တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 74, September 13, 2024)

၁။ ပန်ဝါဒေသ၌ KIA နှင့် စစ်ကောင်စီလက်အောက်ခံ ဦးစခုန်တိန့်ယိန်းတပ်များအကြား တိုက်ပွဲဖြစ်
 September 12, 2024
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်များအကြား တိုက်ပွဲဖြစ်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စက်တင်ဘာဒုတိယပတ် တွင် စစ်ကောင်စီ လက်အောက်ခံ ဦးစခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်ဖွဲ့များက KIA ရှိရာ ထိုးစစ်ဆင်လာနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းအပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ပြောပြသည်။ “ပန်ဝါဘက်က စစ်ရေးအခြေအနေကို တိတိကျ ကျ ပြောနိုင်လောက်တဲ့အထိ ခိုင်မာတဲ့ သတင်းတွေမရဘူး။  တိုက်ပွဲရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်မှာဖြစ်တာလဲ ဘယ်လို ပုံစံနဲ့ ဖြစ်တာလဲ ဘယ်လောက်ထိ ပြင်းထန်တဲ့ တိုက်ပွဲတွေလား အဲဒါတွေက ကျနော်တို့ အတည်ပြုပေးနိုင်တဲ့ သတင်းတွေမရှိ သေးပါဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ပန်ဝါဒေသတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်နှင့် နယ်ခြားစောင့်တပ်(BGF) စခန်းများကို KIA နှင့် PDF ပူးပေါင်းတပ်က ဇွန်လတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဆဒုံး ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများစွာကို သိမ်းပိုက်ရရှိထားသည်။

အဆိုပါ ထိုးစစ်မစခင် ဇွန်လ ၇ ရက်ကတည်းက ဦးစခုန်တိန့်ယိန်းက KIA နှင့် PDF များကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့်ထုတ်ပြန်ထားသည်။ ထိုသို့ စစ်မိန့်ထုတ်ပြန်ခဲ့သော်လည်း ပြည်သူ့စစ်နှင့် BGF တပ်စခန်းများကျရှုံးခဲ့ပြီး ထွက်ပြေး သွားသူများ လည်းရှိခဲ့သည်။ အဆိုပါ စစ်မိန့်သည် မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်းလည်း ကချင်လွတ်လပ် ရေးအဖွဲ့(KIO/KIA ) ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြီးခဲ့သည့် ၂ ရက်က လူမှုကွန်ရက်၌ မှတ်ချက်ပြုရေးသားဖော်ပြသည်။ ဒုဗိုလ် ချုပ် ကြီးဂွန်မော် ထိုသို့ ရေးသားဖော်ပြသည့် အချိန်တွင် ဦးစခုန်တိန့်ယိန်း တပ်များ ပန်ဝါဒေသရှိ KIA တပ်များအား ထိုးစစ်ဆင် လာ၍ တိုက်ပွဲဖြစ်ပွားနေသည့် ကာလဖြစ်သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသည် KIA တပ်မဟာ(၇) နယ်မြေဖြစ်သည်။ KIA တပ်မဟာ (၇) နှင့် PDF ပူးပေါင်းတပ်များ သည် ယခုစက်တင်ဘာပထမပတ်ကလည်း ပန်ဝါဒေသ လဂွေကျေးရွာရှိ ပြည်သူ့စစ် စခန်းကို သိမ်းပိုက်ခဲ့သည်။ Read in Full

 
၂။ လေကြောင်းပစ်ကူ အပြင်းအထန်ခုခံတိုက်ခိုက်သည့် လွှတ်ရှမ်းစစ်ကောင်စီစခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်
 September 12, 2024
ကေအဲန်ယူ- ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ်ရှိ လွှတ်ရှမ်းစစ်ကောင်စီတပ်စခန်းကို လေကြောင်းပစ်ကူအပြင်းအထန် ခုခံတိုက်ခိုက်သည့်ကြားမှ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း သိရသည်။ အဆိုပါ လွှတ်ရှမ်းစစ်ကောင်စီတပ်စခန်းကိုKNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရက်ပေါင်းအတန်ကြာ အပြင်းအထန် ပိတ်ဆို့တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့၍  စက်တင်ဘာလ ၁၁ ရက်နေ့ညအချိန်တွင် စခန်း ရှိ တပ်ဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြေပြင် KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်း KNLA တာဝန် ရှိသူက “ဒရုန်းနဲ့အပြင်းအထန်ပြန်တိုက်ခိုက်တော့ သူတို့စခန်းလည်း တော်တော် ပျက်စီးသွားတယ်။ အဲဒါညအချိန်မှာ သူတို့ ထွက်ပြေးသွားတယ်။  ဒီဘက်တပ်ဖွဲ့ဘက်က ပြန်သိတဲ့အချိန် မှာ သူတို့ ပြန်ပိတ်ဆို့တိုက်ခိုက်တယ်။ သူတို့က အနန်းကွင်းဘက် မသွားဘူး။ စခန်းကြီးဘက်မှာ ပြန်တယ်။ တောတောင်တွေမှာပြန်တော့ လိုက်ပိတ်ဆို့ပစ်ရတယ်၊ တနေတုန်းပဲ။ အခုထိ တိုက်ပွဲ ကဖြစ်နေတုန်းပါပဲ။ ” ဟု ပြောသည်။

စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စခန်းအတွင်းရှိ ၎င်းတို့မသယ်နိုင်သည့် ဆန်ရိက္ခာများကို လည်း ဖျက်ဆီးပစ်လိုက်ခြင်းရှိသလို စခန်း၌ ကျည်ဆံအချို့ကျန်နေကြောင်း ၎င်းမြေပြင် KNLA တာဝန်ရှိသူက ပြော သည်။ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ စခန်းတက်ရောက် ရှင်းလင်းသည့်အချိန်တွင် ကျည်ဆံအချို့အပါအဝင် မြေမြှုပ်မိုင်း၊ ရှေ့ထွက် မိုင်းအချို့သာ ပြန်ရရှိကြောင်း ရှေ့တန်းရှိ KNLA  တပ်ဖွဲ့ထံမှ သိရသည်။ လွတ်ရှမ်းရွာစခန်းသည် ယခင်က KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၆) နယ်မြေ စခန်းလုံခြုံရေးစခန်း တစ်ခုဖြစ်သည်။  ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် စစ်ကောင်စီတပ် အင်အားအလုံးအရင်း နှင့် လာရောက်နေရာယူခြေချခဲ့ပြီး (၃)နှစ်ကျော်ကြာတွင်  KNLA ဘက်မှ ယခုလို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းလည်း ဖြစ် သည်။ စစ်ကောင်စီတပ်လာရောက်အခြေချသည့် နေ့မှစတင်၍နယ်မြေခံ KNLA နှင့်ပစ်ခတ်မှုဖြစ်ကာစစ်ကောင်စီဘက်မှ လက် နက်ကြီးစစ်ကူပစ်ခတ်သည့်အပြင် လေကြောင်း စစ်ကူများလည်း ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လွှတ်ရှမ်းကျေးရွာတွင် လူနေအိမ်အများအပြားနှင့် ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားရသလို လွတ်ရှမ်းရွာရှိ ဒေသခံ လူထုထောင်နှင့်ချီ တိမ်းရှောင်နေခဲ့ရကြောင်းသိရသည်။ Read in Full

၃။ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားတစ်ဦးကျည်ထိသေဆုံး
 September 13, 2024
ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ထဲအိပ်နေသော အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့မနက်အစော ပိုင်း ၃ နာရီဝန်းကျင်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးအနီးမှာ ပစ်ခတ်မှုဆက် တိုက်ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားကြောင်းသိရသည်။ ထိုပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးရှိ သက်ကြီးပိုင်း အမျိုးသား တစ်ဦးသည် နေအိမ်ထဲ အိပ်နေစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ ” သေဆုံးတဲ့သူက အိပ်နေတဲ့ချိန် သေနတ်မှန်တာ ‌ခေါင်းတည့်တည့်မှာထိတယ်လို့ပြောတယ်၊ ကျွန်တော့်အမျိုးသမီးက အခု အသုဘသွားနေတာ” ဟု ဟားခါးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ချင်းဦးစီးရပ်ကွက် မြန်မာ့စီးပွားရေး ဘဏ်အနောက်ဘက်တွင် နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ်ခန့် ရှိသည့် Pu Ngun Thio ဟု သိရသည်။

ဟားခါးမြို့ရုန်းတောင်မှာအခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ “ဒီမနက်အစောကြီးပဲ ပစ်ကြတာ၊ သေနတ်သံ၊ ဒရုန်းသံတွေနဲ့ ဗုံးသံကတော့ ဆက်တိုက်ပဲကြားနေရတယ်၊ အရမ်း ကျယ်တယ်၊ ကျွန်မတို့အိမ်တောင်တုန်တယ်၊ ဒါပေမဲ့ အခုထိသိရသလောက်တော့ နေအိမ်ကျည်ထိတာရှိတယ်၊ လုံးလုံး ပျက်ဆီးသွားတာတော့ မရှိဘူး။” ဟု ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လက်ရှိ ဟားခါးမြို့ပေါ်တွင် လမ်းသွားလမ်းလာနည်းပါးပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ Read in Full

၄။ ရခိုင်ပို့မည့် ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များ၏တန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် အလိမ်ခံရ
 September 12, 2024
ဆေးဝါးများ၊ အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ ပြတ်လပ်နေသော ရခိုင်ပြည်ကို ပို့မည့် ကုန်စည်များ၏ တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းကျော် လိမ်လည်ခံရကြောင်း အလိမ်ခံရသည့် ကုန်သည် ၃၈ ဦးထံမှ သိရသည်။ စစ်တွေမြို့ ဘီလူးမတံတားအနီး နေထိုင်သူ ဦးညီပု (ခေါ်) အောင်မြင့်စိုးနှင့် ဇနီးဖြစ်သူက ကုန်သည် ၃၈ ဦး၏ ကုန် ပစ္စည်းများကို ရခိုင်ပို့ပေး မည်ဟု ကတိခံကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း အလိမ်ခံရသူထဲပါဝင်သူ မြောက်ဦးဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ ” အကွက်ကျကျကို လိမ်လည်သွားတာ။ ပထမ သန်းသန်းစိုး ဆိုတဲ့ အမျိုး သမီးတစ်ဦးကနေ ရခိုင်ကိုကုန်ပို့ကြမယ့် ကုန်သည်တွေ ကို စည်းရုံးတယ်။ အဲဒီအမျိုးသမီးက သူ့မှာလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးကို ကုန်ပို့မယ်ပေါ့။ ရခိုင်ကိုပို့ကြမယ့် ကုန်သည် တွေ ဦးညီပုဆီမှာ အပ်လို့ ရတယ်ပေါ့။ ဦးညီပုက တောင်ကုတ်မြို့အထိ ပို့ပေးမယ့်။ အဲက တစ်ဆင့် ကိုယ့်ပစ္စည်း ကိုယ်ယူကြပေါ့။ ဒါပေမယ့် ၃ လလောက်ကြာသွားတယ်။ ကုန်ပစ္စည်းက အခုထိမပို့ရသေးဘူး။”ဟု ပြောသည်။  ကုန်သည် ၃၈ ဦးမှာ ပစ္စည်းများ ဝယ်ယူပြီး ရခိုင်ကို ပို့ပေးမည်ဟု တာဝန်ခံသော ဦးညီပု၏ ရန်ကုန်မြို့ ဘုရင့်နောင်ကားဂိတ်ရှိ ဂိုဒေါင်သို့ တန်ဆာခ တစ်ပိဿာ ကို ကျပ် ၅,၀၀၀ နှုန်းဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို အပ်နှံခဲ့ကြသည်။

အပ်နှံကာလမှာ အချို့ကုန်သည်က ၂၀၂၄ ခုနှစ် မေလအတွင်းက စတင်အပ်နှံသူများရှိသလို ဇွန်လ၊ ဇူလိုင်လတို့တွင် လည်း အပ်နှံသူများရှိပြီး လက်ရှိတွင် ဦးညီပု (ခေါ်)အောင်မြင့်စိုးက အဆိုပါကုန်ပစ္စည်းများအားလုံးကို အခြားတစ်ဦးထံရောင်းချ ကာ ထွက်ပြေးသွားပြီဟု အလမ်ခံရသူထဲပါဝင်သူ ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ “ဇူလိုင်လတုန်းက ကုန် ပစ္စည်းပို့တာ ကြာလို့ဆိုပြီး ဘုရင့်နောင်ဂိတ်ကို ကုန်သည်တွေက သွားကြတာ။ ဂိုဒေါင်မှာ ကုန် ပစ္စည်းက မရှိတော့ဘူး။ ဘယ် ရောက်သွားလဲမေးတော့ သင်္ဘောပေါ်ကို ချဖို့ ယူသွားတယ်လို့ပြောတယ်။ နောက်ရက် နည်းနည်းစောင့်ပြီး ဦးညီပုကို သွားမေး တာ။ ကုန်တွေကိုသင်္ဘောပေါ်သို့ တင်နေတယ်လို့လိမ်တယ်။ နောက်မှသိရတာ။ ကျနော်တို့ပစ္စည်းတွေ အင်းစိန်က ဂိုဒေါင်တစ်ခုမှာ ရှိနေတယ်ဆိုတာ။ သွားရှာကြည့်တော့ ဦးညီပုက ကုန်ပစ္စည်း အားလုံးကို ရောင်းခဲ့တာတဲ့။”ဟု ပြောသည်။ ဦးညီပုကို ကုန် သည် များက ဖုန်းဆက်မေးသည့်အခါ ဖြေရှင်းပေးမည်ဟု ပြောဆိုပြီးနောက် ထွက်ပြေးသွားကြောင်းနှင့် ဇနီးဖြစ်သူကို ဆက် လက်မေးမြန်းရာ ဦးညီပု မည်သည့်နေရာတွင် ရှိနေခြင်း မပြောပြသည့်အပြင် သူမလည်း ထွက်ပြေးသွားပြီဟု ကုန်သည်များက ဆိုသည်။ ဦးညီပုဇနီးမောင်နှံ့ထွက် ပြေးနေသည့်သတင်းကြောင့် ကြံရာအဖြစ်ပါဝင်ခဲ့သူ ကမ်းထောင့်ကြီးဒေသခံ ဒေါ်သန်းသန်းစိုး သည့် အမျိုးသမီးလည်း ထွက်ပြေးသွားပြီဟု သိရသည်။ ကုန်သည် ၃၈ ဦးမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကမ်းထောင့်ကြီး၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ ကုန်ပစ္စည်းများ ဖြန့်ဝေနိုင်ရန် ရန်ကုန်တွင် စီစဉ်ခဲ့ကြစဉ် ဦးညီပုက အခြားကုန် သည်တစ်ဦးအား ရောင်းချခဲ့၍ အဆိုပါပစ္စည်းများမှာ အခြားတစ်ယောက် အပိုင်ဖြစ်သွားပြီဟု သိရသည်။ 

၅။ ဆိုင်းတောင်ရဲစခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
 September 12, 2024
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ ယနေ့နံနက် ၄ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဆိုင်းတောင်၊ ရပ်ကွက် (၁) ရှိ စစ်ကောင်စီရဲစခန်းကို KIA ပူးပေါင်းတပ်က ယမန်နေ့ညကနေ စတင်တိုက်ခိုက်ခဲ့ပြီး သိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။“မနေ့ည မှောင်တဲ့အချိန်ကနေ တိုက်တာလို့သိရတယ်၊ တရားဝင် အတည်ပြုပြီး သတင်းပေးပို့လာတာတော့ မရှိသေးပါဘူး၊ ဒါပေမဲ့သိမ်းပြီးပြီဆိုတာတော့ သိရပါတယ်။ ချိတ်ဆက်ထား တဲ့သူတွေကနေ အကြောင်းပြန်လာတာတော့ မရှိသေးပါဘူး။ မြေပြင်သတင်းအတိအကျတော့ မသိရသေးပါဘူး” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲစခန်းမှထွက်ခွာလာချိန် KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုမီးရှို့ဖျက်ဆီးလိုက် ပြီဖြစ်ကြောင်း ဖားကန့်မြို့နေ KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။“မနေ့ည အသားကုန်ပစ်နေကြတာ၊ စစ်ကောင်စီ တွေ တန်းစီထွက်လာတဲ့ချိန် KIA ဘက်က စောင့်ပြီး ပစ်ကြတာတဲ့၊ ရဲစခန်းသိမ်းပြီး ဘက်ဟိုးတွေနဲ့ ဖျက်၊ မီးရှို့လိုက်ပြီတဲ့၊ အခုလည်း ဆိုင်းတောင်မြို့ထဲမှာ ပစ်နေကြတုန်းပဲ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်တပ်မကုန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ကူနေပြီး ဆိုင်းတောင်ဒေသခံ များ ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာတစ်ဝိုက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များလည်း မီးလောင်ပျက်စီးနေကြောင်း သူကဆက်ပြောသည်။ အလားတူ ဆိုင်းတောင်ရပ်ကွက် (၄)၊ လပ်ကီးမဲန်း (Lucky Men Hotel) ဟိုတယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း မှစပြီးပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ၇ ရက်နေ့ နံနက်တစ်နာရီခန့်က ဆိုင်းတောင် ကျေးရွာ ရှိ Lucky Men Hotel တွင်ရောက်ရှိနေသော KIA နှင့် PDF တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်ခဲ့သောကြောင့် ဆိုင်းတောင်တွင် တိုက်ပွဲစတင်ပြင်းထန်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ပြီးခဲ့ သည့် ဩဂုတ်လ ၁၅ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ တောမှော်နှင့် လမောင်ရှိ စစ်ကောင်စီတပ် စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ Read in Full

၆။ စစ်ကောင်စီ က ဒရုန်း နဲ့ လက်နက်ကြီး တွေတပြိုင်နက်ပစ်ခတ်လို့ အရပ်သားလေးဦးသေဆုံး
September 12, 2024
စစ်ကောင်စီတပ်က ဒရုန်းတွေ နဲ့ လက်နက်ကြီးတွေတပြိုင်နက်ပစ်ခတ်တိုက်မှုကြောင့်  တနင်္သာရီမြို့နယ်၊ ကျွဲထိန်းရွာခံ အရပ်သားတွေ သေဆုံးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက ကျွဲထိန်းကုန်းရွာထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပေါ်ကို စစ်ကောင်စီဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက် မှုတွေအတွင်း အသက် ၆၀ နှစ်အရွယ် ဒေါ်စန်းသီ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းသွယ်နဲ့ အသက် ၁၈ နှစ်အရွယ် မဖြူဇာအေး တို့  ဗုံးစထိမှန်ပြီးသေဆုံးခဲ့တာလို့ သိရပါတယ်။ ဒေါ်စန်းသွယ်ဟာ ဗုံးသီးထိမှန်တဲ့နေရာမှာပဲသေဆုံးခဲ့ပြီး ကျန်တဲ့ အမျိုးသမီး နှစ်ဦးကတော့ ဆေးကုသဖို့ တခြားရွာကိုသွားတဲ့အချိန်လမ်းမှာသေဆုံးခဲ့တာလို့ သိရပါတယ်။ ဒရုန်းပစ်ခတ်နေတဲ့ တချိန်တည်း မှာပဲ စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့ပြီး လူနေအိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပေါက်ကွဲမှု အတွင်းမှာတော့ အသက် ၂၃ နှစ်အရွယ် ကိုနေနိုင်သူ(ခ)ဒီးဒုတ် ရဲ့ ခြေထောက်မှာကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုဒီးဒုတ်ကတော့ လမ်းကြောင်းအခြေအနေအရ မြိတ်မှာဆေးကုသလို့မရတာကြောင့် ထိုင်းနိုင်ငံကို ဆေးကုသဖို့ သွားတဲ့အချိန် ကြိမ်းချောင်းရွာလမ်းပိုင်းမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်လေ လမ်းကြောင်းမကောင်းလို့ မြိတ်သွားလို့မရဘူး။ ဒီးဒုတ်ကခြေမှာထိတာ ဆိုတော့ ဒဏ်ရာကသိပ်မစိုးရိမ်ရဘူး အချိန်ရသေးတယ်ဆိုပြီးပေါ့တာလည်းပါတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါ တယ်။ စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကျွဲထိန်းရွာက အရပ်သားလေးဦးသေဆုံးခဲ့တဲ့အပြင် နေအိမ်နှစ်ဆောင် ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါ တယ်။ လက်ရှိမှာ ကျွဲထိန်းကုန်းရွာတစ်ရွာလုံး ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတယ်လို့လည်း သိရပါတယ်။ အခုလ ၃ ရက်နေ့ကတည်းကစပြီး တနင်္သာရီမြို့နယ်ထဲက တကူ၊ သာရဘွင်၊ ဘန်လော၊ ၆ မိုင်၊ ဇဝဲ၊ ကျွဲထိန်းကုန်းရွာတွေဘက်ကို စစ်ကြောင်းတွေ ဖြန့်ကျက်ပြီး စစ်ကြောင်းထိုးနေတာပါ။ အဲဒီစစ်ကြောင်းတွေနဲ့ ဒေသတွင်းတော်လှန်ရေး မဟာမိတ်တပ်တွေ ကြား နှစ်ဖက်ပစ်ခတ်မှုတွေရက်ဆက်ဖြစ်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။“ဒရုန်းကိုတော် တော်သုံးလာတယ်။ ဒရုန်းကအကြီးစားငါးစီး။ လက်နက်ကြီးက တချက်တချက်ပဲ ဝင်ပစ်ကူတာ။” လို့ မြိတ်ခရိုင်တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ Read in Full

၇။ ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး၊ ၃ ဦးအရှင်ဖမ်းမိ
 September 13, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က  ရှမ်း-ကရင်နီ နယ်စပ်စစ်ဆင်ရေး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၃၀ သေဆုံးခဲ့ပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်(Loikaw Local Pdf)က အသိပေး ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၅ ရက်နေ့၊ ၆ ရက်နေ့ နဲ့ ၇ရက်နေ့တွေမှာ  ၃ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ လွိုင်ကော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်သုံ့ပန်းကို လည်း ကျနော်တို့ ဒီ KNDFရဲ့ စစ်သုံ့ပန်း ဌာနကိုပို့ဆောင်ထားလိုက်ပါပြီ။ စစ်ကောင်စီ အင်အားတော့ ၂ နေရာ ၃ နေရာလောက် ဖြစ်တော့ များတော့များတာပေါ့နော်။ သူတို့ဖက်က အကျအဆုံး ၂၅/၃၀ လောက်ကျတယ်။ ကျနော်တို့ဖက်တော့ ၄ ယောက် လောက်ကျတယ်။ ကျနော်တို့ Local PDFတော့ ကျတာမရှိဘူးပေါ့နော်။ ကျနော်တို့ ရဲဘော် ၃ယောက်ဒဏ်ရာရတယ်။ ၁ ယောက် ကတော့ စိုးရိမ်ရတာပေါ့ “လို့ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆိုပါ တယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ  လွိုင်ကော်ဒေသပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)၊ လွိုင်ကော်ပြည်သူ့ကာ ကွယ်ရေးတပ် (Loikaw PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး (KNPLF) နဲ့ ရှမ်းတောင် အခြေစိုက်တပ်ဖွဲ့  စတဲ့တပ်ရင်းတွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း မှာ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့ တပ်၊ ရဲစခန်း၊ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်ဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။  ဒါ့ပြင် KNDF၊ KNPLF၊ ရှမ်းတောင် အခြေစိုက်တပ်ရင်းတွေဖက်လည်း ထိခိုက်ကျဆုံးမူရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ Read in Full

၈။ သံဖြူဇရပ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ
 September 12, 2024
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မြင့်တက်လာပါတယ်။ သံဖြူဇရပ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ သုံးပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီး၊ ရဲတံခွန်နဲ့ အေးသာယာကျေး ရွာတွေမှာ ဖြစ်ပွားခဲ့ပြီး တောတောင်တွေထဲ မိသားစုဝမ်းရေးအတွက် ထင်းခုတ်၊ မှိုနုတ်၊ ဝဥသွားတူးတဲ့ ဒေသခံတွေ မြေမြှုပ်မိုင်း နင်းမိနေတာပါ။ မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေတဲ့ အဲဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစု တွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကို နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေရှိနေပါတယ်။

သံဖြူဇရပ်မြို့နယ်ထဲမှာ မြေမြှုပ်မိုင်းတွေမကြာခဏပေါက်ကွဲလာတဲ့အတွက် ဒေသခံပြည်သူတွေကြားစိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး မိုင်းရှင်းလင်းပေးဖို့ လိုလားနေကြပါတယ်။ လဂွန်းအိမ်စာစဉ်ကနေ ကောက်ယူတွေ့ရှိထားတဲ့ အချက်အလက် တွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ ၈ လတာအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နဲ့ သေဆုံးသူနှစ်ဦး ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအလွန် ပြည်သူတွေဟာ မိုင်းအန္တရာယ်ကို ပိုမိုကြုံတွေ့ရပြီး အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေတဲ့အပြင် တစ်ဘက်မှာ လမ်း၊တံတားစတဲ့ ပြည်သူပိုင်အဆောက်အအုံတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုကလည်း ကြီးမားတယ်လို့ဆိုပါတယ်။ ဒါကြောင့်သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးဖော်ဆောင် ရာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စက်လက်နက်ပစ္စည်းတွေအန္တရာယ်ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။ Read in Full

၉။ မြစ်ကြီးနားမှာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်ကို စစ်ဆေးရေးဖမ်းဆီးတာတွေရှိနေ
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်ပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ စစ်ကောက်စီတပ်က ဇူလိုင်လ ၂၁  ရက်နေ့နောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးကို ဖုန်းနဲ့ အင်တာနက်လိုင်း၊ wifi လိုင်းတွေဖြတ်တောက်ထားတာဖြစ် ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ  IP Starနဲ့Star Link ဂြိုလ်တုနဲ့အင်တာနက်ကို အခ ကြေးငွေပေးပြီး ဆိုရှယ်မီဒီယာသုံးတာ၊ ငွေလွှဲငွေထုတ်တာတွေလုပ်နေကြပေမယ့် စစ်တပ်က ဆိုင်တွေကိုရှောင်တခင်ဝင်စစ်ဆေးပြီး ဖမ်းဆီးတာတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။“သူတို့အဓိက ဖမ်းတာက ငွေလွှဲငွေထုတ်လုပ်တဲ့သူတွေကိုဖမ်းတယ် ပြီးတော့ တချို့ မသင်္ကာတဲ့သူတွေကိုလည်းဖမ်းတယ်။ ကျွန်တော်တို့ဆိုင်မှာအရင်ပတ်တွေတော့ Kpay လွှဲလို့ရတယ် အခုတော့kapy လွှဲရင်ဖမ်းတယ်ဗျ။ အဲ့ကြောင့်ငွေလွှဲ ဘာညာတော့မရတော့ဘူး”လို့ မြစ်ကြီးနားမြို့ခံတစ်ဦး ပြောပါတယ်။ လက်ရှိ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ ပြည်သူတွေဟာ IP Star နဲ့ Star Link တပ်ဆင်ထားတဲ့ နေရာတွေမှာ တစ်နာရီမှာ ၂ သောင်းခွဲပေးပြီး သုံးနေ ကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်က စက်တင်ဘာလ လဆန်းပိုင်းကစပြီး တပ်ကုန်းရပ်ကွက် အင်တာနက်အသုံး ပြုလို့ရတဲ့ ဆိုင်တစ်ချို့နဲ့မြို့ပေါ် ဟိုတယ်တစ်ချို့မှာ အင်တာနက်အသုံးပြုတဲ့သူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဝင်ရောက်စစ်ဆေးခဲ့တဲ့ ဟိုတယ်၊မိုတယ်၊ ဖုန်းဆိုင်၊ အင်တာနက်အသုံးပြုလို့ရနေတဲ့ ဆိုင်တွေရဲ့ အမည်နာမ အသေးစိတ်ကိုတော့ လုံခြုံရေးအရ ဖော်ပြခွင့်မပြုထားပါဘူး။“အစကတော့ကျမ သူငယ်ချင်းလည်း သူ့တည်းခိုခန်းမှာ လာ တည်းတဲ့သူတွေလည်း အဆင်ပြေအောင် မိတ်တွေခေါ်တဲ့အနေနဲ့ Star Link လည်းတပ်မယ်ပေါ့ စီစဉ်ထားတာ။ ဒါပေမယ့် စစ်ကောင်စီဘက်က Star Link တပ်ရင် ဥပဒေနဲ့မလွတ်ကင်းဘူး။ အင်တာတက်ကိုသူတို့တားမြစ်ထားတယ်ပြောလို့ အခြား နေရာတွေလည်း အဖမ်းအဆီးတွေရှိလာတော့ မတပ်ဖြစ်တော့ဘူး ကြောက်နေရတာ”လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ခုလို အင်တာနက်အသုံးပြုလို့ရတဲ့နေရာတွေကို ဖမ်းဆီးလာတာကြောင့် မြို့ခံပြည်သူတွေ ငွေလွဲငွေထုတ်ဖို့ပိုမို ခက်ခဲလာသလို အင်တာနက်အသုံးပြုသူတွေအတွက်လည်း လုံခြုံရေးစိုးရိမ်ရတာကြောင့် အသုံးပြုသူတွေနည်းလာတယ်လို့ သိရ ပါတယ်။ စစ်ကောင်စီဟာ မြစ်ကြီးနားမြို့ကို KIA၊ KPDF ပူး ပေါင်းတပ် စက်တင်ဘာလနဲ့အောက်တိုဘာလထဲမှာ မြို့ကိုသိမ်းပိုက်လာနိုင်တယ်ဆိုတဲ့သတင်းတွေပျံ့နှံ့လာတာကြောင့် အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်ကို ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကိုင်းမှာ ကေပယ်ကြိုးပြတ် တောက်နေတာကြောင့်လို့ဘဲ အကြောင်းပြဖြေကြားထားတာဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/09/1 3/zz1-157/

၁၀။ကျောက်ဖြူမြို့နယ်မှာ ရိက္ခာသယ်ယူတဲ့ ဒေသခံခုနစ်ဦး စစ်ကောင်စီ ဖမ်းဆီး
September 12, 2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေကနေ တရားမဝင် ရိက္ခာသယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ကညင်တောရွာ အနားမှာ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားငါးဦးကို ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာ ၇ ရက်နေ့မှာလည်း ချောင်း ကြီးဖျားရွာနားမှာ အမျိုးသမီး တစ်ဦးဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ ဖမ်းဆီးထားသူတွေကို ကျောက်ဖြူ မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ ဆက်သွယ်ခွင့်မရဘူးလို့ ကျောက်ဖြူမြို့ခံတစ်ဦးကပြောပါတယ်။ “သူတို့ရွာတွေကနေ တခြားနီးစပ်ရာရွာတွေကို သွား ဝယ်ရင်းဖမ်းဆီးခံရတာပေါ့။ ကျောက်ဖြူမှာ ဆေးဆိုအကုန်ပြတ်နေတာပေါ့နော်။ ခေါက်ဆွဲခြောက်ဆို ရှိကိုမရှိတော့တာ။ အဓိက ကတော့ ဆန်လိုက်ဝယ်ရင်း အဖမ်းခံရတာပြောတယ်” ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေထဲမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ငါးဦးတို့ ပါဝင်ပြီး နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာ တရားမဝင် သယ်ဆောင်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး လေးဦးကို စစ်ကောင်စီဖမ်းဆီးကာ ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ်ချလိုက်တယ်လို့ ဒေသခံတွေက ပြော ပါတယ်။ Read in Full

၁၁။ ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော
September 13, 2024
ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် Unitary State System ဖြင့် အုပ်ချုပ်သွားမည်ဟု အာရက္ခတပ်တော် AA စစ်ဦးစီး ချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန အင်တာဗျူးတွင် ပြောဆိုထား သည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနမှ အွန်လိုင်းက အင်တာဗျူးထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက် နေ့က ဖော်ပြခဲ့သည်။ အစောပိုင်းမှာ ဗဟိုချုပ်ကိုင်မှုဖြင့် တစ်ပြည်ထောင်အစိုးရကို ထူထောင်ပြီး နောက်ပိုင်းတွင် အစိုးရအလွှာ အသီးသီးထံ ခွဲဝေသွားနိုင်ခြေရှိကြောင်း ဗိုလ်ချုပ်ကပြောသည်။ “ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည် ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ။ ကနဦး အပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ တစ်ပြည်ထောင်အစိုးရ တစ်ရပ်ကို ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားနိုင်ခြေရှိပါတယ်။” ဟု ဆိုသည်။ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်၏ အကျိုးကျေးဇူးကို အာရက္ခပြည်သူအားလုံး ရရှိစေလိုသည့် ဆန္ဒအတွက် AA ၏ စီးပွားရေးမူဝါဒက ယေဘုယျအားဖြင့် Welfare-oriented (အများပြည်သူဝန်ဆောင်မှုနှင့် ပြည်သူ့အကျိုး စီးပွားကို ရှေ့ရှုသည့် စနစ်) ဖြစ်ပါလိမ့်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်နေပြီး လက်ရှိတွင် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲနှင့် ပလက်ဝဒေသ စသည့် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ပိုကောင်းသော အုပ်ချုပ် ရေးစနစ်တစ်ခုကို ဖြည်းဖြည်းနှင့်မှန်မှန် စတင်ထူထောင်နေပြီဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောသည်။ “ရခိုင် စစ်မျက်နှာမှာ ၁၈ မြို့နယ်ထဲက ၁၁ မြို့နယ်ကို လွတ်မြောက်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ကျန်တဲ့မြို့နယ်တွေ လွတ် မြောက်ရေးအတွက် ဆက်လုပ်နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ပိုကောင်းတဲ့ အုပ်ချုပ် ရေးစနစ်တစ်ရပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် စတင်ထူထောင်နေပါတယ်။ သင့်တော်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထူထောင် ရတာဟာ စစ်ရေးစစ်ရာတွေလိုပဲ ထပ်တူအရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ရေးနယ်ပယ်မှာ ကျွန်တော်တို့ အောင်ပွဲရထားသလိုပဲ “အုပ်ချုပ်ရေးအောင်ပွဲ” တစ်ရပ်လည်းမဝေးလှတဲ့အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်ပါတယ်။”ဟု ပြော သည်။ လုံခြုံရေး၊ ကျန်းမာရေးစောင့် ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် တရားစီရင်ရေးတို့လို အရေးပါသော ပြည်သူ့ဝန်ဆောင် မှုများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဆီလျော်မည့် အုပ်ချုပ်ရေးပုံစံတစ်ရပ် ထူထောင်ရခြင်းမှာ ULA/AA အတွက် တကယ့်ကို လုပ်ရကိုင်ရကျပ်သည့် တာဝန်တစ်ရပ်ဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။  Read in Full

၁၂။ မော်လမြိုင်မှာ စစ်မှုထမ်းအငှားခေါ်မရတော့လို့ မြို့ခံလူငယ်တွေကို စတင်ဆင့်ခေါ်
 September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့် စစ်မှုထမ်းသင်တန်း အတွက် အစားထိုးလူငှားခေါ်ယူမရတာကြောင့် မြို့ခံလူငယ်တွေကို စတင်ဆင့် ခေါ်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်အင်အားလိုအပ်ချက်ကြောင့် သူတို့စိုးမိုးထိန်း ချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို လစဉ်နီးပါး ခေါ်ယူနေပါတယ်။ စစ်မှုထမ်းသင်တန်း ခေါ်ယူရမှာ အရင်က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းအလုပ် သမားတွေကို ငွေကြေးနဲ့ဝယ်ယူပြီး လူစားလဲ ကာ စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အငှားခေါ်ယူခံရတဲ့ အစားထိုးစစ်မှုထမ်းတွေ ဟာ သင်တန်းပြီးနောက် ရှေ့တန်းတွေထံချက်ချင်းပို့ဆောင်ခံရမှုနဲ့အတူ ငှားရမ်းလို့မရတော့တဲ့အတွက်ကြောင့် မြို့ခံလူငယ်တွေ ကိုစတင်ဆင့်ခေါ်နေတာပါ။“အခုက သူတို့ အငှားတွေက သိပ်မရတော့ဘူးလေ။ အငှားခေါ်ဖို့လည်း အဆင်မပြေတော့ အခုအိမ် တွေမှာ အတင်းအကျပ်ခေါ်တာတွေ လုပ်လာတာပေါ့။ တချို့အိမ်တွေကဆင့်ခေါ်စာရတဲ့ အိမ်တွေက ယောကျ်ားလေး မရှိဘူးဆို ပြီး မသွားဘဲနေတော့ အခုမိန်းကလေးတွေပါခေါ်တယ်။ သူတို့က ဒီလက်နက်နဲ့ ပြည်သူ့စစ်အုပ်စုတွေနဲ့ အင်အားပြပြီးတော့ အိမ် တွေမှာလိုက်ခေါ်တယ်။ မလာရင်ရဲပါ ပါတယ်။ အဲဒီပြည်သူစစ်အဖွဲ့ဝင်တွေက လူငယ်တွေကိုခေါ်သွားတယ်” လို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ နိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တပ်အင်အားလျော့နည်းလာတဲ့အပေါ် လူငယ်တွေကိုမရရတဲ့နည်းနဲ့ စစ်ထဲအတင်း ဆွဲထည့်တာဖြစ်တယ်လို့ ပြောပါတယ်။“ဒါတွေက စစ်ကောင်စီက စစ်ရေးအရ အရေးနိမ့်မှုတွေနဲ့ ကြုံတွေ့ နေရလို့ မရရတဲ့နည်းနဲ့ သွေးရူး သွေးတန်း လုပ်လာတဲ့သဘော ပါ။ နောက်ပြီး စစ်အင်အားကို တစ်နည်းတစ်ဖုံ ပြန်ဖြည့်ဖို့ ကြိုးစားလာတယ်။ ဒါက ထူးခြားတယ်လို့ ပြောလို့မရပါဘူး။ တစ်နိုင်ငံ လုံးအနှံ့ စစ်ရေးရှုံးဆုံးမှုတွေနဲ့ စစ်အင်အားလျော့နည်းလာမှုတွေကြောင့် မရရတဲ့နည်းနဲ့ လူငယ်တွေကို စစ်ထဲအတင်းဆွဲထည့် နေတဲ့ သဘောပါ”လို့ ဆိုပါတယ်။ အရင်က ရွှေ့ပြောင်းလုပ်သားတွေဟာ စစ်မှုထမ်း အစားထိုး အငှားလိုက်တဲ့နေရာမှာ တစ်ဦးကို ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀ အထိ ရကြပေမယ့် အခုနောက်ပိုင်း သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင် လာတာကြောင့် အငှားလိုက်သူ နည်းပါးလာတာပါ။ ဒေသတွင်းမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် အရင်လို အစားထိုးဖို့ လူငှားတွေမရှိတော့တာကြောင့် လူငယ်တွေအနေနဲ့ လုံခြုံမှုကင်းမဲ့လာသလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရ မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ Read in Full

၁၃။ ဖားအံတွင် လူငယ်များကို စစ်မှုထမ်းခေါ်ယူရေး စတင်လုပ်ဆောင်လာနေ
 September 12, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းပြုစုကာ စတင်လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။ ဖားအံမြို့ပေါ် ဇီးတောအပိုင် အမှတ်-၄ ရပ်ကွက် အတွင်းရှိ ပိတောက်လမ်း၊ သရဖီလမ်းသွယ်-၂၊ ညနေလမ်းနှင့် ကမ်းနားလမ်း တလျှောက်နေထိုင်သည့် ဒေသခံလူငယ်များ အနေ ဖြင့် စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်း ဆောင်ရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ လုပ်ဆောင်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “အဓိက ကတော့ ဖားအံအိမ်ထောင် စု စာရင်းရှိတဲ့သူတွေကို အရင်ခေါ်တယ်။ အိမ်ထောင်စု စာရင်းထဲမှာပါတဲ့ လူငယ်တွေရဲ့ နာမည်တွေကို သူတို့လိုက်စုတယ်။ ပြီးတော့ အိမ်မှာယောက်ျား လေးတွေရှိရင် သူတို့လိုက်ခေါ် မယ်။ စစ်မှုထမ်းဖို့ နာမည်စာရင်းထည့်မယ် လူငယ်တွေကို၊ ပြီးရင် မိဘတွေကိုခေါပြီး လက်မှတ်ထိုးခိုင်းမယ်၊ သူတို့ခေါ်တဲ့ အချိန်ဆိုရင် ရုံးကိုလာရမယ်”ဟု ပြောသည်။

ထိုသို့ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများက လုပ်ဆောင်နေသည့်နောက်ပိုင်း ဖားအံမြို့ပေါ် နေထိုင်သူ လူငယ် အများစု မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တိမ်းမှုများရှိနေသလို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) လက်အောက် တွင် သွားရောက်လုပ်ကိုင်နေသူများလည်း ရှိသည်ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။“အများစုကတော့ ရွှေကုက္ကိုလ်ကို သွားကြတယ်။ အဲ့လိုမှ မဟုတ်ရင် BGF ထဲကိုဝင်ပြီး သင်တန်းဆင်း လိုက်ကြတယ်။ သူတို့ထင်တာက BGF ထဲကိုဝင်ရင် စစ်မှု မထမ်းရတော့ဘူးဆိုတဲ့ သဘောနဲ့ လုပ်နေကြတာအများကြီးပဲ” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။ Read in Full

၁၄။ နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲ  အမျိုးသမီး နှစ်ဦးသေဆုံး၊ အမျိုးသား တစ်ဦးဒဏ်ရာရ
 September 13, 2024
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပင်တီးအုပ်စု ပန်စုံကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ် ဦးဒဏ်ရာရရှိသည်ဟု စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာ လ ၁၃ ရက်) နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး နှစ်လုံးကြဲချပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးမှု ရှိပြီး ထို့နေအိမ် မိသားစုဝင်အမျိုးသမီး ၂ ဦးသေဆုံးမှုရှိပြီး အမျိုးသားတစ်ဦးဒဏ်ရဦရရှိသည်ဟု မြို့နယ်ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။“ ဒီနေ့ မနက် ၂နာရီဝန်းကျင်မှာ စစ်တပ်က ဗုံး ၂ လုံးလာကြဲသွားတယ် ။ အိမ်တစ်အိမ်ပဲထိသွားတယ်။ အဲအိမ်က အသက် ၇၀ ရှိတဲ့ အဖွားနဲ့ မြေးဖြစ်သူ အမျိုးသမီး ၁၇ နှစ်တစ်ယောက် ဆုံးသွားတယ်။ အဖေဖြစ်သူ အသက် ၃၀ အမျိုးသားက ဒဏ်ရာရရှိနေတယ် “ ဟု  ၎င်းကပြောသည်။

ထိုရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲငြိမ်သက်တာ ၃ ရက်ရှိပြီး ယနေ့ (စက်တင်ဘာ ၁၃)ရက် နံနက်တွင်  စစ်ကောင်စီမှ ရုတ်တရက်ဗုံးကြဲမှုကြောင့် ပြည်သူများ အထိတ်တလန့်ထွက်ပြေးကုန်ကြသည်ဟု မြို့နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “  ရွာအနီးက တိုက်ပွဲတွေငြိမ်တာ ၃ ရက်လောက်ရှိပြီ ရွာမှာတိုက်ပွဲမဖြစ်ပဲနဲ့ ဗုံးလာကြဲသွားတော့ ရွာကလူတွေ လန့်ပြီး ထွက်ပြေးတဲ့သူလည်း ပြေးနေကြတယ်။ ရွာထဲတိုက်ပွဲဖြစ်မှာကို ကြောက်ကြတယ် “ ဟု ၎င်းကပြောသည်။ အမြောက်တပ် အမတ (၂၀၆) နှင့် (၄၀၆) တို့ကို သိမ်းပိုက်ထားသည်ဟု ဩဂုတ်လ ၂၆ ရက်နေ့တွေ TNLA က ထုတ်ပြန်ထားပြီး အမြောက် စခန်း ကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် အမြောက်တပ်ရင်း (၃၅၄) တို့ကိုလည်း ယနေ့ (စက်တင်ဘာ ၁၃)ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ ကြောင်းသိရသည်။ အဆိုပါ တောင်ခမ်း တိုက်ပွဲနှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က TNLA ထုတ်ပြန်ခဲ့ရာ စစ်သား ရုပ်အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများကို ရုပ်သံတွင် တွေ့ရသည်။ Read in Full

၁၅။ ဗုံးကြဲခံရသည့် ကရင်နီ စစ်ရှောင်စခန်းက ပြည်သူများ အကူအညီလိုအပ်နေ
 September 12, 2024
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်တွေရဲ့နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတယောက်က ပြောပါတယ်။“အခုလောလောဆယ်တော့ နီးစပ်ရာနေရာတွေမှာ ခဏခေါ်ထားပေးကြတာမျိုးပေါ့။ ကော်မတီ ကလည်း ကူညီပေးနေတယ်။ သူတို့ အရင်လုပ်ပြီးမှ ကျနော်တို့ကို ဆက်သွယ်လာမယ် ထင်တယ်။ အကုန်ချိတ်ဆက် ပြီးတော့တော့ လုပ်နေတယ်ဗျ။ နေရာတွေ ဘာတွေ ရှာရဦးမယ်။ တခြားလိုအပ်တာတွေလည်း ဖြည့်စရာတွေက များတာပေါ့ နော်။” ဘန်ကောက် စစ်ရှောင်စခန်းက လေကြောင်းကနေ ဗုံးကြဲမခံရခင်က အိမ်ခြေ ၁၆၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော် ရှိတဲ့ အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်တွေများတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတခု ပြန်လည်ထူထောင်ဖို့အတွက် မိုးကာ၊ ဝါး၊ လုံခြုံတဲ့နေရာ၊ အိုးခွက်ပန်းကန်၊ အသုံးအဆောင်၊ စားနပ် ရိက္ခာ၊ စောင် စတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် အမျိုးသမီးတယောက်က “အိမ်တွေလည်း အကုန်ပျက် စီးသွားတော့ ဘာမှ မရှိတော့ဘူးပေါ့နော်။ ခုက အသိတွေနား ခွဲပြီး နေနေရတာပေါ့။ တချို့လည်း သူတို့အရင်က နေခဲ့တဲ့ရွာတွေ ကို ပြန်သွားတာရှိတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကိုလည်း ပြန်လည်ပြုလုပ်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၅ ရက်မှာ ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ကျောင်းသားနဲ့ အမျိုး သမီး စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ Read in Full

၁၆။ CDF-Hualngoram နှင့် ဇိုခေါထာရ်လူထုအကြား နားလည်မှုရရှိ
 September 13, 2024
မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ CDF-Hualngoram နှင့် ဇိုခေါထာရ်ရပ်ရွာလူထုကိုယ်စားလှယ်တို့ မျက်နာချင်းဆိုင်ဆွေးနွေးကာ နှစ်ဦးနှစ်ဖက် သဘောတူနာလည်းကြေအေးခဲ့ ကြပြီဟု သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ် ဟွာလ်ငိုရမ်ဒေသ ရိခေါဒါရ်မြို့မှာ CDF-Hualngoram တပ်သား တဦးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့သည့်အတွက် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်း ရန်ထိန်းသိမ်း ကြသည်။ ယင်းဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူများ စက်တင်ဘာလ ၁၁ ရက်နေ့က မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပြီး နှစ်ဦး နှစ်ဖက် သဘောတူကြေအေးခဲ့သည့်အတွက် အလွန်ပင်ဝမ်း မြောက်ကြသည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ ယင်းပူးတွဲ ကြေညာချက်ကို ဇိုခေါထာရ်ရပ်ရွာကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း(YMA)၊ MHIP နှင့် CDF-Hualngoram ဘက်မှ ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

မိမိတို့သည် နယ်နိမိတ်စည်း ခြားထားသော်လည်း စားဝတ်နေရေးနှင့် လူမှုအဖွဲ့အစည်းအရ အပြန်အလှန် အမှီသဟဲ ပြုရသည်ဖြစ်သောကြောင့် ကွဲမရ၊ ခွဲမရဖြစ်ကြောင်းကို နားလည်လက်ခံကြသည်ဟုဆိုသည်။ ဇိုခေါထာရ်နှင့် ရိခေါဒါရ်ဒေသ ၂ ခု သည် အုပ်စိုးသည့်အစိုးရမတူသော်ငြားလည်း သွေးချင်းညီအစ်ကိုများဖြစ်သည်နှင့်အညီ မိမိတို့ဘိုးဘွားအစဉ်အဆက်ကတည်း က သာရေး၊ နာရေးကိစ္စရပ်များတွင် တစည်းတလုံး ပူးပေါင်း လုပ်‌ဆောင်ခဲ့ကြသည့် ဓလေ့ကောင်းကို စောင့်ထိမ်း လျှက်ရှိကြပြီး ယင်းဆက်ဆံရေးကို ဆက်လက်ထိန်း သိမ်းမည်ဖြစ်ကာ ဆက်ဆံရေးပျက်ပြားစေသည့် မဟုတ်မမှန်သတင်းများ Social Media ပေါ်မတင်ကြရန် ပြည်သူများကို ပန်ကြားအပ်သည်ဟု ကြေညာ ချက်တွင်ဖော်ပြထားသည်။ နယ်နိမိတ်ပိုင်းခြားထားသော်ငြား လည်း ရပ်ကွက်တခုတည်းအလား ကူးလူးသွားလာကြသည့်အတွက် တဖက်ဖက်တွင် ပြသနာတစ်စုံတရာ ဖြစ်လေ့ဖြစ်ထရှိပြီး နောက်နောင်တွင် ယခုကဲ့သို့သော ပြသနာထပ်ဖြစ်ပွားခဲ့သော် နှစ်ဦးနှစ်ဖက် ခေါင်းဆောင်များက အမြန်ဆုံးဖြေရှင်းကြရန် သဘောတူကြသည်ဟုလည်း ဖော်ပြထားသည်။ ယခုကဲ့သို့ နှစ်ဦးနှစ်ဖက် သဘောတူကြေအေးသွားပြီးဖြစ်သည့်အတွက် ပြည်သူ များအနေဖြင့်လည်း အလေးထားပေး ကြပါရန်နှင့် ဖြေရှင်းပြီးသည့်ကိစ္စကို အစ မဆွဲထုတ်ကြရန်လည်း ပြည်သူများကို မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်ဟု ၎င်းတို့၏ ပူးတွဲကြေညချက်တွင်ဖော်ပြထားသည်။ Read in Full

၁၇။ လေကြောင်းအန္တရာယ်နဲ့ သဘာဝဘေးဒဏ်တွေကြောင့် ဖရူဆိုအနောက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား
 September 12, 2024
ကရင်နီပြည် ၊ ဖရူဆိုအနောက်ဖက်ခြမ်းမှာ လေကြောင်းအန္တရာယ်စိုးရိမ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားတယ်လို့ ကလူဆိုယိုသာ စာသင်ကျောင်းရဲ့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ “ဒီ ဖရူဆိုမှာတော့ မရောက်သေးပေမဲ့ အဲ့ဒီ ဒီးမော့ဆိုအနောက်ဖက်ခြမ်းပေါ့နော၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အတွက် ကြောင့်မလို့ သူကလေကြောင်းရန်ကို ကြိုတင်ကာကွယ်သောအားဖြင့် ပိတ်တယ်။ တကယ်တမ်းဆိုရင် ပိတ်မယ်ဆိုရင် ကျမတို့ က ဒီကျောင်းကော်မတီရယ် ကျောင်းသား မိဘရယ်နဲ့ပေါ့ ဆွေးနွေးတာ၊ အရင်ဆုံးအစည်းဝေးခေါ်ပြီးမှ ကျောင်းသားမိဘတွေက လည်း လုံခြုံရေးအရပိတ်သင့်တယ် ပြောလို့ ကျမတို့ တစ်ပတ်တော့ ပိတ်တယ်။”လို့ အဆိုပါ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါ တယ်။ လေကြောင်းအန္တရာယ်ကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စာသင်ကျောင်းတွေကို ပိတ်ထား ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ဖရူဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတချို့ ကို ပိတ်ထားကြတယ်လို့ သိရပါတယ်။

လေကြောင်းအန္တရာယ်စိုးရိမ်မှုကြောင့် ကျောင်းသားဦးရေနည်းတဲ့ စာသင်ကျောင်းတချို့မှာတော့ ကျောင်းသားမိဘ နဲ့ ကျောင်းကော်မတီဝင်တွေ ဆွေးနွေးကြပြီး နေအိမ်တွေမှာ စာသင်ကြားဖို့ စီစဉ်ထားတယ်လို့ အဆိုပါ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။“ကျောင်းတိုင်းကိုတော့ မြို့နယ်မှူးက အကြောင်းကြားထားတယ်ပေါ့။ ဒါပေမဲ့ မြို့နယ်မှူးက ပြောတာက တော့ ရွာကျောင်းဆိုရင် ကျောင်းသားကနည်းတယ်လေးနော။ ကျောင်းသားက နည်းတော့ခါကျတော့ ကျောင်းမှာတစ်စုထဲ သွား တက်တာက အန္တရာယ်ဖြစ်မယ်လို့ စိုးရိမ်မယ်ဆိုလို့ရှိရင် ရွာကျောင်းက မိဘတွေနဲ့ ကျောင်းကော်မတီနဲ့ ဆွေးနွေးပြီးတော့မှ တစ်အိမ်အိမ်မှာ သင်လို့ရရင်လည်း အဲ့လိုမျိုး သင်ပေးဖို့ပေါ့နော်။ ဒါမြို့နယ်မှူးက အဲ့လိုမျိုး အကြံပေးလိုက်တာပေါ့နော။ “လို့ သူက ဆက်ပြောပါတယ်။ တစ်ဖက်မှာလည်း ကျောင်းပိတ်ရက်များလာရင် ကလေးတွေရဲ့ပညာရေး နောက်ကျမှာကို ကျောင်း သား မိဘတွေက စိုးရိမ်နေကြပါတယ်။ သို့ပေမယ့် ပညာရေးထက် အသက်ရှင်သန်ရေးကို ပိုဦးစားပေးသင့်ပြီး စာသင်ကျောင်း ထက် နေအိမ်တွေမှာ စာသင်ကြားပါက စိတ်ချလုံခြုံမှုရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ Read in Full

၁၈။ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းတံတားဂိတ်စခန်းတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
 September 12, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ကြား သဲဖြူချောင်းတံတား စစ်ကောင်စီ ဂိတ်စခန်းကို စက်တင်ဘာလ (၉) ရက်နေ့က တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်(၂)ဦး သေဆုံး၊ (၄)ဦး ထိခိုက်မှုရှိခဲ့သည်ဟု နယ်မြေတာဝန်ရှိသူထံမှ သိရသည်။ ထိုနေ့ နံနက်(၁၀)နာရီ ဝန်းကျင်က သထုံခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တပ်ရင်း (၇၈၀၅) ပါဝင်သော တော်လှန်ရေးအင်အားစု များမှ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးတွဲတပ်စွဲထားသော တံတားလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ် မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုမှ စစ်ကြောင်းမှူး တစ်ဦး ညာလက်ပြင်နေရာ ကျည်ထိမှန်သေဆုံးခဲ့ရပြီး ကျန်ရှိ တပ်ဖွဲ့ဝင်(၄)ဦးအနက် (၃)ဦးမှာလည်း ထိခိုက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သထုံခရိုင်နယ်မြေတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အတူ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်သဖြင့် ဂိတ်စခန်းအနီးမှ သရက်ကုန်း၊ သပြေနီ၊ သဲဖြူချောင်း အစရှိသည့်ကျေးရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရပြီး ရွာအတွင်းနေအိမ်များပေါ် စစ်ကောင်စီ တပ်စွဲနေထိုင်သဖြင့် လက်ရှိအချိန်ထိ နေအိမ်မပြန်နိုင်ကြောင်းလည်း ‌ဘီးလင်းနယ်ခံအမျိုးသားတစ်ဦးက ပြောသည်။“အဲဒီရွာ သုံးရွာက ဂိတ်နားအနီးဆုံးရွာတွေဆိုတော့ ပြေးကြတာ ရွာလုံးကျွတ်ပဲ။ အိမ်တွေပေါ်အထိ စစ်တပ်က တက်နေတော့အခုထိ အိမ် မပြန်ရဲဘူး။ သူ့ဘေးကရွာတွေလည်း သတိနဲ့နေရတယ်။” ဟု အဆိုပါ ဘီးလင်းနယ်ခံ အမျိုးသားကပြောသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်ကြောင့် ‌ရန်ကုန်-မော်လ မြိုင်လမ်းပေါ် ခရီးသွားလာသည့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျွန်းတောရွာနေ အသက် (၁၀) နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်က ဝါဒဖြန့်လူမှုကွန်ရက် စာမျက်နှာ များတွင်မူ အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း ၎င်းတို့ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး (၃)ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသာ ဖော်ပြထားသည်။ Read in Full

၁၉။ ပလက်ဝမြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်ကြောင်း မိုးဇလကျွမ်းကျင်သူများ သတိပေး
 September 13, 2024
ချင်းပြည်နယ်တောင်းပိုင်း၊ ပလက်ဝမြို့နယ်တွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်သောကြောင့် ပြည်သူများ သတိပြု နေထိုင်ကြရန် မိုးဇလပညာရှင်များက ပြောသည်။ စက်တင်ဘာလ ၁၃ ရက် နနံက်ပိုင်းမှ စတင်၍ ၂၄ နာရီအတွင်း ပလက်ဝမြို့ နယ်တွင် မိုးကြီးရေလျှံနိုင်ကြောင်း Meteorological Centre မှ မိုးဇလကျွမ်းကျင်သူ စုစုစံက ပြော သည်။ လာမည့် ၂၄ နာရီ အ တွင်း ချင်းပြည်နယ်တောင်ပိုင်းတွင် မိုးရေချိန် ၁၆၅ မီလီမီတာ(၆.၅ လက်မခန့်)နှင့် မိုး သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ပြောသည်။“ဒီလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အရှိန်ကြောင့် ဒီနေ့နံနက် ၁၀ နာရီမှ စက်တင် ဘာ ၁၄ ရက် နံနက် ၁၀ နာရီအထိ – ၂၄ နာရီအတွင်း ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင် အထက် ပိုင်း ဒေသ တချိုတွေမှာ သာ မိုးများနိုင်ပါမယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆၅ မီလီမီတာ(၆.၅ လက်မခန့်)ရွာသွန်းနိုင်ပါမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာနေပါက မိုးများသည်ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါကြောင်း စစ်ကောင်စီ မိုးဇလဌာနက ယနေ့ နံနက် ၇ နာရီမှာ ထုတ်ပြန်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ် အားလုံးတွင် နေရာကျဲကျဲနှင့် နေရာစိပ်စပ် မိုးရွာသွန်းမည်ဖြစ်ကြောင်း၊ လာမည့် ၂ ရက်အတွင်း ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောာင်း မိုးဇလ ဌာနက ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်သည် မြစ်ချောင်း ပေါများသော ဒေသတစ်ခုဖြစ်ပြီး မြစ်၊ ချောင်းများသည် မြောက်ဘက် မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိကာ ကုလားတန်းမြစ်နှင့် လေမြိုမြစ်တို့သည် ယင်းဒေသတွင် ထင်းရှားအရေးပါသည်။ Read in Full

၂၀။ တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ
 September 12, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဩဂုတ်လကုန်ပိုင်းကစလို့ နယ်စပ် ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်လိုက်သလို စစ်ကောင်စီဘက်ကလည်း လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ဆေးဝါးနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၂၁ မြို့နဲ့ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံးကျိုင်း၊ မုန်းကိုးနဲ့ နမ့်ခမ်း စတဲ့ တရုတ်နယ်စပ်ဂိတ် ငါးခုကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတာပါ။ “တရုတ်အစိုးရကလည်း တင်သွင်းမှုတွေလည်း ပိတ်ပင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က လည်း ကျွန်မတို့ကို ပိတ်ပင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးကတော့ လက်ရှိကတော့ ခက်ခဲနေတယ်” တရုတ်နိုင်ငံဘက် က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာဟာ တိုက်ပွဲတွေရပ်အောင် ဖိအားပေးတဲ့သဘော ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။ အလားတူ စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသကို ဆေးဝါးသယ်ယူမှုကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသတွင်းမှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ တအာင်း အမျိုးသားလွတ်မြောက်တပ် မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။“လက်ရှိမှာတော့ တအာင်းဒေသမှာတော့ ဆေးဝါးအခြေအနေက တော့ ခက်ခဲနေတယ်လို့ ပြောလို့ရပါတယ်။ ဒီတရုတ်အစိုးရကလည်း တင်သွင်းမှုတွေလည်း ပိတ်ပင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း ဒီကျွန်မတို့ကို ပိတ်ပင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ဆေးဝါးကတော့ လက်ရှိကတော့ ခက်ခဲနေ တယ်။ တချို့ကတော့ ပြတ်လပ်နေတာလည်းရှိပါတယ်” ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်၊ “ဝ” နဲ့ ပလောင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသတွေအပါအဝင် မြို့နယ် ၂၀ ရှိပြီး လူဦးရေ နှစ်သန်းနီးပါး နေထိုင်ကြပါတယ်။ တရုတ်နိုင်ငံနဲ့ စစ်ကောင်စီတို့ရဲ့ ပိတ်ဆို့မှုဒဏ်ကို ရှမ်းမြောက် ဒေသခံတွေအားလုံး ကြုံနေရတာလို့လည်း ပြောကြပါတယ်။ Read in Full

၂၁။ PDF ကိုဆိုင်ကယ်ရောင်းတယ်လို့ စွပ်စွဲပြီးအမျိုးသားတစ်ဦးကို ပျူစောထီးတွေက သိန်းခြောက်ဆယ်ငွေညှစ်
 September 12, 2024
မြိတ်မြို့နယ်၊ တညက်ရွာမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ပျူစောထီးအဖွဲ့ဟာ  အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး PDF တွေ ဆီဆိုင်ကယ်ရောင်းချတယ်လို့ စွပ်စွဲကာ  ကျပ်သိန်း ၆၀ ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁၀ ရက်နေ့က တညက်ရွာခံ ဦးဘာရှီးလ်ဆိုသူကို အုပ်ချုပ်ရေးမှူးဦးဇော်မင်းလတ်ဦးဆောင်တဲ့ ရွာခံပျူစောထီးအဖွဲ့က ဖုန်းဆက်ခေါ်ယူပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ဆွေးနွေးစရာရှိတယ်လို့ လိမ်ခေ်ပြီးတော့တခါတည်းဖမ်းလိုက်တာပဲ။ PDF တွေ က ဝေ့ဆိုင်ကယ်အဖြူ‌ရောင်နဲ့ ပုလောက ပြည်သူ့စစ်စခန်းကို လာပစ်တယ်တဲ့။ အဲဒီဆိုင်ကယ်က သူ့ဆိုင်ကယ်ဆိုပြီးဖမ်းတာ” လို့ တညက်ရွာခံတစ်ဦးကပြောပါတယ်။ ဖမ်းဆီးခံရသူ ဦးဘာရှီးလ်က သူ့အနေနဲ့ PDF တွေကို ဆိုင်ကယ်ရောင်းခဲ့တာ မဟုတ် ကြောင်း ပြန်လည်ရှင်းပြပေမဲ့ လက်မခံဘဲဖမ်းဆီးခဲ့တာလို့ ရွာခံကဆိုပါတယ်။ အဲဒီနောက်မှာတော့ ပျူစောထီးအဖွဲ့တွေက ကျပ်သိန်း ၆၀ ပေးမှပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝေ့ဆိုင်ကယ်အဖြူက ဒီတစ်စီးတည်းရှိတာမဟုတ်ဘူးလို့ပြောတာတောင်မရဘူး။ သူရောင်းခဲ့တဲ့သူကို ပြမယ်ဆိုတာ လည်းမရဘူး။ သူတကယ်ရောင်းတာက သာမာန်လူပဲ။ သက်သက်မဲ့ငွေညှစ်ချင်လို့လုပ်တာ”လို့ တညက်ရွာကပျူစောထီးအဖွဲ့ တွေအကြောင်း ထဲထဲဝင်သိရှိနေတဲ့ ရွာခံတစ်ဦးကပြောပါတယ်။ ဖမ်းဆီးခံရပြီး တစ်ရက်အကြာမနေ့ကညနေပိုင်းမှာတော့ ကျပ်သိန်း ၆၀ ကနေ ကျပ် ၄၅ သိန်းပြောင်းလဲတောင်းခံပြီး ဖမ်းဆီးခံရတဲ့ ဦးဘာရှီးလ်ကိုလွှတ်ပေး လိုက်တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တညက်ရွာမှာ အုပ်ချုပ်‌ရေးမှူးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်ဆယ်ဦးကျော်ရှိပြီး သူတို့ကို ပြီးခဲ့ တဲ့ ဇွန်လမှာ စစ်ကောင်စီတပ်က လက်နက်တွေတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီပျူစောထီးအဖွဲ့တွေဟာ သူတို့ရဲ့ လစာ အတွက်လည်း အိမ်ထောင်စုတစ်ထောက်ကျော်ရှိတဲ့ တညက်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကစလို့ နေအိမ်တစ်ဆောင် ကို ကျပ်ငါးထောင်စီကောက်ခံတာတွေ လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီပျူစောထီးအဖွဲ့ဝင်တွေဟာ ရွာအုပ်ချုပ်ရေးမှူးရုံးမှာ နေထိုင် ပြီး ရွာထဲမှာ ညဘက်သေနက်ပစ်ဖောက်တာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ဖုန်း၊ ဆိုင်ကယ်တွေကိုရှောင်တခင် စစ်ဆေးတာတွေ ကို လည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Read in Full

၂၂။မြစ်ကြီးနားမြို့နယ်၊လမုန်ဇွပ်ရွာတွင် စစ်ကောင်စီကလမ်းသွားလမ်းလာများကို တင်းကြပ်စွာစစ်ဆေးနေပြီးငွေတောင်းနေ
September 12, 2024
မြစ်ကြီးနားမြို့နယ်၊ လမုန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ လမ်း သွားလမ်းလာများကို တင်းကြပ်စွာစစ်ဆေးပြီး တရားမဝင်ငွေကြေးကောက်ခံခြင်းများပြုလုပ်နေကြောင်း သိရသည်။  ဆယ်မိုင် ကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့က ညအိပ်တပ်စွဲသွားသော စစ်ကောင်စီတပ်ဖွဲ့များက ယနေ့နံနက် ရှစ်နာရီခန့်ခွဲခန့် က ကားနှစ်စီးဖြင့် အထက်ဘက်သို့တက်သွားက လမုန်ဇွပ်ကျေးရွာတွင် ဂိတ်လုပ်ကာ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ဆယ်မိုင်ကျောင်းက ကားနှစ်စီးနဲ့တက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟုတ်တယ်။ ကားနှစ်စီးနဲ့တက်သွားတဲ့သူတွေ တချို့ကတော့ လမုန်ဇွပ်မရောက်ခင်မှာ တံတားတစ်ခုရှိတယ်။ အဲ့တံတား နားက မျက်မမြင်ကျောင်းရှိတဲ့နားမှာ စားပွဲတစ်လုံးချထားပြီး ဖြတ်သွားဖြတ်လာတွေကို ပိုက်ဆံကောက်စားနေကြတယ်။ ကုန်တင်ကားတွေဆို သုံးသောင်းကောက်တယ်။ ဆိုင်ကယ်တစ်စီးဆို တစ်သောင်းကောက်တယ်။ တစ်စီးနဲ့တစ်စီးတော့မတူဘူး။ တချို့ဆိုင်ကယ်တွေကိုတော့မကောက်ဘူး။ မိန်းကလေးတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးဆို ရပ်ခိုင်းပြီး မွှေနှောက်ပြီးစစ်နေတာ တွေ့လိုက်တယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ကလည်း ဆယ်မိုင်ကျေးရွာ အထက်တန်းကျောင်းရှေ့တွင် လမ်းသွား လမ်းလာများကို တင်းကြပ်စွာစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော် ခန့်သည် လမ်းသွားလမ်းလာများကို မတရားငွေကြေးကောက်ခံနေကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ကျွန်တော် ဖြတ်လာတုန်းကတော့ အထက်ကိုတက်တဲ့ ကားဆယ်စီးကျော်လောက် တန်းစီနေတယ်။ တစ်စီးပြီးတစ်စီးဖြတ်ရတာပေါ့။ ဟိုက်ဂျက်ကားတစ်စီးမှာဆို ဘာပစ္စည်းမှ မတင်ဘူး။ လူပဲသုံးယောက်စီးလာတာ၊ လူသုံးယောက်မို့လို့ တစ်ယောက်တစ်သောင်း ပေးရမယ်ဆိုပြီးတော့ သုံးသောင်းတောင်းတယ်လို့ပြောတယ်။ အဲ့ကောင်တွေ အခုချိန်ထိရှိနေတယ်” ဟုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဦးထုပ်ကဲ့သို့သော ဦးထုပ်များ ဆောင်းထားခြင်းမရှိဘဲ လျှာထိုးဦးထုပ်များသာ ဆောင်းထား ကြသောကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။  

၂၃။  ရှမ်း-ကယားနယ်စပ်မှာ ရေကြီးမှုကြောင့် လူသေဆုံးမှုတွေရှိ
 September 12, 2024
ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ်က ဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုတာတွေရှိနေပြီး လူ သေဆုံးတာတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ ဖယ်ခုံမြို့က ဆီးဘူး-ခွီးတလုတ် သွား လမ်းမှာ တောင်ပြိုတာ၊ ကန်သာယာစစ်ရှောင်စခန်းအနီး မြေပြိုလို့နေအိမ် ၂ လုံးပျက်စီးတာ၊ ဟိုဝမ်စစ်ရှောင်စခန်း တောင်ပြိုတဲ့ အတွက် အိမ်၂ လုံး ဖျက်ပြီး ရွှေ့ပြောင်းရတာ၊ ခူးပရာရွာ တောင်ပြိုတဲ့အတွက် အိမ် ၁ လုံး ရွှေ့ပြောင်းရတာတွေ ရှိတယ်လို့ သိရ ပါတယ်။ “ဖယ်ခုံသိကျိတ်ရွာမှာ တောင်ကျရေကြောင့်  မိန်းကလေးတဦး၊ လူငယ်တဦးနဲ့ အဘွားအိုတဦး သေဆုံးခဲ့ရပါတယ်။ အဘွားအိုက ဆေးရုံမှာဆုံးတာ၊ နေအိမ်လည်း ၂၅ လုံးလောက်ပျက်စီးသွားတယ်” လို့ ထွန်းမြန်မာဒိုနေးရှင်းမှ ကိုဖိုးဇော်က ပြော ပါတယ်။

ဒါ့အပြင် ဒီးမော့ဆို အနောက်ဘက်ခြမ်းက ဒေါ့ဝယ်ခူးကျေးရွာအနီးမှာ တောင်ကျရေကြောင့် လယ်ဧကများစွာ ရေနစ် မြုပ်ပြီး လူသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တောင်ကျရေကြောင့် မြေပြိုတာ တံတားပျက်တာတွေရှိတယ်။မြေကြီးက လမ်းပေါ်မှာ လူတရပ်စာလောက်မြင့်တက်လာတယ်။ မိုးလည်း ရွာနေတုန်းပဲ။ သဘာဝ တံတားရဲ့ ကမ်းပါးနားကမြေကြီးတွေ တော်တော်ပြိုကုန်တယ်။ သွားလာလို့ ရမရတော့ မသိသေးဘူး”လို့ ဖရူဆိုအနောက်ခြမ်းက အမျိူးသမီးတဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ရာအေပရားအကျော်မှာ မြေပြိုပြီး တံတားပျက်စီးကာ လမ်းသွားလမ်းလာ အခက်အခဲရှိနေ ပြီး မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် စပါးခင်း လယ်ခင်းများစွာ ရေနစ်မြုပ်ကုန်တာ၊ လိုဘာခိုရွာ လယ်တောစစ်ရှောင် စခန်း အနီးနားမှာ တောင်ပြိုတဲ့အတွက် စပါးခင်းတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။ Read in Full

၂၄။ ဗထူးတပ်မတော်ကနေ ကိုနဂါးမင်းဦးဆောင်တဲ့တပ်ခွဲ ၃ တစ်ခုလုံးနုတ်ထွက်
 September 12, 2024
ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗထူးတပ်မတော်ကနေ တပ်ခွဲ ၃ တစ်ခုလုံးနုတ်ထွက်လာ တယ်လို့ တပ်ခွဲမှူးဖြစ်သူကို ကိုနဂါးမင်း(ခ)ကိုနှုတ်ခမ်းမွှေးက ပြောပါတယ်။ အခုလပထမပတ်အတွင်းမှာ တပ်ခွဲက ရဲဘော် ၂၅ ဦးနဲ့အတူ နုတ်ထွက်လာတာလို့ သူကဆိုပါတယ်။ “ကျနော်တို့တပ်ခွဲမှာရှိတဲ့သူတွေအားလုံးရဲ့ သဘောဆန္ဒနဲ့နုတ်ထွက်လာတာ ပါ။ တရားဝင်နုတ်ထွက်လာတာပါ။ ညှိနှိုင်းပြောဆိုစရာတော့ ကျန်သေးတာပေါ့”လို့ ကိုနဂါးမင်းက ပြောပါတယ်။ နုတ်ထွက်လာ တဲ့ အကြာင်းအရင်းကတော့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့်ဖြစ်တယ်လို့ သူပြောပါတယ်။ တပ်ခွဲ ၃ တစ်ခုလုံးဟာ ဗထူးတပ်မတော်ကနေ လက်နက်ခဲယမ်းတွေနဲ့ အတူထွက်လာတာဖြစ်ပါတယ်။ နုတ်ထွက်ပြီးနောက်အခုလ ၆ ရက်‌နေ့ကတော့ လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျေးရွာကတိုက်ပွဲမှာ ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ရွှေဘီလုံးတပ်ဖွဲ့၊ က္လားသစ္ဏတ်၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့နဲ့ အတူပူးပေါင်းတိုခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တခြားတပ်ရင်း၊တပ်ဖွဲ့တွေမှာ ပါဝင်တာမျိုးမရှိသေးဘဲ သီးခြားတပ်ခွဲတစ်ခုအဖြစ် ရှိနေဆဲပဲလို့ တပ်ခွဲ မှူးကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လကလည်း ဗထူးတပ်မတော်(တပ်ခွဲ ၄)က ရဲဘော် ၂၈ ဦးနဲ့ (တပ်ခွဲ ၂)က ၉ ဦး စုစု ပေါင်း ရဲဘော် ၃၇ ဦးဟာ ဗထူးတပ်မတော်ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။ တပ်ခွဲ ၄ ရဲ့တပ်ခွဲမှူး ရဲဘော်ဖားကြီးကတော့ စစ်ဆင်ရေးတွေဆက် တိုက်လုပ်ဆောင်လို့ လက်နက်ခဲယမ်းလိုအပ်ချက်များလာပေမဲ့ ဗထူးတပ်မတော်ဘက်က ဖြည့်ပေးတာမျိုးမရှိတာကြောင့် နုတ် ထွက်တာဖြစ်တယ်လို့ အဲဒီအချိန်ကဖြေဆိုခဲ့ပါတယ်။ ဗထူးတပ်မတော်ကို အခုနှစ်အစမှာစတင်ဖွဲ့စည်းခဲ့ပြီး အရင်က လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ဒုတာဝန်ခံဖြစ်သူ ကိုမမကြီးက ဗထူးတပ်မ‌တော်ရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ယူ ခဲ့ပါတယ်။ အခုနုတ်ထွက်လာတဲ့ တပ်ခွဲ ၃ ကတပ်ခွဲမှူး ကိုနဂါးမင်း(ခ)ကိုနှုတ်ခမ်းမွှေးကတော့ ဗထူးတပ်မတော်မှာ တပ်ခွဲမှူး အဖြစ်တာဝန်မယူခင် လောင်းလုံး ပကဖရဲ့  တာဝန်ခံဖြစ်ခဲ့ပါတယ်။ Read in Full

၂၅။ ဖားအံတွင် လူငယ်များကို စစ်မှုထမ်းခေါ်ယူရေး စတင်လုပ်ဆောင်လာနေ
 September 12, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေး မှူးက စာရင်းပြုစုကာ စတင်လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။ ဖားအံမြို့ပေါ် ဇီးတောအပိုင် အမှတ် -၄ ရပ်ကွက် အတွင်းရှိ ပိတောက်လမ်း၊ သရဖီလမ်းသွယ်-၂၊ ညနေလမ်းနှင့် ကမ်းနားလမ်း တလျှောက်နေထိုင်သည့် ဒေသခံလူငယ်များ အနေ ဖြင့် စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်း ဆောင်ရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ လုပ်ဆောင်နေသည်ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “အဓိက ကတော့ ဖားအံအိမ် ထောင်စု စာရင်းရှိတဲ့သူတွေကို အရင်ခေါ်တယ်။ အိမ်ထောင်စု စာရင်းထဲမှာပါတဲ့ လူငယ်တွေရဲ့ နာမည်တွေကို သူတို့လိုက်စုတယ်။ ပြီးတော့ အိမ်မှာယောက်ျား လေးတွေရှိရင် သူတို့လိုက်ခေါ် မယ်။ စစ်မှုထမ်းဖို့ နာမည်စာရင်းထည့်မယ် လူငယ်တွေကို၊ ပြီးရင် မိဘတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းမယ်၊ သူတို့ ခေါ်တဲ့ အချိန်ဆိုရင် ရုံးကိုလာရမယ်” ဟု ပြောသည်။

ထိုသို့ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများက လုပ်ဆောင်နေသည့်နောက်ပိုင်း ဖားအံမြို့ပေါ် နေထိုင်သူ လူငယ် အများစု မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တိမ်းမှုများရှိနေသလို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) လက်အောက် တွင် သွားရောက်လုပ်ကိုင်နေသူများလည်း ရှိသည်ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။“အများစုကတော့ ရွှေကုက္ကိုလ်ကို သွားကြတယ်။ အဲ့လိုမှ မဟုတ်ရင် BGF ထဲကိုဝင်ပြီး သင်တန်းဆင်း လိုက်ကြတယ်။ သူတို့ထင်တာက BGF ထဲကိုဝင်ရင် စစ်မှု မထမ်းရတော့ဘူးဆိုတဲ့ သဘောနဲ့လုပ်နေကြတာအများကြီးပဲ”ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။ Read in Full

၂၆။ ဟားခါးမြို့က ဒု-ရဲအုပ်တစ်ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်
 September 13, 2024
ချင်းပြည်နယ် ဟားခါးမြို့က ဒုရဲအုပ်တစ်ဦးသည် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း CDF-Hakha က စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါအလင်းဝင်လာသူ ရဲအရာရှိသည် စစ်ကောင်စီလက်အောက် တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ  ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ စက်တင်ဘာလ ၁၂ ရက် နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်နှင့်အတူ အလင်းဝင်လာရဲအရာရှိကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံ‌သောနေရာရောက်သည်အထိ တာဝန်ယူမည်ဖြစ် ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေး တွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာ ရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။ စက်တင်ဘာ လဆန်းပိုင်း ၂ ရက်နေ့တွင် ရဲတပ်သား ၁ ဦး နှင့် ၄ ရက်နေ့တွင် ရဲသား ၂ ဦး စုစုပေါင်း ရဲတပ်သား ၃ ဦး သည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိ‌တော့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်ခဲ့ပြီးဖြစ်သည်။ Read in Full

၂၇။ ရခိုင်မှာ ၈ လကျော်အတွင်း အရပ်သား ၃၁၀ ကျော် သေဆုံး
 September 13, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု များကြောင့် အရပ်သားသေဆုံးသူ ၃၁၁ ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ် ပြန်ထားသည်။ နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကြောင့် အမျိုးသမီး ၄၅၁ ဦးနှင့် အမျိုးသား ၉၁၁ ဦး စုစုပေါင်း ၁၃၆၂ ဦး သေဆုံးခဲ့ရပြီး ရခိုင်က ၃၁၀ ကျော်ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသူများအားလုံးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၇၉ ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ၁၆၅ ဦး ပါဝင်ကြောင်း AAPP က ဆိုသည်။ ရခိုင်ပြည်မှ ၃၁၁ ဦး ပါဝင်ပြီး သေဆုံးရသည့် အကြောင်းအရင်းမှာ ၁၀၈ ဦးက စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ၉၉ ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယ အများဆုံးသေဆုံး ခဲ့သည်ဟု AAPP က ထုတ်ပြန်သည်။

စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅ မိနစ်တို့တွင် စစ်ကောင်စီက ရခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာကျေးရွာရှိ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုနေရာသည် အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာဖြစ်သည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင် တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦးအပါအဝင် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။ အခြား တစ်ဖက်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေက မောင်တောမြို့ နတ်မြစ်ကမ်းဘေးတွင် ဒရုန်းပစ်ခတ်မှုကြောင့် မွတ်ဆလင် ၂၀၀ ခန့်သေဆုံးသွားကြသည်ဟု အသက်ရှင်လာသည့် မွတ်ဆလင်များနှင့် မျက်မြင်များက ပြောဆိုကြသည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၆၁) ဦးရှိပြီး ထိုအထဲမှ (၂၀၈၇၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ Read in Full

၂၈။ နမ့်လန် – သီပေါ လမ်းပိုင်း စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်
September 12, 2024
သျှမ်ပြည် နမ့်လန်- သီပေါ လမ်းပိုင်းကို စစ်ကောင်စီက စစ်ရေးအခြေအနေကြောင့် ဖြတ်သန်းသွား လာခွင့်ပိတ်ထား ကြောင်း သိရသည်။ နမ့်လန်-သီပေါလမ်းပိုင်းရှိ နားမခေါ်ကျေးရွာ အနီးတွင် စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီမှ ပြီးခဲ့သည့် (စက်တင်လာလ ၉ ရက်) မှစတင်ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။“နားမခေါ်ရွာ အနီးအနားမှာ စစ်ကောင်စီကော ကိုးကန့်ကောရှိတယ်။အခုက စစ်ကောင်စီက လုံးဝကို ပိတ်ထားတာ လုံးဝပေးမဖြတ်ဘူး။ တနင်္လာနေ့ (စက်တင်ဘာ ၉)ရက်က စပြီး ပိတ်တာ။ စစ်ရေးတင်းမာ နေလို့ သူတို့ပေးမဖြတ် တာ လို့ပဲ သူတို့ပြောတယ်။”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီမှ နားမခေါ်ကျေးရွာ တွင်လမ်း ပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် အရေးပေါ်သွားလာရန် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးတစ်ဦး ကဆက်ဆိုသည်။

“အရေးပေါ်ကိစ္စတခုခုရှိရင်တော့ ဒုက္ခရောက်ပြီပဲ။ ဆေးဝါးတွေလည်းပေးမသယ်ဘူး။ အရေးအကြောင်း ဆိုဘာမှလုပ် မရဘူး။ ဆေးရုံမှာလည်း ဆရာဝန် တွေမရှိ တော့ စိတ်ပူရတယ်။အရေးပေါ် တွေအတွက်ပဲ စိုးရိမ်ရတယ်။”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်) တွင် နမ့်လန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ်မှ သီပေါမြို့နယ် ကျောင်းပြိန်းရွာသို့ လက်နက်ကြီးပတ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ မကြာခဏ တစ်ဖတ် သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်းသိရသည်။ Read in Full

၂၉။ 𝗡𝗨𝗚 နဲ့ 𝗔𝗕𝗦𝗗𝗙 နားလည်မှု စာချွှန်လွှာချုပ်ဆို
 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟭𝟮, 𝟮𝟬𝟮𝟰
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့‌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ အကြား နာလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြတယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့ပါတယ်။ အပြန်အလှန် နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်းနှစ်ခုကြား ခိုင်မာအား ကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ်ပပျောက်ရေးနဲ့ အနာဂတ် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အဆိုပါနားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ အမျိုးသားညီ‌ညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကြားမှာ နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနဲ့ဘဏ္ဍာရေး ကဏ္ဍရပ် တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စာချွန်လွှာချုပ်ဆိုပွဲမှာ ပြောဆိုထားကြပါတယ်။ နားလည်မှုစာချွန်လွှာ ချုပ်ဆိုတဲ့ အခမ်းအနားကို  အမျိုးသားညီညွတ် ရေးအစိုးရဘက်မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် အပါအဝင် တာဝန်ရှိသူများတက် ရောက်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး – ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှုး – ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ၊ နယ်မြေအသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်လို့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Read in Full

၃၀။ ဘားအံမှာ သံလွင်မြစ်ရေ ၆ ပေခန့် မြင့်တက်လာ ကူညီကယ်ဆယ်ရေးလိုအပ်နေ
 September 13, 2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေ ၆ ပေခန့်အထိ မြင့်တက်လာပြီး ပြည်သူများ ရေဘေးဒုက္ခကြုံနေရ ကာ ကူညီကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် ပြည်သူအချင်းချင်းသာ အဓိက ကူညီနေရ ကြောင်း ဒေသ သတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။  စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး သံလွင်မြစ်ရေသည် နေ့စဉ်မြင့်တက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘားအံမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက်သို့ ၅ ပေခွဲမြင့် တက်လာနေခြင်းဖြစ်သည်။ ယင်းမြစ်ရေသည် လာမည့် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။  လက်ရှိတွင် ဘားအံမြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ရေများနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်းနှင့် လတ်တလောအချိန်အထိ မည်သည့် ကယ်ဆယ် ရေးမှ လာရောက်ခြင်းမရှိဘဲ ပြည်သူများအချင်းချင်းကူညီနေရကြောင်း ပြောဆိုကြသည်။ 

ဘားအံမြို့ပေါ်တွင် အမှတ် ၁ ရပ်ကွက် မိုးလုံလေလုံ အားကစားရုံအတွင်း ရေဘေးကူညီရေစခန်းဖွင့်လှစ်ထားကြောင်းနှင့် ရေဘေးသင့်ပြည်သူအရေအတွက် များပြားလာသဖြင့် အထက်တန်းကျောင်းတွင်လည်း ရေဘေးကူညီရေးစခန်း ထပ်မံ ဖွင့် လှစ်ထားသည်။  “မိုးမရွာတာတောင် ရေက တိုးပြီးရင်း တိုးပဲ။  ရေဘေးဒုက္ခသည် အရေအတွက်ကလေ လောလောဆယ်အထိ သိထားရသလောက်က နေရာမရတဲ့ သူတောင် မိသားစု ရာဂဏန်းကျော်ရှိနေတယ်။  ရေက ဆက်တိုးနေတယ်။  ဘယ်သူမှလည်း ကူညီကယ်ဆယ်ရေး လုပ်ပေးနိုင်စွမ်းတွေ နည်းနေတယ်။ အဓိက က ပြည်သူချင်းပြည်သူတွေဘဲ ကူညီနေကြတာ။ ရေက ဆက် တက်မယ့် အနေအထားမှာရှိတယ်။ ဘားအံအပြင် ဘားအံမြို့နယ်တွေဘက်မှာလည်း ကူညီပေးမယ့်သူတွေ မရှိသလောက်ပဲ။  မြို့ပြင် ဘက်တွေအထိ သွားနိုင်တဲ့သူ နည်းသွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။  ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် စစ်ကောင်စီက ဆောင်ရွက်ပေးခြင်းမရှိဘဲ တိတ်ဆိတ်နေကြောင်း၊ အဓိကအားဖြင့် ပရဟိတ အဖွဲ့များနှင့် ပြည်သူများက စုစည်း၍ ရေဘေးသင့် ပြည်သူများကို ကူညီနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ Read in Full

၃၁။ စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်
 September 13, 2024
လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကိုအသုံးပြု တိုက်ခိုက်သဖြင့် အရပ်သား‌ တစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇလွတ်ရွာနှင့် ရွာချင်းကပ်လျက်တည်ရှိ သော ကျောက်နီမော်ကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာထဲမှနေပြီး ဇလွတ်ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်ကျပြီး အိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ အသက်ကြီးပိုင်း အမျိုး သားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတို့ကပြောကြားသည်။“ကျောက်နီမော်ရွာထဲက မိုက်ခရိုဝေ့ဖ်တောင်ကနေပြီး လက်နက် ကြီးနဲ့ပစ်တာ ဇလွတ်ရွာထဲက လူနေအိမ်တစ်ဆောင်ပျက်စီးပြီး အဖိုးကြီးတစ်ယောက် ဒဏ်ရာရထားတယ်” ဟု ဒေသခံတစ်ဦး ကဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး  တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်မှုရှိကြောင်းဒေသခံတို့က ဆိုသည်။

ကျောက်နီမော်ရွာထဲရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တားဆီးရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ ရောက်လာချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မည်မျှ ထိခိုက်ခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။ ယင်းပစ်ခတ်မှုကြောင့် အနီးအနားက ဒေသခံများ ထွက် ပြေးနေကြရသည့်အပြင် ကျန်းမာရေးမကောင်းသည့် ဒေသခံအချို့မှာ ထွက်ပြေးမနိုင်ဘဲ ပိတ်မိနေကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တို့က စက်တင်ဘာလ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့မှစ၍ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် ဓဝယ်အမျိုးသား လွတ် မြောက်ရေးတပ်တော် (DNLA) မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်လည်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့နှင့် DNLA အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ Read in Full

၃၂။ ဟိုပုံး လုဲင်းကင်းရွာမှ နေအိမ် ၁၀၀ ခန့် တောင်ကျရေကြောင့် ပျက်စီး
 September 12, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ မဲနယ်တောင်ဒေသ လုဲင်းကင်းကျေးရွာဟာ တောင်ကျချောင်းရေကြောင့် နေအိမ် ၁၀၀ နီးပါးအထိ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ညကစပြီး မိုးအဆက် မပြတ်ရွာသွန်းနေကာ တောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် ဟိုပုံးမြို့ထဲက နေအိမ်တွေထဲလည်း ရေဝင်ရောက်နေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အိမ်တွေကလည်း ပျက်စီးသွားတယ်။ လူတွေလည်း တချို့က ဘေးကင်း တယ်။ အသက်ပါသွားတဲ့လူတွေလည်း ရှိတယ်ရှင့်”လို့ ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။ လူနေအိမ်တွေ၊ ကားလမ်းတွေ ဟာ တောင်ကျချောင်းရေ အဆက်မပြတ်စီးဆင်းမှုကြောင့် အများအပြားထိခိုက်ပျက်စီးသွားပြီး အင်တာနက်တခါတရံပြတ် တောက်ကာ MPT ကဒ်တမျိုးပဲ ဆက်သွယ်လို့ရတယ်လို့ သိရပါတယ်။

ဟိုပုံးမြို့ရှိ နောင်ခါးပေါက်၊ နောင်တောင်းပေါက်၊တောင်ရပ်ကွက် နယ်မြေ ၄၊ အမှတ် ၁ ကျောင်း၊လုံဟေး၊ လုဲင်းကင် နဲ့ ထမ်စမ်းဂူတို့မှာ တမြို့လုံးနီးပါးကလည်း ရေကြီးရေလျှံမှုဒဏ်ကို ခံနေကြရပြီး ကယ်ဆယ်ရေးသမားတွေက ကူညီကယ်ဆယ်နေ ကြပေမယ့် အင်အားမလုံလောက်တာကြောင့် အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။

၃၃။နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော
 September 12, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု စုံစမ်းသိရ သည်။ စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေး ဒုတိယအကြိမ်ကိုအွန်လိုင်းမှတဆင့် ၂ ရက်တာတွေ့ ဆုံဆွေးနွေးခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခ အကြပ်အတည်းမှ ကျော်ဖြတ်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။“လမ်းသစ်ဆိုတာကလည်းပဲ တခြားတော့ မဟုတ်ပါဘူး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပါပဲ။ နိုင်ငံရဲ့ လက်ရှိ ပကတိ အနေအထားအရ ဟိုဘက်ဒီဘက် ပေါ့ပေါ့ပါးပါးနဲ့ လိုက်ပါဆောင်ရွက်လို့ရအောင် ကျနော်တို့ EAO (၁၂) ဖွဲ့က သဘောတူထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ (၂၄) ချက်ကို ဆွေးနွေးဖို့ စဉ်းစားထားတယ်”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA (PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။ အွန်လိုင်းဖြင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည့် 7 EAO Alliance ဦးဆောင်မှုကော်မတီ အစည်းအဝေးသို့ အဖွဲ့ဝင် အဖွဲ့အစည်း (၇) ဖွဲ့မှ ခေါင်းဆောင်များ အားလုံး တက်ရောက် ပြီး အတွင်းရေးမှူး အဖွဲ့မှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဟာ ဆွေးနွေးတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးတွဲပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကိုလည်း အဲ့လိုဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိတယ်”ဟု ဗိုလ်မှူး ကြီး စောကျော်ညွန့်က ပြောဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံတဝှမ်း ထွက်ပေါ်လာနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အနာဂတ်အတွက် နဂိုစဉ်းစားချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးအတွက်လည်း စတင်ပြော ဆိုရန် စဉ်းစားချက်ရှိကြောင်း သိရသည်။ “တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တက်တဲ့ အခါကျတော့ 7 EAO Alliance (၇) ဖွဲ့ထဲမှာကတော့ RCSS တစ်ဖွဲ့တော့ မတက်နိုင်ခဲ့ဘူး။ ကျန်တဲ့ ၆ ဖွဲ့စလုံးက တက်ဖြစ်ပါ တယ်။ မှန်ပါတယ် NSPNC နဲ့ တွေ့ဆုံတာ” ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။ လာမည့် အောက်တိုဘာလထဲတွင် စစ်ကောင်စီလက်အောက်ခံ NSPNC ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့နှင့် ထပ်မံတွေ့ဆုံရန်ရှိပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနားနှင့် သက်ဆိုငခြင်း ရှိ မရှိ ကို မသိနိုင်သေးကြောင်းဆိုသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button