သတင်း

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၂၊ ၂၀၂၄

ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ ယမန်နေ့ စက်တင်ဘာလ ၂၁ရက်၊ ညပိုင်းအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု(Airstrike) ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ စက်တင်ဘာလ ၂၁ရက်၊ ည ၁၀နာရီ၊ ၁၅မိနစ်ဝန်းကျင်အချိန်နဲ့ ည ၁၀နာရီ၊ ၁၇မိနစ်ဝန်းကျင်အချိန်တို့မှာ လေကြောင်းကနေ ဗုံး၂လုံးလာရောက်ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး ရပ်ကွက် (၁၂)၊ အ.ထ.က(၃)အနီးရှိ ပြည်သူနေအိမ်ပေါ်ကို တစ်လုံး၊ ရပ်ကွက်(၁)ရှိ လားရှိုးမိုတယ်အနီး လမ်းမပေါ်ကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ထ၃နားက အိမ်ပေါ်ကို တစ်လုံး၊ လားရှိုးမိုတယ်ပေါ်ကို တစ်လုံးကျတာ။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပေမယ့် အိမ်ကတော့ တော်တော်လေးကိုပျက်စီးသွားတယ်။ ဘာမှရစရာမကျန်ဘူး။ ဂျက်ဖိုက်တာတွေလည်း အကြာကြီးပျံဝဲပြသွားတယ်။ ပြည်သူတွေအနေနဲ့ ရှောင်လို့ရရင် ရှောင်ထားစေ ချင်တယ်။ အခုချိန်က ဘာမှမကြောက်ရဘူး၊ လေယာဉ်ပဲကြောက်ရတာ။ အသက်ကလည်း ဘယ်သူမှ အပို ပါတာမဟုတ်ဘူးလေ”လို့ လားရှိုးဒေသခံတစ်ဦးက FJMMကို ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် တိမ်းရှောင်နေရသူတွေ ပြန်လည်စည်ကားလာစ ပြုနေတဲ့ လက်ရှိကာလမှာ ထပ်မံဗုံးကြဲချသွားခဲ့တာဖြစ်သလို စက်တင်ဘာလ ၂၃ရက်၊ မနက် ၁နာရီဝန်းကျင် အချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

MNDAAက NUGနဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာ၊ စစ်မြေပြင်တွေ ချဲ့ထွင်တာ၊ တောင်ကြီးနဲ့ မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ MNDAAထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-FJMM
ဓာတ်ပုံ-စောနေဝေစိုး

Related Articles

Back to top button