သတင်း

ဖယ်ခုံမှာ ဗုဒ္ဓဆင်းတုတော်တွေ ခေါင်းဖြတ်ခံရမှုဟာ ဘာသာရေး အဓိကရုဏ်း ဖန်တီးချင်တဲ့ စစ်အုပ်စုရဲ့ သဘောထားသာ ဖြစ်တယ်လို့ပြော

ဖယ်ခုံမှာ ဗုဒ္ဓဆင်းတုတော်တွေ ခေါင်းဖြတ်ခံရမှုဟာ ဘာသာရေး အဓိကရုဏ်း ဖန်တီးချင်တဲ့ စစ်အုပ်စုရဲ့ သဘောထားသာ ဖြစ်တယ်လို့ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

အောက်တိုဘာ ၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသမှာ ဗုဒ္ဓဆင်းတုတော်တွေ ခေါင်းဖြတ်ခံထားရတဲ့ လုပ်ရပ်ဟာ ညီညွတ်စည်းလုံးနေတဲ့ ကယန်းလူထုကြီးကို ဘာသာရေးပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးချင်တဲ့ စစ်အုပ်စုရဲ့ သဘောထားသာ ဖြစ်တယ်လို့ ကိုကောင်းထက်ကျော် (အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေး အင်အားစု)က ပြောပါတယ်။

ကယန်းဒေသ၊ လအိကျေးရွာရှိ ဘုရားစေတီတစ်ဆူမှ ဘုရားဆင်းတုတော်တွေအားလုံး ခေါင်းဖြတ်ခံထားတဲ့ ရုပ်သံဖိုင်တစ်ခုဟာ အောက်တိုဘာ ၂ရက်ကစတင်ပြီး လူမှုကွန်ရက်စာမျက်နှာ(Facebook)မှာ ပျံ့နှံလာတာ ဖြစ်ပြီး  ဒီဖြစ်ရပ်နဲ့ ပါတ်သက်လို့ ကိုကောင်းထက်ကျော်က ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးရေးလက်နက်ဟာ စစ်အုပ်စုမှာသာ ရှိတယ်လို့ ဆိုပါတယ်။

“စစ်အုပ်စု ကျောထောက်နောက်ခံမှု ရထားတဲ့ ဘာသာရေးအစွန်းရောက်တွေ လက်ချက်ပါ။ ကယန်းဒေသဟာ အေးချမ်းပြီး ဘာသာရေး လူမျိုးရေး အခြေပြုတဲ့ ပဋိပက္ခ ဘယ်တုန်းကမှ မရှိဖူးပါဘူး။ ညီညွတ်စည်းလုံးနေတဲ့ ကယန်းလူထုကြီးကို ဘာသာရေးပဋိပက္ခဖန်တီးချင်တဲ့ စစ်အုပ်စု သဘောထားသာ ဖြစ်ပါတယ်”လို့ သူက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

အဲဒီဖြစ်ရပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်​(KNDF)ရဲ့ စစ်ဗျူဟာအမှတ်(၁)နဲ့ စစ်ဗျူဟာအမှတ် (၈)တို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားသလို ကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ချမှတ်သွားမယ်လို့ အောက်တိုဘာလ ၂ရက်က သတိပေးထုတ်ပြန်ထားပါတယ်။

“ဘာသာရေးအဓိကရုဏ်းဖြစ်အောင် တမင်လုပ်တာလို့ ထင်ပါတယ်။ လူတိုင်းက လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိရမယ်။ ဒါက ဘယ်သူ့လက်ချက်လဲဆိုတာ သိသာနေပေမယ့် ဘယ်သူပဲလုပ်တာ ဖြစ်ပစေ သူတပါးရဲ့ ယုံကြည်ကိုးကွယ်ရာကိုတော့ စော်ကားပိုင်ခွင့်မရှိပါဘူး။ တော်လှန်ရေးဖက်ကလူတွေ လုပ်တာ ဖြစ်ဖြစ်၊ စစ်ကောင်စီကလူတွေ လုပ်တာဖြစ်ဖြစ် လက်သင့်ခံလို့ မရတဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဘာသာရေး အဆောက်အအုံတွေကို ဖျက်စီးတယ်ဆိုတာက စစ်ကောင်စီက လုပ်နေကြအလုပ်ဖြစ်တာကြောင့် သူတို့က လုပ်တာပဲ ဖြစ်ဖို့များပါတယ်”လို့ ရှမ်းတောင်ဒေသအရေးစောင့်ကြည့်လေ့လာနေတဲ့ ပန်ချာလူမျိုးတစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်မြတ်ထားကိုးကွယ်ရာ ဘုရားဆင်းတုတော်တွေကို အခုလို ဆိုးရွားစွာ ဖျက်ဆီးတာဟာ တော်လှန်ရေးအားကောင်းတဲ့ ကရင်နီနယ်မြေမှာ နိုင်ငံရေး၊ ဘာသာရေးအဓိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေတာဖြစ်တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ဖြစ်ရပ်ကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

နိုင်ငံအနှံ့အပြားရှိ တိုက်ပွားဖြစ်ရာဒေသတွေဒေသတွေမှာ မြေပြင်စစ်မျက်နှာ မရှုမလှကျရှုံးနေတဲ့ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းတွေကို ပစ်ခတ်ဖျက်ဆီးနေသလို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လူနေကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်ခတ်တာတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

#FJMM

Related Articles

Back to top button