အတွေးအမြင်

ဘက်ပြောင်းခြင်း

ဘက်ပြောင်းခြင်း

ဘက်ပြောင်းခြင်း

ဝင်းမျိုးသူ

ကမ္ဘာ့အာဏာရှင်တစ်ရာကျော်ကို လေ့လာပြီးရေးထားတဲ့ Barbara Geddes ရဲ့ How Dictatorship Works ဆိုတဲ့စာအုပ်ထဲမှာ အာဏာရှင်တွေရဲ့ အာဏာကို ခြိမ်းခြောက်စေတဲ့ အရာဟာ လူထုတော်လှန်ရေးထက် အာဏာရှင်စက်ဝန်း ထဲကပဲ သူ့ကိုပြန်ပြီးတော်လှန်ပုံကန်ဖယ်ရှားတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလို အာဏာရှင် ဘက်တော်သား တွေကပဲ ဘက်ပြောင်းပြီး အာဏာရှင်ကို ပြန်ဖယ်ရှားဘို့ကြိုးစားရတဲ့ အကြောင်းရင်းကလည်း ကိုယ်ကျိုးစီးပွါးက အဓိက ပါပဲလို့ဆိုပြန်တယ်။

အာဏာရှင်နဲ့အတူနေရလို့ ရတဲ့အကျိုးစီးပွါးထက် အာဏာရှင်ကို ဆန့်ကျင်တဲ့ဘက်ကို ပြောင်းလိုက်လို့ရမဲ့ အကျိုးစီးပွါးကများတယ်ဆိုရင် ဘက်ပြောင်းကြတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။ ဝါဒစနစ်ကို လက်မခံနိုင်တော့လို့၊ တိုင်းပြည်နစ်နာပြီး မတိုးတက်လို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးကို ပြန်လည်အဖတ်ဆယ်ဘို့ အစရှိတဲ့ အကြောင်းပြချက်က အပေါ်ယံပါပဲ ငါဘယ်ဖက်နေရင် သာမလဲဆိုတဲ့ အချက်ကပဲ ဘက်ပြောင်းခြင်း မပြောင်းခြင်းကို ဖြစ်စေတာပါ။

ဒီတော့ အာဏာရှင်ကိုတော်လှန်နေတဲ့အစုအဖွဲ့က အာဏာရှင်အတွင်းစည်းထဲက အဓိက ကျတဲ့သူတွေ ဘက်ပြောင်းခိုလှုံစေချင်ရင် ပိုသာတဲ့ အခွင့်အရေးကို ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာကို စဉ်းစားဘို့လိုပါတယ်။

လက်ရှိစကစ အတွင်းလူတွေ ဘက်ပြောင်းဆန့်ကျင်ပြီး ထိပ်ပိုင်းတွေ ကို ဖယ်ရှားတဲ့အခင်းအကျင်း Defection ပေါ်လာနိုင်ခြေရှိတယ်လို့ ဝါရှင်တန်အခြေစိုက် အထင်ကရ Think Tank အဖွဲ့တခုဖြစ်တဲ့ Stimson Center က အကြီးအကဲတယောက်က အစည်းအဝေးတခုမှာတွေ့စဉ် အဲ့လိုပြောလာတဲ့အခါ အတော်လေး အံအားသင့်သွား မိပါတယ်။ ဘယ်အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ဒီကောက်ချက်ကိုစွဲလဲပေါ့။ ဘယ်လောက်မှန်နိုင် သလဲကို ကိုယ့်ဘာသာ ပြန်တွေးကြည့်မိပါတယ်။

လက်ရှိ စကစ ထိပ်ပိုင်း တိုင်းမှူ တပ်မမှူး တွေအကြားမှာ အပြောင်းအလဲတွေခဏခဏ လုပ်နေတာကို တွေ့နေရသလို ဒီထိပ်ပိုင်းရာထူးကို ပြောင်းလဲခန့်အပ်ခံရသူတွေကလည်း အသက်အရွယ်အားဖြင့် ၄၅ နှစ်ပတ်လည်တွေ ဖြစ်တာသတိထားမိတယ်။

သူတို့တွေဟာ ၈၈ အရေးအခင်းမှာ ကိုးနှစ်ဆယ်နှစ်သား သာသာ ရှိပါဦးမယ်၊ သူတို့တွေ ဆယ်တန်းအောင်လို့ ဒါမှမဟုတ်ဘွဲ့ရပြီးလို့ စစ်တက္ကသိုလ်တွေဆက်တက်ကြမဲ့ အရွယ်ရောက်တဲ့အခါ ဘယ်လိုစဉ်းစားပြီး တပ်ထဲ ဝင်တာလဲကို တွေးကြည့်မိတယ်။ ကျွန်တော်တို့ငယ်စဉ်အခါ ၁၉၇၀ ပတ်လည်လောက်မှာ ကျွန်တော့် အကိုနဲ့ သူငယ်ချင်းတွေ DSA ဖြေဘို့ ကြိုးစားနေစဉ်ကာလကို သွားသတိရမိတယ်။

တကယ့်ကိုပဲ အဲ့တုံးက တိုင်းပြည်ကိုချစ်လို့ စစ်သားဆိုတဲ့ professional life ကို ကြိုက်လို့ ဝင်ဘို့အသဲအသန် ကြိုးစားကြတာ မှတ်မိနေတယ်။ အဲ့တုံးက တော်လှန်ရေးနေ့ ရန်ကုန်မြို့ မိုင်ဒါကွင်းက နေ စစ်ရေးပြချီတက်တဲ့ တပ်မတော်သားတွေကို တကယ့်ကို သောင်းသောင်းဖျ ကြိုဆိုဘို့ နေရာလုပြီး အသဲအသန် ပန်းဆက်ကြတဲ့ အမတွေ၊ အဒေါ်တွေ ကို သွားသတိရမိတယ်။

ဒီတော့ လက်ရှိတိုင်းမှူး တပ်မှူးတွေ စစ်တက္ကသိုလ်တက်စဉ် ၂၀၀၀ ခုနှစ်ပတ်လည်တွေမှာ အခြေအနေတွေကအတူတူပဲလား၊ စစ်ထဲဝင်တဲ့သူတွေအများစုမှာ ရာထူးရာခံရလိုတာလဲ ပါသလို တိုင်းပြည်ချစ်စိတ်၊ စစ်သားဆိုတဲ့ professionalism ကို မြတ်နိုးလိုစိတ်တို့ဟာ ဆတူအချိုးညီနေတုံးပဲလား၊ ဒါမှမဟုတ် ရာထူးရာခံ ရရုံသာမက နေရာကောင်းဂွင်ကောင်းကောင်းမှာ အခွင့်အရေး ရလိုမှုတွေက ပိုကဲနေပြီးလား အစရှိသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ နှိုင်းယှဉ်စဉ်းစားစရာ ဖြစ်လာပါတယ်။

ထို့အတူ ၂၀၀၀ ခုနှစ်လွန် တပ်မတော်အတွင်း စီမံခန့်ခွဲမှုတွေဟာ ဟိုးယခင်ကာလကလို စည်းစနစ်ကျန ကောင်းမွန်သေးရဲ့လား စစ်တက္ကသိုလ်ပြီးလို့ စစ်သားဘဝ ဖြတ်သန်းရမဲ့ လုပ်ငန်းခွင်ဘဝမှာ ဒီတပ်မှူး တိုင်းမှူးတွေဟာ ဘယ်လို့ ဆက်လက်ပြီး သူတို့ရဲ့ career ကို ဖြတ်သန်းပြုစုပျိုးထောင်ခွင့်ရခဲ့သလည်းကိုပါ ဆက်စဉ်းစားမိတယ်။

ကြိမ်းသေတာတခုကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲကြီးတွေ မရှိသလောက်နည်းသွားပြီဖြစ်လို့ စစ်ရေးအတွေ့အကြုံနဲ့ စီမံခန့်ခွဲမှု စစ်သားဆိုတဲ့ စိတ်ဓာတ်ရေးရာ ကြံခိုင်မှုတို့ကို ဟိုတုန်းက စစ်သားတွေလို မှတ်ကျောက်တင်ခွင့်မရခဲ့တာတော့ အသေအချာပါပဲ။

နေ့စဉ်ဓူဝ ကြုံတွေ့နေရတဲ့ စစ်သား၊စစ်ဗိုလ်တွေရဲ့ စိတ်နေစိတ်ထား ပြုမူပုံတွေကို ကြည့်ပြီး လက်ရှိ စစ်သားတွေက ဘယ်လိုဆိုတာ လူထုက မြင်တဲ့အမြင်က အားလုံးသိပြီးသားမို့ အထူးအထွေရေးမနေတော့ပါဘူး။

ဒီလိုအခြေအနေမှာ ဘက်ပြောင်းမပြောင်းစဉ်းစားတဲ့အခါ စစ်သားစိတ်ဓာတ်ရှိလို့ တိုင်းပြည်ချစ်လို့ အစရှိတဲ့ ခံယူချက်တွေထက် ကိုယ်ကျိုးစီးပွါးသာမသာ ကိုစဉ်းစားတာကသာ အခယာဖြစ်မယ်ဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။

၁၉၅၀ ခုနှစ်ပတ်လည်က ခံယူချက်ကြောင့် တပ်ရင်းအလိုက် ဘက်ပြောင်းခိုလှုံခဲ့တဲ့ဖြစ်စဉ်တွေတွေ့ရပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ မှာတော့ နောက်ဆုံးဘေးကြပ်နံကြပ်အခြေအနေကြတော့မှ ဘက်ပြောင်းခိုလှုံတာ တွေ့ရ ပါတယ်။

ဒီတော့ သာယာစီး တွေအတွက် မက်လောက်တဲ့ အကျိုးစီးပွါးအခွင့်လန်း ပေး နိုင်မနိုင်နဲ့ ဘေးကြပ်နံကြပ် အခြေအနေဖန်တီးနိုင်မှု ဒီနှစ်ခုနဲ့သာ ဘက်ပြောင်း ခိုလှုံမှု များလာမှာပါ။ ဒီနှစ်ခု မဖန်တီးနိုင်ရင် ဘက်ပြောင်း တယ်ဆိုတာ ရသေ့စိတ်ဖြေ ဝါဒဖြန့်ရုံသက်သက်ပဲရှိမှာပါ။

နောက်တခု သတိပြုစရာရှိတာက ဦးနေဝင်းလက်ထက် အုန်းကျော်မြင့်တို့ ဖြစ်ရပ်ပါ။ အုန်းကျော်မြင့်ဟာ သူတဦးတည်း ဆုံးဖြတ်လုပ်ကိုင်မှု အရဆိုရင် ဦးနေဝင်းကို လုပ်ကြံတာ အောင်မြင်ကောင်းအောင်မြင်မှာပါ။ သူက ကျန်သူတွေနဲ့တိုင်ပင် အုပ်စုဖွဲ့ပြီး အစီအစဉ်လုပ်တဲ့အခါ ပေါက်ကြားသွားပြီးအရေးယူခံရတာပါ။

လက်ရှိမှာ တပ်ကို အဓိက ကိုင်ထားရတဲ့ တိုင်းမှူး တပ်မမှူးရာထူးတွေဖုတ်ပူမီးတိုက် နင်ဆင်းငါတက် အပြောင်းအလဲတွေများနေတာပါ။

ဒါကြောင့် အသစ်ခန့်အပ်ခံရလို့ ပူပူနွေးနွေး ရာထူးရလာတဲ့ အရာရှိတွေဟာ သူ့တပ်ကိုတောင် ကောင်းစွာ ဩဇာ အာဏာမတည်ဆောက်နိုင်သေးတော့ မကျေနပ်ချက်တခုခုကြောင့် အထက်ကို ပြန်ပုန်ကန်ဘို့ရာ သူ့မှာ နောက်လိုက်အင်အားမစုဆောင်းနိုင်လောက်သေးပါဘူး၊ စုဆောင်းနိုင်တောင်မှ သူ့တတပ်တည်းနဲ့မပြီးလို့ ကြံရာတူ အခြားမိတ်ဆွေသူငယ်ချင်းတပ်တွေကို စုရဦးမှာဖြစ်ပါတယ်။

မအလ ကိုယ်တိုင်က သူ ကာချုပ်ဖြစ်လာတဲ့အခါ ဩဇာအာဏာတည်ဆောက်ယူတာ လေးငါးနှစ်မကကြာပါတယ်။ ပူပူနွေးနွေး ရာထူးရလာသူ ထိပ်ပိုင်း လူငယ်ဗိုလ်ချုပ်တွေဟာ အဲ့လို လုပ်ဘို့ကို အခွင့်အရေးရမှာကိုမဟုတ်ပါ။ ဒီနေရာမှာ အငြိမ်းစားသွားပြီဖြစ်တဲ့ သူတို့ရဲ့ ဆရာဟောင်းတွေရဲ့ပယောဂ နဲ့ ကြံစည်လုပ်လေမလား တွေးစရာရှိပါတယ်။

အငြိမ်းစားတပ်မတော်အရာရှိကြီးတွေဟာလည်း လက်ရှိဖြစ်နေတာကို ကြိုက်တာမကြိုက်တာအသာထား စုဆောင်းရရှိထားတဲ့စည်းစိမ်ဥစ္စာ နဲ့ပဲ ဘေးထိုင်ဘုပြော အနေအထားနဲ့ပဲနေဘို့များပါတယ်။ ကာချုပ် မဖြစ်လိုက်ရလို့ မကျေမချမ်းဖြစ်နေတဲ့ ဦးမြင့်လှိုင်လိုလူကသာ ဟိုလိုလုပ်မယ် ဒီလိုလုပ်မယ် စိတ်ရှိမှာဖြစ်ပြီး သူလည်း ခုအခါ ဆွဲစိတာခံလိုက်ရလို့ တိုင်းပြည်ကြီးအတွက် တပ်မတော်သမိုင်းအတွက်ဆိုပြီး ရှေ့ထွက်ကြံစည်မဲ့ အငြိမ်းစားတွေရှိမယ်လို့လည်း မထင်မိပါဘူး။ သူတို့ကလည်း တပ်အတွင်းပိုင်းကမပါပဲ လုပ်လို့မရတော့ မုန့်လုံးစက္ကူကပ်ပါ။

(တရုတ်ကတော့ အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ဩဇာနဲ့အားကို အသုံးပြုပြီး လက်ရှိကာချုပ်ကို ဖယ်ရှားလို့ ရမလားဆိုပြီး ဗြောင်ကျကျ ကို နှပ်ကြောင်းပေးပြီးလုပ်ဆောင်နေပါတယ်။ မင်းတို့ တပ်ကို ပြန်ဦးဆောင်ရင် ငါတို့ အသိအမှတ်ပြုမယ်၊ ထောက်ခံမယ်။ ကူညီမယ်ဆိုတဲ့ message တွေပေးပြီး တပ်တွင်းခေါင်းဆောင်ပိုင်း ပြောင်းလဲမှု ငြင်ငြင်သာသာ လိုလိုချင်ချင်ပဲဖြစ်ဖြစ် အတင်းအကြပ်ဖယ်ရှားတာမျိုးပဲဖြစ်ဖြစ် သူတို့အလိုကျ ဖြစ်အောင် ခုရက်ပိုင်းတွေမှာ ပိုလုပ်လာတာကိုတွေ့ရပါတယ်။ )

ဒါကြောင့် တပ်မတော်အောက်ပိုင်း နှင့်အလယ်အလတ်ပိုင်းတချို့သာ လက်ရှိဖြစ်နေတာတွေအပေါ်မကျေနပ်လို့ ခံယူချက်နဲ့ ဘက်ပြောင်းခိုလှုံတာတွေရှိမှာဖြစ်ပြီး တပ်လက်ကိုင်ထားတဲ့ ရာထူးကြီးစစ်ဗိုလ်ချုပ်တွေ ဘက်ပြောင်း အတွင်းစည်းက ပြန်ကန်တာမျိုးက ဘေးကြပ်နံကြပ်အခြေအနေမျိုးကလွဲလို ပုံမှန် အခြေအနေမှာဖြစ်နိုင်ချေဟာ အလွန်တရာနည်းပါလိမ့်မယ်။

ရေနွေးပူထဲကဖား ဥပမာလိုပဲ ရေနွေးပူထဲကို ဖားတကောင်ပစ်ထည့်ရင် ချက်ခြင်းရုန်းထွက်မှာဖြစ်ပေမဲ့ တဖြေးဖြေးမသိမသာနွေးလာနေတဲ့ရေပုံးထဲကဖားက ယဉ်ပါးနေသလိုဖြစ်ပြီးရုန်းထွက်ဘို့မကြိုးစား၊ နောက်ဆုံး မခံမရပ်နိုင်လောက်အောင်ပူလာတဲ့အခါ ရုန်းထွက်ဖို့အားအင်လဲမရှိ စိတ်လဲမရှိတော့ ရေပူထဲပဲ အသေခံသွားတတ် ကြပါတယ်။ဒါက တပ်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့နီးစပ်တယ်လို့ထင်ပါတယ်။ ထိပ်ပိုင်းဗိုလ်ချုပ်တွေ အနေနဲ့လည်း အသတ်ခံရမှာနဲ့သေဒဏ်ကြားမှာလွန်ဆွဲနေတာပါ။ ပြန်မတိုက်ရင် စကစ ကသေဒဏ်ပေးတာ ခံရမယ်၊ မခံချင်စိတ်နဲ့ သေဒဏ်ပေးခံရမှာစိုးလို့ ဆက်တိုက်နေတဲ့အခါ အခြေအနေမကောင်းရင် တိုက်ပွဲမှာ အသတ်ခံရမယ်။ ဒါကြောင့်လက်ငင်းကိစ္စလက်ငင်းရှင်း ကျန်တာတွေ နောင်ခါလာနောင်ခါစျေးမူနဲ့ ပဲ တတ်နိုင်သလောက်ခံတိုက်မယ်၊ ဘယ်လိုမှ မဖြစ်နိုင်တော့မှ အညံခံလိုက်မယ်။

လောလောလတ်လတ်မသေရင်ပြီးပြီဆိုတဲ့ သဘောပဲ ရှိပုံရပါတယ်။ တချိန် စကစ ကျဆုံးသွားလို့ ဒီမိုဘက်တော်သားတွေပေးတဲ့ အပြစ်က စကစ ပေးတဲ့အပြစ်လောက်ဆိုးမှာမဟုတ်လို့ တွက်ထားပုံ ရပါတယ်။ ရနိုင်သလောက်တော့ ရေနွေးပူထဲကဖားလိုပဲ ရေပူထဲဆက်နေကြဦးမှာပါ။ ကိုယ်ကျိုးစီးပွါးရှုဒေါင့်ကကြည့်ရင် စကစ နဲ့ တွဲလို့ ရမဲ့ စီးပွါးရေးအကျိုးအမြတ်က ဒီမိုတွေပြောတဲ့ ဂုဏ်သိက္ခာထက် ပိုချိုနေတယ်မဟုတ်ပါလား။

သို့သော်လည်း အထက်က ဖိအားပေးတာက မတန်တဆဖြစ်လာလို့ မခံနိုင်ပဲ ရုတ်တရက်ပေါက်ကွဲပြီး တဦးတည်းသဘောနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အထက်ကို လက်တုန့်ပြန်တာမျိုးကတော့ ရှိကောင်းရှိနိုင်ပါတယ်။ စနစ်တကျကြိုတင်စီစဉ်ပြီးအတွင်းပုန်ကန်တာမျိုးက မရှိနိုင်ဘူးလို့ထင်မိပါတယ်။

ဒါကြောင့် ဒီဖက်ရှင်း ဆိုပြီး အော်နေတာတွေကလည်း တခါတလေမှာ misleading ဖြစ်နေသလားလို့ တွေးမိတယ်။ နိုင်လောက်မှ ပြောင်းလာမဲ့ သာယာစီးတွေကို မျှော်နေစရာအကြောင်းမရှိပါ။ ကိုယ့်လမ်းကိုယ်ဖောက်ဘို့ရာသာ အဓိကပါ။

ဝင်းမျိုးသူ

Related Articles

Back to top button