ချင်းပြည်က လွှတ်မြောက်နယ်မြေတွေမှာ Civil Supremacy နေရာ ပျောက်နေတဲ့ ပြဿနာ
ဟန်နရီမင်း | အတွေးအမြင်
ချင်းပြည်သူတွေရဲ့ စစ်အာဏာရှင်အား အင်အားမမျှတပေမဲ့ ဇွဲမလျှော့ဘဲ တွန်းလှန်တိုက်ခိုက် မှုကြောင့် ချင်းပြည်နယ်အများစု သို့မဟုတ် တချို့မြို့ပေါ်များမှ လွဲပြီး လွတ်မြောက်နယ်မြေ အဆင့်သို့ ရောက်ရှိလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ကစပြီး ချင်းပြည်နယ်က မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဆင့်တွေမှာ အရပ်သားနဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးဆိုတာ နာမည်ထက်မပိုတော့တဲ့ အခြေအနေသို့ ရောက်ရှိလာပါတယ်။ အုပ်ချုပ်တဲ့ သူရော၊ စစ်တိုက်တဲ့သူပါ ဒီပုဂ္ဂိုလ်တစ်ဦးရဲ့ လမ်းညွှန်မှုအောက်မှာ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ အဓိကပုဂ္ဂိုလ် (၃)ဦးရဲ့ လက်ထဲသို့ အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်အာဏာက ရောက်ရှိလာခဲ့ ပါတယ်။
အစတုန်းက စကစကို မခံချင်လို့ တွန်းလှန်ကြပေမဲ့ မကြာဘူး စကစကို တော်လှန်တဲ့ အုပ်စုကနေ အာဏာရှင် အသေးစား လေးတွေ ထွက်ပေါ်လာတော့ ပြည်သူတွေကလည်း ဒီအဖွဲ့အစည်း (သို့) ပုဂ္ဂိုလ်တွေကို ပြန်ကြောက်ရတဲ့အဆင့်မှာ ရောက်ရှိလာခဲ့ ပြန်ပါတယ်။
“ပြည်သူသည်သာ အာဏာအရှိဆုံးဖြစ်ရမယ်” ဆိုပြီး စွဲကိုင်ထားတဲ့ ဆောင်ပုဒ်ဟာလည်း “အာဏာသည် သာလျှင် ပြည်သူအထက်မှာ ရှိရအုံးမယ်” ဆိုတဲ့ အနေအထားကို ရောက်ရှိလာ ပါတယ်။ ဆိုတော့ အုပ်ချုပ်တဲ့သူနဲ့ စစ်တိုက်တဲ့သူတွေက သိပ်မသဲကွဲတော့ဘူး။ ဒီပြဿနာက မြန်မာတစ်နိုင်ငံလုံးက လွတ်မြောက်နယ်မြေတွေမှာလည်း စစ်ဘက်ဆိုင်ရာနဲ့ ပအဖ (ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့)တွေကြားမှာ အနည်းအများကြုံတွေ့ရတဲ့ ပြဿနာရပ်တစ်ခု ဖြစ်ပါတယ်။ ဒါက “ပြည်သူ့အာဏာအသုံးချမှု” နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုဖြစ်ပါတယ်။
၁။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အာဏာပိုင်အား အဓိပ္ပါယ်ဖွင့်ဆိုချက်။
“ပြည်သူ့အာဏာပိုင်အဖွဲ့အစည်း”(Civil supremacy) ဆိုသည်မှာ ရွေးကောက်ခံအစိုးရ အရာရှိများကဲ့သို့သော အရပ်သားအာဏာပိုင်များသည် နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်နှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များအပေါ် အဆုံးစွန်သော ချုပ်ကိုင်ထားမှုကို ရည်ညွှန်း ပါသည်။ ဤအယူအဆသည် စစ်တပ်အနေဖြင့် အရပ်သားအစိုးရ၏ လက်အောက်ခံအဖြစ် ဆက်လက်တည်ရှိနေစေရန်နှင့် စစ်ဘက်ခေါင်းဆောင်များအား ကန့်သတ်ခွဲဝေထားခြင်း မရှိသောအခွင့်အာဏာ(unchecked power)ကို ကျင့်သုံးခြင်း သို့မဟုတ် အရပ်သား အာဏာပိုင်အဖွဲ့မှ ကြီးကြပ်မှုမပါဘဲ လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းမှ တားဆီးပေးသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် အခြေခံအုတ်မြစ်ဖြစ်သည်။
လက်တွေ့တွင် အရပ်ဘက်အာဏာစက်ဆိုသည်မှာ နိုင်ငံ၏အစိုးရစနစ်ပေါ် မူတည်၍ သမ္မတ၊ ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော်ကဲ့သို့သော အရပ်သားခေါင်းဆောင်များ၏ ညွှန်ကြား ချက်များကို စစ်ဘက်ခေါင်းဆောင်များက လိုက်နာကြရပြီး၊ ၎င်းတို့ထံ အစီရင်ခံခြင်းများ လုပ်ဆောင်ရသည်။ အာဏာချိန်ခွင်လျှာ ဖြစ်အောင် ထိန်းသိမ်းခြင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထိန်းကျောင်းခြင်းနှင့် စစ်အာဏာသိမ်းခြင်း သို့မဟုတ် အာဏာရှင် အုပ်ချုပ်ရေးကို တားဆီးပေးနိုင်သည့် သော့ချက်ကျသောကဏ္ဍတစ်ခု ဖြစ်သည်။
ကျေးရွာအဆင့်ဖြစ်ဖြစ်၊ ပြည်နယ်အဆင့်ဖြစ်ဖြစ်၊ ပြည်ထောင်စုအဆင့်ဖြစ်ဖြစ်၊ ရွေးကောက်ခံ ပြည်သူသည်သာလျှင် လက်နက်ကိုင်အဖွဲ့အစည်းထက် အာဏာပိုရှိရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့သည် ပြည်သူအကျိုးကို သယ်ပိုးပေးရမယ်။ ပြည်သူလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ ပြည်သူကို လက်နက်နဲ့ ခြိမ်းခြောက်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိယာမအရ မဏ္ဍိုင်ကြီး(၃)ရပ်မှာ စစ်ဘက်က အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အောက်မှာ တိုက်ရိုက်ရှိနေလို့ ဖြစ်ပါတယ်။
၂။ ချင်းပြည်နယ်ရဲ့ လွှတ်မြောက်နယ်မြေတချို့က Civil Supremacy နဲ့ ပြဿနာ။
ကျွန်တော် အရင်ရေးသားခဲ့ဖူးတဲ့ ဆောင်းပါးတွေမှာလည်း ဒီကိစ္စကို မီးမောင်းထိုးပြခဲ့ဖူး ပါတယ်။ အခုဆို ဒီအချက်က ပိုဆိုးလာပါတယ်။ “ပြည်သူ့အာဏာပိုင်အဖွဲ့အစည်း”(Civil supremacy)ဆိုတာ အမှန်အတိုင်းပြောရရင် ကျေးရွာအဆင့်ဖြစ်စေ၊ မြို့နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အထိ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ပြည်သူလူထုက သူတို့ကိုယ်စား ချုပ်ပေးဖို့၊ အများအကျိုးသယ်ပိုးပေးဖို့ လုပ်ပိုင်ခွင့်အာဏာ (သို့) အချိန်ကာလအကန့်အသတ်နဲ့အတူ သဘောတူခွင့်ပြုချက် ပေးထားသော လုပ်ပိုင်ခွင့် အာဏာ အကန့်အသက်/အတိုင်းအတာသတ်မှတ်ပေးထားတဲ့ အဖွဲ့အစည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
ချင်းပြည်နယ်က လွှတ်မြောက်နယ်မြေတချို့မှာ ပြည်သူက တိုက်ရိုက်ရွေးချယ်ထားတဲ့ သူတွေက ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တာဝန်ယူကြတာချည်း မဟုတ်ဘူး။ တချို့ကျေးရွာမှာ စကစကို တိုက်လည်း ဒီလူတွေပဲ၊ နယ်တချို့လွတ်မြောက်လာတော့ အုပ်ချုပ်ရေးတာဝန်ယူတဲ့သူကလည်း ဒီပုဂ္ဂိုလ်တွေကပဲ ဖြစ်ကြပါတယ်။ အစပိုင်းမှာ ပြဿနာ မ ဖြစ်သေးဘူး၊ ဒါပေမဲ့ နောက်ပိုင်းဆိုရင် လုပ်ပိုင်ခွင့်အာဏာအသုံးပြုမှုအပိုင်းမှာ ပြဿနာ စတင် တက်လာပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ မသေးကွဲတော့ဘူး။ အတူတူဖြစ်နေတယ်။
ဒါကြောင့် တချို့မှာ အများပြည်သူကို ကြိုတင် တိုင်ပင်ခြင်းမရှိဘဲ “ပြည်သူ့ သဘောထား” ဆိုပြီး မလိုအပ်တဲ့ ဥပဒေ/အမိန့်တွေ ထုတ်ပြန်လာကြတယ်။ ဒါကို တချို့ပြည်သူတွေက အချိန်မီ မသိနိုင်ခဲ့ကြဘူး။ ဒါ့အပြင် တချို့က ခြိမ်းခြောက်တဲ့အဆင့် ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာကြတော့ ပြည်သူ့ အဖွဲ့အစည်းလို့ခေါ်တဲ့ အဖွဲ့အစည်းက တခြား၊ တကယ့်ပြည်သူက သက်သက်စီ ထပ်ဆင့် ကွဲထွက်သွားတဲ့ အခြေအနေတွေလည်း ရှိလာပါတယ်။
ဒါကြောင့် “ပြည်သူ့အာဏာပိုင်အဖွဲ့အစည်း”(Civil supremacy)ဆိုတဲ့ “ပြည်သူသည်သာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ထက် အာဏာပိုရှိရမယ်၊ ပြည်သူ့ခေါင်းဆောင် အောက်မှာမှ CDF(local)စစ်ဦးစီးက ရှိရမယ်ဆိုတဲ့ အချက်တွေကို လက်ခံနိုင်စွမ်း မရှိတော့ဘဲ၊ ပြည်သူ့ အုပ်ချုပ်ရေးမှူးအဖွဲ့ကသာလျှင် လက်နက်ကိုင်ဦးစီးအောက်က လှုပ်ရှားရတော့တယ်။ ကျေးရွာ၊ မြို့နယ်အဆင့်မှာ တရားစီရင်ရေးနဲ အုပ်ချုပ်ရေးက သီးသန့်းစီသေချာ အကောင်အထည် ဖော်ဆောင်နိုင်မှ ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု လျော့နည်းသွားပါမယ်။ ဒါမှ အဖွဲ့အစည်းတွေ အကြားမှာ check and balance ကို အချင်းချင်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။
အခုချိန်မှာ ကျေးရွာ၊ မြို့နယ်အဆင့်မှာတောင် ဒီမိုကရေစီရဲ့ နိယာမတွေကို လက်တွေ့ အကောင်အထည် မဖော်ဆောင်နိုင်ဘူးဆိုရင် အနာဂတ်ကာလမှလည်း ဖက်ဒရယ်ဒီမိုကရေစီနိယာမတွေကို လက်တွေ့ ကျင့်သုံးဖို့ ခက်ခဲနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားက ဒီမိုကရေစီသက်သက်မဟုတ်ဘဲ ဖက်ဒရယ်နဲ့ ပေါင်းစပ်မှ တည်မြဲတဲ့ အမျိုးသားအားလုံး စုပေါင်းနေထိုင်ရှင်သန်တဲ့ နိုင်ငံတော်သစ်ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် ပြည်သူရော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကပါ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်တွေကို သေချာ နားလည်သဘောပေါက်ဖို့လည်း လိုအပ်လာပါတယ်။
အနစ်သာအရအနေဖြင့် ပြည်သူ့အာဏာပိုင်အဖွဲ့အစည်း”(Civil supremacy)က ကျေးရွာအဆင့်ဖြစ်စေ ခိုင်မာတဲ့ အင်စတီကျူးရှင်းဖြစ်မှ လက်နက်ကိုင်အဖွဲ့အစည်းသည် အများပြည်သူကို အမှုထမ်းပေးကာ အလုပ်အကျွေးပြုပေးပြီး၊ အာဏာပိုင်အဖွဲ့အစည်း ဆိုတာထက် အုပ်ချုပ်ရေးယန္တရားရဲ့ အကျိုးရှိရှိ အသုံးချရမယ့် အသုံးခံပစ္စည်းတစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။
ချင်းပြည်နယ်မှာ ဒီပြဿနာကို အမြန်ဆုံးပြန်လည်ဖြေရှင်းနိုင်မှ မပြီးမြောက်သေးတဲ့ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်ရင် ချင်းပြည်မှာ ချင်းလူမျိုး မျိုးနွယ်စုအချင်းချင်းတွေပဲ ပြန်လည်တိုက်ခိုက်နေမယ့် အဆင့်ဖြစ်လာနိုင်တဲ့အတွက် အားလုံးညှိနှိုင်းတိုင်ပင်ပြီး ပြည်သူ့အုပ်ချုပ်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ပေါင်းစပ်ကာ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ရှေ့ဆက်ကြဖို့ လိုအပ်ပါတယ်။