တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

၁။ ချင်းပြည်ကောင်စီနှင့် ICNCC တို့ကြား တွေ့ဆုံနိုင်ရေး ပြန်လည်စီစဉ်နေဆဲ ဟုဆို
 August 27, 2024
ချင်းတော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သည့် ချင်းပြည်ကောင်စီ (CC)နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင် စီ (ICNCC)တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ပြန်လည်စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ဩဂုတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ဒေလီ မြို့တွင် Crisis Management Initiative (CMI)၏ ကြားဝင်ညှိနှိုင်းမှုဖြင့် CC နှင့် ICNCC/ CB တို့ကြား တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ခဲ့သော်လည်း ယာယီရွှေ့ဆိုင်း ထားလိုက်ရကြောင်း ချင်းပြည်ကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။“ကျနော်တို့ နှစ်ဘက်ကို တွေ့ဆုံနိုင်ရေးကို ကြိုးပမ်းပေးနေတဲ့ အဖွဲ့တွေအနေနဲ့ ဒါကို ဆက်လက်ပြီးမှ ဆောင်ရွက်သွားဖို့ ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့ နှစ်ဖက်တွေ့ဆုံနိုင်ဖို့ ဆက်လက်ပြီးတော့မှ ကြိုးပမ်းသွားဖို့ ရှိပါတယ်။ နှစ်ဖက်စလုံးကနေပြီးတော့မှ အဲဒီသဘောထားပေါ်မှာ နှစ်ဖက်စလုံးက သဘောတူထားတာ ရှိပါတယ်။ဒါပေမယ့် အခြေအနေအရပ်ရပ် တစ်ခုကြောင့် ရွေ့ဆိုင်း ထားရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ နဂိုစီစဉ်ထားချက်အရ CMI အနေဖြင့် ချင်းလဲန်းကောင်စီနှင့် ICNCC တို့ကို တစ်ဖွဲ့ခြင်းသီးခြားတွေ့ဆုံကာ ၎င်းတို့၏ သဘော ထား ကွဲလွဲမှုအခြေအနေများကို စမ်းစစ်လေ့လာပြီးနောက်မှ နှစ်ဖက်အင်အားစုများအကြား ပြန်လည်သင့်မြတ်နိုင်ရေး အဖြေရှာရန် ဖြစ် သည်ဟုသိရသည်။

အဆိုပါတွေ့ဆုံမည့်အခြေအနေကို လူမှုကွန်ယက်စာမျက်နှာတချို့နှင့် သတင်းမီဒီယာများတွင် ချင်းလဲန်းကောင်စီ(CC) နှင့် ချင်းညီ နောင်(CB) တို့တွေ့ဆုံမည့် သဘောမျိုးရေးသားမှုများရှိနေပြီး ချင်းညီနောင် (CB) သည် စစ်ရေးအဖွဲ့ဖြစ်ပြီး ICNCC သည် CB ၏ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်သောကြောင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများသည် CC နှင့် ICNCC တို့အကြား တွေ့ဆုံ ဆွေးနွေးမှုဖြစ်လိမ့်မည်ဟု သိရသည်။“ဒီတော်လှန်ရေးကာလမှာ ချင်းပြည်ကို ဦး ဆောင်တဲ့ တော်လှန်ရေးအုပ်စုတွေ အနေနဲ့‌ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ အကောင်းဆုံး အဖြေကို ရှာဖွေတာက သင့် လျော်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ကျနော်တို့ ကြားထဲမှာ ချက်ချင်းကြီး ပူးပေါင်းဆောင်ရွက်လို့ မရနိုင်သေးတဲ့ ကဏ္ဍတွေ ရှိကောင်း၊ ရှိနိုင်မှာ ဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးပြီးမှ စာပွဲးပေါ်မှာ စဉ်ဆက်မပြတ် တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်ပြီး လက်တွဲပူးပေါင်း ဆောင် ရွက်နိုင်မယ့် ကဏ္ဍာတွေ ရှိလာနိုင်လို့  အခုလိုတွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပေါ်မှုကို ကောင်းတဲ့ လက္ခာတစ်ခုဖြစ်ပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ ချင်းတော်လှန်ရေးအဖွဲ့များကြားက လက်ရှိပဋိပက္ခ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက်ကြရန် ချင်းလူထုက လိုလားနေ ကြောင်း ဩဂုတ်လ၂၁ ရက်က ထုတ်ပြန်သည့် ချင်းလူထုစစ်တမ်းအရ  Chin Civic Movement – CCM အဖွဲ့က တိုက်တွန်း ထားသည်။ Read in Full

၂။ မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ
 August 26, 2024
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်း ပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက် ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ထိ တိုက်ပွဲတွေဖြစ်ပွား နေတယ်လို့ KIA ရှေ့တန်းသတင်း အရင်း မြစ် တစ်ဦးကပြောပါတယ်။“ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေ မှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက် ကို ထိုးနေလို့ ကောင့်ဂျာယန်မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန် ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက်ဩဂုတ် လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေ ရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိ နေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက် လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာ ယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစု သွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာ ယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန် ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ Read in Full

၃။ ကရင်နီကို ပြည်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက အင်အားဆက်တိုက် ဖြည့်တင်းနေပြီး စစ်အင်အား ၂ သောင်းနီးပါးရှိ
 August 27, 2024
ကရင်နီပြည်ကို ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက အင်အားဆက်တိုက် ဖြည့်တင်းနေပြီး စစ်အင်အား ၂ သောင်းနီးပါးရှိပြီလို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ တတိယပတ်ကတည်း က မြန်မာ နိုင်ငံအလယ်ပိုင်းက ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေနဲ့ ခြေမြန်တပ်တွေကို တောင်ကြီး – ဆီဆိုင် – လွိုင်ကော်လမ်းအတိုင်း ပို့ဆောင်ခဲ့တာပါ။“မနက်တိုင်းနီးပါး ဖြတ်သွားနေတာပဲ။ တခါတလေ စစ်ကားနဲ့။ ရက်ဆက်လာရင် အိမ်စီးကားပြောင်းတယ်။ တခါခါ လူမပါဘူး။ လက်နက်ပဲပို့တာ”လို့ တောင်ကြီးမြို့ရှိ စစ်ကားတန်း လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောပါတယ်။ အလားတူ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ လွိုင်ကော်မြို့တွင်း ဒေါတမ၊ လောဓမ ရပ်ကွက်တွေအပါအဝင် ရပ်ကွက်အများစုမှာ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းနဲ့လူငယ်တချို့ကို အဓမ္မစစ်မှု ထမ်းခေါ်ယူခဲ့ပြီးအင်အားဖြည့်ထားပါ တယ်။

လက်ရှိ ကရင်နီပြည်မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(စကခ)၊ ဒေသကွက်ကဲမှု စစ်ဌာနချုပ်(ဒစက)၊ နပတ(နေပြည်တော်တိုင်း စစ်ဌာနချုပ်)၊ ပအိုဝ်းပြည်သူ့စစ် (PNA)နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈,၆၀၀၀ ခန့် ရှိပြီလို့ သိရပါတယ်။“ဒီးမော့ဆိုနဲ့ မိုးဗြဲကို စထိုးမယ် ထင်တယ်။ ဒီးမော့ဆိုက ဝင်ဖို့ခက်သွားပြီ။ ငါးမြှောင်လမ်း၊ ၆ မိုင်လမ်းတွေ စစ်တပ်က ထိုင်ထားတယ်။ မိုးဗြဲလည်း စစ်တပ်ရှိနေပြီ။ ဘယ်သူမှ ပေးမဝင်တော့ဘူး” လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ဒီတစ်ကြိမ်အင်အား ဖြည့်တင်းရာမှာတော့ ထူးခြားချက်အနေနဲ့ တင့်ကား ၂၆ စီးပါဝင်လာပြီး ၆ လစာအတွက် ရိက္ခာကြိုဖြည့်ထားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ် အတွင်း ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်မှာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေရှိသလို တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ငွေတောင်ကန်ဘေးက စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ Read in Full

၄။ အချိန်မီဆေးမကုသနိုင်၍ ကျောက်ဖြူမြို့နယ်က အမျိုးသမီးတစ်ဦး သေဆုံး
 August 26, 2024
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း (မရဇိုင်းတိုက်နယ်ကျေးရွာ/ မင်းဂံကျေးရွာ) က အမျိုးသမီးတစ်ဦးမှာ ဆေးဝါးနှင့် ဆရာဝန်မရှိ၍ ဆေးကုသနိုင်ခြင်းမရှိသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က သေဆုံးသွားကြောင်း နီးစပ်သူများနှင့် မိသားစုဝင်များကပြောသည်။ သေဆုံးသွားသူအမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်နုခင်ဦးဆိုသူဖြစ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်သည်ကို အချိန်မီဆေးကုသနိုင်မှုမရှိခဲ့၍ သေဆုံးသွားခြင်းဖြစ်သည်။ မိမိမြို့ရွာဒေသအတွင်း ဆေးရုံဆေးခန်းများ အဆင် မပြေ၍ ရန်ကုန်သို့ ဆေးကုသရန် ယူဆောင်စဉ် လမ်းတွင်သေဆုံးသွားသည်ဟု မရဇိုင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီမှာက ဆရာဝန်လည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ဒီတော့ လူနာကို ရန်ကုန်ပို့ဖို့ စီစဉ်ကြရတယ်။ ရန်ကုန်သွားရမယ့် ခရီးကလည်း အရင် လိုဖြောင့်ဖြောင့်တန်းတန်း ရောက်နိုင်တာမှမဟုတ်တာ။ လူနာက ကျောက်ဖြူမြို့တောင်မရောက်ဘဲ ကျပ်တောပြင်ရွာမှာပဲ သေသွားရတယ်” ဟု ပြောသည်။

ရခိုင်ပြည်မှာ ဒေါ်နုခင်ဦးကဲ့သို့ သေဆုံးသူများရှိနေပြီး အများစုက ရခိုင်ဒေသ၌ ဆေးရုံ၊ ဆေးခန်း ကောင်းမွန်စွာ လည် ပတ်မှုမရှိခြင်းနှင့် ဆေးဝါးများ မရှိခြင်းတို့ကြောင့် သေဆုံးမှု များနေကြရသည်။ ထိုအထဲတွင် ပြီးခဲ့သည့် သီတင်းပတ်ထဲက သေဆုံးသွားခဲ့ရသော ပေါက်တောမြို့နယ် ပြင်မကျေးရွာဒေသခံ အသက် ၅၀ အရွယ် ဦးဘမောင် ဆိုသူလည်းအပါအဝင်ဖြစ် သည်။ ဦးဘမောင် သေဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်တစ်ဦးက ယခုကဲ့သို့ ပြောပြသည်။ “သူက အူတက်ရောင်တာပါ။ ဒီမှာရှိ တဲ့ ဆေးဝါးတွေနဲ့ကုတယ်။ ၂ လလောက်ခံခဲ့ရတယ်။ မခံနိုင်တော့ ရန်ကုန်သွားဖို့ လမ်း ကြောင်းရှာရတယ်။ ရပြန်တော့လည်း နိုင်ငံခြား မှောင်ခိုသွားရသလို ရက်တာရှည်သွားကြရပါတယ်။ လူနာက ရန်ကုန်တော့ ရောက်အောင် အားတင်းလာနိုင်ခဲ့ပေမယ့် ရန်ကုန်အရောက်မှာပဲ သေသွားရတယ်။ ဆေးကုသမှုမခံယူခဲ့ရရှာဘူး” ဟု ပြောသည်။ ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အလွန်ဆိုးရွားနေပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များဖြစ်ဖြစ်၊ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့များဖြစ်ဖြစ် ဆေးရုံဆေးခန်းများမှာ ကောင်းမွန်စွာ မလည်ပတ်ကြပေ။  Read in Full

၅။ ပလက်၀မှာ ရေကြီးမှုကြောင့် ဒေသခံ တစ်ထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
 August 26, 2024
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်မှာ ဩဂုတ်လ ပထမအပတ်စပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့သလို မြစ်ရေကြီးမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် ဒေသခံ တစ်ထောင်ခန့် ရေဘေးဒုက္ခနဲ့ ကြုံနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်၀မြို့နယ်ထဲက လေးမြို့မြစ်ရေ၊ ကုလားတန်မြစ်ရေနဲ့ ဆမီးချောင်းတို့ ရေလျှံတာ ကြောင့် အခုလို ရေကြီးခဲ့တာလို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် ပလက်၀မြို့နယ်က ပန်းဘွေ၊ ဗုဒ္ဓဂါမနဲ့ ဝန်ချောင်းကျေးရွာက နေအိမ် ၃၀ ခန့် ပျက်စီးသွားပြီး ရွာပေါင်း ၁၃ ရွာက ဒေသခံ တစ်ထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ မြစ်ကမ်းဘေးတစ်လျှောက်က နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ‌ပလက်၀ ဒေသခံတစ်ဦးက ပြောပါ တယ်။ “အခုကတော့ ရေကကျနေပြီ၊ ရေကြီးတာတော့ မိုးကြီးတဲ့အချိန်မှာ တစ်ပတ်လောက် အဲလောက်ထိကြာတယ်။ ရေမြုပ် တယ်ဆိုတော့ အကုန်လုံးကတော့ ပျက် စီးတယ်။ အိမ်လေးဘာလေးတွေ အဲလိုမျိုး ကမ်းနားမှာ ဆောက်ထားတဲ့ အိမ်တွေ၊ တိုက် အိမ်တွေတောင်မှ မပြိုမလဲရင်တောင်မှ သဲမြေဖို့တာပေါ့။ အဲလိုမျိုးတွေ ရှိကြတယ်။ နှစ်တိုင်းတော့ ရေကြီးတယ်၊ ဒီနှစ်တော့ ပိုပြီးရေကြီးတာပေါ့”အလယ်ဒိန်ကင်း၊ နန်းမနူး‌၊ ကိုဖေကြီး၊ ကိုဖေရှေ၊ အောက်သံထောင်၊ သံထောင်၊ စုတ်ချောင်း၊ ဂါရာပြင်၊ ကြက်ဖတောင်စတဲ့ ရွာတွေလည်း ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆမီးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ရေကြီးမှုကြောင့် နေအိမ်အချို့ရေနစ်မြုပ်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။ “တစ်ခါတည်းနဲ့ ကြီးတာနဲ့ကို တစ်ခါတည်း ဝုန်းဒိုင်းကြီးတာ၊ ချောင်းရေတွေ။ အကန့်တွေ ကျော်လို့ ကျွန်မတို့ အိမ်တွေဆိုရင် နှစ်ဆောင်ရေတိုက်စားသွားတယ်။ အခု ယာခင်းနေရတာ။ ရေကလည်း ကျတယ်၊ မိုးကလည်း အဆက်မပြတ် ရွာတယ်ဆိုရင် ဝုန်းဒိုင်းစီးတယ်။ မိုးမရွာတော့ နည်းနည်းပြန်လျော့လာတယ်၊ အများကြီး လျော့တာတော့ မဟုတ် ဘူး။ အခုလည်း ကြီးတော့ ကြီးနေသေးပါတယ်” ရေကြီးမှုကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေ ပျက်စီးသွားပြီး မျှစ်ကိုသာ အဓိက ချက်ပြုတ်စားသောက်နေရတယ်လို့ ပလက်၀မြို့နယ်၊ ဆမီးမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ Read in Full

၆။ တောင်ကြီး၊ ကျောက်နီအုပ်စုမှာ RCSS က စစ်အသုံးစရိတ် ကောက်ခံပြီး တပ်သားသစ်စုဆောင်း
 August 26, 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စုမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ တပ်မတော်(RCSS/ SSA)က စစ်အသုံးစရိတ် ကောက်ခံပြီး တပ်သားသစ် စုဆောင်းနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ RCSS က ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကျောက်နီကျေးရွာအုပ်စုက ကျေးရွာတွေကို စစ်အသုံးစရိတ် အိမ်ထောင်တစ်စု တစ်သောင်း ကျပ်နှုန်းနဲ့ တစ်ရွာ တစ်ဦးနှုန်း စစ်မှုထမ်းခေါ်ယူနေတာပဲဖြစ်ပါတယ်။“ရပ်စောက်ဘက်မှာ ရှမ်းတပ် ၂ တပ်တိုက်ပွဲဖြစ်နေတော့ သူတို့ လူလာကောက်နေတာ။ ဘာနေနေ ဆက်ကြေးကပေးရတာပဲ။ မရှိလည်း မရရအောင် ရှာပေးရတာပဲ။ အုပ်ကြီးက ဈေးဆစ် တာတောင်မရဘူး”လို့ ကျောက်နီဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ လူသစ်စုဆောင်းရာမှာလည်း မပါဝင်နိုင်တဲ့ ကျေးရွာ တွေကို တစ်အိမ် ၅ သောင်းကျပ် ထည့်ဝင်ဖို့ သတ်မှတ်ထားပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ လူစားထိုးဖို့ ငှားရမ်းရမယ်လို့ ဆိုပါတယ်။

“လူငှားတာက တစ်အိမ် ၅ သောင်းပဲလေ။ လူငှားတာက သိန်း ၉၀ ပဲ။ ရွာက အိမ်ထောင်စုနဲ့ အများကြီး ပိုတယ်။ ပိုတာ တွေ ဘာလုပ်ကြမလဲ မသိဘူး” လို့ ကျောက်နီဒေသခံ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။ ကျောက်နီဒေသခံတွေအနေနဲ့ လက်ရှိမှာ စိုက်ပျိုးသီးနှံတွေ ဈေးကောင်းမရတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ အလုပ်အကိုင် ရှားပါးလာတာကြောင့် ထည့်ဝင် ရမယ့် ဆက်ကြေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။ Read in Full

၇။ မော်လမြိုင်မြို့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထင်တိုင်းကြဲနေ
 August 26, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်၊ ရဲအပါအဝင်ပြည်သူ့စစ်တွေအပြင် နေ့စားခေါ်ယူပြီးစစ်ဝတ်စုံပေးဝတ် ထားသူတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူတွေအပေါ်ထင်တိုင်းကြဲနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေဟာ လက်နက်အားကိုးနဲ့ ညနေပိုင်းကစပြီး အင်အားပြကာ လူစည်ကားရာနေရာနဲ့ မထင်မှတ် တဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာ၊လုံခြုံရေးအကြောင်းပြ လှည့်လည်တာ၊ ဧည့် စာရင်းဝင်ရောက် စစ်ဆေးမှုတွေ လုပ်ဆောင် နေတာပါ။ လက်နက်အားကိုးနဲ့ လုံခြုံရေးကင်းလှည့်ရာမှာလည်း လမ်းပေါ်မှာရှိတဲ့ လားရာတူသွားနေတဲ့ ကား၊ ဆိုင်ကယ်တွေ အပြင် တစ်ဖက်ယာဉ်ကြောမှလာတဲ့ ကား၊ ဆိုင်ကယ်တွေကိုလည်း လက်နက်ပြပြီး လမ်းဘေးချခိုင်းကာ လမ်းဘေးမချပါက ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်းလှည့် ရာမှာလည်း လမ်းဘေးဆီဆိုင်တွေက စက်သုံးဆီတွေ သိမ်းယူတာ၊ ဘီယာဆိုင်တွေက ဘီယာတွေကို ဝင်ယူတာအပြင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ချင်သလို လုပ်နေကြတယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မော်လမြိုင်မြို့ တစ်ခုတည်းပေါ့။ ကျန်တဲ့မြို့မှာတော့မရှိပါဘူး။ မော်လမြိုင်မြို့မှာက လမ်းဘေးမတေလေဂျပိုးတွေ၊ မဘသအဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေကို တစ်ရက်ကို ၈၀၀၀ ပေးပြီး ညကျရင် ယူနီ ဖောင်းတွေဝတ်ပြီးတော့ လမ်းဘေးမှာ ဆီရောင်းတဲ့ဆိုင်တွေကို လျှောက်ဖမ်းတယ်။ ဆီတွေသိမ်းတယ်။ ဘီယာဆိုင်မှာ ဘီယာ တွေဝင်ယူတယ်။ လုပ်ချင်သလိုလုပ်နေတာပေါ့။ မင်းမဲ့စရိုက်ဆန်ဆန်ပဲ။ ညဘက်ကို အရမ်းကိုဆိုးရွားနေတာပေါ့နော်”လို့ ဆိုပါ တယ်။ ဒါ့အပြင် လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတဲ့နေရာမှာလည်း အရှိန် လွန်ကျော်သွားတဲ့ ကား၊ ဆိုင်ကယ်တွေကို ခြေထောက်နဲ့ကန်ပြီး တားဆီးတာ၊ သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တာတွေအပြင် ရိုက်နှက်တာတွေကအစ မထင်ရင်မထင် သလို လုပ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ “ပတ်ကင်းလှည့်တာတော့ အားလုံးလှည့်နေကြတာပဲ။ ည ၈ နာရီ နောက် ပိုင်း ၉ နာရီနောက်ပိုင်းဆို သူတို့ ပတ်ကင်းပေါ့။ တစ်ခါ တလေကျလို့ရှိရင် ကား ၁၀ စီး ၁၂ စီးလောက်နဲ့ ပတ်တယ်။ သူတို့က တစ်တန်းကြီး သွားတာလေ။ အဖွဲ့လိုက်ပြီးလို့ရှိရင် မြေနီကုန်းကားဝင်ထဲကိုဝင်တယ်။ စားသောက် ဆိုင်တွေရှိတော့ အဲဒီကိုသူတို့ လိုက်စစ်တယ်။ တည်ခိုခန်းတွေပါ လိုက်စစ်တယ်။ မှတ်ပုံတင်တို့၊ ဖုန်းတွေဘာတွေ စစ်ဆေးတာရှိတာပေါ့။ ညဘက်အချိန် မတော်ရင်တော့ ဖမ်းတာပေါ့”လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ငွေကြေး အမြောက်အများတောင်းကာ ပြန်လွတ်ပေးတာတွေရှိသလို ငွေကြေးမပေးနိုင်သူတွေကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီး ထောင်ချတာတွေရှိတယ်လို့ သိရပါတယ်။ Read in Full

၈။ တောင်ကြီးမြို့မှာ ရှမ်းမြောက် စစ်ဘေးရှောင်တွေအတွက် လိမ်လည်အလှူခံမှုတွေ ပေါ်ပေါက်နေ
 August 26, 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ရှမ်းမြောက် စစ်ဘေးရှောင်တွေအတွက် လိမ်လည်အလှူခံမှုတွေ ပေါ်ပေါက်နေ တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တောင်ကြီးမြို့ပေါ်မှာ စစ်ဘေးရှောင်တွေ ကို လက်ခံထားသယောင်နဲ့ လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှာ အလှူခံနေတာပဲ ဖြစ်ပါတယ်။“‌တောင်ကြီးကလည်း ပြောတယ်။ ဘယ်မှာ ရှိလဲ လာလှူမယ်ဆိုတော့ မဖြေဘူး။ Kpay ပဲ လွှဲခိုင်းနေတာ။ စစ်ရှောင်တွေနဲ့ တိုက်ရိုက်တွေ့မယ်ဆိုလည်း မရဘူး” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။ လိမ်လည်သူတွေဟာ Facebook စာမျက်နှာပေါ်က တောင်ကြီးသား များ ဆုံစည်းရာ Group တွေမှာ လှည့်လည် အလှူခံနေပြီး ကရင်နီပြည်နဲ့ ရှမ်းမြောက်က စစ်ဘေးရှောင်ပုံတွေကို အသုံးပြုထား ကို လေ့လာတွေ့ရှိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ချက်ပြုတ်နေတဲ့ ဓါတ်ပုံတွေဟာလည်း ကွန်ဟိန်း၊ ကာလိတို့ဘက်က ဖြစ်ပြီး ဝေမျှ နေတဲ့ အကောင့်ပိုင်ရှင်ဟာ အရင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းကလည်း ငွေကျပ် ၁၀ သိန်းကျော် လိမ် လည်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။“ဒီလိုမျိုး ပေါ်လာရင် ညီညီညာညာ Report ထုကြပါ။ တော်လှန်ရေး ရှိသရွေ့ လူလိမ်က ရှိမှာပဲ။ အဲတော့ လှူမယ် ဆိုရင် ဒီလူက ကိုယ်နဲ့သိလား။ မှတ်တမ်းရနိုင်လား။ တကယ်ရော မြေပြင်မှာ ရှိလား။ တကယ် စစ်ရှောင်တွေနဲ့ ချိတ်ပေးနိုင်လား။ အဲဒါတွေ စီစစ်ကြဖို့မှာကြားချင်ပါတယ်”လို့ တောင်ကြီးမြို့ရှိ ထောက်ပို့တပ်သားတစ်ဦးကပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်း ပြီးကတည်းက CDM၊ PDF နဲ့ စစ်ဘေးရှောင်တွေအတွက် လိမ်လည်အလှူခံသူတွေ မကြာခဏ ပေါ်ပေါက်နေပြီး စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေကလည်း နေ့စဉ်နဲ့အမျှ သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ 

၉။ ကော်သူးလေတပ်မတော်က ကြားဖြတ်ပစ်ခတ်လို့  KNLA ရဲဘော်တစ်ဦးကျဆုံး
 August 26, 2024
ထားဝယ်မြို့နယ်၊ အ‌ရှေ့တောဒေသမှာ ကော်သူးလေတပ်မတော်က ချောင်းပစ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ ရဲဘော်တစ်ဦးကျဆုံးသွားတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ အခုလ ၂၁ ရက်နေ့က မေတ္တာ-ထီးခီးလမ်းပေါ်က အိုင်ဝိုင်း(ရွာဟောင်း)အနီးမှာ ကော်သူးလေတပ်မ‌တော် ဘက်က ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ တပ်မဟာ ၄ ဘက်က ပြောပြချက်အရသိရပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း KNLA တပ်ရင်း ၁၀ က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ပဒိုစောအယ်နားက ဆိုပါတယ်။ “ကျနော်တို့တပ်ဖွဲ့တွေ တပ်မဟာကိုလာတဲ့အချိန် လမ်းမှာ ပစ်ခံရတာ။ သူတို့ကရည်ရွယ်ချက်ရှိရှိနဲ့စောင့်ပြီး ချောင်းပစ်တာဆိုတော့ ကျနော်တို့ဘက်ကထိတာပေါ့။ ပစ်တာသိပ်မကြာဘူး။ ကျနော်တို့ရဲဘော်တစ်ဦးကျတယ်၊ သေနတ်တစ်လက်ပါသွားတယ်” လို့ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောပါတယ်။

ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ရဲဘော်တစ်ဦးကတော့ KNLA တပ်ရင်း ၁၀ နဲ့တိုက်ပွဲဖြစ်ပွားပြီး M-4 သေနတ်တစ်လက်သိမ်းမိခဲ့တယ်လို့ လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။ လူမှုကွန်ရက်မှာတင်ထားတဲ့ ရုပ်သံမှာလည်း ကော်သူး တပ်မတော် ဆာကဆောတပ်မရဲ့ ဗိုလ်မှူးချုပ် ဗိုလ်အယ်ခွီး(ကော်လာဖိုး)ကိုယ်တိုင်ဝင်ရောက်ပစ်ခတ်နေတာကို တွေ့ရပါတယ်။ အဲဒီလမ်းဟာ အရင်တုန်းကစစ်ကောင်စီတပ်သားတွေဘက်ကလည်း အသုံးပြုသွားလာတဲ့လမ်းဖြစ်ပေမဲ့ KNU တပ်မဟာ ၄ ဘက်က နယ်မြေရှင်းလင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က သွားလာတာမရှိတော့ဘူးလို့ တပ်မဟာ ၄ ဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကလည်း ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ရင်ကွဲတောင်အနီးမှာ KNU တပ်မဟာ ၄ နဲ့ KNLAက အရာရှိ တွေလိုက်ပါလာတဲ့ကားတန်းက ရှေ့ပြေးကားနှစ်စီး ကြားဖြတ်ပစ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်မှာလည်း KNLA ရဲဘော် ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အဲဒီလိုတိုက်ခိုက်ခံနေရတာဟာ စစ်ကောင်စီကိုတိုက်ခိုက်နေချိန် အနှောက်အယှက်ဖြစ်ပြီး ရဲဘော် တွေ ထိခိုက်သေဆုံးတာတွေ ရှိလာတာကြောင့် နယ်မြေရှင်းလင်းတာတွေ လုပ်‌ဆောင်သွားမယ်လို့ ဆိုပါတယ်။ “ကျနော်တို့ တပ် ဖွဲ့ဝင်တွေ သွားလာနေတဲ့လမ်းတလျှောက်က လုံခြုံရေးကိုတော့ပြန်လုပ်ရမှာပဲလေ။ ပြီးတော့ ရဲဘော်အခြေစိုက်တဲ့ နေရာတွေရဲ့ လုံခြုံရေးပေါ့နော်။ ဒါတွေမဆောင်ရွက်နိုင်ရင် စကစနဲ့တိုက်ဖို့ကအဆင်မပြေဘူး။ ဘာလို့ဆို အရှေ့မှာသွားပစ်နေတုန်း အနောက် က လူကကျနော်တို့ကိုလာပစ်ရင် တော်တော်ခံရမှာ”လို့ ပဒိုစောအယ်နားကပြောပါတယ်။ Read in Full

၁၀။ မောင်တောမြို့ကို မကြာခင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ဆို
 August 26, 2024
အာရက္ခဒေသတွင်း သိမ်းပိုက်ရန်ကျန်ရှိသည့် မောင်တောမြို့နှင့်ကျိန္တလီမြို့များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စခန်းများကို အာရက္ခတပ်တော် (AA)က တခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်နေကာမောင်တောမြို့ကိုလည်း မကြာခင်အလုံးစုံထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။ ဩဂုတ်လ ၄ ရက်တွင်စတင်ခဲ့သော မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ၎င်း၏လက်အောက်ခံအဖွဲ့များသည်အထိ အခိုက်၊ အကျအဆုံးများပြီး ထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက်ပြုလုပ်လာကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ လက်ကျန် ခံစစ်နေရာများ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ မြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း  လက်နက်ခဲယမ်းများစွာကို  သိမ်းဆည်းရမိကာ မြို့မရဲစခန်းမှ ဒုရဲမှုး၊ ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်ဦးလက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ကြောင်း AA  ထုတ်ပြန်ထားသော ဓာတ်ပုံများအရသိရသည်။

ထို့ပြင် သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း စသည့်နေရာများတွင် ဖြစ်ပွားသည့် ပြင်းထန် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ကြောင်း သိရသည်။ AA အနေဖြင့် ယခင် စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိ တို့အားခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်အသိပေးထားသည်။ Read in Full

၁၁။ CDF- အရှို ရဲဘော်တစ်ဦး ဆေးဝါးမလုံလောက်၍ သွေးလွန်တုပ်ကွေးရောဂါဖြင့် ကျဆုံး
 August 26, 2024
မကွေးတိုင်းအခြေစိုက် CDF- အရှိုမှ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးသည် သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရစဉ် ဆေးဝါးကုသမှု လုံလောက်စွာမရခဲ့သောကြောင့် နှစ်ပတ်နီးပါးအကြာတွင်ကျဆုံးသွားခဲ့ရကြောင်းသတင်းရရှိသည်။  မကွေးတိုင်း အနောက်ခြမ်းတွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် CDF – အရှိုမှ ရဲဘော် ဆလိုင်းမင်းမင်းစိုးသည် ဩဂုတ်လ ၁၃ ရက်တွင် စတင်ဖျားနာခဲ့ပြီး စခန်းရှိဆေးဝါးဖြင့် ကုသခဲ့သော်လည်း လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် သွေးလွန် တုပ်ကွေး ရောဂါလက္ခဏာများဖြင့် ဩဂုတ်လ ၂၄ ရက်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ “အဓိက ဖြစ်စဉ်ကတော့ ဆေးဝါး မလုံလောက်တာ ရယ်၊ နောက်တန်းစခန်းမှာ နေမကောင်းတဲ့ ဖြစ်စဉ်တွေအဖြစ်များတဲ့အတွက် တအားကြီးလည်း ဂရုမစိုက်မိလိုက်ဘူး။ သွေးအန်တဲ့အထိဖြစ်နေပြီ။ ရောဂါက ဆိုးဆိုးဝါးဝါးဖြစ်နေပြီ။ အဲဒါကိုပဲ ကျနော်တို့က ထားထားတဲ့ နောက်တန်းစခန်းမှာလည်း ရေကြီး ၊ ရေလျံမှုတွေ ကလည်းဖြစ်၊ မြေနေရာတွေကလည်း မလုံလောက်၊ ဆေးဝါးကလည်း ဝယ်ယူလို့လည်းမရဘူး။ ဒီအခက်အခဲတွေ ကလည်း စုံပြီးဖြစ်သွားတယ်။ ခနောကြက်သားဆန်ပြုတ် ကလေးကအစ ဝယ်ဖို့ကအဆင်မပြေဘူး။ အဲလို ဖြစ်သွားတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

မိုးရာသီဖြစ်သောကြောင့် စခန်းတွင် ရေကြီးရေလျံမှုတွေ ဖြစ်နေပြီး နေစရာအဆောင် မလုံလောက်ခြင်း၊ အဝတ်စို များသာ ပြန်လည်ဝတ်ဆင်နေရခြင်းကြောင့် CDF – Asho များ တစ်ပတ်လျှင် အနည်းဆုံး ၅ ဦးမှ ၁၀ ဦးအထိ ရောဂါများ ဖြစ်ပွား နေကြောင်းသိရသည်။ လတ်တလောတွင် ငှက်ဖျား၊ တုပ်ကွေး၊ အသဲရောင်အသားဝါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ် များနေကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ CDF – Asho တွင် ဆေးတပ်သား ရဲဘော် ၄ ဦး ရှိပြီး ရှေ့တန်းစစ်ဆင်ရေးနေရာများနှင့် နောက်တန်းစစ်ဌာနချုပ်တွင်ပါ မျှပြီး တာဝန်ထမ်းဆောင်နေကြကြောင်း၊ စစ်မြေပြင် ရှေ့ဦးပြု စု ခြင်းနှင့် သာမန်အဖျားရောဂါ လက္ခဏာများသာ ကုသပေးနိုင်ကြောင်း သိရသည်။ CDF- အရှိုတပ်သည် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ခြမ်းက မကွေး – ရခိုင်အစပ်၊ မင်းဘူးခရိုင်ထဲတွင် စစ်ရေးလှုပ်ရှားနေသော တပ်ဖြစ်သည်။ 

၁၂။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီစခန်း ၃ နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
 August 26, 2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ် စသည့် ၃ နေရာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဩဂုတ်၂၆ ရက်နေ့တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ က ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၅၇)၊ မိုင်ခရိုဝေ့တာဝါတိုင်စခန်းနှင့်တနင်္သာရီတံတား စစ်ဆေးရေးဂိတ်များကို ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းစစ်ကြောင်း -၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီး ကပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ -၅၅၇)မှ တပ်ကြီး တစ်ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါ အဝင် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်း အဖွဲ့ဘက်က ပြော ဆိုသည်။ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက “သေဆုံးမှုအခြေနေတွေကိုတော့ မြေပြင်သတင်းပေးတွေဆီကနေ သိရှိရတာပါ။ တစ်ရက်တည်းမှာပဲ သုံးနေရာ ကိုသွားရောက်တိုက်ခိုက်ခဲ့တာပါ။ အချိန်တွေတော့ မတူပါဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်စခန်းနေရာများ တိုက်ခိုက်ခံရပြီးနောက် ခမရ-၅၅၇ တပ်ရင်းနှင့် တံတားစစ်ဆေးရေး ဂိတ်ဘက်မှ   လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ကင်းပုန်းဝပ်နေရာယူခြင်းများလုပ် ဆောင်လျက် ရှိသည်ဟု ရဲဘော်မျိုးကြီးက ဆက်ပြောသည်။ တိုက်ခိုက်ခံရသည့် တနင်္သာရီတံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာနေသည့် ဒေသခံများကို မကြာခဏ ပစ်ခတ်အန္တရာယ်ပေးသည့် ဂိတ်တစ်ခုဖြစ်သည့်အပြင် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့တွင်လည်း ၎င်းဂိတ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကုန်ကားမောင်းသူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများ ထံမှ သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း မြိတ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁၊ ၂ တို့က ဦးဆောင်ခဲ့ပြီး စစ်ကြောင်း -၁ တွင် တနင်္သာရီပကဖဇုန်-၁၊ ဇုန်-၂၊ မြိတ်ခရိုင် တပ်ရင်း၂ တပ်ခွဲ-၁၊ မြိတ်ပကဖတို့ ပါဝင်ပြီး၊ စစ်ကြောင်း-၂တွင် တနင်္သာရီ ပကဖဇုန်-၃၊ ဇုန်-၄၊ ဇုန်-၅၊ဇုန်-၆၊ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၂ ၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေး၊ ဒရုန်းအဖွဲ့တို့ ပါဝင်သည်ဟု မြိတ်ခရိုင်တပ်ရင်း-၂ ဘက်က ပြောဆိုသည်။ Read in Full

၁၃။ ကျုံဒိုး စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များ အလစ်ငိုက်တိုက်ခိုက်ခံရမည်စိုး၍ အင်အားတိုး ခံစစ်ပြင်ဆင်နေ
 August 26, 2024
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့နေရာများအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပါင်းတပ်များမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဒရုန်း၊ရှော့ခ်တိုက် ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မရှိစေရေးအတွက် စစ်ကူအင်အားဖြည့် တင်းကာ ခံစစ်ပြင်ဆင်နေကြကြောင်း ဒေသခံများ က ပြောသည်။“ကျုံဒိုး တပ်ရင်း ခမရ ၅၄၅/၅၄၆ ပေါ့၊ တပ်ရင်းမှူးတွေ ညဘက်ဆို နေရာရှောင်အိပ်၊ ပြောင်းအိပ်ကြတယ်။ ဂျိုင်း တံတား တဘက်ကမ်း ရိုးမဟာ ဘက်ကိုသွားနေကြတယ်။ ကရင်အဖွဲ့တွေ PDF တွေ ဒရုန်းနဲ့ ဗုံးချမှာ ရှော့ခ် တိုက်ဒုံးနဲ့ ပစ်ခံရမှာ ကြောက်နေတယ်။ BGF တွေနဲ့တော့ နေရာစုံလူချင်းပေါင်းပြီး ဂိတ်ချစစ်နေတာပဲ။ နဘူး ဘက်က ၅၄၇ တပ်လည်း စစ်ကူတွေပို့ ထားတာ အများကြီး တွေ့နေတယ်။ တောင်ပေါ်ဘယ်တော့ စစ်ကြောင်း တက်မလဲတေ့မသိဘူး”ဟု ကျုံဒိုးဒေသ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။ ယခု ဩဂုတ်လအတွင်း ကော့ကရိတ်၊ ကျုံဒိုးဒေသကို စစ်ကောင်စီတပ်က စစ်အင်အား တိုးချဲ့ပို့ဆောင်နေသလို KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့်နေရာများသို့ လက်နက်ကြီး လှမ်း ပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရသည်။

၎င်းအပြင် ကျုံဒိုး၊နဘူးအခြေစိုက် နယ်ခြားစောင့်တပ်-BGF ဗိုလ်သံလုံး တပ်ဖွဲ့မှ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျေးရွာ များဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်စစ်ဆေးခြင်းနှင့် စစ်မှုထမ်းစစ်သားသစ်စုဆောင်းမည့်သတင်းများ ထွက်ပေါ်နေသည့် အတွက် ကျေးရွာများညဘက်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်မိသားစုများ၊ စစ်မှုထမ်းအရွယ် လူငယ်၊ လူလတ်များ ကြိုတင်ရှောင် တိမ်းနေကြကြောင်း နဘူးဒေသခံပြောဆိုချက်အရ သိရသည်။ နဘူးဒေသခံတစ်ဦးက “နဘူးက BGF ဗိုလ်သံလုံး အဖွဲ့တွေ ၅၄၇၊ ၅၄၈ တပ်က စစ်သားတွေနဲ့ ကျေးရွာတွေဘက် ကွင်းဆင်းမယ်၊ သတင်းပြောနေကြတယ်။ ကျုံဘိုင်းတို့၊ ချောင်းဖျားတို့ ၊ မြပတိုင်ဖို့၊ နောင်တပွဲ တို့ဘက်ကိုပေါ့၊ စစ်တပ်က စစ်မှုထမ်းဟောင်းတွေရွာမှာ နေတာ စာရင်းပြန်ကောက် နေတယ်။ စစ်သားစု ဖို့လည်း လူထည့်ဖို့ တောင်းနေတာ ၂ခါ ရှိပြီ။ ရွာကကလေးတွေတော့ တောင်ပေါ်(ထိုင်းနိုင်ငံ)တက်ကုန်ပြီ။ ရွာမှာ မထား ရဲတော့ ဘူးလေ ”ဟု ပြောသည်။ စစ်ကောင်စီတပ်က ကော့ကရိတ်၊ ကျုံဒိုး၊ နဘူးဒေသအတွင်း စစ်ရေးတိုးမြှင့်တိုက်ခိုက်ရန် လုပ်ဆောင် နေမှု ကြောင့် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ်လ ၁၅ ရက်မှ ယခု ဩဂုတ်လ ၂၃ ရက်နေ့အထိ ကော့ကရိတ် မိချောင်းအင်း၊ ရန်ကုတ်၊ အောက်ဘိုတဲ နေရာများ ဘက်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်ရေးနယ်မြေတာဝန်ရှိသူများ ပြောဆိုချက်အရ သိရသည်။Read in Full

၁၄။ တောင်ကုတ်မြို့ခံများ G1 ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရ၊ ခရီးသွားလာခွင့်ရ
 August 26, 2024
ရခိုင်ပြည် တောင်ကုတ်မြို့ထဲက ဒေသခံပြည်သူများမှာ ပဲခူးတိုင်း ပြည်မြို့ကို သွားမည်ဆိုပါက G1 (စစ်ဦးစီးပထမတန်း) ထောက်ခံစာပါမှ သွားလာ၍ရကြောင်း မြို့ခံများကပြောသည်။ ပြည်သို့ ခရီးသွားလိုပါက G1 ထံ ခွင့်ပြုချက်တောင်းရပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ထားခဲ့ရကြောင်း တောင်ကုတ်မြို့ခံ အသက် ၅၀ အရွယ် အမျိုး သားတစ်ဦးက ပြောသည်။ ” တောင် ကုတ်-ပြည်လမ်းက ခရီးသွားမယ်၊ ဒါမှမဟုတ် ပြည်ကို သွားမယ်ဆိုရင် G1 ထောက်ခံစာယူရတယ်။ ခွင့်ပြုချက်ကျမှ သွားရတာ။ ထောက်ခံစာမရလို့ မသွားရတဲ့သူတွေ တပုံကြီး။ သေချာ စိစစ်တာ။ ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘာလုပ်ဖို့ သွားတာ လဲ အစုံကိုမေးမြန်းတာ။ ပြီးတော့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို ထားခဲ့ရတယ်။ ပြန်လာမှယူပေါ့နော်။ မဟုတ်ရင် သွားခွင့် မပြုဘူး။ ” ဟု ပြောသည်။ G1 သည် စစ်ကောင်စီတပ်ထဲက အရာရှိကြီးတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ထွေ/ အုပ်၊ ခရိုင်ထွေ/အုပ်ရုံးများကို အဓိကကြီးကြပ်ရပြီး အုပ်ချုပ်ရေးအမိန့်အာဏာများကို တိုက်ရိုက်ကိုင်တွယ်ခွင့်ရရှိသူဖြစ်သည်။ တောင်ကုတ်-အမ်းလမ်းကို ဆိုင်ကယ်နှင့် ခြေလျှင်လျှောက်သူများကိုသာ သွားခွင့်ပြုပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်သူများမှာ မှတ်ပုံထားခဲ့ရကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

” တောင်ကုတ်-အမ်းလမ်းကတော့ သွားခွင့်ပြုတယ်။ ဒါပေမယ့် အမ်းအဆီပဲနော်။ ဈေးသွားဝယ်တဲ့သူတွေရှိတယ်။ ဆေးခန်းသွားပြတာတွေရှိတယ်။ ဆိုင်ကယ်၊လူလောက်ပဲခွင့်ပြုပေးတယ်။ ကားကြီးတွေ၊တုတ်တုတ်တွေနဲ့မရဘူး။ အစစ်အဆေး က အမေးအမြန်းအရမ်းထူတယ်။ ငွေညစ်တာလည်းရှိတယ်။ ဈေးသည်အချို့ဆို တားမြစ်ပစ္စည်းပါတယ်ဆိုပြီး အကြောင်းပြကာ ငွေညစ်တာတွေလည်းရှိနေတယ်။”ဟု ပြောသည်။ တောင်ကုတ်မြို့ကို အာရက္ခတပ်တာ် AA က ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် AA တို့မှာ စစ်ရေးတင်းမာလျှက်ရှိပြီး တိုက်ပွဲလည်း ပြီးခဲ့သည့်လအနည်းငယ်က ကြိုကြားဖြစ်ပွားခဲ့ကြသည်။  Read in Full

၁၅။ စစ်ကောင်စီတိုက်ခိုက်မှု သီပေါမှာ လူ ၁၉ ဦးသေဆုံးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောကြား
 August 26, 2024
စစ်ကောင်စီက လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ နယ်မှာ တစ်လအတွင်း အရပ်သား ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ် ၂၆ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၉ ရက်ကနေ ဩဂုတ် ၁၉ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာ နှစ်ပါး၊ အသက် ၁၈ နှစ်အောက် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦး သေဆုံးခဲ့ပြီး သံဃာ တစ်ပါး ၊ သီလ ရှင် တစ်ပါး အပါအဝင် ၁၉ ဦးထိခိုက်ဒဏ်ရာရရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နားက အဆောက်အဦတွေအပါအဝင် နေအိမ်အဆောက်အဦ ၁၁၀ လည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုးကန့်တပ်မတော် (MNDAA) က သီပေါ-မိုင်းရယ်လမ်းတစ်လျောက်က ကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ဇူလိုင် ၁၉ ရက်နေ့မှာ ဆောင်ကြဲကျေးရွာကို လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ပြီးနောက် လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ က သီပေါမြို့ကို သြဂုတ် ၁၁ ရက်နေ့မှာ လေကြောင်းကစတင် တိုက်ခိုက်ပါတယ်။ ဩဂုတ် ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွား တာမရှိဘဲ စစ်ကောင်စီ ခမရ ၅၀၆ တပ်က နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ် နှစ်လုံးထိခိုက်ပျက်စီးခဲ့သလို နမ့်လန်မြို့တောင်ဘက် ရှိနားဟိုင်းကျေးရွာကို လေကြောင်းက တိုက်ခိုက်တဲ့အတွက် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ Read in Full

၁၆။ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ်သတိပေး
 August 26, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူ တွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ ဗန်းမော်မြို့ တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်အကွာက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း လက်နက်ကြီး ပစ်ခတ်မှုဆက်တိုက်ရှိ‌နေတာကြောင့် ဒေသခံတွေ ကြိုတင်ပြင်ဆင်သင့်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “စစ်တပ်ဘက်ကလုပ်နေတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေမှာ စမ်းသပ်ပစ်ခတ်တာတွေလုပ်နေတာဆိုတော့ ကတုတ်ကျင်းတွေ ဘာတွေ လုပ်ထားသင့်တယ်လို့တော့မြင်တယ်။ ကျနော်က တော့ မြို့ထဲကလူတွေ အနေနဲ့ ဒီလပိုင်းအတွင်းမှာတော့ သက်ကြီး ရွယ်အိုနဲ့လှုပ်ရှားရခက်တဲ့သူတွေကတော့ရှောင်ဖို့အကြံပေးချင်တယ်ဗျ”လို့ပြောပါတယ်။

ဗန်းမော်မြို့တွင်းတပ်တွေဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ ၄၇ တပ် နဲ့ ဗန်းမော်မြို့နယ်ထဲက လက်နက်ကြီးအထိုင်ချထားတဲ့နေရာတွေကနေ နေ့စဥ်လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်နေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ လည်း ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ရင်းတွေရဲ့ လက်နက်ကြီးတွေဟာ ဗန်းမော်မြို့နဲ့အနီးဆုံး ဗန်းမော်တက္ကသိုလ် အနီးတစ် ဝှိုက်၊ တိုက်ပွဲဖြစ်နေတဲ့ ကောင်ဂျာယန်၊မံစီ အပါအဝင် စီဟဲရွာတွေဘက်ကိုလက်နက်ကြီးပုံမှန်ပစ်ခတ်လေ့ ရှိတယ်လို့ သိရပါတယ်။ ဒီလိုလက်နက်ကြီး ပစ်ခတ်မှုတွေအကြား ဗန်းမော်မြို့တွင်းမှာ ဒေသခံအရပ် သားတွေဟာ ပုံမှန်သွားလာနေကြရပြီး မြို့တွင်းစစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကိုလည်းကြုံနေကြရတယ်လို့ ဗန်းမော်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။“အရပ်သားတွေရဲ့အခြေနေကလုံခြုံမှုမရှိဘူးလို့ပြောလို့ရတယ်ဗျ စစ်တပ်ဘက်ကပစ်ခတ်တဲ့လက်နက်ကြီး တွေရယ် သွားလာနေတဲ့လူငယ် အမျိုးသားတစ်ချို့ကို စစ်တပ်ဘက်ကအကြောင်းမဲ့ဖမ်းဆီးတာတွေရှိနေ တယ်လို့ကြားထားတယ်။ ”လို့ပြောပါတယ်။ Read in Full

၁၇။ မွန်ပြည်နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီလူစစု
 August 27, 2024

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် စစ်ကောင်စီဘက်က လူသစ်စုဆောင်းတာနဲ့ လိုက်လံစည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်တွေဟာ ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး ဘီးလင်း၊သထုံ၊ ချောင်းဆုံနဲ့ရေးမြို့နယ်တို့မှာ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် လူသစ်စုဆောင်းနေတာပါ။ အဲဒီလိုလူသစ်စုဆောင်းရာမှာ ယူနီဖောင်းနဲ့ လက်နက်တွေတပ်ဆင်‌ပေးမယ့်အပြင် တစ်ရက်လျှင် ကျပ် ၆၈၀၀ ထောက်ပံ့ပေးမယ့်အကြောင်း လိုက်လံစည်းရုံးနေတယ်လို့ ဘီးလင်းဒေသခံတစ်ဦးက ပြောပြပါတယ်။ အလားတူ ရေးမြို့နယ်မှာ ဩဂုတ် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီ ရပ်ကွက်‌ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက်ကျေးရွာတိုင်းမှာ ပြည်သူ့လုံခြုံ ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေ တာပါ။ စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတွေ တပ်ဆင်ပေးတာ၊ စားနပ်ရိက္ခာတွေ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ဖို့ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် အသက် ၃၅ နှစ်နဲ့အထက် အမျိုးသားတွေကို ခေါ် ယူသွားမှာ ဖြစ်ပြီး သူတို့တွေကို တစ်လကြာ စစ်သင်တန်းပေးပြီးနောက် ရပ်ရွာလုံခြုံရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင် သင့်တာကို ဆက်လက်လုပ်ဆောင်မှာဖြစ်တာကြောင့် ပြည်သူပါတဲ့ လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင် ရွက်သွားမယ်လို့ ဩဂုတ် ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒေသခံပြည်သူတွေကတော့ စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရမည့်အစား ပြည်သူက စစ်တပ်ကို ပြန်ကာကွယ်ရမယ့် သဘောဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဝေဖန်တာပါ။ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင် အားဖြည့်တင်းဖို့ ပြည်သူစစ်မှုထမ်း၊ ပြည်သူစစ်အကြောင်းပြချက်တွေနဲ့လူစုနေပေမယ့် လုံလောက်မှုမရှိနေတာကြောင့် တစ်နိုင် လုံးရှိ အမျိုးသားအားလုံးစစ်မှု ထမ်းလာအောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်။ မွန်ပြည်နယ်အခြေစိုက် တော် လှန်ရေးအင်အားစုတွေကတော့ ပြည်သူ့လုံခြုံ ရေးအဖွဲ့ ဖွဲ့စည်းဖို့ကြိုးပမ်းတဲ့ မည်သူမဆို စစ်ရေးပစ်မှတ်သတ်မှတ်ပြီး တိုက်ခိုက် သွားမယ်လို့ သတိပေးထားပါတယ်။ Read in Full

၁၈။ ဗုံးကြဲခံရလို့ ကြာအင်းဆိပ်ကြီး အနန်းကွင်းကျေးရွာ တစ်ရွာလုံးနီးပါးပျက်စီး
 August 27, 2024
တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါ တယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာအတွင်းမှာ ဩဂုတ်လ ဒုတိယအပတ်လောက်ကနေစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း အနန်းကွင်းစစ် ဗျူဟာစခန်းနဲ့ လွတ်ရှမ်းဂိတ်စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတို့ကို အပြင်း အထန် အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းကျေးရွာ ရွာလုံးကျွတ်နီးပါး ပျက်စီးထားသလို လွတ်ရှမ်း ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။ အနန်းကွင်း ဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ သတင်း ထုတ်ပြန်တာတွေ မရှိသေးပါဘူး။ တိုက်ပွဲအတွင်းပါဝင်နေတဲ့ KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့တစ်ခု က တော့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့အတူ နေ့စဉ်နဲ့အမျှ တိုက်ပွဲဝင်နေတယ်လို့ အသိပေးထားပါတယ်။ စစ်ကောင်စီအားပေး ထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ အနန်းကွင်းဗျူဟာကို KNLA PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်တာ ဟာ ၃ ကြိမ်ရှိပြီဖြစ်ပြီး အထိခိုက်အကျဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Read in Full

၁၉။ ဟားခါးမှာ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား ၂ ဦးလိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးခံရသူများ
 August 26, 2024
ချင်းပြည်နယ် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးလိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးရခံသူများလာပြီး စစ်ကောင်စီက ဒဏ်ငွေကျပ် ၈ သိန်းအထိ ပေးဆောင်ခိုင်းနေသည်ဟုသိရသည်။ ချင်းပြည်နယ် ဟားခါးနှင့်ဖလမ်းမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုး သမီး နောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုရဟု ပြီးခဲ့သည့် ဇူလိုင် လ ၁၁ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ထိုကဲ့သို့ အမိန့်ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်ရှိ လမ်းစုံ နှင့် အချက်ချသည့်နေရာများတွင် စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးနေပြီး အဖမ်းခံရသူလည်းတနေ့ထက်တနေ့ပိုများလာနေကြောင်း ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။“အဖမ်းခံတဲ့သူ အရမ်းများ လာတယ်၊ အဲလိုဖမ်းပြီဆိုရင် လူတယောက်ကို (၈) သိန်းတောင်းတယ်လို့ကြားရတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ဟားခါးမြို့ပေါ်က ပြည်သူ့ဆေးရုံလမ်းခွဲ၊ ဟားခါးနာရီစင်နား နှင့် စုပေါင်းရုံးရှေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သားများက စစ်ဆေးရေးများပိုမိုတင်းကြပ်နေကြောင်းသိရသည်။

ဟားခါးမြို့ခံအမျိုးသားတဦးက “မြို့ထဲမှာလုံခြုံရေးတော့ တော်တော်လေးတင်းကြပ်တယ်။ ရဲ၊ စစ်တပ် တွေက အများအားဖြင့် လူငယ်တွေကိုဖုန်းတွေနဲ့၊ ဆိုင်ကယ်တွေကိုစစ်ဆေးတယ်။ အရင်အပတ်နဲ့ ဒီအပတ်ထဲမှာတင် ဖမ်းခံရတဲ့သူ ၁၅ ဦးက နေ ၂၀ အထိဖမ်းခံရတယ်၊ အဓိကအားဖြင့် သူတို့ဖမ်းခံတာက ဆိုင်ကယ် တစီးမှာယောကျ်ားလေး အချင်းချင်း ၂ ယောက်စီး တဲ့ သူတွေပိုများတယ်၊ ပိုက်ဆံနဲ့ရွေးခိုင်းပြီး ပြန်လွှတ်ပေးတယ်ကြားတယ်” ဟု ပြောသည်။ ဟားခါးမြို့ပေါ်တွင်ယခုကဲ့သို့ ဆိုင်ကယ် တစ်စီးတွင် အမျိုးသား (၂) ဦး စီးနင်း ခွင့် ပိတ်ပင်ထားခြင်းကြောင့် မြို့ခံသက်ကြီးရွယ်အိုများ ဆေးရုံ၊ ဆေးခန်း၊ သာရေး၊ နာရေး နှင့် ဘာသာရေးကိစ္စရပ်များဆောင်ရွက်သည့်နေရာတွင် ခက်ခဲမှုအများကြီးဖြစ်စေသည်ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။“လူငယ်တွေအတွက်ကတော့ သိပ်ပြဿနာမရှိနိုင်ပေမယ့် သက်ကြီးရွယ်အိုတွေအတွက်တော့ အတော်လေးအခက်ခဲ ဖြစ်တယ် လေ၊ ဆိုင်ကယ်နောက်မှာလည်းစီးလို့မရတော့ဘူးဆိုတော့ ခြေလျင်နဲ့ပဲ သွားရမယ့်ကိန်း ဖြစ်နေတယ် ဒီမှာ ကားရှိတဲ့သူကလည်း မရှိသလောက်ပဲလေ” ဟု ဟားခါးမြို့ခံကပြောသည်။  Read in Full

၂၀။ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်လာချိန် အနန်းကွင်းဗျူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထွက်ပြေး
 August 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းစစ်ဗျူဟာ၊ စခန်းသိမ်းတိုက်ပွဲ အရှိန်မြှင့် ပြင်းထန်လာသည့်အချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှုများဖြစ်ပေါ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်ကပြောသည်။ အဆိုပါဗျူဟာစခန်းမကျရေးအတွက် စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူ အပြင်းအထန်လုပ်ဆောင်ပေးနေသည့်ကြားမှ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း စခန်းကို တက်ရောက်တိုက်ခိုက်မှု ပြုလုပ်သည့်အတွက် စခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မခံနိုင်တော့ဘဲ ထွက်ပြေးသွားခြင်းရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။“အရင်ရက်တွေက တချို့ထွက်ပြေးသွားတာရှိတယ်။ ဒီမနက်လည်း သုံးယောက်ထပ်ထွက်ပြေးတာရှိတယ်။ လက်နက်တွေ တော့မပါဘူး။ အဓိကတော့ သူတို့ပြန်ခုခံမနိုင်တော့လို့ ထွက်ပြေးတာဖြစ်မှာပေါ့။ ထွက်ပြေးတဲ့ လူတိတိကျကျတော့ မသိရသေး ဘူး”ဟု ၎င်းသတင်းအရင်းအမြစ်က ပြော သည်။

အနန်းကွင်းစစ်ဗျူဟာစခန်းအပြင် လွတ်ရှမ်းကျေးရွာရှိ တပ်စခန်းမကျရေးအတွက် စစ်ကောင်စီဘက်က ယခု ရက် ပိုင်း အတွင်း Y-12 ဂျက်လေယာဉ်နှင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသတွင်း ပြည်သူတို့၏ နေအိမ်အများအပြား ထိခိုက်ပျက်စီး သွားသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများပြင်းထန်လာသည့် အတွက် အနန်းကွင်းရွာ၊ လွတ်ရှမ်းရွာရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရသည့်အပြင် အနီးအနားကျေးရွာရှိ တညင်၊ ဖာယာ၊ ကျားမီစသည့် ကျေးရွာ အများမှ စစ်ရှောင်ရာနှင့်ချီ ထပ်မံထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ အနန်းကွင်း စစ်ကောင်စီတပ် ခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၈၀ ဦး ဝန်းကျင်ခန့်ရှိကာ မြေပြင်စစ်ကူ လနှင့်ချီကြာ ပို့ဆောင်နိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ရိက္ခာ၊ လက်နက်များ ယခုလဆန်း ပိုင်းတွင် ပို့ဆောင်ဖြည့်တင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် ထိုစခန်း၌ စစ်ကောင်စီတပ် အင်အား နည်းလာသည့် အတွက် မြေပြင်စစ်ကူ ထိုးစစ်ဆင်လာမည်ကို ဒေသအတွင်းရှိ ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။ Read in Full

၂၁။ လောင်းလုံး ကျေးရွာအချို့တွင် ကာလရှည်အရေပြားရောဂါဖြစ်
 August 26, 2024
လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတို့တွင် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လကတည်းက အရေပြားတွင် အပူဖုလိုမျိုး ထွက်ရာကနေ အရေပြား ယားယံလာပြီး သုံးလခန့်အကြာ ယနေ့အချိန်အထိ ရောဂါဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ အဆိုပါအရေပြား ရောဂါ အဖြစ်အများဆုံးမှာ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့တွင်ဖြစ်ပြီး ကလေး၊ လူကြီး အားလုံးနီးပါးတွင် ဖြစ်ပွား ခဲ့ကြောင်းဒေသခံတို့ကပြောဆိုသည်။“စဖြစ်ဖြစ်ချင်းတုန်းကဆိုရင်(ရွာမှာ) အားလုံးနီးပါးမှာကိုဖြစ်တာ။ ၈၅ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျွန်တော်အိမ်မှာတောင် လူခြောက်ယောက်ရှိတာ ငါးယောက်ဖြစ်တယ်”ဟု အောက်ကျောက်ဝပ်ရွာသား တစ်ဦးက ပြောသည်။  အရေပြားယားနာနှင့်အတူ တုပ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေကြောင်း ဒေသခံတို့က ဆိုသည်။

အရေပြားနှင့် တုပ်ကွေးရောဂါကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ရှိ ဆေးအဖွဲ့တို့က လာရောက်ကုသပေးသဖြင့် သက် သာသူ အချို့ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရောဂါမသက်သာသေးသူများ ကျန်နေသေးကြောင်း ဒေသခံတို့ထံမှ သိရ သည်။“အခုချိန်အထိ ဖြစ်နေတုန်း။ ဆေးပေးထားတာတွေ သောက်နေဆဲပဲ။ အခုဆို တစ်ရွာမှာ လေးငါးဆယ်လောက် ကျန်ဦး မယ်နဲ့တူတယ်”ဟု ဆေးကုသရာတွင် လိုက်လံကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။ အောက်ကျောက်ဝပ်၊ ညောပြင် ကျေးရွာတို့သည် ထားဝယ်မြို့ပေါ်သို့ ဆေးကုသွားမည်ဆိုပါက စစ်ကောင်စီနှင့် ပျူစောထီးတို့ တပ်စွဲထားသည့် ကျောက်နီမော် ကျေးရွာကို ဖြတ်သွားရမည်ဖြစ်သည်။ ဒေသခံတို့က ကျောက်နီမော်ကျေးရွာကို မဖြတ်ရဲကြသဖြင့် အချိန်မီဆေးကုသခွင့်မရကြ ဘဲ ကူးစက်မှုများသွားရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။“ပုံမှန်ဆိုရင် အပူဖုတွေက မိုးရာသီဆိုရင် ပျောက်သွားရမှာကို မပျောက်ဘဲ အခုမှ ပိုဆိုးလာသလိုဖြစ်နေတာ။ အဓိက ကတော့ မြို့ပေါ်သွားပြီး ဆေးကုလို့မရ‌တော့ ရောဂါအဖြစ်များလာတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။   Read in Full

၂၂။ ကရင်နီပြည်ရဲဌာနက ၃ နှစ်အတွင်း အမှုပေါင်း ၅၀၀ ကျော် စစ်ဆေးအရေးယူ
 August 26, 2024
ကရင်နီပြည်တွင် တော်လှန်ရေးကာလအတွင်း ရဲစခန်း ၁၄ ခု၊ရဲကင်း ၁၆ ခုနှင့် မြို့နယ်ရဲဌာနရုံး ငါးခုဖွင့်လှစ်နိုင်ခဲ့ပြီး အမှု ပေါင်း ၅၀ဝကျော် စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း ဩဂုတ် ၂၅ ရက်နေ့တွင်ထုတ်ပြန်သည့် ကရင်နီပြည်ရဲဌာန (KSP)၏ သုံးနှစ် ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရဲစခန်း ရှစ်ခု ၊၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် တနှစ်တာ အတွင်း ရဲစခန်းခြောက်ခုနှင့် လုံခြုံရေးရဲကင်း ၁၆ ခု၊ မြို့နယ်ရဲဌာနရုံး ငါးခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကာ အမှုပေါင်း ၅၂၀ ကို အရေးယူ နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ လူ သတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှု၊ ထိခိုက်နာကျင်စေမှု၊ အိမ်တွင်းအကြမ်းဖက်မှု စသည့် အမှုပေါင်း ၄၃၉ ခုအရေးယူခဲ့ပီုး ယခု ၂၀၂၃ မှ ၂၀၂၄ အတွင်း အမှုပေါင်း ၈၁ မှု အရေးယူနိုင်ခဲ့ကြောင်း အစီရင် ခံစာတွင်ဖော်ပြထားသည်။“ကျနော်တို့ အရေးယူထားတဲ့ အမှုထဲမှာ အများဆုံးကတော့ မူးယစ်ဆေးဝါးမှုပေါ့နော်။ ကျန်တာကတော့ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးရမိထားတဲ့ ရဲဘော်တွေကို ၅၀ (က)နဲ့ အရေးယူတာမျိုး။ပြီးရင်ကျန်တာ ခိုးမှုတို့တခြားမှုတို့အစုံပါပါတယ်ဗျ”ဟု ကရင်နီပြည်ရဲဌာန(KSP)ပြောခွင့်ရသူ ကိုဘိုဘို က ပြောသည်။

စစ်ကောင်စီအား အာဏာဖီဆန်ထားသည့်CDM ရဲများဖြင့် စတင်ဖွဲ့စည်းထားသော ကရင်နီပြည်ရဲဌာန (KSP)သည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ လမ်းညွှန်မှုအောက်တွင် ရှိသည်။ အမှုများကို KSP မှ တရားလိုပြုကာ IEC တရားရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး တရားရုံးမှ အမိန့်ချမှတ်အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်။ တော်လှန်ရေးအင်အားစုများစိုးမိုးနယ်မြေအတွင်း ကင်းလှည့်ခြင်း၊ လမ်းမများတွင်ရှောင်တခင်စစ် ဆေးခြင်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရဲလုပ်ငန်းဝန်ဆောင်မှုအကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ခြင်း အစီအစဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိ ပညာပေးရေး အစီအစဉ်များဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များလည်း ကူညီလုပ်ဆောင်လျက်ရှိ ကြောင်း KSP အစီရင်ခံစာတွင် ပါရှိသည်။လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၃၈ ဦးရှိပြီး  ယင်းအနက် ၃၂ ရာခိုင်နှုန်း ကျော်မှာ အမျိုးသမီး ရဲဝန်ထမ်းများဖြစ်ကြောင်း သိရသည်။ ရဲစခန်းနှင့် ရုံးများကို လွိုင်ကော်၊ မိုးဗြဲ၊ နန်းမယ်ခုံ၊ဒီးမော့ဆို၊ မော်ချီး၊ ရွာသစ်၊ မယ်စဲ့မြို့တို့၌ ဖွင့်ထားခြင်းဖြစ်သည်။နယ်မြေစိုးမိုးမှုမရှိသော ဒေသများတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများနှင့်ပတ်သက်သည့် သက်သေစုဆောင်းခြင်းအပါအဝင် သတင်းအချက် အလက်ရယူခြင်းဆိုင်ရာ ရဲလုပ်ငန်းလုပ်ဆောင်ရန် စိန်ခေါ်မှုများရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ Read in Full

၂၃။ ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
 26 August 2024
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီ အမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က လောင်းမင်းကျေးရွာမှာတပ်စွဲထားတဲ့ ခမရ ၃၀၉၊ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင်တွေကို ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက ကာကွယ်ရေးတပ်တွေ ပူးပေါင်း ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လောင်းမင်းရွာကိုပါသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ လက်ရှိ ဟုမ္မလင်းစစ်ရေးအခြေနေနဲ့ပတ်သက်လို့ ခန္တီးခရိုင်အမှတ် ၁ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက အခုလိုပြောပါတယ်။“လက်တလော စစ်ရေးထိတွေ့မှုတွေခပ်စိပ်စိပ်ဖြစ်ပွားလာတာပဲရှိပါတယ်။ အဓိကအားဖြင့်တော့ ရေကြောင်းကနေတက်လာတဲ့ စကစဖလက်ခွန်တွေကို အစုန်အဆန်မှာ ကျနော်တို့အဖွဲ့တွေဘက်က သိမ်းပိုက်စိုးမိုးထားတဲ့ မြစ်ကြောင်းတစ်လျှောက်က ဒေသ တွေမှာထိတွေ့မှုဖြစ်စဥ်ပိုများတာပေါ့”လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ရဲ့အထက်ပိုင်းမှာရှိတဲ့ လောင်းမင်းရွာကို သိမ်းပိုက်နိုင်ခဲ့မှုအတွင်း ကာကွယ် ရေး ပူးပေါင်းတပ်ဘက်က ၂ ဦးသေဆုံးခဲ့ရသလို အရပ်သား ၄ ဦးလည်း သေဆုံးခဲ့ရတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်ထဲ မှာဖော်ပြထားပါတယ်။ လောင်းမင်းရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ် ထား တာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က ရေကြောင်းအတိုင်းအင်အားအလုံးအရင်း သုံးပြီး ထိုးစစ် ဆင်လာလို့ နောက်ဆုတ်ပေးခဲ့ရတာဖြစ်ပါတယ်။“လောင်းမင်းက အရင်တည်းက ကျနော်တို့ သိမ်းပိုက်ထားခဲ့တာပါ သူတို့ အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ပုံမှန်ကာကွယ်ရေးတပ်စိပ်တွေပဲရှိလို့ အင်အား မမျှတာနဲ့ ခနဆုတ်ခွာပေးခဲ့ရတယ်ပေါ့ ခန့်မှန်း လွန်ခဲ့တဲ့ ငါးရက် တစ်ပတ်လောက်ပါပဲ”လို့ ခန္တီးခရိုင်အမှတ် ၁ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ လက်ရှိတော့လောင်းမင်းရွာကို တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်သိမ်းပိုက် ထားပြီး အဲ့ဒီတိုက်ပွဲ အတွင်းတော်လှန်ရေးအင်အားစုတွေဘက်က ၂ ဦးလည်းသေဆုံးခဲ့ရပါတယ်။ Read in Full

၂၄။ မြစ်ကြီးနားမြို့အတွင်းရှိ ဆေးဆိုင်များတွင် သာမန်အိမ်သုံးဆေးများပင်ပြတ်လပ်နေဟုဆို
 August 26, 2024
ဆေးဆိုင်ကြီးများက လက်ကားရောင်းချပေးခြင်းရပ်တန့်လိုက်ပြီး ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များနှင့်ဆေးပေးခန်းများတွင် သာမန်အိမ်သုံးဆေးမှအစ နာတာရှည်ရောဂါအတွက်ဆေးများအပါအဝင် ပြတ်လပ်လာနေကြောင်းသိရသည်။ ဆိုင်အများစု တွင် ဆေးပြတ်နေပြီး တစ်နေရာတည်းတွင် လိုအပ်သည့်ဆေးများအားလုံး မရနိုင်သောကြောင့် လိုက်လံရှာဖွေဝယ်ယူနေရသည် ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။“ဒီနေ့ဆေးလိုက်ဝယ်တာ သုံးမျိုးကို ဆေး ဆိုင်နှစ်ဆိုင်သွားရတယ်။ ဆေးက ပြတ်နေ တာများတယ် Net B အာရုံကြောအားဆေးလေ ဆိုင်ကြီးမှာမရှိဘူး။ ယာနာလိမ်းဆေးလိုမျိုးဆို လိုက်ပတ်ရှာဝယ်ရတယ်။ နှလုံး ဆေးတော့ ရပ်ကွက်က ဆိုင်အသေးတွေမှာ လိုက်ရှာဝယ်ရင်ရသေးတယ်” ဟုပြောသည်။ ရောင်းချပေးနေသော ဆေးအချို့မှာ လည်း ဈေးမြင့်တက်သွားပြီး ဓါတ်ဆားတစ်ထုပ် ၁၃၀၀ ကျပ်၊ Ensure တစ်ဘူးကို ဇူလိုင်လကုန်ပိုင်းက ကျပ်တစ်သိန်း သုံးသောင်းခန့်ပေးရရာမှ လွန်ခဲ့သည့်အပတ်က ကျပ်တစ်သိန်းရှစ်သောင်းသို့ ရောက်ရှိသွားကြောင်း သူကပြောသည်။ ငွေဈေး မတည်ငြိမ်သောကြောင့်ဟုဆိုကာ ဆေးဆိုင်ကြီးများက လက်ကားရောင်းချပေးခြင်း ရပ်နားထားသည်မှာ နှစ်ပတ်ကျော်ရှိပြီ ဖြစ် သောကြောင့် ဆေးဝါးအချို့ပြတ်လပ်နေပြီး လက်ကျန်ဆေးများကိုသာ ရောင်းချပေးနေသည်ဟု အင်ဂျန်ဒုံရပ်ကွက်မှ ဆေးဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

“ကျွန်မတို့သွားဝယ်တဲ့အခါ မရောင်းပေးတော့ဘူး။ ဒီတလော ဒေါ်လာဈေးမငြိမ်လို့ ရောင်းပေးလို့မရဘူးလို့ ပြော တယ်။ ဒေါ်လာဈေးက အတက်အကျမြန်နေတဲ့ထဲမှာ အတက်ကပိုများနေတယ်လို့ပြောတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အဆက်အသွယ်မရလို့ သူတို့ဘက်ကနေ ကျွန်မတို့ကို အများကြီးရောင်းပေးလိုက်ရင် သူတို့ပြန်ဝယ်တဲ့အခါ ဈေးပြန်တက်နေမှာ တွေ စိုးရိမ်နေတယ်ထင်တယ်” ဟုပြောသည်။ ထို့အပြင် စစ်ဆေးရေးဂိတ်များကလည်း ဆေးဝါးများကို ဖြတ်သန်းခွင့်မပြုသော ကြောင့် လိုအပ်သည့်ဆေးများရရှိရန် ခက်ခဲနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ပြင်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။“လမ်းမှာဖမ်းထားတယ်တဲ့ ဂိတ်တွေက မဖြတ်ခိုင်းတော့ ဒီဘက်ဆေးပြတ်လပ်လာတာဟုတ်တယ်။ ဆေးကုမ္မဏီတွေများတော့ မရတဲ့ဟာတွေကို အာနိတင်တူတဲ့ဟာတွေ ပြန်မှာယူပြီးပေးတာတွေရှိတယ်။ အဖျားတက် နှာစီးချောင်းဆိုးတဲ့သူတွေ အတွက် တော့ ပုံမှန်ရောင်းချပေးနေလို့ နည်းနည်းသက်သာသေးတယ်” ဟုပြောသည်။ မြစ်ကြီးနားမြို့တွင် ပိုးသတ်ဆေး၊ ဝမ်းပိတ်ဆေး နှင့် ထိုးဆေးအချို့ ဝယ်ယူရရှိရန်ခက်ခဲနေကြောင်း မြို့ခံအချို့၏ပြောပြချက်အရသိရပြီး ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အာရုံကြောကဲ့သို့သော ကာ လရှည်စွဲသောက်ရသည့်ဆေးဝါးများကို အာနိသင်တူဆေးများ အစားထိုးသောက်သုံးနေရာမှ ပြတ် လပ်သွားမည်ကို စိုးရိမ်နေကြသည်။ Read in Full

၂၅။ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဘက်က ဆက်လက်ပိတ်ထား၊ ပြည်သူများ စားဝတ်နေရေး ပိုပိုခက်ခဲလာ
 August 27, 2024
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် ၂ နယ်စပ်ကုန်သွယ် ရေးကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ မြန်မာကုန်ပစ္စည်းများ တင်သွင်းခွင့်ကို အိန္ဒိယဗဟိုအစိုးရက ပိတ်ပင်ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကာ နယ်စပ်နေ ပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။ ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် မြန်မာ ဘက်က ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည်ဆိုသော တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးရန် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CBI) အဖွဲ့က နယ်စပ်ကိုသွားရောက်မည်ဟုဆိုကာ  ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ကစ၍ မြန်မာဘက်က ကုန်ပစ္စည်းအဝင် အားလုံးကို မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံနယ်စပ်နေပြည်သူများအား လွတ်လပ်စွာဝင်ထွက်သွား လာခွင့်ပြုထားသော်လည်း  ယခင်ကဲ့သို့ မြန်မာကုန်ပစ္စည်းများကို တံတားပေါ်မှသော်လည်းကောင်း၊ အခြားသော နယ်စပ်ဝင်ပေါက်လမ်းမှသော်လည်းကောင်း ဖြတ်သန်းသယ်ယူပို့ဆောင်ခွင့်မပြု တော့ခြင်းဖြစ်သည်။

ထိုကဲ့သို့သောအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးအား မှီခိုအားထားနေရသောပြည်သူများ၊ ကုန်တင်ကုန်ချသမားများ၊ နေ့စားအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်လာကြပြီး စားဝတ်နေရေးအတွက် အခက်ကြုံလာကြရသည်ဟု နယ်စပ် နေ ပြည်သူတစ်ဦးကပြောသည်။“နယ်စပ်မှာက အများအားဖြင့်တော့ ကုန်တင်ကုန်ချအလုပ်သမားတွေများတယ်လေ၊ ဒီလိုမ ဖြစ်ခင်တုန်းကတော့ ကုန်တင်ကုန်ချသမားတစ်ယောက်ဟာ တစ်ပတ်မှာ ကျပ် ၂ သိန်းဝန်း ကျင်လောက်ပုံမှန်ရနိုင်တယ်၊ အခုတော့ မီဇိုရမ်ဘက်က ကုန်အဝင်ပိတ်ထားတော့ ကုန်တင်ကုန်ချလုပ်အလုပ်ကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တစ်ရက်မှာ တစ်သောင်းရဖို့တောင် ခက်လာပြီ” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးကပြော သည်။ ရိခေါဒါရ်မြို့နေပြည်သူများသည် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းကိုသာအဓိကအားထားနေရပြီး ကုန်ချကုန်ချအလုပ်လုပ်ကိုင်သူ အလုပ်သမား ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ Read in Full

၂၆။ ပုဏ္ဏားကျွန်းတွင် ဒေသခံ ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
 August 27, 2024
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာက အမျိုးသားတယောက် ကျေးရွာအနီးရှိ စစ်ကောင်စီထောင် ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မိုင်းနင်းမိပြီး သေဆုံးသွားသူဟာ ဦးမောင်ကျော်ဌေး (၃၇ နှစ်) ဖြစ်ပြီး ကျေးရွာအရှေ့ဘက်ရှိ တောင်တန်းအသွားမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ် ကာ ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ သာစည်ကျေးရွာသား တယောက်က ပြောပါတယ်။“သူက ရွာရဲ့အရှေ့ဘက် တောင်တန်းမှာ မိုင်းနင်းမိတာ။ အဲဒီမှာ မိုင်းနင်းမိပြီး ​ဘယ်ဘက်ခြေထောက်က လုံးဝပြတ်သွားတယ်။ ဆေးကုသဖို့ ဆေးရုံ အရောက်မှာ ဆုံးသွားတာ။ အရင်က ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းနဲ့လည်း အရင်းနီးစပ်တာကြောင့် စစ်ကောင်စီတပ်သား မိုင်းထောင်ခဲ့ကြတာတွေ ရှိတယ်။” အခုမိုင်းနင်းမိပြီး သေဆုံးသူရဲ့ သာစည်ကျေးရွာဟာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ နဲ့ ကပ်လျက်ရှိနေတဲ့ ကျေးရွာဖြစ်ပြီး ၃ လအတွင်း မိုင်းနင်းမိပြီး သေဆုံးတာ ၂ ယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။

မိုင်းအန္တရာယ်က ရခိုင်ပြည်တွင်း ကြောက်စရာအကောင်းဆုံး အခြေအနေတခုကို ရောက်ရှိနေတဲ့အတွက် အာရက္ခ ပြည်သူအစိုးရအနေနဲ့ မိုင်းအန္တရာယ်အသိပေး ဆောင်ရွက်ချက်တွေ ပြုလုပ်ပေးသင့်တယ်လို့ တက်ကြွလူငယ်တယောက်က  ပြောပါတယ်။“လက်ရှိ စစ်မက်ကာလမှာ မိုင်းတွေက အများကြီး ကျန်ခဲ့နိုင်တယ်။ အရပ်သားတွေလည်း လစဥ် ထိခိုက်သေ ဆုံးနေတာတွေ့ရတယ်။ ပြည်သူတွေ မိုင်းအန္တရာယ်နည်းနိုင်အောင် အာရက္ခပြည်သူအစိုးရ အနေနဲ့ ဒီကာလမှာ မိုင်းတွေ မရှင်း လင်းနိုင်သေးရင်တောင် မိုင်းအန္တရာယ် အသိပေးတာတွေ ထိထိရောက်ရောက် လုပ်ပေးထားဖို့ လိုအပ်တယ်။” ရခိုင်ပြည်နယ်ရှိ မိုင်းထိလူနာအများစုဟာ စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ အများဆုံးဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ Read in Full

၂၇။ ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ
 August 26, 2024
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ် ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။“ရဟတ်ယာဉ်နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေ တာ။ အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ် လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံး ချက်ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ရေမဆေးကျောက်ရှာတဲ့ အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက် ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။“တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုး သမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊ အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့  ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။

ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း၊ မြို့ပြင်မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေ ကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက် တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင် ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ ဆယ်ဇင်း၊ တာမခံအပါ အဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ Read in Full

၂၈။ “၀”-တရုတ်နယ်စပ် မန်ခါးဂိတ်ကို တရုတ်ဘက်က ပိတ်ပြိး ကျန်ဂိတ်တွေ အဝင်အထွက်တင်းကြပ်
 August 26, 2024
ရှမ်းမြောက်၊ “၀”နဲ့တရုတ်နယ်စပ် နမ့်တစ်မြို့က မန်ခါး ဂိတ် ကို တရုတ်ဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ WNL က ဖော်ပြလာတာမှာအဲလို ဂိတ်ပိတ်တာကို သြဂုတ်လ ၂၆ ရက် မှာ နမ့်တစ်မြို့ တာဝန်ရှိသူ ၁ ဦးက အတည်ပြုပြောကြားတယ်လို့ ပါရှိပါတယ်။ မန်ခါးဂိတ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်က စတင်ကာ ကုန်ပစ္စည်းအဝင်အထွက် တင်းကြပ်လာတာဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက စတင်ပိတ်ခဲ့တာလို့ သိရပါတယ်။“ဂိတ်ပိတ်တော့ နမ့်တစ်၊ ဟိုပန်နဲ့ပန်လုံမြို့က လူထုတွေ အခက်တွေ့ကြတယ်၊ အခုစစ်နေတာကလဲ ကားပေါ်က ပစ္စည်းတွေ အကုန်တွန်းချ၊ စိစစ်၊ ပြီးမှပြန်တင်၊ တစ်ခေါက် တစ်ခေါက် ရက်ပိုင်းလောက်ကြာတယ်၊ အဓိက ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တွေကို ကူတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ဖြစ်တယ်လို့ပဲ ကျနော်ယူဆပါတယ်”လို့ “၀”ပြည်နယ်အစိုးရရဲ့ နိုင်ငံရေးဌာနတာဝန်ရှိသူ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာပြီး စစ်ခေါင်ဆောင်နဲ့တွေ့သွားပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ် ကိုးကန့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်၊ ၀ ဘက် ၊ မိုင်းလားဘက်၊ ကချင်ပြည်နယ် ဘက် နယ်စပ်ဂိတ်တွေကို ကုန် ပစ္စည်းတင်သွင်းမှုတွေ ရပ်ဆိုင်း လိုက်တယ်လို့ တရုတ်က ကြေညာတယ်လို့ သတင်းတွေထွက်ပေါ်လာတယ်လို့ သိရပါတယ်။ တရုတ်ဘက်က ပိတ်သွားတဲ့ မန်ခါးဂိတ်မှာ နမ့်တစ်စီးပွားရေး အထူးမြို့နယ်တွင်ရှိပြီး မိုင်းမောခရိုင်အနောက်ဘက် တရုတ်နယ် စပ်နဲ့ ကိုးကန့်ဒေသချင်းရွှေဟော်တို့ ဆက်စပ်နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။ “၀”ဒေသ အဓိကဘဏ္ဍာရေးမှာ ခဲမဖြူ ဖြစ်ပြီး နှစ်စဉ် တန်ချိန် ၁ သိန်းကျော်ထွက်ရှိကာ ပန်ဆန်း-မုန်းလင် နယ်စပ်ကုန်သွယ်ရေးပမာဏနှစ်စဉ် ဒေါ်လာသန်း ၁ ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။ Read in Full

၂၉။ လောင်းလုံး ပြင်းထိန်ရွာကို စစ်ကောင်စီတပ် ညဘက်ဝင်ပြီး ဖုန်းနှင့် ငွေ များယူဆောင်
 August 26, 2024
လောင်းလုံးမြို့နယ် ပြင်းထိန်ရွာကို စစ်ကောင်စီတပ်က မနေ့ ည  ၂ နာရီခန့်တွင် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ် ထွက် စစ်ဆေးကာ ဖုန်းနှင့် ငွေသားများ ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။ အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီ တပ်က ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ (မနေ့ည) တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် ဝင်ရောက်လာသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ညဖက်တစ်ခါမှ မဝင်ဖူးဘူး။ ဒီလို ဝင်မှန်းတောင်မသိဘူး။ အခု ဒီညထပ်လာမှပဲ ကြောက်နေရတယ်”ဟု ဒေသခံကပြောသည်။ စစ်ကောင်စီတပ်က ပြင်းထိန်ရွာကို ညဘက်ဝင်ရောက် စစ်ဆေးချိန် နေအိမ် ဆယ်လုံးကျော်ကို စစ်ဆေးပြီး ဖုန်း ၈ လုံး ခန့်ကို သိမ်းယူသွားသလို မွန့်တည့်ပိုင်း ဝင်စစ်သည့်အချိန်တွင်လည်း နေအိမ် ၈ ဆောင်ခန့်ကို စစ်ဆေးပြီး ဖုန်းနှင့်ငွေသားအချို့ကို ထပ်မံသိမ်းယူသွားသည်ဟု ဒေသခံကပြောသည်။

“အိမ်တစ်အိမ်က (ကျပ်)ငါးသိန်းပါတယ်၊ သူတို့ခေါ်လို့မနိုးတဲအိမ်တွေဆို ခဲနဲပေါက်တယ်၊ ရိုက်ဖွင့်တယ်၊ ပါသွားတဲ့ဖုန်း တွေကတော့ ညဖက်ဆိုတော့ အားသွင်းပြီးအိပ်ယာဘေးနား ချထားတဲ့ ဖုန်းတွေပါသွားတယ်။ ခုက အိမ်မွေးကြက် တောင် မကျန်ဘူးယူတာ”ဟု ၎င်းဒေသခံကပြောသည်။ ယင်းအပြင် လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးပြီး ပြန်လွတ်ပေးခဲ့သည် ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည်ယခင်က  ပြင်းထိန်ရွာသို့ နှစ်ကြိမ်ခန့် ဝင်ရောက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း ဒေသခံများကပြောသည်။ ထို့ကြောင့်ဒေသခံ များမှ စစ်ကောင်စီတပ် ညဖက်ထပ်ဝင်လာမည်ကို စိုးရိမ်နေရကြောင်း ပြောသည်။ ပြင်းထိန်ရွာသည် လောင်းလုံးမြို့အရှေ့ဘက်တွင်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။ Read in Full

၃၀။ လေညာရွာက အငြိမ်းစားစစ်မှုထမ်းဟောင်း ဇနီးမောင်နှံ KTLA စစ်ဆေးရေးဂိတ်မှာ အသတ်ခံရ
 August 26, 2024
ဘုတ်ပြင်းမြို့နယ်၊ လေညာရွာက အငြိမ်းစားစစ်မှုထမ်းဟောင်း ဇနီးမောင်နှံ လမ်းမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ လေညာရွာအနီးက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၀)မှာ အရာခံဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၀ ကျော်အရွယ် ဦးတင်သိန်းနဲ့ ဇနီးဖြစ်သူ အသက် ၅၀ ကျော် ဒေါ်ခင်သိန်းဌေးတို့ အခုလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက KTLA တပ်ဖွဲ့ဝင်တွေစစ်ဆေးနေတဲ့ ချောင်းမွန်ရွာဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဦးတင်သိန်း ဟာ တပ် က ထွက်ထားတာ ၁၅ နှစ်ခန့်ရှိပြီဖြစ်ပြီး လေညာရွာကနေဘုတ်ပြင်းမှာ ပင်စင်ငွေသွားထုတ်ပြီးအပြန် စစ်ဆေးရေးဂိတ်မှာ အဖမ်း ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့နေ့ ညနေ ၄ နာရီလောက်မှာပဲ စစ်ဆေးရေးဂိတ်အနီးဝန်းကျင်မှာအသတ် ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ KTLA ဘက်ကတော့ အခုကိစ္စဟာ ဟုတ်မှန်ကြောင်းနဲ့ အပြစ် ကျူးလွန်သူကိုစစ်ဆေးအရေးယူဖို့ဆောင် ရွက်နေတယ်လို့ပြောပါတယ်။“ရှေ့တန်းတပ်ခွဲမှာဖြစ်သွားတာပါရှေ့တန်းနှင့်အဆက် သွယ်မရတာကတစ်ကြောင်း မှား ယွင်းတဲ့သတင်းအချက်လက်ကြောင့် စစ်ဆေးရင်းလက်လွန်သွားခဲ့တယ်လို့ သတင်းပို့လာပါတယ်။” လို့ KTLA တပ်ရင်းမှူးက ပြောပါတယ်။

အငြိမ်းစားစစ်မှုထမ်းဟောင်း ဇနီးမောင်နှံအသတ်ခံရပြီး နှစ်ရက်အကြာမှာ ခမရ (၅၆၀) ကနေ KTLA တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်နက် ကြီးကျည်တွေ ဟာ ရွာရဲ့သင်္ချိုင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား၊ နေအိမ် ထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်းမှာရှိတဲ့ KTLA စစ်ဆေးရေးဂိတ် နဲ့ KNLA စစ်ဆေးရေးဂိတ်တို့မှာ အခုလအတွင်း အသတ်ခံရသူ ငါးဦးရှိနေပြီ ဖြစ်ပါတယ်။ Read in Full

၃၁။ မဏိပူရ်အကျဉ်းထောင်က မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်
 August 26, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားများသည် ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းကစ၍ အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်စတင်ခဲ့ကြသည်ဟုသိရသည်။ အင်ဖားထောင်ထဲက မြန်မာအကျဉ်း သားများ သည် ယနေ့မနက်ပိုင်းကစ၍ ထောင်မှကျွေးသော အစားအသောက်များ လက်မခံကြတော့ဘဲ ထောင်မှအမြန်ဆုံးပြန်လွှတ်ပေး ရန် အစာငတ်ခံဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအကျဉ်း သားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။“သူတို့ရဲ့အခြေ အနေက ဘာတစ်ခုမှ တိတိကျကျ သေသေချာချာမရှိဘူး၊ မဏိပူရ်အစိုးရကလည်း ဟိုလိုလိုဒီလိုလိုလုပ်နေတယ် သူတို့တောင်းဆို မှုကိုလည်း ဘာမှလိုက်လျောပေးတာမရှိတော့ ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ အစာငတ်ခံဆန္ဒပြမှုကို ပြန်စတာ ဖြစ်ပါတယ်” ဟုမြန်မာအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

မြန်မာအကျဉ်းသားများသည် ယခုနှစ်ဇွန်လ ၁၆ ရက်နေ့ကလည်း ပထမအကြိမ်အစာငတ်ခံဆန္ဒပြခဲ့ကြပြီး မဏိပူရ် ထောင်အာဏာပိုင်များက ၎င်းတို့တောင်းဆိုချက်များကို အထက်သို့တင်ပြပေးမည်ဟုဆိုကာ ဇူလိုင်လ ၃ ရက်နေ့မှာ ရပ်နားခဲ့ကြ သည်။ သို့သော်လည်း အကျဉ်းသားများ၏ တောင်းဆိုချက်များဖြစ်သော စစ်ကောင်စီလက်ထဲပြန်မအပ်ရေးနှင့် အကျဉ်းထောင်မှ ပြန်လွတ်ပေးရန်တောင်းဆိုချက်များသည် ယနေ့ချိန်ထိ ထူးခြားမှုရှိမလာသည့်အတွက် ယခုကဲ့သို့ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ အစာငတ်ဆန္ဒပြ တောင်းဆိုမူတွင် မြန်မာအကျဉ်းသား ၅၀ ကျော်ပါဝင်ပြီး ထောင်ထဲကနေ ကြွေးကြော်သံများ လည်း ဟစ်အော်ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် မြန်မာနိုင်ငံသား ၁၅၉ ဦးသည် ယနေ့ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။ Read in Full

၃၂။ တောင်ငူမြို့လေတပ်စခန်းဌာနချုပ်ကို “Rain of Fire” စစ်ဆင်ရေးဖြင့် တိုက်ခိုက်
 August 27, 2024
ပဲခူးတိုင်း အရှေ့ခြမ်းက တောင်ငူမြို့ လေတပ်စခန်းဌာနချုပ်ကို “Rain of Fire” လို့ အမည်ပေးထားတဲ့  စစ်ဆင်ရေး ဖြင့်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တွေက  ဩဂုတ် ၂၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်‌ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ Rain of Fire စစ်ဆင်ရေး လှုပ်ရှားမှုအဖြစ် စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ဌာနချုပ်ကို 114mm ရှော့တိုက်ဒုန်း ၊ ကာမီကာဇေ အသေခံဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ညနေ ၃နာရီခွဲမှာ Rain Of Fire စစ်ဆင်ရေးအဖြစ် ကာမီကာဇေဒရုန်းများနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်။ ပစ်မှတ်ကို ထိရောက်ခဲ့ပြီး အထိ အခိုက်အပျက်အစီး အတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းအရ ကာမီကာ​ဇေအ​သေခံဒရုန်းအနည်း ဆုံး ၆ စင်း လွှတ် တိုက်ခိုက်ခဲ့တာကိုတွေ့ပါတယ်။ အဲဒီလို ပစ်ခတ်မှုဒဏ်ကြောင့် လေတပ်စခန်းဌာနချုပ် ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ ဝင် ၅ ဦးထက် မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရမှုများလည်း ရှိတယ်လို့ သိရပါတယ်။ Connect Burma အနေနဲ့ အပျက်အစီးများ နှင့်သေ ဆုံးမှုများကို ထပ်မံအတည်ပြုဆဲဖြစ်ပါတယ်။ “Rain of Fire” စစ်ဆင် ရေးကို တောင်ပိုင်းစစ်ဒေသ JOC ရဲ့ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲကွပ်ကဲမှုဖြင့်  စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ ၂ KNLA တပ် ရင်း(၅)၊ တပ်မဟာ (၂) အထူးတပ် ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် တောင်ငူခရိုင် အမှတ် (၂) တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ Read in Full

၃၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေး
 August 27, 2024
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတည်ပြုနိုင်မယ့် အချက်တွေကို အာဏာသိမ်းစစ်တပ်အပြင် ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့  NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားအဖွဲ့တွေ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန် ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို သီးသန့်စီခွဲပြီး ဆွေးနွေးခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ အားလုံးပါတဲ့ သုံးပွင့်ဆိုင်ဆွေနွေးပွဲကို နေပြည်တော်မှာ ဩဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာတဲ့ လွှတ်တော်က နေ  ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး သဘောတူထားတဲ့အချက်တွေကို အတည်ပြုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာ လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက သူတို့တွေ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊နိုင်ငံရေး အကျပ်အတည်းတွေကို နိုင်ငံရေးပါတီတွေနဲ့ ပြော ဆိုဆွေးနွေးကြဖို့ အရင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် တာဝန်ယူချိန်ကတည်းက တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုချက်မရဘဲ အခု NSPNC ဥက္ကဋ္ဌသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် လက်ထက်မှ ဆွေးနွေးခွင့်ရခဲ့တာလို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။ နေပြည်တော်မှာဆွေးနွေးခဲ့ကြတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့သဘောတူထားတဲ့အချက်တွေဟာ အရေးကြီးတဲ့ပြင်ဆင်ချက်တွေမပါပေမဲ့ စစ်ဘောင်ကို ချုံ့ပြီး နိုင်ငံရေးဘောင်ကို ဘယ်လို ကျယ်အောင် လုပ်ကြမလဲဆိုတာကိုတော့ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ  စစ်တပ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားပြီလို့ ပြောဆိုခဲ့ပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲဖို့ ပြင်ဆင်နေကြ ပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button