တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 75, September 17, 2024)

၁။  ဆိုင်းတောင်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲကာ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံ ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ
 September 16, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာနှင့် ဖားပြင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၂နာရီ ၂၅ မိနစ်ခန့်မှစတင်၍  ဖားကန့်မြို့နယ် ဆိုင်းတောင် ရပ်ကွက် (၃)၊ ရပ်ကွက်(၄) နှင့် ဖားပြင် ဆုတောင်းကုန်းဘက်သို့ လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင်နေ့လယ် ၁ နာရီကျော်ခန့်က ဖားကန့်ဗျူဟာမှလက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက် သည့်အတွက် ငှက်ပျောတောရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပြီး ဒေသခံ နှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ “ဗျူဟာကုန်းကပစ်တာ၊ ငှက်ပျောတောနဲ့ မှော်တောင်းရွာဘက်ကလူတွေထိတယ်ပြောတယ်။ လေယာဉ်က လက်နက်ကြီးပစ်ပြီးတာနဲ့ တန်းကြဲတာ။ နှစ်ကြိမ်လာကြဲတယ်။ ဖားပြင်ဘက်လည်း ကြဲသွားတယ်”ဟု ဖားကန့် ဒေသခံတစ်ဦး က ပြောသည်။

ဖားကန့် ဆိုင်းတောင်ကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ မနက် ၁ နာရီခန့်က ခမရ-၁၁၉မှ ဗိုလ်မှူး သက်ပိုင်ထွန်း ဦးဆောင်သည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါအဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး Lucky Man Hotel အတွင်းရှိ လူ ၂၀၀ကျော်ကို ဖမ်းဆီးပြီး ကျောက်သွေးတောင်ဘက်မှပါ စစ်ကြောင်းထိုးလာရာမှ ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက PCG ခေါင်းဆောင်၏ ဆွေးနွေး ညှိနှိုင်းမှုကို လက်မခံဘဲ ဓားစာခံ ဖမ်းထားသူများကို ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်သလို နေ့စဉ်နေလှန်းကာ ရိုက်နှက်နှိပ်စက်မှုများပြုလုပ်နေပြီး တပ်စွဲထားရာအနီး ဖြတ်သန်းသွားလာသူများကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီ၏ ဆိုင်းတောင် ရဲစခန်းကို KIA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဆိုင်းတောင်ကျေးရွာ အတွင်းသို့မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီထိ လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ Read in Full

၂။ ကျိန္တလီမြို့ရှိ အသက်မပြည့်သေးသည့် ချင်းလူငယ် ၃ ဦး ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ
 September 16, 2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဂန့်ဂေါ်တောင်ကျေးရွာရှိ အသက်မပြည့်သေးသည့် ချင်းလူငယ်သုံးဦး ဖမ်းဆီးခံရ ပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်နှင့် နီးစပ်သူထံက သိရှိရသည်။ ဂန့်ဂေါ်တောင်ကျေးရွာအနီးတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့က ၎င်းကျေးရွာတွင်းသို့ ဝင်ရောက်၍ ရိုက်နှက်စစ်ဆေးစဉ် ချင်းလူ ငယ်သုံးသည် ကြောက်လန့်၍ ထွက်ပြေးရာ ရွာပြင်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ချင်းလူငယ် သုံးဦးကို ကုလား ပြင်ကျေးရွာရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကြားသိရသော် လည်း မိသားစုဝင်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အဆက်သွယ် ပြတ်နေကြောင်း သိရှိရသည်။ “ကလေးတွေက အဖမ်းခံရကတည်းက အဆက်သွယ်မရသေးတာပါ။ အဖမ်းခံရတုန်းက ကုလား ပြင်ရဲစခန်းမှာ ထိန်းသိမ်းခံရတယ်လို့ဘဲကြားတယ်။ ဒါပေမဲ့ အဲ့မှာရှိ၊ မရှိမသိရဘူး။ အဆက်သွယ်မရဘူး။ သေသလား ရှင်သလား ပေါ့။ မိဘတွေက စိတ်ပူနေကြရတယ်”ဟု  ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် ချင်းလူငယ်သုံးဦးသည် အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ်များဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုအရင်းများဖြစ်ကြောင်းသိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဝင်ရောက်စစ်ဆေး ရိုက်နှက်မှုကြောင့်ဂန့်ဂေါ်တောင်ကျေးရွာရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ “လူငယ်သုံးယောက် အဖမ်းခံရပြီး နောက်ပိုင်း လည်း စစ်သားတွေက ရွာထဲမကြာခဏ ဝင်ရောက်ပြီး စစ်ဆေးမှုတွေလုပ်တယ်။ ဖမ်းဆီးမှုတွေလည်းရှိသေးတယ်။ အခုရွာသား တွေက ရွာထဲမနေရဲတော့ဘဲ တောတောင်ထဲထွက်ပြေးကုန်ပြီ”ဟု  ဒေသခံတစ်ဦးက ပြော သည်။ ဂန့်ဂေါ်တောင် ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။ အလား တူ ယခုလပထမအပတ်ကလည်း ဂန့်ဂေါ်တောင် ကျေးရွာရှိ ချင်းအမျိုးသား ခြောက်ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ အဆက် သွယ်မရသေး ကြောင်း ဒေသခံများထံက သိရှိရသည်။ Read in Full

၃။ သီပေါမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ
 September 16, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ကိုးနာရီကနေ ဆယ်နာရီအထိ စစ်ကောင်စီက Y12 လေယာဥ်နဲ့ ဗုံး အလုံး ၅၀ ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို့ရဲ့ အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာ ပြည်သူ့ ဥယျာဥ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်နေ့ ညကလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် သီပေါမြို့ ဇတ်စုရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် သီပေါမြို့မှာ ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း စတင်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ သီပေါတံတားနဲ့ မြို့အတွင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးနောက် သီပေါမြို့ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့ပေါ်နေရာအားလုံးကို TNLA တပ်ဖွဲ့က ထိန်းချုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက် အဦတွေအပါအဝင် ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ အများအပြားရှိနေတယ်လို့ TNLA က ထုတ်ပြန်ထားပါ တယ်။ Read in Full

၄။ ကရင်နီနယ်စပ်တွင်ဖြစ်ပွားသည့် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ
 September 16, 2024
ကရင်နီ-ရှမ်းတာင်နယ်စပ်ရှိ လွိုင်လင်လေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်နီတော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ သုံး ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကရင်နီအမျိုးသားများလွတ် မြောက်ရေးတပ်(KNDF) ကထုတ် ပြန် ထားသည်။ စစ်ကောင်စီတပ်မှ တပ်စွဲစခန်းချထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းလေးတာဝါတိုင်ကုန်း တို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ လေး ရက်ကြာ တိုက်ပွဲများအပြင်း အထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၂၄ လက်နှင့် ခဲယမ်း မျိုးစုံကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

“ခုရက်ပိုင်းအတွင်းမှာတော့ တိုက်ပွဲကနည်းတယ်ပေါ့နော်။ တိုက်ပွဲမရှိဘူး။ စစ်ကောင်စီက လက်နက် ကြီးနဲ့ တစ်ချက် တစ်ချက် ထပစ်တာလောက်ပဲရှိတယ်” ဟု KNDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ ထိခိုက်‌သေဆုံးမှုများသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု များအပြင် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လွိုင်လင်လေးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင်လက်ရှိအချိန်အထိ လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင် လမ်းမကြီးတစ်လျှောက်တွင် တော်လှန် ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုများ ရံဖန်ရံခါ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် KNDF က အသိပေးထားသည်။ ထိုသို့ စစ်ရေးအခြေအနေ များ အပြင် ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာ ၁၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားနေပြီး ရေကြီး ရေလျှံမှုများ မြေပြိုမှုများဖြစ်ပွားနေသည့်အတွက် အထူးသတိရှိကြပါရန်လည်း ထုတ်ပြန်ထားသည်။  

၅။ တနင်္သာရီလမ်းပိုင်းကို ညပိုင်းဖြတ်သန်းမသွားကြရန် ပကဖ သတိပေးထုတ်ပြန်
 September 16, 2024
မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်လမ်းဆုံမှစပြီး တနင်္သာရီမြို့နယ် လမ်းမကြီးတစ်လျှောက်ကို ညဘက်ဖြတ်သန်းသွားလာခြင်းမပြုရန် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။ ခရီးသည်ကားများ၊ ကုန် ကား များ၊ အိမ်စီးကားများအပါအဝင် မည်သည့်ယာဉ်မဆို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်း သွားလာခြင်းမပြုကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလမ်းပိုင်းရှိ ကြေးနန်းတိုင်ရွာမှ တုန်း‌ဗျောကျေးရွာအထိကို စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လမ်းပိုင်းစစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံ ဏကြီးကပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ကုန်ကား၊ အအေးခန်းကားများတွင် အရပ်သားအယောင်ဆောင်ပြီး လိုက် ပါလေ့ရှိကြောင်းလည်း ၎င်းကပြောဆိုသည်။“ညအချိန်မှာလည်း(စစ်ကောင်စီတပ်သားတွေ) ကားမီးတွေပိတ်ပြီး တက်လာတာ တွေရှိတယ်။ ဒါကြောင့်ပြည်သူတွေကို သတိပေးတာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် တွင်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ နေ့ဘက်တွင်သွားလာပါက ကားမှန်များချထားပေးရန်၊ ကုန်တင်ကားများ တာလပတ်များ ဖွင့်ထားပေးရန်လည်း သတိပေးထားသည်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်ပါက ခရီး သွားပြည်သူများအန္တရာယ်ကင်းနိုင်ကြောင်း ဏကြီးကပြောဆို သည်။“ထုတ်ပြန်ချက်မှာပါတဲ့အချက်တွေကို ပြည်သူတွေအနေနဲ့ ထိထိရောက်ရောက် လိုက်နာပေးပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။ Read in Full

၆။ မင်းတပ်ခလရ-၂၇၄ တပ်ရင်းအနီးရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီကမီးရှို့၍ ပစ်ကွင်းရှင်းနေ
 September 16, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ခလရ-၂၇၄ တပ်ရင်းအနီးရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ခံစစ်ပြင်ပစ်ကွင်းအဖြစ် ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မင်းတပ်မြို့အနောက်ရပ်ကွက်၊ လှေးကောင်းလမ်းခွဲအနီးရှိ ဒေသခံများ၏ နေအိမ် ရှစ်လုံးကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် ဘုရင့်နောင်လမ်းခွဲအနီးရှိ ဒေသခံများ၏ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ” ပထမမီးရှို့တဲ့ အိမ်တွေကလည်း ခလရ-၂၇၄ တပ်ရင်းနဲ့နီးတယ်။ အခု ဘုရင့်နောင်လမ်းခွဲ ဆိုလည်း ၂၇၄ တပ်ရင်းနဲ့ နီးနီးလေး၊ ကားလမ်းမကြီးကနေအပေါ်ကို နည်းနည်းလေးပဲတက်ရတယ်။ စစ်ကောင်စီရဲ့ အကျင့် အတိုင်းပေါ့ဗျာ တိုက်ပွဲတွေနီးလာရင်၊ ကာကွယ်ရေးရဲဘော်တွေသူတို့စခန်းလာတိုက်ရင် ပစ်ကွင်းရှင်းအောင် ရှို့တဲ့သဘောပါ”ဟု မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန်​နေ့က ဒေသခံနေအိမ်များ မီးရှို့မခံရမီ ညနေပိုင်းတွင် ဘုရင့်နောင် လမ်းခွဲအနီး၌ စစ်ကောင်စီနှင့်ဒေသကာကွယ် ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်းသိရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ CDF(မင်းတပ်) ပြောရေးဆိုခွင့်ရှိသူထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီမြို့ကို ၂၀၂၄ခု၊ ဇွန်လ၂၉ရက်တွင် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် သြဂုတ်၂၈၊ ၃၁ရက်နှင့် စက်တင်ဘာ၃ရက်နေ့တို့တွင် မင်းတပ်မြို့၊ ခလရ-၂၇၄ တပ်ရင်းအနီးသို့  Y-12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာအထုပ်များကိုချပေးခဲ့ပြီး  ခံစစ်ပြင်ဆင်လာခြင်းဖြစ်သည်။ ” စစ်တပ်ကခံစစ်ပြင်နေတာအပြင် မြို့ထဲ က မထွက်တဲ့ ပြည်သူတွေကြားမှာ ခွေး(စကစ)တွေက ရောနေနေတာရှိတယ်ဗျ။ ရခိုင်ပြည် နယ်၊ တောင်ကုတ်တိုက်ပွဲမှာလည်း သူတို့(စကစ)အဲ့ဒီလိုနေပြီး စစ်သားတစ်ယောက်ကျတိုင်း ပြည်သူတစ်ယောက်ကို ဝရံတာထုတ်ပြီး သတ်ပြတာမျိုးရှိတယ်။ အခုလည်း အဲ့ဒီဗျူဟာကိုသုံးလာမယ်လို့ထင်တယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ လက်ရှိတွင် မင်းတပ်မြို့​ပေါ် ဒေသခံအများစုအနေဖြင့် ဘေးလွတ်ရာသို့ရှောင် တိမ်းနေကြပြီး  ပြည်သူသုံးရာခန့်သာ မြို့ပေါ်၌ ကျန်ရှိတော့ ကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြော သည်။ ” မြို့ထဲကတော့ သူတို့(စကစ)နဲ့ပတ်သက်တဲ့ လူတွေလောက်ပဲရှိ တော့တာပါ။ မြို့အစွန်အဖျားတွေကတော့ ဘယ်ကိုမှမထွက်နိုင်တဲ့ အဆင်မပြေတဲ့လူအချို့လောက်ပဲ ကျန်တာ။ အကုန်လုံးဆို ရင်တော့ သုံးရာကျော်လောက်ပဲရှိမယ်ထင်တယ်”ဟု ၎င်းကဆိုသည်။ Read in Full

၇။ စစ်ရေးဖော်ဆောင်လာ၍ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နုတ်ထွက်
 September 16, 2024
NCA ကို ချိုးဖောက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်ဟုဆိုကာ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (ခွဲထွက်) PNLO (AD) မှ အပြီးအပိုင်နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ PNLO ခွဲထွက်အဖွဲ့ကို လက်ရှိ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်နေပြီး မလွှဲမရှောင်သာ တာဝန်ရှိလာသည့် အတွက် နုတ်ထွက်ရခြင်းဖြစ် ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ” NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် လက်ရှိဥက္ကဌဖြစ်သူသည် စုပေါင်းဦးဆောင်မူ- အရမဟုတ်ဘဲ တဦး တယောက်သော သဘောထားဆန္ဒဖြင့် “မူဝါဒ” အလွှဲသုံးစားပြု လုပ်သည့်အတွက် NCA မှ သွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက် ခိုက်မှုများပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC ကို ရန်သူသတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း” တို့ကြောင့် နုတ်ထွက်ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ၂၀၀၉ ခုနှစ်၊ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော အမျိုးသားညီလာခံ တရပ်မှနေ၍ PNO- မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင် (PPLO) နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်အင်အားစုများသည် အခြားပအိုဝ်းအင်အားစုငယ်များဝန်းရံလျှက် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းပြီးနောက် PNLO သည် ပအိုဝ်းအမျိုးသားတော်လှန်ရေးနှင့် ပအိုဝ်အမျိုးသားနိုင်ငံရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နိုင်ရုံမျှမက၊ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော်အဆင့် နိုင်ငံရေးလုပ်ငန်း များတွင် တက်ကြွစွာပါဝင်ခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့် အပစ်ရပ် စာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၅- မတ်လ (၁၅) ရက်နေ့တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထို့ကြောင့် PNLO အဖွဲ့သည် တရားဝင် အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သော်လည်း လက်ရှိတွင် ဥက္ကဌဖြစ်သူ ခွန်သူရိန်သည် NCA ကို ချိုးဖောက်ပြီး စစ်ကောင်စီကို စစ်ရေးဖော်ဆောင်လာသည်ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ဆိုသည်။ ထို့ကြောင့် မူလ PNLO/ PNLA ၏ ဦးဆောင်နာယက တစ်ဦးနေနှင့် မလွှဲမရှောင်သာ တာဝန်ရှိလာ သည့်အပေါ်တွင် လက်ရှိ ခွန်သူရိန် ဦးဆောင် (PNLO-ခွဲထွက်) အဖွဲ့မှ အပြီးအပိုင်နှုတ်ထွက်လိုက်ပါကြောင်း ဆုံးဖြတ်လိုက်ရပြီး နောက်နောင် PNLO (ခွဲထွက်) ၏ လုပ်ဆောင်မှုအဝဝသည် လုံးဝသက်ဆိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ PNLO ဥက္ကဌများအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့က ၂၀၀၉-ခု မှ ၂၀၂၃ အထိ အလှည့်ကျ တာဝန်ယူခဲ့ကြကြောင်း သိရသည်။ Read in Full

၈။ စစ်တွေ ရွှေပြည်သာနှင့် ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်နေ
 September 16, 2024
ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများ အားလုံး စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ် ဝင် တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “၁၄ ရက်နေ့က ခေါ်ပြီးပြောတယ်။ အိမ်တွေကိုလည်း လိုက်လံပြောတယ်။ ဒီမှာနေလို့မရဘူးတဲ့။ ၂ ရက်အချိန်ပေးမယ်လို့ ပြောတယ်။ ၂ ရက် အတွင်း အပြီးထွက်ကြရမယ်။ အိမ်တွေရော ဖြိုချပြီးယူချင်ရင် ယူသွားကြလို့လည်း ပြောတယ်။ အဲ့ဒါကြောင့်ပဲ ထွက်လာကြရ တာ” ဟုပြောသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများမှာ မတည်ငြိမ်သည့် စစ်တွေမြို့အခြေနေကြောင့် တစ်ခြားဒေသ များသို့ အများအပြားတိမ်းရှောင်သွားကြပြီဖြစ်ကာ ကျန်ရှိနေသည့် ရပ်ကွက်တွင်းနေထိုင်သူများကိုပါ စစ်ကောင်စီတပ်မှ ထပ်မံ နှင်လာခြင်းဖြစ်သည်။ ရွှေပြည်သာနှင့် ကပ်လျှက်ရှိသည့် ကျေးတောက ရွာသားများမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး စစ်ကောင်စီမှ အတင်းအဓမ္မ နှင်ထုတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။ ကျေးတော ရွာသားတစ်ဦးက ” ဘာအကြောင့်ပြချက်မှ မရှိဘဲ ကိုယ့်အိမ်မှာကိုယ့်နေလို့ တခြားနေရာကို ရွှေ့ခိုင်းတယ်။ မပြောင်း ရွှေ့ရင် ဖမ်းမယ်ဆီးမယ်ဆိုပဲ။ ဒါက နှင်ထုတ်တာပဲ။ ရွှေပြည်သာလည်း အဲဒီလိုကြားရတော့ စိတ်မကောင်းဘူး။ စစ်တွေမြို့ထဲမှာ အိမ်ရှိ တာလည်းမဟုတ်ဘူး။ ဘယ်မှာ သွားနေရမှာလဲ။ တော်တော် စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ” ဟု ပြောသည်။

လက်ရှိတွင် ရွှေပြည်သာနှင့် ကျေးတောရွာသားများမှာ စစ်တွေမြို့တွင်းသို့ ဝင်ရောက်လာကြရပြီဖြစ်ကာ ဘုန်းတော် ကြီး ကျောင်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုကပ်၍ နေထိုင်ကြရသည်ဟု ရွာသားများက ပြောဆိုကြသည်။  နောက်ထပ် ရွှေပြည်သာ ဒေသခံတစ်ဦးက “စစ်တွေမြို့တွင်းဘက်ကိုပဲ ဝင်လာရပါတယ်။ တချို့လည်းနီးစပ်ရာတွေမှာ နေကြတယ်။ တချို့ လည်း ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာကလည်း စစ်ဘေးရှောင်တွေ တည်းခိုနေ ကြတာများတော့ တချို့ကျောင်းတွေမှာဆို လက်မခံကြတာတွေလည်းရှိတော့ နေထိုင်စားသောက်ရေးအခက်ခဲတွေ အများကြီးရှိ ကြပါတယ်”ဟု ပြောသည်။ စစ်ကောင်စီသည် တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ဒေသခံပြည်သူများကို ရွှေ့ပြောင်းချင်တိုင်းရွှေ့ ပြောင်းနေပြီး နေရာ၊ ထိုင်ခင်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်တို့သည် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း ဆတ်ရိုးကျတံတား အနီးတွင်ရှိပြီး အပြစ်မဲ့အရပ်သား ၁၀၀ ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော ဗျိုင်းဖြူကျေးရွာနှင့်လည်း နီးသည့်ရပ်ကွက်များ ဖြစ်ကြသည်။ ရွှေပြည်သာနှင့် ကျေးတောရပ်ကွက်မှာ စစ်ကောင်စီက ယခင်ကတည်းက လုံခြုံရေးဂိတ်များ ချထားပြီး ပြီးခဲ့သည့်လကစ၍ ဂိတ်များ ထပ်တိုး ထားကာ ကျေးရွာအတွင်း တပ်စွဲနေထိုင်နိုင်ရန် ရွာသားများကို နှင်ထုတ်ခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။  Read in Full

၉။  ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ
 September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ် ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး  ဒေသအတွင်း ရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့် တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့  သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။  ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။  မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါ တယ်။“အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာ ရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါ တလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာ ပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျ အုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။  ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေး ကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက် ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက် လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက် တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက် တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကို တရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။  Read in Full

၁၀။ နေရပ်မပြန်နိုင်သေးတဲ့ ဖားဆောင်းစစ်ဘေးရှောင်တွေ နေ့စားအလုပ်လုပ်ပြီး ဝမ်းရေးဖြေရှင်းရ
 September 16, 2024
ဖားဆောင်းမြို့တိုက်ပွဲကြောင့် မယ်စဲ့မြို့နယ်အတွင်းကို တိမ်းရှောင်နေကြတဲ့ ဖားဆောင်းစစ်ဘေးရှောင်တွေဟာ နေရပ် မပြန်နိုင်သေးတာကြောင့် ကျေးရွာခံတွေရဲ့အလုပ်တွေမှာ နေ့စားလိုက်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက မြို့တွင်းဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကွက်သစ်၊ နမ့်ဟူးကုန်းနဲ့ မြို့တွင်း က ပြည်သူ အများစုဟာ မယ်စဲ့မြို့နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်တွေအတွက်အဖွဲ့အစည်း တစ်ခုကနေ ဆန်၊ ဆား နဲ့ ကုလားပဲ ကို လစဉ် ထောက်ပံ့ပေးတာရှိပေမဲ့ တခြားလိုအပ်တာတွေကိုတော့ ကျေးရွာခံတွေရဲ့ နေ့စား အလုပ်လုပ်ရင်း ဖြေရှင်းနေရတာပါ။“တခြားအလုပ်ဘာအလုပ်မှ မရှိဘူး။အခု ကျနော်တို့ ဒီမှာနေတယ် ဒေသခံတွေ စိုက်တဲ့ နှမ်းခုတ်တဲ့ချိန် စိုက်ရတယ်။ နှမ်းပေါင်းလိုက်ချိန် နှမ်းခါတဲ့ချိန် အဲ့ဒါလေးတော့ ခေါ်တယ်။” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့အစောပိုင်းကာလမှာ စားဝတ်နေရေးအတွက် လာရောက်လှူဒါန်းပေးတဲ့ အဖွဲ့အစည်း တွေရှိပေမယ့် ယခုလက်ရှိ စစ်ရှောင်ကာလ (၇)လကြာမြင့်လာချိန်မှာတော့ လှူဒါန်းပေးတဲ့ အကူအညီတွေ လျော့နည်းလာတယ် လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ တော်တော်တော့ ပြတ်လပ်သွားမယ် (စားနပ်ရိက္ခာများ)။ အလုပ်အကိုင်အခွင့်အလမ်း က လည်း ဘယ်သူမှထွက်ပြီး လုပ်ကိုင်တာမရှိတဲ့အခါ‌ကျတော့ အကုန်လုံး ဒီဆန်တွေမှ မရတော့ဘူးဆိုရင်တော်တော်လေး ပြဿနာ ကြီးကြီးမားမားဖြစ်သွားနိုင်ပြီး စားဖို့သောက်ဖို့အဆင်မပြေတာ အထိ ဖြစ်သွားနိုင်တယ်ပေါ့။” လို့ စစ်ရှောင် ကော်မတီဝင်တစ်ဦး က ပြောပါတယ်။ ကျေးရွာခံတွေရဲ့ နေ့စားအလုပ် လုပ်ကိုင်ဖို့ကို စစ်ရှောင်အုပ်စု ငါးအုပ်စုခွဲထားပြီး အလှည့်ကျ သွားခိုင်းရတယ် လို့လည်း သိရပါတယ်။ အဆိုပါစစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ (၈၀၀) ကျော် ရှိပြီး နေရပ်မပြန်နိုင်သေးတာကြောင့် ရေရှည် စားဝတ်နေရေးအတွက် စိတ်ပူပန်နေရတယ်လို့ ဆိုပါတယ်။ Read in Full

၁၁။  ပြန်လည်ထူထောင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG KNU KNPP နှင့် CNF တို့ ပူးတွဲကြေညာ
 September 17, 2024
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG၊ KNU၊ KNPP နှင့် CNF တို့က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန် သည်။ (၃)ရက်ခန့် ရေကြီးရေလျှံခြင်းနှင့် ဆည်များမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့ တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပူး ပေါင်းအဖွဲ့က အသိပေးထားသည်။ ရေလွှမ်းမိုး မှု ဘေးကြောင့် လူဦးရေ (၇)သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိခိုက်ပျက် စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဝန်ကြီးဌာန (MoHADM)၊  တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိ ကြောင်း အသိပေးထားသည်။ မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်း ကျင် သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက် အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူ အညီများကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးရန် ပူးပေါင်းအဖွဲ့က တောင်းဆိုထား သည်။ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်းနှင့် နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေး နှင့် စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ရန် တောင်းဆိုထားသည်။ ရေဘေးသင့်ပြည်သူ များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံ တွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်း နှိုးဆော်ပေးခြင်းများ လုပ် ဆောင်ပေးရန် ပူးပေါင်းအဖွဲ့က တောင်းဆိုသည်။ NUG ၊ KNU ၊ KNPP နှင့် CNF တို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက်ဆက်တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသား ပြည်သူ တရပ်လုံးနှင့် တသားထဲ ရပ်တည်လျက်ရှိပြီး၊ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်းထပ်တူ စာနာကြောင်းနှင့် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ ရှင် ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ Read in Full

၁၂။ ကျိုက္ခမီမှာ ဝမ်းရောဂါကြောင့် လှေလုပ်သား ခြောက်ဦး သေဆုံး
 September 16, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ၀မ်းရောဂါကြောင့် ငါးဖမ်းစက်လှေလုပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျိုက္ခမီမြို့မှာ စက်တင်ဘာလ ပထမပတ်ကစလို့ ပင်လယ်ပြင် ငါးဖမ်းစက်လှေသမားတွေနဲ့ ကျားဖောင်လုပ်သားတွေ ၀မ်းရောဂါကူးစက်မှု ရှိလာပြီး သေဆုံးမှုတွေအထိ ရှိလာတာပါ။  သေဆုံး သူတွေဟာ ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရင်း ဝမ်းရောဂါ ကူးစက်ခံရတဲ့ လှေလုပ်သားတွေလို့ ကျိုက္ခမီမြို့ ခံတစ်ဦးက ပြောပါတယ်။ “၀မ်းပျက်ပြီးဆုံးသွားတာကခြောက်ယောက်ရှိပြီ။ ၀မ်းပျက်၀မ်းလျှောဖြစ်တော့ သူတို့သောက်တဲ့ရေတွေကလည်း မသန့်တော့ လှေပေါ်မှာလည်း ဆေးတွေကမရှိတော့ ၀မ်းသွားရင်းနဲ့ကမ်းရောက်တဲ့အချိန် အသက်ကမရှိတော့ဘူး။ ဆေးမမီ တာလည်း ပါတယ်။ လှေ သုံးစင်း၊ လေးစင်းလောက်ရှိတယ်။ အဲဒီက လှေလုပ်သားတွေ။ အဲဒီလှေတွေကို ပင်လယ်အနီးနားမှာပဲ ကျောက်ချရပ်ခိုင်းထားတယ်” ၀မ်းရောဂါဖြစ်ပွားခဲ့တဲ့ လှေတွေပေါ်က လှေလုပ်သား ၈၃ ဦးကို ကျိုက္ခမီဆေးရုံမှာ စစ်ဆေးခဲ့ပြီး  အဲဒီအထဲက လှေလုပ်သား ၁၂ ဦးကတော့ စောင့်ကြည့်ကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။

ကျိုက္ခမီမြို့တွင်းမှာတော့ ၀မ်းရောဂါ ကူးစက်မှု မရှိသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ကစပြီး မြို့တွင်းက အစားအသောက်ရောင်းချတဲ့ ဈေးဆိုင်တွေကို ဆယ်ရက်ကြာ ယာယီပိတ်သိမ်းဖို့ စစ်ကောင်စီရဲ့ သံဖြူဇရပ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ရှိလာတဲ့အတွက် ငါးဖမ်းလှေတွေနဲ့ ပင်လယ်ကမ်းနားက ငါးခြောက်လုပ်ငန်း နေရာတွေမှာလည်းပိုးသတ်ဆေးဖျန်းတာနဲ့ ကလိုရင်းခတ်တာတွေ လုပ်ဆောင်ပေးနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။ Read in Full

၁၃။ မတူပီမြို့တွင် CDM ကျောင်းဆရာမတစ်ဦး နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ
 September 16, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ် တွင် စစ်ဘေးရှောင်ရာမှ နေရပ်ကိုပြန်လည်နေထိုင်သော CDM ကျောင်းဆရာမ တစ်ဦးသည် ယနေ့မနက်ပိုင်းတွင် ၎င်း၏နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသူမှာ မတူပီမြို့ပေါ်၊  ရှစ်လမ်းဆုံရှိ မန်ဒီးဧည့်ရိပ်သာပိုင်ရှင်၏ သမီး၊  အသက် ၄၆ နှစ်အရွယ် ဒေါ်-တလန်ဒိန်း (Pi Tlang Ding) ဖြစ်ပြီးနေအိမ်တွင် သေဆုံးနေသည်ကို ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ “  ဒီမနက် သွားနှိုးတဲ့အခါမှာ အသက် မရှိတော့ဘူးလို့ ပြောတာပဲ၊ ဒါပေမဲ့ သူ့မှာ ဒါဏ်ရာရရှိတာမျိုးတော့ ဘာမှမတွေ့ဘူးလို့ပြောတယ်။ သူတို့ အဓိကထင်တာ ကတော့ သူ့မှာ သွေးတိုးအခံရှိတော့ သွေး‌တိုးကြောင့်ပဲ ‌ဆုံးသွားတာဖြစ်မယ်လို့ပဲ ထင်ကြ တယ်။” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သော ဒေါ်-တလန်ဒိန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခဲ့သူဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲကြောင့် နီးစပ်ရာ ‌ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်ခဲ့ပြီးနောက် ယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် မတူပီမြို့သို့ ပြန်လည်နေထိုင်ခဲ့သူဖြစ်သည်ဟုသိရသည်။ မတူပီမြို့ကို ချင်းညီနောင်နှင့် အာရက္ခတပ်တော် AA အပါ အဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။ မတူပီမြို့နယ်တွင် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သော်လည်း စစ်ဘေးတိမ်း ရှောင်ကြသည့် ဒေသခံပြည်သူအများစုကတော့ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။ Read in Full

၁၄။ တောင်ခမ်းကိုလာသည့် စစ်ကူအင်အား ရာနှင့်ချီ ဖြတ်တောက်ထားနိုင်ဟု TNLA ပြော
 September 16, 2024
နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးက အမြောက်တပ် ၄ ခုကို ပေးပို့နေတဲ့ ရာနဲ့ချီတဲ့ စစ်အင်အားတွေကို ပိတ် ဆို့ ဖြတ်တောက်ထားနိုင်ဆဲဖြစ်တယ်လို့ TNLA က ပြောပါတယ်။ ၁ လကျော်ကြာတဲ့အချိန်အထိ တောင်ခမ်းက အမြောက်တပ်စခန်း ၄ ခုနဲ့ TNLA တို့ ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေပြီး စက်တင်ဘာ ၁၅ ရက်နေ့အထိ အမြောက် တပ် ၃ ခုနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကာ စစ်ကောင်စီက ပေးပို့နေတဲ့ စစ်ကူအင်အားတွေကို ဆက်လက်ဖြတ်တောက်ထားနိုင်တယ်လို့ TNLA ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။“မနေ့က ၄ ခုမှာ ၃ ခု ထိတွေ့မှုဖြစ်နေပါတယ်။ လက်ရှိ စစ်ကူပို့လာတာတွေ ကိုလည်း ကျမတို့ ဖြတ်တောက်နိုင်နေပါတယ်။ ဩဂုတ် ၂၀ ဝန်းကျင်လောက်က ပေးပို့တဲ့ စစ်ကူအင်အား ၄၀၀ လောက်ကိုလည်း ဖြတ်တောက်နိုင်ခဲ့ပါတယ်။ တရက်ထက် တရက် ပေးပို့လာတဲ့ စစ်ကူတွေကိုလည်း ကျမတို့ ကြားဖြတ်တိုက်ခိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။” တောင်ခမ်းက အမြောက်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချိန်ကြာမြင့်နေရတာဟာ မြေပြန့်လွင်ပြင်ဖြစ်နေသလို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြာင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ဒီနေ့အထိ ကြာမြင့်နေရတာဖြစ်ပေမဲ့ စစ်ကောင်စီဘက်က အကျအဆုံးတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီတောင်ခမ်းက တပ်တွေမှာ ကျောက်မဲ၊ လားရှိုးက ဆုတ်ခွာလာတဲ့ တပ်တွေရှိနေသလို နမ့်နမ်က အားဖြည့်ထားတဲ့ တပ်ပေါင်းစုတွေရှိနေတာဖြစ်ပြီး တပ်မ ၁၁ က အဖွဲ့တွေလည်း အားဖြည့်ထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါသေး တယ်။“တောင်ခမ်းတပ်နယ်က လားရှိုး၊ ကျောက်မဲကို စတိုက်ပြီဆိုကတည်းက တချို့တွေက မိသားစုတွေကြောင့် လက်နက်ချ ကြသူတွေလည်းရှိတယ်လေ။ အဲ့ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ မိသားစုတွေကို တောင်ကြီးဘက်ကို လွှတ်ထားတာရှိတော့ တောင့်ခံ နိုင်တဲ့ အခြေအနေရှိတာပေါ့။” စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေလည်း နောင်ချိုမြို့ နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ TNLA က ထုတ် ပြန်ထားပါသေးတယ်။ Read in Full

၁၅။ ဇာဒီရွာဘက်ကို မောရဝတီရေတပ်နှင့် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်
 September 16, 2024
ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ဘက်သို့ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝပင်လယ်ပြင်ရှိ ရေတပ် သင်္ဘောတို့က (စက်တင်ဘာ ၁၆) မနက်ပိုင်းကစ၍ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တို့ထံကသိရသည်။ ” ရေတပ်ဘက်က ၄ ချက်၊ သင်္ဘောဘက်က ၃ ချက် အားလုံး ၇ ချက်ပစ်တယ်။ ကျတာက‌ ရွာပတ်ဝန်းကျင် မှာပဲကျတယ်။ ရွာထဲမှာက ရွာသားတွေမနေကြတော့ အထိအခိုက်မရှိဘူး”ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ ရေတပ် သင်္ဘော သည် စက်တင်ဘာလ ၁၅ ရက်ညက  ဇာဒီချောင်းဝ ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိလာသည်ဟု ရွာသားတို့ကဆိုသည်။ မောရ ဝတီရေတပ် နှင့် ရေတပ်သင်္ဘောက လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်းအထိ နှစ်ဖက် ပစ်ခတ်မှုပုံစံ မျိုးမရှိခဲ့ဟု ရွာသားများကပြောပြသည်။

လက်နက်ကြီး စတင်ပစ်ခတ်ပြီးနောက် ဇာဒီ – ကံပေါက် လမ်းပိုင်းကိုလည်း ယနေ့‌နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က ပိတ်ထားလိုက်ကြောင်း လမ်းပိုင်းအသုံးပြုသူများထံကသိရသည်။ မောရဝတီရေတပ်မှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အုန်းပင်ကွင်းစာသင်ကျောင်းလည်း နေ့လယ်ပိုင်းက ကျောင်းဆင်းပေးလိုက်သည်ဟု ကျောင်း သားမိဘတစ်ဦး ကပြောသည်။ မောရဝတီရေတပ်က ဇာဒီရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်လေ့ရှိပြီး အရပ်သားထိခိုက် သေဆုံးမှုလည်းရှိခဲ့ဖူး သည်။ ဇာဒီရွာသည် ဇွန်လနှောင်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးခံရပြီးကတည်း က ရွာလုံးကျွတ်နေရပ်စွန့်ခွာ တိမ်းရှောင်းနေရသည့် ကျေးရွာဖြစ်သည်။ Read in Full

၁၆။ သံဖြူဇရပ်မှာ လက်နက်ကြီးကျလို့ ဒေသခံနှစ်ဦးဒဏ်ရာရ
 September 17, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျောင်းရွာ-လင်မသာ-ဝဲခမိကျေးရွာ ရွာချင်းဆက်လမ်းပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့ တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီကျေးရွာချင်းဆက်လမ်းပေါ် လက်နက် ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းရွာအနီး စမ်းချောင်းမှာ ရေကစား ပြီး ပြန်လာတဲ့ ဝဲခမိကျေးရွာနေ အသက် ၁၉ နှစ်အရွယ်တွေဖြစ်တဲ့ နိုင်ငယ်ထူးထူးလင်းနဲ့ မဇင်မာထွေးတို့ ကျည်စထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် နိုင်ငယ်ထူးထူးလင်းဟာ ယာခြေပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာနဲ့ မဇင်မာထွေးမှာ ဝဲဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအကူအညီနဲ့ သံဖြူဇရပ် ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီ အပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဦးဉာဏ်ထွန်းဟာ သူပိုင်တဲ့ ရော်ဘာခြံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ် ရာရရှိခဲ့ပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူတွေဟာ လက်နက်ကြီးနဲ့မြေမြှုပ်မိုင်းကြောင့် မကြာခဏဆိုသလိုထိခိုက်သေဆုံးတာတွေရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မြင့်တက်လာတာပါ။ လဂွန်းအိမ်စာစဉ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။ Read in Full

၁၇။ ဗန်းမော်မြို့ဦးတည်လာသည့် စစ်ကောင်စီရေယာဥ်များ ရွှေကူမြို့အနီးတွင် KIA ပူးပေါင်းတပ် တိုက်ခိုက်
 September 17, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ ရေယာဥ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ စက်တင်ဘာ ၁၇ ရက် နံနက် ၈နာရီမှစ၍ ရွှေကူမြို့တွင် ၄ ရက်ကြာ ရပ်နားထားသည့် စစ်ကောင်စီ သင်္ဘော ၅စီးသည် ဗန်းမော်မြို့နယ်ဘက်ဆက်လက်ထွက်ခွာလာရာ ရွှေကူမြို့ အထက်တစ်နေရာ၌ KIA နှင့် KPDF က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ရေယာဥ်များအနက်မှ ရှေ့ဆုံးနှင့် နောက်ဆုံးလုံ ခြုံရေးပေးသည့် သင်္ဘော ၂ စီးလက်နက်ကြီးထိမှန်ခဲ့သည်ဟုဆိုသည်။ ထိုသို့ လက်နက်ကြီးထိမှန်ပြီးနောက် စစ်ကောင်စီသင်္ဘော များသည် ရွှေကူမြို့ဘက်သို့ ပြန်ဆုတ်ခွာသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။ “သူတို့ ဗန်းမော်ဘက် အလွယ်တကူ ရောက်ဖို့တော့မဖြစ်နိုင်ဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်သင်္ဘောများ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာစဉ်ကလည်း KIA/PDF ပူးပေါင်းတပ်က ကြားဖြတ် တိုက် ခိုက်ခဲ့ပြီးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ်နေပြီး နယ်မြေများ၊ မြို့များ တပ်စခန်းများ စွန့်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေတွင် ဗန်းမော်မြို့ကို စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းရန် ရေလမ်းမှ ကြိုးပမ်းလာခြင်းဖြစ်သည်။ လက်ရှိတွင်ဗန်းမော်အနီး မိုးမောက်မြို့နယ်တစ်ခုလုံးကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ဗန်းမော်ကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။ Read in Full

၁၈။ ပုလောတွင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ် ပေါ်တာဆွဲ
 September 16, 2024
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ရှုပ်ပုံရွာသား ၇ ‌ယောက်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှပ်ပုံရွာခံတယောက်က “ရှပ်ပုံရွာ၊ ဝါးတန်းရပ်ကွက် မှာ ပေါ်တာဆွဲသွားတာပါ။ အဲဒီရပ်ကွက်က စစ်မရှောင်ဘဲ ရေလုပ်သားတွေရှိတဲ့ နေရာပါ” လို့ ပြောပါတယ်။ စစ်ကောင်စီဘက် က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ဝါးတန်းဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ တပ်သားတွေဟာ အဆိုပါဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ ၂ နှစ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တော့ ရှပ်ပုံရွာမှာ စစ်ကောင်စီဘက်က ရေကြောင်းနဲ့ အင်အား ၇၀ လောက် တိုးချဲ့ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ ရှပ်ပုံကျေးရွာက ဒေသခံ ၁,၀၀၀ ကျော် နီးစပ်ရာကျေးရွာတွေမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ Read in Full

၁၉။ စစ်တွေမြို့ခံ အမျိုးသမီးနှင့်ကလေးများ အပါအဝင် အယောက် ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
 September 16, 2024
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက် ၃ ခုကို စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ဧည့်စာရင်း စစ်ကောင်စီတပ်က စစ်ဆေးပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် မြို့ခံ ၇၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ စစ်တွေမြို့ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်နဲ့ ရွှေပြားရပ်ကွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ် ပြီး ပြန်မလွှတ်ပေးဘူးလို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။“နေ့ခင်းကြီးမှာ ဧည့် စာရင်းစစ်ဆေးမယ်ဆိုပြီး စစ်ကောင်စီ က အင်အားအလုံးအရင်းနဲ့ ရပ်ကွက် ၃ ခုကို ဝင်ဖမ်းတာ။ အမျိုးသမီးတွေရော့ နို့စို့ကလေးတွေရော အမျိုးသားတွေပါဆိုရင် ၇၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ ၁၅ ရက်နေ့အထိတော့ လွတ်လာကြတာမရှိသေးဘူး။”စစ်ကောင်စီက ဧည့်စာရင်းကို အကြောင်းပြပေမဲ့ သူတို့ဖမ်းချင်တဲ့ သူတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတာသာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အခု ဖမ်းဆီးခံရသူတွေဟာ စစ်တွေမြို့ခံ အစစ်တွေသာဖြစ်ကြပြီး ငွေညှစ်ဖို့အတွက် သီးသန့်ဖမ်းဆီးတာသာ ဖြစ်တယ်လို့ နောက်ထပ်မြို့ခံတယောက်က ပြောပါတယ်။“လက်ရှိ စစ်တွေမြို့မှာ နေရတာက ငရဲလိုပါပဲ။ တရက်လည်း စိတ်ချမ်းသာ သာနဲ့ နေရတာ မဟုတ်ဘူး။ ဘယ်နေ့ အဖမ်းခံရမလဲဆိုပြီး တွေးပူနေရတယ်။ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ သူတွေဆိုရင် အကုန် လုံး စစ်တွေမြို့ခံတွေပဲ။ ဘာဧည့်စာရင်းမှလည်း စစ်စရာမလိုဘူး။ အခု စစ်ကောင်စီက မြို့ခံဖြစ်ဖြစ်၊ ဧည့်သည်ဖြစ်ဖြစ် သူတို့ ဖမ်း ချင်တဲ့ သူကို လိုက်ဖမ်းတာဖြစ်တယ်။ ပြီးတော့ ငွေညှစ်တာပေါ့ ဧည့်စာရင်းအမှုဆိုရင် ငွေဘယ်လောက်၊ နိုင်ငံရေးအမှု ဆိုရင် ငွေဘယ်လောက်ဆိုပြီး တောင်းနေကြတာ ဖြစ်တယ်။” စစ်တွေမြို့နယ်မှာ ရခိုင်စစ်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကတည်းက စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့အရပ်သား ၁၀၀၀ နီးပါးအထိ ရှိပြီး တရားစွဲဆိုခံထားရတဲ့ ၆၀၀ နီးပါးအထိ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ Read in Full

၂၀။ နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ်ခံရ
 September 16, 2024
ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေ ဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက် သွား ဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင် ကားလုပြီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။“ကားလည်း ယူသွားလိုက်တယ် အလောင်းကတော့ တွေ့ပြီ။ မိသားစုတွေ လိုက်လံစုံစမ်းရင်း အလောင်းကတော့ ပြန်တွေ့ခဲ့တယ်။ သိရသလောက်တော့ နမ့်ဖတ်ကာကနေ ကားအငှားလိုက်သွားတယ်။ နမ့်ဖတ်ကာကနေ နမ့်ခမ်းအရင်သွားပြီး နမ့်ခမ်းကနေ ပြောင်းပြန် မုံးကိုးကိုပြန်ခေါက်တယ်။ အဲဒီအချိန် မုံးကိုးမရောက်ခင် ရွာတစ်ရွာရှိတယ် အဲဒီ ရွာနားက လမ်းဘေးမှာ သတ်ဖြတ်ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကားသမားဟာ အသက် ၃၃ နှစ်အရွယ်  ဦးယောင်ကုန်းဖူဆိုတဲ့ တရုတ်လူမျိုးဖြစ်ပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် မုံးကိုးမြို့နားတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအမှုဟာ မုံးကိုးမြု့နားသတ်ဖြတ် ခံရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ကိုင်တွယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကားသမားကိုသတ်ဖြတ်လိုက်တဲ့ တရားခံတွေဟာ လုယူသွားတဲ့ကားကိုလည်း မုံးကိုးမြို့ထဲက ပြည်သူတစ်ယောက်ထံ က တစ်ဆင့်ပြန်လည်ရောင်းချခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင်– နမ့်ဖတ်ကာ– မူဆယ် – နမ့်ခမ်း – မုံးကိုး တစ်ကြော လိုင်းကားသမားများ သတ်ဖြတ်ခံရမှု အရင်ကလည်းဖြစ်ပျက်ခဲ့ပေမယ့် အခုဖြစ်စဉ်မှာ ၁၀၂၇ စစ်ဆင် ရေးနောက်ပိုင်း ကိုးကန့် MNDAA နဲ့ ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ထိန်း ချူပ်မှုအောက် ရောက်သွားခဲ့တဲ့ ကာလတစ်လျှောက် ပထမဆုံးအကြိမ်ပြန်လည်ဖြစ်ပွားလာတဲ့ လူသတ်မှုဖြစ်ပါတယ်လို့  ဒေသခံ တွေ ပြောပါတယ်။“ဒီဒေသ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်မှာရောက်သွားခဲ့ချိန်ကစပြီး အခုလိုဖြစ်စဉ်က ပထမဆုံး ဖြစ်တာပဲ။ ဒီဖြစ်စဉ်ကြောင့် အခုအားလုံးထိပ်လန့်ကြတာပေါ့။ အဓိက ကားသမားတွေအတွက် လုံခြုံမှုမရှိတော့တာ ပေါ့။ ကား သမားတွေအတွက် ခရီးသွားဖို့ စိုးရိမ်မှုတွေဖြစ်ပေါ်သွားတယ်။ ဒီလိုဖြစ်စဉ်ဖြစ်တော့ လမ်းသွားလမ်းလာတွေမှာ တကယ်ခက်ခဲ တဲ့သူတွေ လှမ်းအကူ အညီတောင်းတာတွေကိုလည်း ကားသမားတွေက လုံခြုံရေးကို စိုးရိမ်လို့ မကောက်တင်ရဲ တော့တာမျိုး တွေထိ ဖြစ် လာတာပေါ့။”ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ လက်ရှိ နမ့်ဖတ်ကာကို မြို့အဆင့်မြင့်တင်ပြီး ကချင်လွတ် လပ်ရေးအစိုးရအဖွဲ့ KIO/KIA ဘက်က အုပ်ချူပ်မှုယန္တရား လည်ပတ်နေတာဖြစ်ပါတယ်။ Read in Full

၂၁။ TNLA ထိန်းချုပ်မြို့များမှ အိမ်ထောင်စုစာရင်းများ တအာင်းဘာသာပြန်ပြင်ရန် အသိပေး
 September 17, 2024
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်မြို့နယ်များအတွင်း နေထိုင်သူ များ၏အိမ်ထောင်စုစာရင်းများကို တအာင်းအိမ်ထောင်စု (တအာင်းဘာသာဖြင့်) အဖြစ် ပြန်လည်ပြုပြင်ရန် အသိ ပေးနေကြောင်း ဒေသခံများထံက သိရသည်။ နမ့်ဆန်မြို့ခံအမျိုးသမီးတဦးက “ရွာလူကြီးက အိမ်ထောင်စုတွေကို သူတို့အိမ်ကို ယူလာခိုင်းပြီး တော့ အကြမ်းပြန်ကူးယူတယ်။ ထုတ်ချင်တဲ့သူ ထပ်တိုးချင်တာတို့တခါတည်း သူတို့ မေးပြီးရေးထားပေးတယ်။ ပြီးတော့နောက် နှစ်မှာ ဖွင့်လှစ်ပေးမယ့် TNLA လဝကရုံးမှာ တအာင်းဘာသာနဲ့ပြုပြင်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေထဲက တအာင်းတွေအပြင် တခြားတိုင်းရင်း သားတွေပါ တအာင်းဘာသာနဲ့ ပြင်ပေးဖို့ လိုလားမလိုလားတော့ မသိဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကိုဆက်သွယ်မေးမြန်း ထားပြီး လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၁ ၌ TNLA က နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေ့ါ မြို့တို့အား သိမ်းပိုက်ရရှိခဲ့ပြီး ဇွန်၂၅ ရက်က ပြန်လည်စတင်ခဲ့သော အပိုင်း၂ တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်အစရှိသောမြို့များကို ထိန်းချုပ်နိုင်ခဲ့သည်။ Read in Full

၂၂။ ကရင်နီ သုံးမြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ် ၆၀၀ ကျော် ရေဘေးသင့် ပျက်စီး
 September 16, 2024
ကရင်နီပြည်နယ်၊ မြို့နယ် ၃ ခုအတွင်းရှိ စစ်ဘေးရှောင်နေအိမ် ၆၀၀ ကျော် ရေကြီးမှုကြောင့် ပျက်စီး သွားပြီး အရေးပေါ် အကူအညီလိုအပ်နေကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)ထံက သိရသည်။ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို အရှေ့ခြမ်းနှင့် ရှားတောမြို့နယ်တို့တွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများပါ ရေကြီးရေလျှံမှုဒဏ်ခံနေရကြောင်းကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “KNOW အနေ နဲ့ အခုကူပေးနေတာက လက်လှမ်းမီတဲ့ ဒီးမော့ဆိုအရှေ့ခြမ်း၊လွိုင်ကော်နဲ့ ရှားတောက စခန်းတချို့ပဲရှိပါသေးတယ်။ မြေပြင်က ရေဘေးသင့်ပြည်သူစာရင်းအတိအကျကမသိရသေးသလို ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဖရူဆိုဘက်နဲ့လွိုင်ကော်ကတချို့နေ ရာ တွေမှာလည်း ရေဘေးသင့် ပြည်သူတွေရှိပါသေးတယ်။ KNOW အနေနဲ့ကတော့ လက်ရှိမှာ CSO တွေ၊ အလှူရှင်တွေရှာပြီး တော့ တာဝန်ရှိတဲ့စစ်ရှောင်ကော်မတီတွေကိုချိတ်ဆက်ပြီးမှ အတူတကွလုပ်ဆောင်ကူညီပေးနေတာပါ”ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ပွန်ချောင်းစစ်ရှောင်စခန်း ခုနှစ်ခုအနက် စခန်းနှစ်တွင်အိမ်ရှစ်လုံး၊ စခန်းသုံးတွင် ၁၁ လုံး၊ စခန်း လေးတွင် အိမ်၄၀၊စခန်းငါးတွင် ၆၅အိမ်၊စခန်းခြောက်တွင် အိမ် ၉၀၊ စခန်းခုနှစ်တွင် ၁၄၁ လုံးနှင့် ရှားတောမြို့နယ်အတွင်း စစ်ဘေးရှောင်များနေအိမ်၂၆၇လုံး လည်း ရေကြီးမှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။ အထက်ပါ စစ်ရှောင်စခန်းများရှိ နေအိမ်ပျက်စီးမှုများသည် KNWO) သွားရောက်ကူညီပေးခဲ့သည့် မြေပြင်စာရင်းများဖြစ်ပြီး အခြားရေလွှမ်းမိုးမှုဒဏ် ခံစားနေ ရသည့်ကရင်နီ ပြည်သူ များစွာကျန် သေးကြောင်း သိရသည်။ ရေဘေးကြောင့် အိမ်ပျက် စီးသွားသည့် စစ်ဘေးရှောင်ပြည်သူများ ကို ကရင်နီပြည်နယ်တစ်နေရာရှိ နေအိမ်အလွတ်များတွင် ယာယီနေထိုင်ခွင့်ပေးထားကြောင်း သိရသည်။ ရေဘေးဒဏ်ခံကရင်နီ စစ်ဘေးရှောင်ပြည်သူများသည် အရေပြားရောဂါ၊ တုပ်ကွေးနှင့် ဌက်ဖျားရောဂါတို့ ဖြစ်ပွားနေကြပြီး အရေးပေါ် အဝတ်အထည်၊ မိုးကာနှင့် မီးဖိုဆောင်အသုံးအဆောင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း KNOW ကဆိုသည်။ 
 

၂၃။  ရှမ်းတောင်ပိုင်းတွင် ရေဘေးကြောင့် လူ ၁၄၀ သေဆုံးဟု PYO ထုတ်ပြန်
 September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင် ယခုသတင်းပတ်အတွင်းကြုံတွေ့ခဲ့ရသည့် ရေဘေး အန္တရာယ်ကြောင့် သေဆုံးသူ အရေအတွက် ၁၄၀ ခန့်ရှိပြီး ပျောက်ဆုံးနေသူ လူဦးရေမှာ ၁၀၀ ခန့်ရှိကြောင်း ပအိုဝ့်လူငယ်အဖွဲ့ အစည်း (PYO) က ထုတ်ပြန်သည်။ အဆိုပါ အရေအတွက်သည် ၎င်းတို့အဖွဲ့က ယနေ့ (စက်တင်ဘာ ၁၇ ရက်) အထိ စုဆောင်း ရရှိထားသည့် ကနဦးအချက်အလက်ဖြစ်ပြီး ဆက်လက်စုံစမ်း အတည်ပြု လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း PYO တာဝန် ရှိသူ ခွန်ဦးကပြောသည်။ “ဒါက လုံးပေါင်း(မြို့နယ်အားလုံးပေါင်းစုထားသည့်) အရေအတွက်ဖြစ်တယ်။ အတိအကျတော့ မဟုတ် သေးပါဘူး။ ဒီထက်ပိုများနိုင်တဲ့အခြေအနေရှိနေပါသေးတယ်။ ကလောဘက်က ပိုများမယ်” ဟု PYO တာဝန်ရှိသူ ခွန်ဦး က ပြော သည်။ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၁၅၀ ထက်မနည်းရေဘေးသင့်ခဲ့ခြင်းဖြစ်ပြီး လမ်း၊ တံတား ၁၃ ခု၊ နေအိမ်အဆောက် အအုံ ၁,၀၈၁ လုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ ရေလွှမ်းမိုးခဲ့သည့် ထိုဒေသများ၏ ၉၀ ရာခိုင်နှုန်း ခန့်တွင် သီးနှံစိုက်ပျိုးဧက အများအပြားပျက်စီးခဲ့ကြောင်းလည်း PYO ထုတ်ပြန်ချက်က ဖော်ပြသည်။

“စဖြစ်တဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးဘယ်သူမှ မလုပ်နိုင်ခဲ့ဘူး၊ လွိုင်လင်− တောင်ကြီး အာရှလမ်းမကြီးက လမ်းပြို နေတယ်။ ပျက်နေတယ်။ နောက်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေပျက်နေတယ်။ ကယ်ဆယ်ရေးတွေက မရောက်နိုင်ဘူး” ဟု PYO တာဝန်ရှိသူ ခွန်ဦးက ပြောသည်။ လက်ရှိမှာ လွိုင်လင်နှင့် တောင်ကြီးခရိုင်အတွင်း တောင်ကြီးမြို့မှအပ ကျန်မြို့ရွာများတွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများအားလုံးပြတ်တောက်နေကြောင်းနှင့် ရံဖန်ရံခါမှသာ MPT ဖုန်းလိုင်းအချင်းချင်းခေါ်ဆို၍ရ ကြောင်း သိရသည်။ တောင်ကြီးခရိုင်ထဲ ပါဝင်သည့် ကလောမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ရေပြန်ကျသွားပြီဖြစ်ပြီး နေအိမ် ၁,၀၀၀ ဝန်းကျင် ပြိုကျပျက်စီးခဲ့ကြောင်း နမ့်လတ်လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။ အဆိုပါ ရေဘေးသင့် ဒေသများတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေသကဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း လိုအပ်နေကြောင်း သိရသည်။ Read in Full

 
၂၄။ ကုလားတန်မြစ် အထက်ပိုင်းတွင် ငှက်ဖျားဖြစ်ပွားမှု မြင့်တက်နေပြီး သေဆုံးသူများရှိနေ
 By Admin 16 Sep 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ မျောက်တောင်၊ သာစည်၊ မာလာ၊ တင်းမကြီး၊ တင်းမသစ်၊ ပြိုင်းတိုင်း စသည့် ကျေးရွာများတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံးသူများလည်း ရှိနေသည်။ ငွေကြေးအခက်အခဲ၊ ဆေးဝါးရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ မရသဖြင့် ပြိုင်းတိုင်းရွာ တွင် ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။ ပြိုင်းတိုင်းကျေးရွာမှ ဦးစိန်သာထွီးက “ကျန်းမာရေးစောင့်ရှောက်မှုက မရှိဘူး။ ငှက်ဖျားဖြစ်လို့ သေတဲ့သူတွေလည်း ရှိတယ်။ ပိုက်ဆံမရှိတဲ့သူတွေက ဆေးရုံဆေးခန်းလည်း မသွားနိုင်တော့ သေဆုံးမှုတွေအထိ ဖြစ်သွားတာပေါ့” ဟု ပြောသည်။ ရခိုင်တွင် ငှက်ဖျားနှင့် သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆခန့်မြင့်တက် နေပြီး အထူးသဖြင့် ကျေးလက်ဒေသတွင် ပိုအဖြစ်များနေ သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။

ကုလားတန်အထက်ပိုင်း ကျေးရွာများမှာ ခြုံနွယ်ထူထပ်မှုကြောင့် မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုများ၍ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး အဖြစ်များခြင်းဖြစ်သည်။ ဆေးဝါးရှားပါးမှုကြောင့် သေဆုံးမှုများရှိနေသဖြင့် အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက် မှု အကူအညီများပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။“ဆိုင်မှာ ဆေးမရှိဘူး။ ဝယ်လို့လည်း မရဘူး။ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်လို့ ဘာမှမရှိဘူး” ဟု မာလာကျေးရွာမှ ဒေါ်တင်ညွန့်က ပြောသည်။ တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မျောက်တောင်၊ သာစည် စသည့် ကျေးရွာသားများမှာ  ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း ပြင်း ထန်ခဲ့သည့် ရခိုင်စစ်ရေးကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တကျော့ပြန်တိုက်ပွဲတွင် ကျောက်တော်မြို့နယ်ကို AA သိမ်းပိုက်ပြီးနောက် လေးနှစ်ကြာ စစ်ဘေးရှောင်ဘဝကို အဆုံးသတ်ပြီး မိမိဒေသမှာ ပြန်နေထိုင်ခွင့် ရရှိခဲ့ကြသည်။  တိုက်ပွဲကာလ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားခဲ့ပြီး စားဝတ်နေရေး၊ ကျန်းမာရေးစသည့် လူမှု ဘဝ ပြန်လည်ထူထောင်ရေးမှာ စိန်ခေါ်မှုများရှိနေကြသည်။ Read in Full

၂၅။ ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်
 September 17, 2024
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။ “အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က  Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ”ဟု ချင်းပြည် နယ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ Lai Villa ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

CAN က ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက်ထား သည်။ ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး ကြောင်း CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။ ထန်တလန်မြို့တွင် စစ်ကောင်စီ ၏ ခလရ(၂၆၉ ) တပ် ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။ Read in Full

၂၆။ ရေးအခြေစိုက်တပ်က ဗိုလ်မှူးနှစ်ဦး PDF ထံ အလင်းဝင်
 September 17, 2024
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။ ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ ဒေါနစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေအတွင်းကို စစ်ကောင် စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိနှစ်ဦး ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာပါ။ အလင်းဝင်လာတဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ ရေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုကဖြစ်ပြီး တပ်ရင်းအမှတ်နဲ့ နာမည်တွေတော့မိသားစုလုံခြုံရေးအတွက်ကြောင့် ဖော်ထုတ် မပြောကြားဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီအရာရှိနှစ်ဦး အလင်းဝင်လာတဲ့အချိန်မှာ အရာရှိတစ်ဦးဟာ MA-3 သေနတ်တစ်လက်နဲ့ MA-5 သေနတ်တစ်လက် ယူဆောင်လာပြီး ကျန်တစ်ဦးဟာ လက်နက်ခဲယမ်း ယူဆောင်လာခြင်း မရှိပေ မယ့် သူတို့နှစ်ဦးကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။ လက်နက်ခဲယမ်း ယူဆောင်လာတဲ့ အရာရှိတစ်ဦးကို ပါလာ တဲ့ လက်နက်အမျိုးအစားပေါ် မူတည်ပြီး ဂုဏ်ပြုဆုငွေ ကျပ် ၁၁၅ သိန်း ချီးမြင့်ခဲ့သလို ကျန်အရာရှိတစ်ဦးကိုတော့ ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်း အသီးသီးချီးမြင့်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ခံက ရဲဘော်ယုယက ပြောပါတယ်။

အဲဒီဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ အရင်ကတည်းက အလင်းဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခွင့်အရေးမရတာနဲ့ တပ်တွင်းအထက်အောက် ဖိနှိပ်အနိုင်ကျင့်မှုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေ မလုပ်ချင်တာ ကြောင့် ပြည်သူ့ရင်ခွင် ခိုလှုံရတာဖြစ်တယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ ဒုဗိုလ် မှူးကြီးနဲ့ ဗိုလ်မှူး အဆင့်ရှိတဲ့ အရာရှိတွေ အပါအ ဝင် တပ်သားနဲ့ ရဲစုစုပေါင်း ၄၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုး ရ NUG ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ PDF တပ်ရင်း၊ ပကဖတွေမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ Read in Full

၂၇။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေရှိနေ
 September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ ပြည်လုံး ကျွတ်ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ အကြောင်းအရင်းမှာ နိုင်ငံအနှံ့နီးပါး ဖြစ်ပွား ခဲ့တဲ့ ရေဘေးသင့်မှုအပါအဝင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ လက် လွှတ်ထားရတဲ့ နယ်မြေ တွေကြောင့်လို့ ဆိုပါတယ်။ ရေဘေးသင့်မှုကြောင့် လူသားချင်းစာနာမှုအကူအညီတွေရရှိဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူဖို့ ဘယ်နှစ်ရက်သာ လိုတော့တယ်ဆိုပြီး နေ့စဉ်နဲ့အမျှ ဆော်ဩနေတာပါ။ မြို့နယ် ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေက ထိန်းချုပ်လွှမ်းမိုးထားတဲ့အတွက် ကျန်တဲ့ မြို့နယ်တစ်ဝက်မှာ အပြန်အလှန် တိုက်ခိုက်နေကြတာပါ။ ဒါကြောင့် စစ်‌ကောင်စီအနေနဲ့ မြို့နယ် ၁၀၀ လောက်သာ ကောက်ယူနိုင်မှာဖြစ်ပြီး ၁၅ ရက်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“သူလုပ်သမျှ အစီအစဉ်အားလုံးက အဖျက်အမှောင့်တွေ မျိုးစုံကြုံနေရတာ။ အခုသဘာဝဘေး ဒဏ်ဆိုတာလည်း မင်းအောင်လှိုင်ရဲ့ အစီအစဉ်ကို ထပ်ပြီးဖျက်လိုက်တဲ့ နောက်တစ်ခုပါ။ ဒါကြောင့်မို့ အရင်ကထက်တောင်မှ မင်းအောင်လှိုင် မျှော် မှန်းသလောက် မြို့နယ် ၁၀၀ မှာ ဖြစ်နိုင်ဖို့ဆိုတာမရှိပါဘူး။ အဲဒီတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူမှု၊ လူဦးရေကန့် သတ်မှုဆိုတာ ပြည်လုံးကျွတ်လက္ခဏာမဆောင်တဲ့အပြင် တိုင်းပြည်ရဲ့သုံးပုံတစ်ပုံလောက်သာ ရှိနိုင်တယ်။ အဲဒီထက်မပိုနိုင်ဘူး လို့ ယူဆပါတယ်”လို့ ဆိုပါတယ်။ လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကို နိုင်ငံတဝန်းမှာ တပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဖို့ စစ်ကောင်စီက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပြင်ဆင်ထားတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက လိုအပ်ချက်အရ လုပ်မယ်ဆိုရင် တိုင်းပြည်အနေ အထား ပုံမှန်ဖြစ်နေဖို့လိုအပ်ပြီး သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲအချက်အလက်ဟာ တူမနေဘူးလို့ ပြောပါတယ်။ စစ်ကောင်စီ ကတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နဲ့ ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်တို့ကို စာရင်း ကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်နဲ့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားတာပါ။ ဒါ့အပြင် စာရင်းစစ် စာရင်းကောက်သူ ၄၂, ၀၀၀ ခန့်နဲ့ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခုအပါအဝင် အဖွဲ့အစည်းအတွက် မေးခွန်းပုံစံ ၁၈ ခုကို တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူသွားမယ်လို့ ဆိုပါတယ်။ Read in Full

 
၂၈။ တောင်ကြီး ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ တန်ဆောင်တိုင်ပွဲအတွက် စစ်ကောင်စီ သိန်းရာချီ ကောက်ခံ
 September 16, 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် တန်ဆောင်တိုင်ပွဲအတွက် စစ်ကောင်စီက ဟိုတယ်လုပ်ငန်းရှင်တွေဆီ ကနေ အလှူငွေ ကြိုကောက်နေပြီလို့ ဟိုတယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မီးဆရာ၊ ယမ်းဆရာတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေကို ပြီးခဲတဲ့အပတ် မင်းအောင်လှိုင်လာတုန်းက အစည်းအဝေး ခေါ်ယူပြီး ဒီနေ့ (စက်တင်ဘာ ၁၆) နောက်ဆုံးထား ထည့်ဝင်ကြဖို့ မှာကြားသွားတယ်လို့ ဟိုတယ်အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။“မအလ(မင်းအောင်လှိုင်) လာတုန်းက မှာထားတာပါ။ ဒီကောင်တွေ တော်တော်ရက်စက်တာပဲ။ ရေဘေးလည်း ဖြစ်နေတယ်။ သီတင်းကျွတ်တောင် မရောက်သေးဘူး။ တန်ဆောင်တိုင်က ကြိုပြင်နေပြီ။ ဟိုတယ် အားလုံးထည့်ကြတယ်။ ကြောက်တာကိုး”လို့ သူကပြောပါတယ်။

ဟိုတယ်အကြီး သိန်း ၁၄၀၊ ဟိုတယ် အလတ်နဲ့ အသေး သိန်း ၇၀၊ မိုတယ်နဲ့ တည်းခိုခန်း ၄ သိန်းနဲ့ အထက် စတဲ့ နှုန်း ထားတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ထည့်ဝင်ကြရပြီး စိန်နားပန် တစ်လုံးနဲ့ ညမီးကြီး တစ်လုံးကိုတော့ စစ်ကောင်စီ က အိတ်စိုက်ထုတ်မယ်လို့ သိရပါတယ်။“ဟုတ်တယ်လေ။ မီးပုံးပျံဆရာ ခေါင်းဖြူကြီးတွေနဲ့ GM တွေခေါ်ပြီး ပြောတာ။ အစည်း အဝေးဆိုတာထက် မဖြစ်မနေ လုပ်ရမယ်လို့ ဖိအားပေးတာပါ။ သူဖြစ်ချင်တာတွေပဲ အကုန်ပြောသွားတာ” လို့ ဟိုတယ် အမည် မဖော်လိုတဲ့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီက တန်ဆောင်တိုင် မီးပုံးပျံပွဲ ကို ကျင်းပဖို့ တစ်ပတ်လောက် အလိုမှ အရေးပေါ် စီစဉ်ခဲ့ပြီး လူစည်ကားစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ပအိုဝ်းကျေးရွာတွေမှာ တစ်အိမ်တစ်ယောက် မလိုက်မနေရ ဖိအားပေးခေါ်ယူခဲ့ဖူးပါတယ်။ စစ်ကောင်စီဖက်က အခုလို တန်ဆောင်တိုင် ပွဲတော်ကျင်း ပဖို့ အရေးပေါ် စီစဉ်နေပေမယ့် ပွဲတော်ကျင်းပမယ့်ရက်နဲ့ အစီစဉ်တွေကိုတော့ တရားဝင်ချပြတာမျိုး မရှိသေးပါဘူး။ 

၂၉။ မြိတ်ခရိုင်အတွင်း မြို့နယ်သုံးခုတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တိုင်းစစ်ဌာနထုတ်ပြန်
 September 17, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြား စစ်ရေးတင်းမာလျက်ရှိရာ အဆိုပါမြို့နယ်သုံးခုအတွင်း စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း စစ်ဌာနက (စက်တင်ဘာ ၁၆ )ရက်စွဲဖြင့် ထုတ်ပြန်သည်။ စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာ တိုင်းတွင် အရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာလအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ ပြုမူကာ ပြည်သူများ၏ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြသည်။ အလားတူ စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသည် စစ်မှုမထမ်း မနေရဥပဒေကို အသက်သွင်းလျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်နေကြောင်း ထောက်ပြသည်။ တနင်္သာရီ တိုင်းစစ်ဌာန ဗျူဟာ (၃၅)နယ်မြေကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းစစ်ကြောင်းများမှ အထက်ပါမြို့နယ်များ အတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်း လင်းသွားမည်ဟု အသိပေးသည်။

ထို့ကြောင့် ယင်းမြို့နယ်များရှိ ပြည်သူများအနေဖြင့် ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ် တွင် မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊  အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက်နှင့် တနင်္သာရီမြို့နယ် အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်သွားလာရာတွင် နံနက်(၆)နာရီ မှ ည(၆)နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွား ကား များအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်၊ ကုန်ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း(လုံးဝ) မပြုလုပ်ကြရန် အသိ ပေးနှိုးဆော်ထားသည်။ “အထက်ပါ သတ်မှတ်ချက်များသည် အကြမ်းဖက်စစ်ကောင်စီမှ အသွင်ယူလုပ် ဆောင်မှုများရှိနေ၍ လေးနက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိ၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်သူ များ၏ တာဝန်သာ ဖြစ်ပါကြောင်း အထူးအသိပေးအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်ရှိတွင် ပုလော၊ တနင်္သာရီနှင့် ကျွန်းစုမြို့ နယ်များတွင် နှစ်ဖက်တိုက်ပွဲများဆက် တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာလျှက်ရှိရာ အင်အားဖြည့်တင်းခြင်း၊ အရပ်သားပြည်သူများအား ဓားစာခံဖမ်းဆီးခြင်းအပြင် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများရှိနေကြောင်း စုံစမ်းသိရသည်။ Read in Full

၃၀။ ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်ရေတက်၍ ရေဘေးသင့် နေအိမ် ၅၀၀ ကျော်ရှိ၊အကူအညီလိုဟု KNU အသိပေး
 September 16, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်)၌ ရေကြီးခြင်းနှင့် စပါးပိုးကျရောက်ခြင်းတို့ကြောင့် ပြည်သူလူထုများ အခက်အခဲကြုံနေရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ နိုင်ငံတဝန်း ရေကြီးမှုများကြုံနေရသည့် နည်းတူ ဖာပွန်ခရိုင်တွင်လည်း စက်တင်ဘာလဆန်းပိုင်းမှစ၍ မိုးများလာ၍ စက်တင်ဘာ ၆ ရက်နေမှ ၁၀ ရက်အတွင်း မိုးများ အဆက်မဖြတ်ရွာသွန်းခြင်းကြောင့် ခရိုင်အတွင်း ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုသို့ ရေကြီးမှု ကြောင့် ပြည်သူလူထုများ၏ နေအိမ်အချိုးနှင့် စိုက်ပျိုးထားသော လယ်ယာများ ရေနှစ်မြုပ် ပျက်စီးခဲ့ရသည့်အပြင် မြေပြိုမှု ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း၊ မိုးရွာသွန်းမှုကြောင့် သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာ တစ်လျှောက် အိမ်ခြေအဆောက်အဦး ၅၀၀ ထက်မနည်းရေဘေးသင့်ခဲ့ရသော်လည်း ပြည်သူလူထု သေဆုံး မှု မရှိကြောင်း ဒေသခံကိုကိုးကား သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင်တွင် ဩဂုတ်နှင့် စက်တင်ဘာအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် စပါးဖျက်ပိုးမွှားအများအပြားကျရောက်ခဲ့ ရာဒေသအတွင်း စိုက်ပျိုးသော စပါးခင်းများ၏ ၅၀ ရာခိုင်နှုန်းထက်မနည်း ပျက်စီးခဲ့ရသည်ဟုဖော်ပြသည်။ လက်ရှိအချိန်အထိ စပါးဖျက် ပိုးမွှားများအား မနှိမ်နှင်းနိုင်ဘဲရှိနေသေးကြောင်းအသိပေးသည်။ လက်ရှိအချိန်တွင်းမြစ်ချောင်း များနှံဘေးတွင် စစ်ဘေး ရှောင်နေသော ပြည်သူလူထုများ၏ တဲများလည်း ရေဘေးဒဏ်ကြောင့် ရေထဲမျှောပါပျက်စီးခဲ့ရကြောင်း၊ ဒေသအတွင်း ရှိ ပြည်သူလူထုများအနေဖြင့် အမိုးအကာ နှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်သည်။ အလားတူ KNU ညောင်လေးပင်ခရိုင် အတွင်းလည်း ရေးဘေးဒဏ်ကို ယခင်လများကတည်းက ကြုံနေခဲ့ရပြီး စပါးခင်းများလည်း ရေကြီးနစ်မြုပ်ခဲ့ခြင်းကြောင့် မျိုးစပါးအပါအဝင် အခက်အခဲများစွာ ရှိနေသည်ဟု KNက သတင်းထုတ်ပြန်ထားသည်။ 

၃၁။ နိုင်ငံတစ်ဝန်း လူ ခြောက်သိန်းကျော် ရေဘေးသင့်ကြောင်း UNOCHA ပြော
 September 17, 2024
မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးရေလွှမ်းမိုးမှုမှာ ရေဘေးသင့်သူခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် နေ့က ထုတ်ပြန်ပါတယ်။ ရာဂီမုန် တိုင်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ကိုးခုမှာ ၅၉ မြို့နယ် ရေဘေးသင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မန္တလေး တိုင်း ဆယ်မြို့နယ်မှာ လူ သုံးသိန်းကျော်၊ နေပြည်တော် လေးမြို့နယ်မှာ လူ ခြောက်သောင်းကျော် ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ၁၄ မြို့နယ်က လူ ၇၄,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ် နှစ်ခုမှာ ရေဘေးသင့်သူ ၁၈,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကရင်ပြည်နယ် ငါးမြို့နယ်မှာ ရေဘေးသင့်သူ ကိုးသောင်းနီးပါးရှိခဲ့ပြီး ပဲခူးတိုင်း ခြောက်မြို့နယ်မှာ ရေဘေး သင့်သူ ၈၇,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ကယားပြည်နယ် လေးမြို့နယ်မှာတော့ လူ ကိုးထောင်ကျော်နဲ့ မွန်ပြည်နယ် နှစ်မြို့နယ်မှာ လူ ကိုးရာကျော် ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ လူရာနဲ့ချီသေဆုံး ခဲ့ပြီး အများအပြားပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လည်း UNOCHA က ပြောပါတယ်။ စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုဖြစ်ခဲ့ တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန် ထားပါတယ်။ Read in Full

၃၂။  နိုင်ငံအနှံ့နီးပါး ရေဘေးကြောင့် မွန်ပြည်နယ်မှာ ကုန်စိမ်းဈေး နှစ်ဆနီးပါးခုန်တက်
 September 17, 2024
မြန်မာနိုင်ငံအနှံ့နီးပါး ဖြစ်ပေါ်နေတဲ့ ရေကြီးနစ်မြှုပ်မှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မွန်ပြည် နယ်မှာ ကုန်စိမ်းဈေးနှုန်း နှစ်ဆနီးပါး ခုန်တက်လာတယ်လို့ ကုန်စိမ်းရောင်းချနေသူတွေနဲ့ အိမ်ရှင်မတွေကပြောပါတယ်။ စူပါ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် နေပြည်တော်အပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ဆိုးဆိုး ဝါးဝါးဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာသေကြေခဲ့ရသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့တာပါ။ ရေဘေးကြောင့် မွန်ပြည်နယ်မှာ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၀၀၀ ကနေ ကျပ် ၄၀၀၀ အထိ မြင့်တက်လာသလို ဂေါ်ဖီပန်းပွင့် တစ်ပွင့်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၄၀၀၀ ၊ ကန်စွန်းရွက်တစ်စီး ကျပ် ၄၀၀ မှ ကျပ် ၇၀၀ ဝန်းကျင်၊ တခြားဟင်းသီးဟင်းရွက်တွေကလည်း ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ ကုန်စိမ်းရောင်းချသူတစ်ဦးကတော့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ကုန်စိမ်းထွက်ရှိ ရာ ဒေသတွေကနေ ကုန်ပစ္စည်းမဝင်ရောက်တာ၊ ကားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်နေတဲ့အတွက် ကုန် စိမ်းဈေးတွေ ခုန်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

 “အခု တက်တာပေါ့။ ဟိုဘက်မှာ အားလုံးရှမ်းပြည်ဘက်မှာ ပျက်တာကို အဲဒီဘက်က အသီးအနှံလာတယ်။ နေပြည် တော် ဘက်ခြမ်းဆိုလည်း ရမည်းသင်း အဲဒီဘက်ခြမ်းတွေက နံနံတို့ဘာတို့ စိုက်တယ်။ ခရမ်းသီးကအစပေါ့။ ရှမ်းပြည် ဘက်မှာ ဖြစ်တော့ ဂေါ်ဖီအကုန်လုံးပေါ့။ အခုဂေါ်ဖီပန်းတစ်ပွင့်ကို ၂၀၀၀ တန်က ၄၀၀၀ ဖြစ်နေပြီ။ ကားခလည်း တက်တယ်။ ကျွန်တော် ပြောသလို အဲဒီဘက်က ကုန်စိမ်းတွေမဝင်ဘူးပေါ့။ အဲဒါကြောင့် ဈေးထိုးတက်သွားတာ”လို့ ဆိုပါတယ်။ တဖက်မှာတော့ ဟင်သီး ဟင်းရွက်နဲ့ အသီးအနှံတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာ ကြောင့် လမ်းခရီးမှာ ကုန်ပစ္စည်းတွေ ပုပ်သိုးပျက်စီးသွားတဲ့အတွက် ဈေးနှုန်းလိုက်တက်လာတာ ဖြစ်တယ်လို့ သူကဆက်ပြောပါ တယ်။ အိမ်ရှင်မတစ်ဦးကလည်း ရေကြီးရေလျှံမှုတွေကြောင့် ဟင်းသီးဟင်းရွက်တွေအပါအဝင် ကန်စွန်းရွက်ဈေးကအစဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ပြောပြပါတယ်။“ကုန်စိမ်းက အကုန်ဈေးတက်တာ။ ကန်စွန်းရွက်တစ်စီးကို ၇၀၀ လေ။ သုံးစီးကို ၂၀၀၀ ဝယ်ရတယ်။ ဟင်းတစ်ခုချက်ဖို့ ကန်စွန်းရွက် ကြော်တာတောင်မှ ၂၀၀၀ ဖိုးလောက် မဝယ်ရင် မဖြစ်ဘူး။ အာလူး က အရင်က ၃၀၀၀ ဈေးလောက်ပဲ ရှိတယ်။ အခု ၆၀၀၀ ဖြစ်သွားပြီ”လို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ ဟင်းသီးဟင်းရွက်တွေကို ဒေသတွင်းမှာ အနည်းငယ်သာ စိုက်ပျိုးကြပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကျန်ဒေသတွေက ထွက်ရှိတဲ့ ဟင်းသီးဟင်း ရွက်တွေကို မှာယူရောင်းချနေတာ ဖြစ်ပါတယ်။ Read in Full

၃၃။ တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ နီးပါး သတ်ဖြတ်ခံရ
 September 16, 2024
တနင်္သာရီတိုင်းမှာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသန အဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလည်း ပိုမိုများပြားလာခဲ့တာပါ။ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ဩဂုတ်လ အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ ၃ ဦးဟာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူနေရပ်ကွက်တွေကို စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆ နှစ် အရွယ် မူလတန်းကျောင်းသားတစ်ဦးနဲ့ အသက် ၈၀ နှစ်အရွယ် သက်ကြီးရွယ်အို နှစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ တယ်လို့ FE5 Thanintharyi က ဆိုပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းမှုခေါင်းစဉ်နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြန်လည်ဖြစ် ပေါ်ခဲ့သလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကိုင်အဖွဲ့အချင်းချင်းသတ်ဖြတ်မှုနဲ့လက်သည် မပေါ်ဘဲ အသတ်ခံရမှုတွေကြောင့် သေဆုံးခဲ့သူ ၁၄ ဦးအထိ ရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဒလန်ရှင်းလင်းရေး ကြောင့် ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာက အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ပျူစောထီး ဦးနောင်မေးနဲ့ ဦးကြယ်စင်အောင်တို့ နှစ်ဦးသေ ဆုံးခဲ့သလို  လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီးရဲ့ ဇနီးဖြစ်သူ ဒေါ်အင်ရွှေတို့ သေဆုံးခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဘုတ်ပြင်းမြို့ နယ်က ကုန်ကားမောင်းသူတွေဖြစ်တဲ့ ကိုအောင်ကိုကိုနဲ့ ကိုသားကမ်းတို့နှစ်ဦးနဲ့ ဆေးကုသဖို့သွားတဲ့ ကိုအာနိုးကို သေဆုံးခဲ့တယ် လို့ အစီရင်ခံစာကဆိုပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကော်သူးလေတပ်ရဲ့ပစ်ခတ်မှုကြောင့် အရာခံဗိုလ် အငြိမ်းစား စစ်မှုထမ်းဟောင်းဖြစ်တဲ့ အသက် ၆၀ နှစ်ကျော်အရွယ် ဦးတင်သိန်းနဲ့ အသက် ၅၀ နှစ်ကျော်အရွယ် ဇနီးဖြစ်သူ ဒေါ်ခင်သိန်း တို့နှစ်ဦး သေဆုံးခဲ့ပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button