြချက်ကို ရှင်းပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးနဲ့ မိုးကုတ်မြို့ကို TNLA၊ MNDAAနဲ့ PDF မဟာမိတ်တပ်တွေက သိမ်းယူအပြီးမှာ တိုက်ပွဲတွေရပ်ဆိုင်းဖို့ ဖိအားပေးနေတဲ့ တရုတ်အစိုးရက လျှပ်စစ်မီး၊ ဆေးဝါးနဲ့ အစားအသောက်တွေ နယ်စပ်ဖြတ် ဝင်ရောက်ခြင်း မရှိစေဖို့ ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီပိတ်ဆို့မှု တွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့  ဒေသခံပြည်သူတွေ အခက်တွေ့နေခဲ့ကြရပါတယ်။ ဒီလိုအခက်ကြုံနေရတဲ့အခြေအနေမှာ့ပဲ TNLA က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်ရှိ သီပေါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သီပေါမြို့ဟာ ခရိုင်ရုံးစိုက်မြို့ ဖြစ်တဲ့ ကျောက်မဲမြို့နဲ့ ၂၂မိုင်ကွာဝေးသလို လားရှိုးမြို့နဲ့ ၄၅ မိုင်၊ နမ္မတူမြို့နဲ့ ၄၂ မိုင်၊ နမ့်ဆန်မြို့နဲ့ (မိုးတေနဲ့ လီလုကူးတို့ကိုဖြတ်ကျော်) ၅၄ မိုင်ဝေးပြီး ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နဲ့ မော်တော်ကားလမ်း အဆက်အသွယ်ရှိသလို ၁၇၆ မိုင်ဝေးကွာပြီး နမ့်လန်၊ မိုင်းကိုင်း၊ လဲချား မြို့တွေကို ဖြတ်ကျော်သွားရတာ ဖြစ်ပါတယ်။

အခုဆုတ်ခွာသွားတဲ့ မိုင်းရယ်နဲ့ ၁၇မိုင်ကျော်ကွာဝေးပြီး ကုန်တင်ကားအကြီးတွေနဲ့ စစ်သား၊ စစ်သားမိသားစုဝင်တွေ မိုင်းရယ်ဘက်သို့ ဆုတ်​ပြေးလာ​တဲ့ ရုပ်သံကိုစက္ကန့် ၃၀ ကြာ​တဲ့ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကတော့ စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေက လက်နက်မချဘဲ ရန်သူကိုသတ်နိုင်သမျှသတ်ပြီး လ​ပေါင်းများစွာ ခုခံတိုက်ခိုက်ပြီး​နောက် ​အောင်မြင်စွာ ဆုတ်ခွာလာတာ ဖြစ်တယ်လို့ ​ရေးသားဝါဒဖြန့်ထားတယ်လို့ ​တွေ့ရပေမယ့် စစ်ကောင်စီထောက်ခံသူတွေကိုယ်တိုင်က သီပေါမြို့ကို စစ်တပ်က လက်လွှတ်လိုက်ရပြီးနောက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို လှောင်ပြောင်သရော်တာ၊ ဝေဖန်ပြစ်တင်တာတွေကို ဆက်တိုက်ဆိုသလို ပြောဆိုလာကြပါတယ်။

CDM အရာရှိ ဗိုလ်ကြီးဇင်ယော်တော့ ခလရ ၂၃ တိုက်ပွဲကနေ စစ်သားနဲ့ မိသားစုဝင်တွေ အပါအဝင် စစ်သုံ့ပန်း ၁၀၀ လောက် ဖမ်းမိတယ်လို့ဆိုသလို ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အရပ်သားထိခိုက်မှုတွေ အသေးစိတ် အတည်မပြုနိုင်သေးပေမဲ့ သီပေါတိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များခဲ့တယ်လို့ ဆိုပါတယ်။

“ဆုတ်ခွာလာတဲ့ တပ်နဲ့ တပ်မိသားစုဝင်တွေကတော့ ၄၀၀လောက်ရှိတယ်။ သူတို့ကို လက်နက်ချခိုင်းပြီး မိုင်းရယ်ဘက်ကို ဆုတ်ခွာခိုင်းလိုက်တာပေါ့။ စကခ (၇)ဗျူဟာမှူး၊ ဗိုလ်မှူးကြီး နိုင်နိုင်ဦး ဦးစီးတဲ့ (၃၂၆)၊ (၃၃၆)၊ ခလရ(၁၄၇)ပြီးရင် (၅၀၃)၊ (၅၀၄)က လက်ကျန်အင်အားနဲ့ မိသားစုဝင်တွေ ကလေးတွေ ဒဏ်ရာရ စစ်သည်တွေ အပါအဝင် မိုင်းရယ်အထိ ဆုတ်ခွာစေခဲ့တာဖြစ်ပါတယ်”လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၅၀၃၊ ၅၀၄)စခန်းကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ မိသားစုဝင် ၁၉၁ ဦးကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပေမယ့် ခလရ ၂၃ တိုက်ပွဲအခြေအနေနဲ့ ပါတ်သက်ပြီး ထုတ်ပြန်လာတာ မရှိသေးပါဘူး။

“သီပေါမှာရှိတဲ့ လက်ကျန်တပ်စခန်းကို ကျွန်မတို့TNLAက သိမ်းပိုက်နိုင်ခဲ့တာပါ။ အပြီးသတ်တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သီပေါမြို့တစ်ခုလုံးကို ကျွန်မတို့ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ရှိပါတယ်”လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now သတင်းဌာနကို ဖြေကြားထားတာ တွေ့ရပါတယ်။

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု၊ ရန်သူ့ဘက်က သေဆုံးဒဏ်ရာရရှိမှု၊ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေတွေကို TNLAက ထုတ်ပြန်အသိပေးတာ မရှိသေးသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာ မရှိသေးပေမယ့် နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးများပြားတယ်လို့ မြေပြင်ကိုရောက်ရှိသတင်းရယူနေတဲ့ သတင်းသမားတွေက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးကို MNDAA၊ TNLA၊ AAတို့က ၂၀၂၃ခုနှစ်၊ အောက်တိုဘာလက စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ ကရင်နီ တိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDP) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအဝင် များပြားလှတဲ့ ခုခံတော်လှန်ရေး အဖွဲ့အစည်းတွေဟာ ညီနောင်မဟာမိတ်များတွေရဲ့ စစ်ဆင်ရေးမှာ ညှိနှိုင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းထားတဲ့ အဲဒီစစ်ဆင်ရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားတဲ့ ထိုးစစ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ စစ်ရေးအပြောင်းအလဲဖြစ်ခဲ့သလို စစ်ကောင်စီတပ်က တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိမှာ MNDAAက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုးစတဲ့ မြို့တွေကို ထိန်းချုပ်ထားသလို TNLAကလည်း နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးမိတ်၊ နောင်ချိုနဲ့ သီပေါမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဟိုပန်နဲ့ ပန်လုံမြို့တို့ကို ညီနောင်မဟာမိတ် ၃ဖွဲ့က သိမ်းပိုက်ခဲ့ပေမယ့် ‘ဝ’တပ်ဖွဲ့(UWSA)ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီလိုပဲ မဘိမ်းမြို့ကိုလည်း KIAက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ စစ်​ကောင်စီတပ်ဟာ မူဆယ်မြို့၊ နမ့်လန်မြို့၊ မိုင်းရယ်မြို့နဲ့ ​နောင်ချိုမြို့နယ်ထဲက တောင်ခမ်းအ​မြောက်တပ်စခန်းအချို့ပဲ ကျန်​တော့တာဖြစ်တာကြောင့် နမ့်လန်နဲ့ တောင်းခမ်းဘက်မှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ပြီး တောင်ခမ်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်လာလမ်းကြောင်းဖြစ်သလို စစ်ရေးအရ အချက်အချာ ကျတာကြောင့် စစ်ကောင်စီတပ်က လက်ရှိမှာ စစ်ကူအင်အား စေလွှတ်ပြီး အပြင်းအထန်တွေ ခုခံနေတာကြောင့် တောင်းခမ်းမကျရေးဟာ စစ်ကောင်စီအတွက် အတော်လေးအရေးကြီးနေတယ်လို့ ဒေသအရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“တောင်းခမ်းကျရင် ရှမ်းမြောက်မှာက စစ်ကောင်စီကင်းစင်သလောက် ဖြစ်သွားမှာဆိုတော့ ဒီထက်ပိုပြီး အပြင်းအထန်ခုခံလာနိုင်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်။ ရှမ်းတောင်ကို ဝင်လာဖို့က တောင်းခမ်းကျတာနဲ့ တော်လှန်ရေးအင်အားစုတွေက အသာလေးဝင်လာလို့ ရပြီ။ နောက်ပြီး အခုTNLAနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ ဓနုတပ်(DPLF)ဆိုတာ ရှိတယ်။ သူကလည်း အင်အားတော်တော်ကောင်းနေပြီ။ တောင်းခမ်းသာ ကျသွားခဲ့ရင် TNLAက ရှမ်းတောင်ကို မဝင်လာရင်တောင် TNLA အကူအညီနဲ့ ဓနုတပ်က ရှမ်းတောင်ကို အသာလေးဝင်လာလို့ရပါတယ်”လို့ သူက ပြောပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂)နဲ့ လက်အောက်ခံ တပ်ရင်းစခန်း ၃ခုရှိနေပြီး စခန်း ၂ခုကိုသိမ်းပိုက်ထားနိုင်သလို ကျန်စခန်း ၂ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now သတင်းဌာနကို ဖြေကြားထားတာ တွေ့ရပါတယ်။

တောင်းခမ်းကို စစ်ကောင်စီလက်လွှတ်လိုက်ရပါက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဗထူးနဲ့ ရပ်စောက်စတဲ့ ဒေသတွေသာ စစ်ကောင်စီတပ် အားကောင်းတဲ့ ဒေသအဖြစ် ကျန်ရှိနေတာကြောင့် ရှမ်းတောင်နေ တော်လှန်ပြည်သူတွေကလည်း တောင်းခမ်းကျဆုံးဖို့အရေး မျှော်လင့်နေကြပါတယ်။

ဖိုးသား

Related Articles

Back to top button