သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

လားရှိုးမြို့ကို စစ်ကောင်စီက ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီကနေ့ အောက်တိုဘာလ ၁၄ရက်၊ မနက်အစောပိုင်းအချိန်က စစ်ကောင်စီတပ်မှ ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို ပေါင် ၅၀၀ဗုံး နှစ်လုံးအပါအဝင် စုစုပေါင်းဗုံး ၇လုံး ကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ည ၁၂နာရီ၊ ၁၀မိနစ်လောက် လာကြဲချသွားတာ။ ယောင်္ကျားလေး ၃ယောက် ပွဲချင်းပြီး သေဆုံးတယ်။ အဖွား တစ်ယောက်နဲ့ ၄နှစ်အရွယ် ကလေးတစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

အဲဒီဗုံးတွေဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေဖြစ်တာကြောင့် လူနေအိမ် ၅လုံး၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ ဘုရားကျောင်းဝန်းအတွင်းရှိ ခန်းမ တစ်ခု၊ လက်ရှိဖွင့်နေဆဲဖြစ်တဲ့ မူကြိုကျောင်း တစ်ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေဟာ ကြောက်လန့်တုန်လှုပ် ခဲ့ရတယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခဲ့တာ ၁၆ကြိမ် ရှိပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့နေရာတွေဟာ စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်သလို စစ်ရေးပစ်မှတ် မဟုတ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေး အဆောက်အဦတွေသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-စောနေဝေစိုး

Related Articles

Back to top button