တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

လက်ရှိ မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးဆွေးနွေးပွဲဖြင့်သာ ဖြေရှင်းနိုင်မည်ဟု PPST ပြော

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၇၊ ၂၀၂၂

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ မနေ့ (ဇန်နဝါရီ ၆ ရက်) ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

PPST သည် ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုလို ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ PPST က “မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံး ပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်”ဟု ထုတ်ပြန်ထားတယ်။

PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးအရ သုံးသပ်မှု အခြေခံပြီးတော့ အားလုံးတွေ့ဆုံ ညှိနှိုင်းပြီးတော့မှဆိုတဲ့ သဘောထားကို တင်ပြတာဖြစ်ပါတယ်လို့ ဖက်ဒရယ် ဂျာနယ်ကို အခုလို ပြောပါတယ်။

“PPST ရဲ့သဘောထားတွေကို ကျနော်တို့အမြဲထုတ်ဖော်ပြောကြားနေပါတယ်။ အခုလည်း နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာခြင်းသည် PPST ရဲ့ အခြေခံမူဖြစ်တာပေါ့။ လက်ရှိနိုင်ငံရေး ပြဿနာ အခု ၂၀၂၁ မှာဖြတ်ခဲ့ရတဲ့အခြေအနေ နိုင်ငံရေး၊စီးပွားရေး၊လူမူရေး အကြပ်အတည်းကြီးကို ပြည်သူတစ်ရပ်လုံးကရင်ဆိုင်ခဲ့ရတယ်။ ကိုဗစ်-၁၉ ရောဂါအပါအဝင်ပေါ့။ အဲဒီနိုင်ငံရေးအကြပ်အတည်းကို ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကျွန်တော်တို့ တစ်စိုက်မတ်မတ် တောင်းဆိုညှိနှိုင်းခဲ့တာပေါ့။ အဲဒီအခြေအနေကိုမရောက်ဘဲနဲ့ ရွေးကောက်ပွဲအပေါ်အခြေခံပြီးဖြစ်လာတဲ့ ပြဿနာ စစ်တပ်အာဏာသိမ်းမှုက တစ်ဆင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ တိုင်းပြည် အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးအရ သုံးသပ်မှုအခြေခံပြီးတော့ အားလုံးတွေ့ဆုံ ညှိနှိုင်းပြီးတော့မှဆိုတဲ့ သဘောထားကို တင်ပြတာ ဖြစ်ပါတယ်” ဟု ပြောပါတယ်။

တစ်နိုင်ငံလုံးက ကရင်၊ ချင်း၊ ကယား၊ စစ်ကိုင်းတိုင်း စသည့် အဖက်ဖက်က တော်လှန်ရေး အင်အားစုတွေဟာ စစ်အာဏာရှင် စနစ်နဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ တိုက်ပွဲတွေဝင်နေတဲ့အချိန် PPST ရဲ့ နိုင်ငံရေးအရ အားလုံးပါ၀င် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ဆိုတဲ့သဘောထားအပေါ် မေးရာမှာ သူဆက်ပြောသာက ….….

“နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့က နိုင်ငံရေးရည်မှန်းချက်ကတော့ ရှိရတယ်။ အခုကလည်း နိုင်ငံရေးရည်မှန်းချက် ကတော့ မကွဲပါဘူး။ အဓိကရည်မှန်း ချက်ကတော့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးရယ်၊ ဒီမိုကရေစီအရေးရယ်၊ ဖက်ဒရယ်အရေးရယ်၊ ဒါပဲ ရည်မှန်းချက်အားလုံးတူပါတယ် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကြားထဲမှာ။ နည်းလမ်းရွေးချယ်မှုကြတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ မတူညီတဲ့အခြေခံတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်တူတဲ့အောက်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတာတွေနဲ့ ဆိုတော့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အခက်အခဲရှိမယ်မထင်ပါဘူး။ ဆိုလိုတာကတော့ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဖော်ဆောင်ရေးကိစ္စမှာ ကျွန်တော်တို့ PPST အနေနဲ့ကတော့ လက်ခံထားပါတယ်။ ဆိုလိုတာကတော့ တိုက်ပွဲနဲ့ ဖိအားနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ ပေါင်းစပ်ရမယ်ဆိုတာကိုလည်း လက်ခံထားပါတယ်။ နိုင်ငံတကာအရပ်သားအကူအညီလည်းလိုအပ်တယ်၊ ပြည်သူလူထုပါဝင်မူလည်းလိုအပ်တယ်။ တိုက်ပွဲနည်းလမ်းနဲ့ ဆွေးနွေးမှုနည်းလမ်းတွေလည်းရှိနေဦးမယ်ဆိုတာ ကျွန်တော်တို့ နားလည်လက်ခံထားပါတယ်။ ဒါကြောင့်မတူကွဲပြားတဲ့ဆောင်ရွက်မှုတွေအပေါ် ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာထက်ကို မတူကွဲပြားတဲ့ နည်းလမ်းတွေရှိနေတဲ့ဟာကို လက်ခံပြီးတော့ အကောင်းဆုံး ဘယ်လိုကြိုးစားဆောင်ရွက်သွားမလဲဆိုတာကို ဒီကနေ့ကာလမှာ အဖြေရှာကြလိမ့်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့ PPST အနေနဲ့ ရှုမြင် သုံးသပ်တာပေါ့” ဟု ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောပါတယ်။

PPST က “ လာမည့် ၂၀၂၂ ခုနှစ်တွင် ချမှတ်ထားသည့် PPST လုပ်ငန်းစဉ်များအဖြစ် လက်ရှိ မြန်မာနိုင်ငံ အကျပ် အတည်း ဖြေရှင်းရေးတွင် PPST သည် NCA ၏ အနှစ်သာရကို သော်လည်းကောင်း၊ PPST ၏ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကိုသော်လည်းကောင်း အခြေခံ၍ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည်”ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အာဆီယံ နိုင်ငံများအပါအဝင် နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ဖြေရှင်းမှုများသည် မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေ အနေနှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးကို PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊ လေးကေးကော် ငြိမ်းချမ်းရေး မြို့သစ်ကိစ္စနှင့် အခြားဒေသများရှိ အမျိုးသမီးများ ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားများအပေါ် စစ်ကောင်စီ၏ လူသားမဆန် ကျူးလွန်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PPST ကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသား အစည်း အရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ် မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။

Related Articles

Back to top button