သတင်း

လိုင်လင်းပီ စစ်တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

လိုင်လင်းပီ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၄၊ ၂၀၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက် နိုင်ခဲ့တယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင် တဲ့ CDF-Mara ဆီက သိရပါတယ်။

“ကျနော်တို့ တနင်္လာနေ့တုန်းက ချင်းအမျိုးသား တပ်မတော်(CNA)ရဲ့ ဦးဆောင်မှုနဲ့ သွားရောက် ဝိုင်းထားပြီး လက်နက်ချဖို့ သတိသွားပေးခဲ့တယ်။ ဒီကောင် (စစ်ကောင်စီ စစ်သား) တွေက လက်နက် မချဘူး လေယဉ်နဲ့ လာကယ် လိမ့်မယ် ဆိုပြီးပြောတော့ ကျနော်တို့ Drone အလုံး ၁၀၀ ကျော် ၂၀၀ နီးပါးနဲ့ ချပြီး လက်နက်ကြီး တွေပါသုံးပြီး တိုက်ခဲ့ရတယ်” လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ CDF-Mara တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက အတည်ပြု ပြောဆိုပါတယ်။

လိုင်လင်းပီ တပ်စခန်းသိမ်း တိုက်ပွဲကိုတော့ ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်ပြီး CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၄ ရက်မြောက်နေ့ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာပါ။

လိုင်လင်းပီ စစ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ သလို ဗိုလ်မှူး အဆင့် အရာရှိ တဦးအပါအဝင် စစ်သားတချို့ သေဆုံးမှု ရှိတယ်လို့ ပြောပေမယ့် စစ် သား အများစုကလည်း ထွက်ပြေး သွားကြတာကြောင့် အချက်အလက် စီစစ်ပြီး နယ်မြေရှင်းလင်း ရေးပြုလုပ်ပြီးမှတာ ပြန်လည် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့တာကြောင့် ပူပေါင်းအဖွဲ့က ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လိုင်လင်းပီ စစ်တပ်စခန်းဟာလည်း အထိုင်ချစခန်းကြီးတခုဖြစ်ပြီး စစ်အင်အား ၃၅ ဦးဖြင့် လုံခြုံရေး ယူထားတဲ့ တပ်စခန်း ဖြစ်သလို အဲဒီထဲက CDM ပြုလုပ်ကာ ဘက်ပြောင်းခဲ့တဲ့သူ စစ်သား ၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

အခုတော့ လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ထိန်း ချုပ် ထားနိုင်​ပြီ ဖြစ်သလို နယ်စပ် ရိဒ်ခေါဒါရ်မြို့ကိုလည်း ထိန်း ချုပ်နိုင်ပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button