သတင်း

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် အိန္ဒိယပြည်ပရေးရာ ၀န်ကြီးတို့ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းကိစ္စဆွေးနွေး

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် အိန္ဒိယပြည်ပရေးရာ၀န်ကြီးတို့ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းကိစ္စဆွေးနွေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၄၊ ၂၀၂၄
 
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့က ယမန်နေ့ညနေပိုင်းက နယူးဒေလီ မြို့မှာ တွေ့ဆုံပြီး မြန်မာစစ်ဘေးရှောင်နှင့် အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းကိစ္စကို ဆွေးနွေးခဲ့ ကြတယ်လို့ မီဇိုရမ် ဝန်ကြီးချုပ်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာကနေ အသိပေး သတင်းထုတ်ပြန်ထားပါတယ်။
 
Indian Civil Service အပတ်စဉ်တူ (batchmate) ဖြစ်ပြီးရင်းနှီးကြတဲ့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနဲ့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး Dr. S. Jaishankar တို့ဟာ နယူးဒေလီမြို့ရှိ အိန္ဒိယပြည်ပ ရေးရာရုံးခန်းမှာ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ဆုံခဲ့တာပါ။
 
တွေ့ဆုံမှုမှာတော့ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံနှင့် ထိစပ်နေသော အိန္ဒိယနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး ပိတ်ပင်မယ်ဆိုတဲ့ ကိစ္စနှင့် မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိနေတဲ့ မြန်မာ စစ်ဘေးရှောင် ကိစ္စတို့ကို အပြန်အလှန် သဘောထားပေးကာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
အိန္ဒိယနယ်စပ်တလျှောက်ကို ခြံစည်းရုံးခတ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကတော့ ယခုလက်ရှိအသုံးပြုနေသော အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းသည် ဗြိတိသျှ အစိုးရက အတင်းအဓမ္မပိုင်းခြား သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး မိမိတို့ ဇိုး(ချင်း) မျိုးနွယ်စုများအား ကွဲပြား ခြားနား စေခဲ့သည့် အတွက် ယခုနယ်စပ်မျဉ်း ပိုင်ခြား ပိတ်ပင်မှုကို လက်မခံနိုင်ကြောင်း အိန္ဒိယပြည်ပ ရေးရာ ဝန်ကြီးထံ ပြောဆို ခဲ့တယ်လို့ အသိပေးထားပါတယ်။
 
ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်တလျှောက်ကို ခြံစည်းရိုး ခတ်မည် ဆိုပါက ဇိုး(ချင်း) မျိုးနွယ်စုများ တကွဲတပြားပိုင်းခြားခဲ့သည့် ဗြိတိသျှအစိုးရ၏ နယ်နိမိတ် သတ်မှတ်ချက်ကို လက်ခံသည့် သဘော သက်ရောက်နိုင်သည့်အတွက် ၎င်းတို့အနေဖြင့် လက်ခံ နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောထားပါတယ်။
 
တဘက်က မီဇိုရမ်ပြည်နယ်ထဲကို ၀င်ရောက်ခိုလုံနေကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
 
အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံနယ်စပ်ချင်းက ကီလိုမီတာ ၁၆၄၀ ကျော်၊ မိုင်ပေါင်း ၁၀၂၀ နီးပါးထိစပ်နေပြီး မီဇိုရမ်၊ မဏိပူရ်၊ Nagaland နဲ့ Arunachal Pradesh ပြည်နယ်တွေမှာ လွတ်လပ်စွာသွားလာခွင့် စနစ်အရ နယ်စပ်ကူးသန်းခွင့်ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။
 
ဒါပေမယ့် အခုလို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ရင် နှစ်နိုင်ငံနယ်စပ်ဖြတ် ကုန်သွယ် ခွင့်နဲ့ ဆေးကုသခွင့် မရတော့မှာကို နယ်စပ်အနီး နေထိုင်သူတွေက စိုးရိမ်နေကြတယ်လို့ ဒေသတွင်း ချင်းသတင်းဌာနတွေမှာ ဒေသခံတွေက ပြောထားပါတယ်။
 
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေရဲ့ အဆိုအရ မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခိုလုံနေကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေဟာ ၃ သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။
 

ဓါတ်ပုံ – မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဖေ့စ်ဘုတ်။

Related Articles

Back to top button