အင်တာဗျူး

PNLO/PNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

PNLO/PNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

(၁) စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်အကြာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် သီးခြားစီ ရပ်တည်သွားတော့မယ်လို့ ပြီးခဲ့တဲ့ရက်က နှစ်ဖက်ကြေညာချက် အသီးသီးထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်သလဲ။ ဗိုလ်မှူးကြီး ခွန်အောင်မန်းတို့ PNLO/PNLA အနေနဲ့ ရှေ့ဆက်သွားမယ့် မူဝါဒလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်တာ ရှိပါသလဲခင်ဗျ။

ကျနော်တို့ PNLO/PNLA ထုတ်ပြန်ကြေငြာချက်က သီးခြားရပ်တည်သွားမယ်လို့ မဆိုလိုပါဘူး။ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ၊ အဖွဲ့ချုပ်တွင်းအခြေအနေ၊ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှုပိုင်း ပြန့်ကျဲကွဲလွဲမှုတွေ ရှိနေလို့ ဦးဆောင်မှု ကျစ်လစ်စုစည်းမှုရှိအောင် ဗဟိုအမှုအလုပ်အမှုဆောင် အထူးအစည်းအဝေးကနေ ကာလတစ်ခုမှာ ဦးဆောင်ပေးဖို့ ခေါင်းဆောင်ကြီး(၅)ဦးကို တာဝန်ပေးကြောင်းဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားကို ရယူပြီး PNLO/PNLA ရဲ့ တတိယအကြိမ် ညီလာခံသက်တမ်း ကုန်ဆုံးတဲ့အထိ ခေါင်းဆောင်ကြီး(၅)ဦးက ဦးဆောင်သွားမယ့် အကြောင်း အသိပေးတာပါ။ အဖွဲ့ချုပ်ရဲ့ နဂို မူဝါဒလုပ်ငန်းစဉ်တွေ အတိုင်းဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အများဆန္ဒသဘောထားနဲ့ ခေါင်ဆောင်ကြီး(၅)ဦးကို တာဝန်ပေးတဲ့အပေါ် သဘောမတူလို့ အဖွဲ့ချုပ်ကနေ နုတ်ထွက်ကြောင်းကြေငြာပြီး သီးခြားရပ်တည်မယ်လို့ နာယကကြီး ပြောတာကတော့ သူ့ခံယူချက် သဘောထားပဲ ဖြစ်မှာပါ။

(၂) ဆီဆိုင်မြို့နယ်က တိုက်ပွဲတွေကြောင့် ပအိုဝ်းလူထုတွေကြားထဲမှာ အငြင်းပွားစရာဝေဖန်မှုတွေ ရှိနေတယ် လို့ သိရပါတယ်၊ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပအိုဝ်းလူထုတွေကြားထဲမှာ ဘယ်လိုမျိုးတိကျတဲ့ တော်လှန်ရေး အခင်းအကျင်းနဲ့ ဆက်လက်ချပြသွားဖို့ရှိသလဲခင်ဗျ။

လက်ရှိမြန်မာနိုင်ငံမှာ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးကို လူထုတစ်ရပ်လုံးပါဝင်ဆင်နွဲနေပြီး နိုင်ငံ အနှံ့မှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်။ ဆီဆိုင်မြို့နယ်က တိုက်ပွဲတွေလည်း တော်လှန်ရေးကျယ်ပြန့် လာတာနဲ့အတူ တော်လှန်ရေးလိုအပ်ချက်အရ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်လာတော့ ထိခိုက် ပျက်စီးမှုတွေ အနည်းနဲ့ အများရှိပါတယ်။ ထိခိုက်ပျက်စီးမှုတွေအတွက် စိတ်မကောင်းပါဘူး။ လူထုတစ်ရပ်လုံး ပါဝင်တဲ့ တော်လှန်ရေးမှာ ပအိုဝ်းပြည်သူတွေအနေနဲ့လည်း ပါဝင်ဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်အကျိုးစီးပွားကို ကာကွယ်တဲ့ဘက်နဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အစားထိုးလိုတဲ့ဘက်ဆိုပြီး ရှင်းရှင်းလင်းလင်းဖြစ်နေပါပြီ။ ပအိုဝ်းလူထုတွေအနေနဲ့ ကိုယ်ရဲ့အနာဂတ် ပအိုဝ်းအမျိုးသားနိုင်ငံရေးအခွင့်အရေးအတွက်၊ အမျိုးသားအကျိုးစီးပွားအတွက် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါတယ်။

(၃) စစ်ရေးအရ စစ်တပ်က ဆီဆိုင်မြို့ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တယ်လို့ ပြောဆိုမှုတွေအပေါ်မှာကော PNLO/PNLAနဲ့ ဘာများတုန့်ပြန်ပြောဆိုချင်ပါသလဲ။

စစ်ကောင်စီကတော့ လူထုတွေ အကြောက်တရားဝင်အောင် တော်လှန်ရေးကို မထောက်ခံရဲအောင် မြို့ရွာ တွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာပါ။ ဖျက်အားကြီး လက်နက်တွေလည်း စကစ ဆီမှာပဲရှိတာ ဖြစ်တယ်။ ဆီဆိုင်မြို့ဆိုလည်း ဒီလိုပဲရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာပါ။ စကစ အကြောင်းပြတာတော့ တော်လှန်ရေးအင်အားစုတွေ ဝင်လာလို့ ဒီလိုဖြစ်တာဆိုပြီး ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို ရန်တိုက်ပေးလိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ဖျက်ဆီးပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ထာပေါ့။

(၄) PNO/PNAက နောင်တရားမြို့နယ်လုံခြုံရေးအတွက် တပ်အင်အား ၁၀၀၀၀စုဆောင်းဖို့ ပြင်ဆင်နေတယ်လို့ ကြေညာထားပြီး စစ်သင်တန်းလည်းပေးနေတာလို့ သိရပါတယ်။ အဲဒီအပေါ်မှာကော ဘာများ သုံးသပ်ပြောဆိုချင်တာ ရှိပါသလဲ။

ပြည်သူ့စစ် PNO/PNA လုပ်ဆောင်ပုံတွေက တော်လှန်ပြည်သူတွေ၊ အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့ တွေက ပအိုဝ်းလူမျိုးကို စစ်ကောင်စီနဲ့တွဲမြင်ပြီး ပအိုဝ်းလူမျိုးကို ရန်သူလို့ထင်မြင်လာအောင် လုပ်ဆောင်နေ တဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ကိုယ့်ဒေသကိုကာကွယ်ဖို့ လို့ပြောပေမယ့် စစ်ကောင်စီနဲ့တွဲပြီး စစ်အာဏာ ရှင်စနစ်ကို ကာကွယ်ပေးသလို ဖြစ်နေတယ်။ ပြည်သူ့စစ်ဖြစ်တဲ့အတွက် စစ်ကောင်စီ အမိန့်အတိုင်း လုပ်ဆောင်နေရပြီး ရှမ်းမြောက်ဖက်၊ ကရင်နီဖက်ကို ပအိုဝ်းပြည်သူတွေမသိအောင် လျှို့ဝှက်ပြီး စကစ အတွက် စစ်ကူပို့ဆောင်နေတာတွေ ရှိတယ်လို့ သိရတယ်။ ပအိုဝ်းပြည်သူနဲ့ PNO/PNA ပြည်သူ့စစ်ကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်းမြင်ပေးဖို့ လိုပါတယ်။

(၅) ပအိုဝ်းမှာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ် လိုတယ်ဆိုပြီး အကြံပြုတိုက်တွန်းထားတာတွေ လည်း တွေ့ရပါတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်ပါသလဲခင်ဗျ။

ပုဂ္ဂိုလ်တစ်ဦးတည်းကို ဦးတည်တဲ့ခေါင်းဆောင်မှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ ပုဂ္ဂိုလ်ရေးအာဏာတည်ဆောက်မှု တွေကို မလုပ်ဆောင်ပဲ မူတွေကို အခြေခံတဲ့ ခေါင်းဆောင်မှုနဲ့ ယန္တရားစနစ်တွေကို တည်ဆောက်ပြီး မူအတိုင်း၊ စနစ်အတိုင်း ဦးဆောင်တဲ့ပုံစံမျိုး လိုပါတယ်။ လူငယ်တွေ၊ ပညာရှင်တွေ ပါဝင်တဲ့ ဦးဆောင်မှုမျိုး ဖြစ်သင့်ပါတယ်။

(၆) PNLO/PNLAနဲ့ PNFC လက်တွဲပြီး ဘယ်လိုလုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်နေတာမျိုး ရှိပါသလဲ။ ဘယ်မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေနဲ့ နောက်ထပ် မဟာမိတ်တော်လှန်ရေးအင်အားစုအသစ်တွေနဲ့ ဘယ်လိုမျိုးလက်တွဲပူးပေါင်းဆောင်ရွက်သွားမလဲ။

PNLO/PNLAနဲ့ PNFCက စစ်ရေးမှာ လက်တွဲဆောင်ရွက်ပြီး နိုင်ငံရေးမှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အား စုတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ အခြားကျနော်တို့နဲ့နယ်မြေအနေအထား အလှမ်း ဝေးတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာရှိသလို ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာအောင် ကြိုးစားလုပ်ဆောင်မှာ ဖြစ်ပါတယ်။

(၇)စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ပအိုဝ်းဒေသအပေါ် ဘယ်လောက်သက်ရောက်မှုရှိနေပြီ။ ဘယ်လိုယူဆပါသလဲ။

ပအိုဝ်းဒေသမှာ စစ်မှုထမ်းကိစ္စနဲ့ဆိုင်တဲ့ အခက်အခဲ(၃)ခု ခံစားနေရတယ်။ ပြည်သူ့စစ်PNO/PNAက စစ်မှုထမ်းခေါ်တာက တစ်ခု၊ စစ်မှုထမ်းဥပဒေက စစ်မှုထမ်းဖို့ခေါ်တာက တစ်ခု၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ခေါ်တာက တစ်ခုပါ။ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေက နိုင်ငံပြင်ပထွက်တာတွေရှိသလို ငွေကြေးပေးပြီး လူအစားထိုးတာတွေလည်း ရှိတယ်။ နိုင်ငံပြင်ပ ရောက်သွားတဲ့ လူငယ်တွေရဲ့မိဘတွေကို ပြည်သူ့စစ် မလုပ်တဲ့အတွက် လစဉ် ၃၀၀၀၀၀ကျပ်ပေးဖို့ တောင်းခံနေတာတွေ ရှိတယ်။ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကြေးတောင်းခံနေတာတွေလည်း ရှိတယ်။ ပြည်သူ့စစ်တွေ အင်အားစုဆောင်းမှုကြောင့် ဒုက္ခခံစားနေ ကြရတဲ့အပြင် အခြားသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးအရ အမြင်စောင်းတဲ့ ဒဏ်ကိုလည်း ပအိုဝ်းလူမျိုးတွေ ခံရတယ်။

(၈)ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောကြားပေးပါအုံးခင်ဗျ။

PNO/PNA ပြည်သူ့စစ်ကတော့ “PNO/PNA ပြည်သူ့စစ်ဆိုတာ ပအိုဝ်း၊ ပအိုဝ်းဆိုတာ PNO/PNA ပြည်သူ့ စစ်ပဲ”လို့ ပုံဖော်ချင်နေတယ်လို့ မြင်တယ်။ ဒါကြောင့် တော်လှန်ပြည်သူတွေ တော်လှန်ရေး အင်အားစုတွေ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအနေနဲ့ PNO/PNA ပြည်သူ့စစ်နဲ့ မလူးသာမလွန့်သာ ဖြစ်နေတဲ့ ပအိုဝ်းလူထုကို ကွဲကွဲပြားပြားမြင်ပေးဖို့ တောင်းဆိုလိုပါတယ်။

Related Articles

Back to top button