သတင်း

NCA ကို ဆက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး လာမယ့်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ PNLO ပြော

NCA ကို ဆက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး လာမယ့်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ PNLO ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၃၊ ၂၀၂၄

စစ်ကောင်စီရဲ့ NCAကို ဆက်လက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် PNLOရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

PNLO(NCA-S)ကို ဖွဲ့စည်းခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ဗိုလ်မှူး ခွန်မင်းသိမ်း နဲ့ နန်းယဥ်ယဥ်စိုးတို့ သုံးဦးကို PNLO/PNLAက အောက်တိုဘာလ ၁၂ရက်မှာ ကြေညာခဲ့တာဖြစ်ပြီး သူတို့ ၃ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့မှာ PNLO ကနေ နှုတ်ထွက်စာတင်ခဲ့ပြီး PNLO/PNLAက ဆုံးဖြတ်ချက် မချသေးခင်မှာ PNLO-NCA-Sကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာကြောင့် အခုလို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ PNLO/PNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာဟာ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ကို PNLO (NCA-S)အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၉ရက်က ကြေညာခဲ့သလို PNLO (NCA-S) ဟာ (NCA)နဲ့အညီ ဆက်လက်လျောက်လှမ်းသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒီထုတ်ပြန်ကြေညာချက်ကတော့ ခွန်ဥက္ကာက လက်မှတ်ထိုးပြီး PNLO(NCA-S)ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်နဲ့ ပါတ်သက်ပြီး အဖွဲ့ချုပ်က ဗဟိုကော်မတီတွေ၊ တပ်မှူးတွေ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ကို ရှင်းလင်းထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ မရှင်းလင်းဘူးဆိုရင် အဖွဲ့ချုပ်အပေါ်မှာ တော်လှန်ရေးအင်အားစုတွေကော၊ မဟာမိတ်တိုင်းရင်းသားအင်အားစုတွေကော၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာကော အဖွဲ့ချုပ်အပေါ် အမြင်မရှင်းလင်းတာမျိုးတွေ၊ ဒွီဟဖြစ်စရာတွေ ဖြစ်နိုင်တဲ့အတွက် ရှင်းလင်းရတာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

PNLO-NCA-Sဟာ တရားဝင်မှု မရှိတဲ့ အပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO)နာမည်ကို ထည့်သွင်းအသုံးတာကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ PNLOအမည် အသုံးပြုခြင်းကို ခွင့်မပြုဘူးလို့လည်း PNLOက ဆိုပါတယ်။

PNLO (NCA-S)ကို ဗိုလ်မှူးကြီးခွန်ဥက္ကာက ဥက္ကဌ ၊ဗိုလ်မှူးခွန်မင်းသိန်း အထွေထွေအတွင်းရေးမှူးတာဝန် နဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် နန်းယဉ်ယဉ်စိုးတို့က ဦးဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ PNLOအဖွဲ့ကိုတော့ ဥက္ကဋ္ဌဗိုလ်ချုပ် ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်ခွန်ကျော်ထင်နဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုဒေသန္တရ အုပ်ချုပ်ရေးဌာန ဌာနကြီးမှူး ဒုဗိုလ်မှူးကြီး ခွန်အာဋ္ဌာရတို့နဲ့ ဦးဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – Getty Images

Related Articles

Back to top button