သတင်း

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးအတွက် အခြေခံသဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ အသိပေး

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးအတွက် အခြေခံသဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ အသိပေး

သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၉၊ ၂၀၂၄

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးအတွက် အခြေခံသဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ အသိပေးတိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ စုစုပေါင်း ၉ဖွဲ့က ဒီကနေ့စက်တင်ဘာလ ၁၉ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။

တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင် ပြင်ဆင်ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီညှိနှိုင်းမှုတွေကတဆင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism)နဲ့ စပ်လျဉ်းပြီး တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေ စုစုပေါင်း (၉) ဖွဲ့က အခြေခံသဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အချုပ်အချာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ အဲဒီပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ အတွင်းရှိ ပြည်သူလူထုတွေဖြစ်ပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသလို အချုပ်အချာအာဏာ၊ သွေးစည်းညီညွှတ်မှု၊ လူထုနဲ့ အနီးကပ်ဆုံးအာဏာ၊ အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေတာကို ဆောင်ရွက်မှာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC)၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP_AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)တို့က ပူးပေါင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#FJMM

Related Articles

Back to top button