တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 57, July 16, 2024)

၁။ မိုးမောက်မြို့ဘက် စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲထပ်မံ ဖြစ်ပွား
 July 16, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ ကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီ တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း ‌KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။  “ဗန်းမော်ဘက်ကနေ မိုးမောက်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို KIA တပ်မဟာ ၃ ပူးပေါင်းတပ်ဖွဲ့တွေ ကြား ဖြတ်တိုက်ခိုက်တာ။ ဒီမနက်မှာ တိုက်ပြင်းထန်လာတယ်။” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်  ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်ကနေ မိုးမောက်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို KIA တပ်မဟာ ၃ နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီမနက်ပိုင်းက ၇ မိုင်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲ ပြင်းထန်လာတာလို့ ဆိုပါတယ်။  “မနေ့ည ဇူလိုင်လ ၁၅ ရက် ‌ည ၉ နာရီ ကျော်လောက်မှာ စစ်ကောင်စီက မိုးမောက်ဘက်  လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ထည့် နေတာ။ ဧရာဝတီ မြစ်ကမ်းနားဘက်က စစ်ကောင်စီတွေ ၁၂၀ မမ ပစ်နေတာလို့ သိရတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲဒီ တိုက်ပွဲဖြစ်ပွားရာ ဗန်းမော်နဲ့ မိုးမောက်ကြား ၇ မိုင်ဘက်ကို စစ်ကောင်စီဘက်က လူအင်အားတွေ အပြင် သံချပ်ကာ ကားတွေပါ အင်အားထပ်ဖြည့်ကာ ထိုးစစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ ဗန်းမော် အခြေစိုက် စစ်ကောင်စီ ခလရ – ၄၇ တပ် ကနေလည်း မံစီဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က လည်း ဗန်းမော် – မံစီလမ်းက ကောင်ဂျာယန်အနီး စစ်‌ကောင်စီရဲ့ သံချပ်ကာကား ၁ စီး၊ မေလ ၁၀ ရက်‌‌နေ့က ဗန်းမော် – မိုးမောက်လမ်း၊ ၅ မိုင်မှာ စစ်ကောင်စီရဲ့ သံချပ်ကာကား ၁ စီး ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ Read ni full

၂။ ဆေးဝါး မလုံလောက်မှုကြောင့် မတူပီစစ်ဘေးရှောင် တစ်ဦး ကွယ်လွန်
 July 15, 2024
မတူပီမြို့နယ်တွင် စစ်ဘေးရှောင်နေတဲ့ ပြည်သူ တစ်ဦးဆေးဝါးမလုံလောက်မှာကြောင့် ကွယ်လွန်သွားတယ်လို့သိရပါ တယ်။ မတူပီမြို့စစ်ဆင်ရေးပြင်ဆင်နေချိန်တွင် ပြည်သူများ တစ်မြို့လုံးစစ်ဘေးရှောင်နေကြပြီး နီးစပ်ရာကျေးရွာတွေနဲ့ မီဇိုရမ် ဘက်ကိုစစ်ဘေးရှောင်နေကြပြီး စားဝတ်နေရေး၊ ကျန်းမာရေးကအစ အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ မတူပီမြို့ လောင်ဗန်းရပ်ကွက်မှစစ်ဘေးရှောင်သူ ဦး ပါဆန်း ( U Pa Sang)ဟာ လေဆင်းရွာကိုစစ်ဘေးရှောင်လာပြီး နာမကျန်း ဖြစ်ကာ နီးစပ်ရာ ကျေးရွာတွင် ဆေးကုသခံယူထားသော်လည်း ဆေးဝါး ရှားပါးမှုနဲ့ ဆရာဝန်အင်အားမရှိတာကြောင့် ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၇ နာရီတွင် ကျောက်ကပ်နဲ့ အစာအိမ်ရောဂါ ၂ မျိုးစလုံးဖြင့်သေဆုံးနေတယ်လို့သိရပါတယ်။

” မတူပီကနေ သူ့ ယောက်ဖ ရွာဖြစ်တဲ့လေဆင်းရွာစစ်ရှောင်နေတာပေါ့နော်။ လေဆင်းဘက်မှာ တဖန်တိုက်ပွဲတွေရှိနေ တော့ မကျန်းမာတဲ့ကြားက လေဆင်းရွာကနေ နီးစပ်ရာဆေးခန်းရှိရာကို ထပ်ပြီးတော့စစ်ရှောင်တယ်။ ပြည်မ နဲ့မီဇိုရမ် သွားဖို့ လည်း လမ်းတွေပိတ်ထားတယ်။ မိုးရာသီလည်းဖြစ်တော့ ကားလည်းမသွားနိုင်ဘူး။ ဆေးဝါးကလည်း အရေးကြီးပိုင်းတွေက မရှိ တာကြောင့်အသက်ပါတဲ့အထိ ဖြစ်သွားတာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူ ဦးပါဆန်းမှာ ဇနီး ဒေါ်ရွှေဗန်း နဲ့ သားသမီး ၅ ဦး ကျန်ရစ်နေတယ်လို့သိရပါတယ်။ Read ni full

၃။ မောင်တောတိုက်ပွဲမှာ နှစ်ပတ်တွင်း အရပ်သားခုနစ်ဦး သေဆုံး
 July 16, 2024
 ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က တိုက်ပွဲတွေအတွင်း လူနေရပ်ရွာတွေ မီးရှို့ခံရသလို ဇူလိုင်လ ၁ ရက် ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်းမှာ အရပ်သားခုနစ်ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မောင်တောမြို့မြောက်ဘက်က အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ အောင်ဗလရွာနဲ့ အဲဒီရွာနဲ့ကပ်လျက်က ဟိန္ဒူရွာဟောင်းနေရာတို့ကို စစ်ကောင်စီတပ်နဲ့ သူတို့သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ကတစ်ကြိမ်၊ ဇူလိုင် ၁၄ ရက်နေ့ကတစ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး အောင်ဗလရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသာ ကျန်တော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ အောင်ဗလရွာအားလုံး မီးလောင်သွားပြီ ဘာမှမကျန်ဘူး။ ဘုန်းကြီးကျောင်းတစ်ခုကျန်တယ်။ သုံးလေးရက်ရှိပြီ။ သူတို့ မီးရှို့နေတာ။ အဲဒီဘုန်းကြီးကျောင်းမှာလည်း သူတို့ (စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့) နေပါတယ်” တိုက်ပွဲတွေအတွင်း အောင်ဗလရွာအနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ လက်နက်ကြီး ကျည် တွေ ကျရောက်ပေါက်ကွဲလို့ ဒုက္ခသည် လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတချို့ ဒီရက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေပါတယ်။ Read ni full

၄။ KNU တပ်မဟာ(၄)တပ်ဖွဲ့ဝင်များကို ဗိုလ်ကော်လာဖိုး ဦးဆောင်သည့်အဖွဲ့က ထပ်မံခြုံခိုတိုက်ခိုက်
 July 15, 2024
 ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) အရာရှိများ လိုက်ပါလာသည့် ယာဉ်ကို ဗိုလ်ကော်လာဖိုး(ခ) ဗိုလ်အယ်ကွီးလ် ဦးဆောင်သည့် ကော်သူးလေတပ်(KTLA)က တိုက်ခိုက်ခဲ့၍ တပ်ဖွဲ့ဝင်အချို့ထိခိုက်မှုရှိခဲ့သည်ဟု KNU ဘိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဇူလိုင် ၁၃ ရက်က KNU တပ်မဟာ(၄)မှ ဗိုလ်မှူး အဆင့်အရာရှိ အချို့လိုက်ပါလာသည့် ယာဉ်ကို ဗိုလ်ကော်လာဖိုးအဖွဲ့က  ထားဝယ် – ထီးခိးလမ်းပိုင်း၌ စောင့်ကြိုပစ်ခတ်ခဲ့ရာ KNLA ဘက်က ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ကော်လာဖိုးအဖွဲ့က KNU တစ်ခုတည်းအနှောက်အယှက်ဖြစ်တာ မကဘူး။ စစ်အာဏာရှင်တော်လှန်ရေးတစ်ခုလုံး အနှောက်အယှက်ဖြစ်နေတယ်။ ရန်သူ အင်အားနည်းတဲ့အချိန် မှာ သူတို့ကရန်သူအတွက် အကူအညီ ပြန်ဖြစ်နေတယ်။KNLA တပ်ဖွဲ့ ရန်သူနဲ့တိုက်နေတဲ့အချိန် သူတို့ အခွင့်အရေးယူတာ။ မိမိတို့ နယ်မြေဝင်လာပြီး မိမိတို့ အဖွဲ့ကိုခြုံ ခိုတိုက်ခိုက်နေတယ်”ဟု KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ KTLA တည်ထောင်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ က တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KIC သတင်းဌာသို့ဖြေကြားထားရာ တိုက်ပွဲဖြစ်ရာ လမ်းပိုင်းကို မလာရန် KTLA ဘက်က ပြောကြားခဲ့သော်လည်း နားမထောင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခင်ကလည်း ဗိုလ်ကော်လာဖိုးတပ်ဖွဲ့ က KNU တပ်ဖွဲ့အား ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်စဉ်များအတွင်း တပ်မဟာ(၄)မှ အရာရှိ အချို့နှင့် ရဲဘော်အချို့ ကျဆုံးမှုရှိခဲ့သည်။ တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။ ဗိုလ်ကော်လာဖိုးအနေဖြင့် KNU အဖွဲ့အစည်းကို နောက်ယှက်နေခြင်းသာဖြစ်ကြောင်း၊ စစ်ကောင်စီကို တိုက်ခိုက်သည်ဟု ပြော ဆို နေသော်လည်း လက်တွေတွင်တိုက်ခိုက်မှု လုပ်သည်ကို မတွေ့ရဟု ပဒိုစောအယ်နားက ပြောပြသည်။ ဗိုလ်ကော်လာဖိုးသည် ယခင်က KNU တပ်မဟာ(၄)မှ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သော်လည်း စစ်တပ်အာဏာမသိမ်းမီက စစ်တပ်ထံ နှစ်ကြိမ် လက်နက်ချခဲ့ သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တဖန်ပြန်လည် ပေါ် ပေါက်လာခြင်းဖြစ်ကြောင်း တပ်မဟာ(၄) သတင်း ရင်းမြစ်က ပြောပြထားသည်။ KNU/KNLA တပ်မဟာ(၄)အနေဖြင့် ယခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း များအားမကြာခဏ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် တပ်စခန်း တစ်ခု လုံး လက်နက်ချသည့် ဖြစ်စဉ်ရှိခဲ့သည်။ Read ni full

၅။ ဖား​ဆောင်းတိုက်ပွဲတွင် PDF သုံးဦးကျဆုံးခဲ့
 July 15, 2024
 ကရင်နီပြည်နယ်၊ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄)နှင့် (၁၃၅) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာ ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း ဖားဆောင်း PDF က ပြောသည်။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိနေသည့် ခလရ (၁၃၄)နှင့် (၁၃၅) တပ်ရင်းနှစ်ရင်းကိုဇူလိူင် ၁၁ ရက်​နေ့က တိုက်ခိုက်စဥ်  ရဲဘော်သုံးဦးကျဆုံးခဲ့ခြင်းဟု သိရသည်။ ရဲဘော် စောကာလစ္စတို (ခ) ငယ်အောင်ဇော် အသက် (၂၂) ၊ ရဲဘော် ဂျဲနရီ(ခ)ဂျဲဂျဲ အသက်(၂၃) နှင့် ရဲဘော် ဝင်းနိုင်ထွန်း အသက် (၃၁) မြင့်မြတ်စွာ အသက် ပေးလှူသွားခဲ့ကြောင်း ဖားဆောင်း PDF က မှတ်တမ်းတင်သည်။ “လေကြောင်းပစ်ကူကြောင့် ကျသွားတာပေါ့။ပြီးတော့ စကစ ဘက်က အဆိပ်ငွေဗုံးတွေပါ သုံးခဲ့တယ်လို့ သိရတယ်”ဟု ဖားဆောင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားဆောင်းတွင် နောက်ဆုံးကျန်ရှိသည့် ခလရ တပ် ရင်း နှစ်ခုမကျစေရန် စစ်ကောင်စီက ဖရူဆိုအခြေစိုက်ခမရ ၅၃၁ ၊ တပ်မ ၆၆ လက်အောက်မှ ခလရ ၁ နှင့် ခလရ ၁၄ ကို အားဖြည့်ထားကြောင်း သိရသည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က စတင်ခဲ့ သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းငယ် ၉ ခု နှင့် ခလရ ၁၃၅ ၏ ကာကင်းစခန်းကို  ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားသည်။ ထို့အပြင် ဘောလခဲ ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း များကို နှစ်ကြိမ်တိုင် ရှင်းလင်း နိုင်ခဲ့ပြီး လက်နက်ငယ်ရာဂဏန်းခန့်ရရှိခဲ့ကာ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၅၀ ကျော်ကို ဖမ်းမိခဲ့ သည်။ Read ni full

၆။  သံတွဲမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
 July 15, 2024
ရခိုင်ပြည်၊ သံတွဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းပစ်ကူဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။ သံတွဲလေဆိပ်၊ ငပလီ အခြေစိုက် ခလရ(၅၅)၊ ခမရ (၅၆၆) တပ်ရင်းများကို AA က သိမ်းပိုက်ပြီးနောက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မြို့တွင်းပိတ်မိ နေသူများကိုလည်း ကယ်ထုတ်နေကြောင်း သိရသည်။“မြို့တွင်းတိုက်ပွဲက ပြင်းထန်နေဆဲပါ။ စစ်ကောင်စီဖက်ကတော့ လေ ကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်။ AA က မြို့တွင်းမှာရှိတဲ့ ပြည်သူတွေကို AA ကယ်ထုတ်နေတယ်လို့လည်း သိရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ငပလီမြို့ကျပြီးနောက် သံတွဲမြို့မကျဆုံးရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ ကြည်းတပ်၊ ရေတပ်များကို အင်အားဖြည့်တင်းပြီး ခံစစ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့ နန်းတော်တောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကို လေကြောင်းပစ်ခတ်ဖျက်ဆီးခဲ့၍ မြို့ နှင့် အနီးတဝိုက်တွင် ဖုန်းလိုင်းပြတ်တောက်လျက်ရှိသည်။ တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှု ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြသူများမှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးအခက်အခဲများကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ “မြို့တွင်းတိုက်ပွဲလည်း ပြင်းထန်လာတော့ စစ်ဘေးရှောင်က အရင်ကထက် များလာတယ်။ ဆေးဝါးလို အပ်ချက်က တော်တော်လေးကို ကြီးမားလာတယ်။ လုံးဝကို ဝယ်လို့မရတော့ဘူး။ ဆန်ဈေးကလည်း မြင့်တက်နေတာကြောင့် စစ်ရှောင်တွေ တော်တော်ဒုက္ခရောက်နေပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။ ရခိုင်ဒေသ အတွင်း တိုက်ပွဲဖြစ်ပွားမှု (၈) လကျော်ထိကြာမြင့်လာပြီး ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို ထိန်းချုပ်ထားသော AA သည် တောင်ပိုင်းမြို့နယ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေသည်။ Read ni full

၇။ လောက်ကိုင်မြို့ ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ
 July 15, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့ကို ဇူလိုင်လ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂျက်တိုက် လေယာဉ်တစ်စင်းနဲ့ မိနစ်နှစ်ဆယ်ကြာ ပစ်ခတ်ခဲ့လို့ လောက်ကိုင်မြို့ထဲက ဟိုတယ်တချို့နဲ့ လူနေအအောက်အအုံတွေ ပျက်စီး ပြီး ဟိုတယ်တစ်ခုမှာ တည်းနေတဲ့ အရပ်သားတစ်ဦး သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဆုံးတဲ့ သူကတော့ ဖူလီလိုက်ဟိုတယ်မှာ တည်းနေတဲ့ ဧည့်သည်လို့ သိထားပါတယ်။ ထိခိုက်ဒဏ်ရာ ရသူလည်း ဆယ်ဦးကျော်တယ်။ အခုလော လောဆယ်တော့ အဲဒီနေရာကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြလို့ အရပ်သားတွေ ဝင်လို့မရဘူး” MNDAA ရဲ့ သတင်း မီဒီယာဖြစ်တဲ့ The Kokang သတင်းမှာတော့ သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် Wang ဆိုသူဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် တုံချိန်ဒေသ Rainbow တံတားဘေးက Royal Lever Hotel နဲ့  Dongcheng International Hotel ထိခိုက်ပျက်စီးခဲ့ပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်က အဆောက်အအုံတွေလည်း ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းရဲ့ ၇၁ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ MNDAA က လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင် ရေးအတွင်း လောက်ကိုင်၊ ချင်ရွှေဟော်၊ သိန္နီ၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ ကုန်းကြမ်းမြို့တွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွေကို အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ MNDAA က ပြောထားပါတယ်။ Read ni full

၈။ ဒိုင်ရ်များပေါင်းစည်းရေး ဦးစားပေးလုပ်ဆောင်ရန် ချင်းပြည်ကောင်စီမှ နှုတ်ထွက်ဟု CDF- Daai ထုတ်ပြန်
 July 16, 2024
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမြို့နယ် ၄ ခုက ဒိုင်ရ်မျိုးနွယ်စုများ ပေါင်းစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က ချင်းလဲန်းကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း CDF – Daai ဥက္ကဌ ဦးအောင်မင်းက ပြောသည်။“အဓိက လိုအပ်နေတဲ့ Daai မျိုးနွယ်စု စုစည်းရေးကို လက်တွေ့ကျကျ လုပ်ဆောင် ချင်လို့ CC (ချင်းပြည်ကောင်စီ) ကနေ နှုတ်ထွက်တာဖြစ်ပါတယ်။ ဒုတိယက Daai မျိုးနွယ်စုတွေ စုစည်းပြီးရင်တော့ ချင်းအမျိုး သား တည်ဆောက်ရေး အဆင့်ကို ပြန်လည်တက်လှမ်းလာဖို့ ရှိပါတယ်။ တတိယအချက်က CDF- Daai နဲ့ DRC အနေနဲ့က  ချင်းအမျိုးသားဆင့်တည်ဆောက်ရေးကို အခြေခံကနေ လက်တွေ့ကျကျ တည် ဆောက်မယ့် အဖွဲ့စည်းနဲ့လက်တွဲဆောင်ရွက်ဖို့ ရှိပါတယ်။ လက်တွေ့ကျကျလို့ ပြောတဲ့အခါမှာ ချင်းပြည်အတွင်းက အရှိတရားကို လက်ခံပြီးမှ မျိုးနွယ်စုတွေအားလုံး၊ ချင်းပြည် သူတွေ အားလုံးလိုချင်တဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု ပေးနိုင်တဲ့ ချင်းအမျိုးသားတည်ဆောက်ရေးကို ဆိုလိုတာပါ” ဟု ဥက္ကဌ ဦးအောင်မင်းက ပြောသည်။ ဒိုင်ရ်မျိုးနွယ်စု၏ အုပ်ချုပ်ရေးအစုအဖွဲ့အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတို့ကို ပြန်လည် စုစည်းသည့်ကာလအတွင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပါကြောင်း CDF- Daai အဖွဲ့မှ ချင်းပြည်ကောင်စီ ဥက္ကဌ ထံသို့ ဇူလိုင်လ ၁၂ ရက်ကပေးပို့သော နှုတ်ထွက်စာတွင်လည်း ဖော်ပြထားသည်။

လက်ရှိ ဒိုင်ရ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးနယ်မြေနှင့် CDF- Daai ထိန်းချုပ်နယ်မြေသည် ဒိုရ်ဒေသနှင့် ဒိုရ်မျိုးနွယ်စုတစ်ခု လုံးကို လွှမ်းမိုးနိုင်မှုမရှိသဖြင့် ချင်းတောင်ပိုင်း၊ မြို့နယ် ၄ ခုက ဒိုင်ရ်မျိုးနွယ်စုများ ပူးပေါင်း၍ ဒိုင်ရ်ပြည်သူ့ညီလာခံကျင်းပပြီး ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။“ဒိုင်ရ်က ချင်းလဲန်းကောင်စီကနေ နှုတ်ထွက်တာက ချင်းလဲန်း ကောင်စီရဲ့ မူဝါနဲ့၊ ဖွဲ့စည်းပုံ ဥပဒေအပေါ်မှာ သဘောမကျလို့ နှုတ်ထွက်တာမျိုး မဟုတ်ပဲနဲ့ ၄ မြို့နယ်အတွင်း က ဒိုင်ရ်တွေ စုစည်း နိုင်ရေး အတွက်ကို ပြန်လည်ဆောင်ရွက်ဖို့ နှုတ်ထွက်တယ်လို့ ကျနော်တို့ မှတ်ယူလို့ ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လည်း ၄ မြိုန့ယ်အတွင်းမှာ ပြန့်ကျယ်နေထိုင်တဲ့ ဒိုင်ရ်တွေကို စုစည်းနိုင်ရေးအတွက် ပထမ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ကြားသိရတဲ့အတွက် ချင်းလဲန်းကောင်စီကနေ နှုတ်ထွက်သွားတာဟာ ဒိုင်ရ်မျိုးနွယ်စုတွေ တစ်စုထဲ နေနိုင်ဖို့အတွက် ဦးတည် တယ်လို့ ကျနော်တို့ သဘောထားပေးနိုင်ပါတယ်”ဟု ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များအတွင်း ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်း ခံခဲ့ရသော ဒိုရ်နယ်မြေ များကို ဒိုင်ရ်ဒေသန္တရကောင်စီ၏ ဦးဆောင်မှုဖြင့် အုပ်ချုပ်မှုတစ်ခုတည်းအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ Read ni full

၉။ မောင်တော အောင်ဗလရွာကို စစ်ကောင်စီနှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံ မီးရှို့ပြန်
 July 15, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလ(ရခိုင်)ကျေးရွာကို စစ်ကောင်စီနှင့် လက်နက်ကိုင်မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ တို့က ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းတွင် ထပ်မံလာရောက် မီးရှို့သွားကြောင်းသိရသည်။  စစ်ကောင်စီတပ်နှင့် ARSA ၊ ARA ၊ RSO တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က အောင်ဗလကျေးရွာသို့ ဝင်ရောက် မီးရှို့သွား၍ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။ “ မနက် ၁၁ နာရီက နောက်ဆုံးသိရသလောက်ကတော့ နေအိမ် ငါးလုံးထက်မနည်း မီးလောင်နေ တာ။ အခုဆိုရင် နေအိမ် မီးလောင်တဲ့အရေအတွက် ပိုများနေလောက်ပြီ။ အခုက ဒုတိယအကြိမ် မီးရှို့ခံရတာ”ဟု သူက ပြော သည်။ ယင်းအပြင် နံနက်ပိုင်းက အောင်ဗလကျေးရွာကို မောင်တောမြို့နယ်၊ ကညင်ချောင်း စီးပွားရေးဇုန် အနီးရှိ စစ်ကောင်စီ နေဗီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၅၀ ထက်မနည်းမှာ အောင်ဗလ ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များအား မီးရှို့ခဲ့၍ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံး သွားခဲ့သည်။“အဲဒီရွာက ဒေသခံတွေဟာ အေအေကို သတင်းပို့တယ်ဆိုပြီး လက်နက်ကိုင်မွတ်ဆလင်တွေက စစ်တပ်ကို သွားပြောလို့ အဲဒီရွာကို ပစ်မှတ် ထား လုပ်နေတာ။ အခုဆိုရင် ရွာသားတွေလည်း ထွက်ပြေးကြကုန်ပြီ။ ဆက်မနေရဲကြတော့ဘူး” ဟု မောင်တောဒေသခံ တစ်ဦး က ပြောသည်။  စစ်ကောင်စီက မီးရှို့မှုကြောင့် အောင်ဗလကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါကျေးရွာသည် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားသည့်လမ်းတွင် မြို့နှင့်ကပ်လျက် တည်ရှိသည်။ လက်ရှိ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည်။ Read ni full

၁၀။  လွိုင်ကော်မြို့မှာ ပြန်လည်တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် ပြန်လာနေထိုင်သူနည်း
 July 15, 2024
 ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းနေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့‌ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ နာနတ်တောရပ်ကွက်၊ နောင်ယား(က)ရပ်ကွက်၊ ‌ထေးဌားလျားရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ တောင်ကွဲစေတီ၊ စိန့်မာတင်ဘုရားကျောင်း၊ ယဥ်ကျေးမှုပြတိုက်၊ စက်မှုလက်မှု သိပ္ပံကျောင်း၊ ပြည်နယ်အစိုးရရိပ်သာ၊ ပြည်နယ် အဆင့်ဝန်ကြီးဌာနရုံးများ၊ အရေးကြီးအဆောက်အအုံ၊ လွိုင်ကော်လေဆိပ်၊ လွိုင်ကော်တက္ကသိုလ် စတဲ့နေရာတွေကိုလည်း သန့်ရှင်းရေးလုပ်ပြီးသွားပြီလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နေပေမယ့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အတွက် ပြန်လည်မနေထိုင်ရဲသေးဘူးလို့ လွိုင်ကော်ကနေ ရှမ်းပြည်ဘက်ကို စစ်ရှောင်သွားသူအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“လုံးဝ ငြိမ်သွားတော့မှပဲ ပြန်တော့မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူကလုပ်လိုက် ကိုယ်က ပြေးလိုက်နဲ့ဆိုရင် ဒီမနက်( ဇူလိုင်လ ၄ ရက်နေ့ ) သူတို့ ဖြစ်တဲ့နေရာတွေဆိုရင် လူထုတွေရှိတဲ့နေရာပေါ့နော။ တကယ်လူများတွေ လုပ်စားနေတဲ့ နေရာပေါ့ နော။ အဲဒီလိုမျိုးခါကျတော့ အဆင်မပြေတော့ဘူးပေါ့နော။ ” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။ လွိုင်ကော်မြို့မှာ အုပ်ချုပ်‌ရေးယန္တာရားတွေ ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်နေထိုင်ဖို့ ပြီးခဲ့တဲ့လက တည်း ခေါ်ဆောင်နေပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဇွန်လနဲ့ ဇူလိုင်လအတွင်း လွိုင်ကော်မြို့ထဲ ပြန်ဝင်လာတဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်း ၅၅၁ ဦးကို ‌ထောက်ပံ့ငွေတွေ ပေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီပိုင်သတင်းစာတွေမှာ ဖော်ပြ ပါတယ်။ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရားတွေကို ပြန်လည်ပတ်ဖို့ ကြိုးစားနေပေမယ့် လူထုတွေ ဝန်ဆောင်မှုရယူဖို့ ခက်ခဲ တယ်လို့ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် နေရပ်ပြန်ကြတဲ့ လူထုတချို့ဟာ မြို့တွင်းက ရပ်ကွက်တွေမှာ ပြောင်းရွေ့နေထိုင်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Read ni full

၁၁။ ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက်
 July 16, 2024
 မွန်ပြည်နယ်၊ ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက် တိုက်ပိတ်ထားပြီး ထောင်တွင်း ပုဒ်မ များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။ ဇွန်လ ၁၅ ရက်နေ့တွင် မွန်ပြည်နယ် ညွန်ကြားရေးမှူး ဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ကျိုက်မရော အကျဉ်းထောင်မှ နိုင်ကျဉ်းများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်များကို ထောင်ပြောင်း ပို့ဆောင်ခဲ့ပြီး ထောင်ပိုင်နှင့် ထောင်တာဝန်ရှိသူများကိုလည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေးကျော် သည် ကျိုက်မရော ထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် ကျော်ဇင်အောင် တို့မှ တာဝန်ယူ၍ နိုင်ငံ ရေး အကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း သိရှိရသည်။ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်း တန်းပိတ်ထားချိန်တွင် ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်းအင်အား ၂၀ ခန့်သည်  နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင် (၁၉-စ)၊ ကိုအောင်ဇော်မင်း (၅၂ က)၊ ညီညီ (၅၂ က)၊ ကိုဇာနည်အောင် (၅၂ က)၊ ကိုနန္ဒအောင်လင်း (၅၀ ည) တို့ကို အင်အားသုံး၍ လာ ရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းသို့ ခေါ်ဆောင်သွားပြီးနောက အကျဉ်းဦးစီးဘက်မှ ခိုင်မာသည့် အကြောင်းပြချက်မပေးဘဲ အတင်း ဆွဲခေါ်ထုတ် ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ပြန်လည် ရုန်းထွက်သဖြင့် လေးခွများ၊ နံပါတ်တုတ်များနှင့် ရိုက်နှက်၍ အတင်း အဓမ္မခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ ခေါ်ဆောင်ရိုက်နှက်၍ တိုက်ပိတ်ခြင်း ခံထားရသည့် နိုင်ကျဉ်း(၅)ဦးကို ထောင်အာဏာ ပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရှိရသည်။ ထို့ပြင်အဆိုပါနိုင်ငံရေး အကျဉ်း သား ၅ ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁) ၊ လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ဘဲ ခုခံသည်ဟု ဆိုကာ ပုဒ်မ (၂၂၄) နှင့်တရားစွဲဆိုထားပြီး အခြား ပုဒ်မများဖြင့်လည်း မတရားအမှုဖွင့်ထားကြောင်း သိရသည်။ Read ni full

၁၂။ ကိုးကန့် အပစ်ရပ်ထားချိန် လားရှိုးမြို့တွင် ကျန်ရှိသည့် ဒေသခံများ မြို့မှ ထွက်ခွာ
 July 15, 2024
 ကိုးကန့်တပ် MNDAA မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်မှုကို လေးရက်ကြာ ရပ်တန့်မည်ဟု ကြေညာထား သည့် အချိန်တွင် ၎င်းတို့ထိုးစစ်ဆင်နေသည့် လားရှိုးမြို့မှ ဒေသခံများသည် ဇူလိုင် ၁၅ ရက်တွင်လည်း မြို့မှစွန့်ခွာတိမ်းရှောင် လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။“ဒီနေ့ဘာသံမှ မကြားဘူး။ ထွက်တဲ့ကားက ထွက်နေကြတာပဲ။ မြို့ထဲမှာတော့ လူသိန်းချီကျန်သေးတယ်။ လူကြီးသူမတွေ ကလေးတွေတော့ သွားကြတယ်။”ဟု လားရှိုးမြို့နေထိုင်သူတဦးက ပြောသည်။ မိသားစုရှိ ကလေးနှင့်လူကြီးများမှ မြို့မှတိမ်းရှောင်နေကြပြီး ကျန်လူလတ်ပိုင်းမိသားစုဝင်များမှာ မြို့တွင်ကျန်ရှိနေဆဲဖြစ် ကြောင်း ၎င်းကဆိုသည်။ ဇူလိုင်လ ၁၄ ရက် ညပိုင်းအချိန်အထိ လားရှိုးမြို့ အရှေ့တောင်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ည ၁၁ နာရီခန့်တွင် စစ်ကောင်စီမှ ခမရ(၅၀၇) အနီးသို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ဇူလိုင် ၁၅ ရက်နေ့ နေ့ခင်းပိုင်းအချိန်အထိ တိုက်ပွဲသံများ ငြိမ်သက်နေကာ မြို့တွင်းတွင်လည်း ပုံမှန်အခြေအနေရှိကြောင်း ဒေသခံထံက သိရသည်။“မနေ့ညနေက တော်တော်အံ့သြဖို့ကောင်းတယ် အသေးတွေလေ စက်လက်တွေ တောက်လျှောက်ဆွဲတာ။ ဒီနေ့ တော့ ငြိမ်နေတယ်ဗျ။ မနက်တုန်းကတော့ တပ်ဘက်က သူတို့ဟာနေသူတို့ စမ်းပစ်တာ ထင်တယ်။ လက်နက်ကြီး တချက် တချက် ပစ်တယ်ဗျ” ဟု အခြားမြို့ခံတဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့တွင်းတွင် ဒေသခံ  ဦးရေ  ၂၀၀,၀၀၀ ကျော် ၃၀၀,၀၀၀ နီးပါး ကျန်ရှိနေသေးပြီး ယင်းသည် မြို့ခံလူထု၏ တဝက်နီးပါးမျှဖြစ်ကြောင်း ဒေသခံက ပြောသည်။ လားရှိုးမြို့မှ ထွက်ခွာ သူများသည် မြို့အထွက် မယ်ဟန်တန်ဂိတ်အနီး နောင်မွန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားလေ့ရှိသောကြောင့် စစ်ကောင်စီတပ်မှ ပေးမသွားသည်များရှိသဖြင့် လမ်းအခြေအနေ ကြည့်ကာ သွားကြရကြောင်း ဆိုသည်။ ကိုးကန့်တပ် MNDAA မှ ဇူလိုင် ၁၄ ရက် ည ၁၂ နာရီမှ ဇူလိုင် ၁၈ ရက်နေ့အထိ လေးရက် အတွင်း ထိုးစစ်ဆင်မှုကို ရပ်တန့်ထားမည်ဟု ဆိုသော်လည်း ရောက်ရှိသည့်နေရာတွင် ခံစစ်ပြင်ဆင်ထားရန်နှင့် တိုက်ခိုက်ခံရ ပါက ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြို့ကို စွန့်ခွာသင့်၏၊ မသင့်၏ နှင့် မြို့ကို စွန့်ခွာလိုသည့် ဒေသခံများသည် မည်သည့်အချိန်နေ့ရက်များတွင် မဖြစ်မနေ စွန့်ခွာ၍ ရနိုင်မည်ဖြစ်ကြောင်းကို နှစ်ဖက်လက်နက်ကိုင်တပ်များမှ သေချာသည့် အာမခံပေးကာဒေသခံများအား ထွက်ခွာခွင့်အချိန်ပေးစေလိုကြောင်း ဒေသခံများကပြောသည်။“မင်းတို့ ဘယ် နေ့ထွက်ကွာ။ ဘယ်နေ့သတ်မှတ်ထားတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ခုကျ ရှိနေတဲ့ ပြည်သူတွေက ကိုးလို့ကန့်လန့်နဲ့ ထွက်ရမှာလား။ ထိုင်ရမှာလား။ ထရမှာလား အဲ့လိုဖြစ်နေတယ်” ဒေသခံက ပြောသည်။ Read ni full

၁၃။ တနင်္သာရီတွင်  အမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး
 July 16, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ် တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတဦး ဒဏ်ရာရသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ တာဝန်ခံတဦးဆီကသိရပါတယ်။ ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီလောက်က  အရှေ့မော် တုန်းရွာအုပ်စု၊ ကမ်းရိုးတန်း ၂ ရွာမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် မမီးငယ်ဟာ  ကျွန်းထိပ်ကျေးရွာက နာရေးအိမ်ကို သွားဖို့အတွက် အရှေ့ မော်တုန်းရွာက ဖခင်ဖြစ်သူအိမ်မှာ ခေတ္တဝင်နားစဥ် လက်နက်ကြီးကျရောက်ပြီး ထိမှန်သေဆုံးခဲ့တာလို့ ပြောပါတယ်။ မြိတ်ခရိုင် စစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက ကျွန်းထိရွာနာရေးအိမ် ၇ ရက်ပြည့်လို့ သွားမလို့ပါ။ သူ့အဖေအိမ်မှာ ခဏလေး နားနေတုန်းမှာ ထိတာပါ။ သူ့အိမ်မှာမဟုတ်ပါဘူး။ လက်နက်ကြီးက ၇ ချက်ပစ်တယ်။ ဦးခေါင်း၊ ရင်အုံ၊ လက်မောင်းနဲ့ ခြေထောက်တို့မှာ ထိတာပါ” လို့ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့ပြီးနောက် မမီးငယ်အား ဆေးရုံကို ပို့ဆောင်ဖို့အတွက် ခေါ်ဆောင်သွားအချိန် ထိခိုက်ဒဏ်ရာ က ပြင်းထန်တာကြောင့် လမ်းမှာပဲ သေဆုံးခဲ့တာလို့ သိရပြီး တခြားထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ပြောပါတယ်။  စစ်ကောင်စီရဲ့  ၃၀၆ အမြောက်တပ်ရင်းမှာ မကြာခဏ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသန်း ပစ်ခတ်လေ့ရှိပြီး ဒီမတိုင်ခင် ဇွန် ၁၇ ရက်ကလည်း ၃၀၆ အမြောက်တပ်က ပစ်တဲ့လက်နက်ကြီးကျ ပေါက်ကွဲကာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး ထိခိုက် ဒဏ်ရာ ပြင်းထန်ခဲ့ပါသေးတယ်။ အဆိုပါ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းအနီးတဝိုက်မှာ တပ်ရင်းကနေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို တက်နင်းမိလို့ကိုယ်လက်အင်္ဂါဆုံးရှုံးထားရတဲ့ သူတွေရှိသလို ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးတဲ့ အရပ်သား ပြည်သူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ Read ni full

၁၄။ မုန်းမြို့နယ်တွင် မိုးတွင်းကာလ ဝမ်းရောဂါဖြစ်ပွားမှုရှိလာပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်နေ
 July 15, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာအချို့ တွင် မိုးတွင်းကာလ အဖြစ်များလေ့ရှိသည့် ဝမ်းရောဂါဖြစ်ပွားနေပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်မှုရှိနေကြောင်း ကေအဲန်ယူ နှင့် မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီကစစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသလို လက်နက်ကြီးနှင့်ဒရုန်းများ အသုံးပြုပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာစစ်ဘေးအပြင် မိုးရာသီဖြစ်သည့် အလျောက် သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်ကြောင့် ဝမ်းရောဂါနှင့်ဆေးပြတ်လပ်မှု တွေ့ကြုံနေရသည်ဟု ကေအဲန်ယူ-ဗဟို ကလည်း သတင်းထုတ်ပြန်ထားသည်။ မိုးဦးကျကာလဖြစ်သည့် ဇွန်လပိုင်းမှစတင်၍ ဒေသခံများအကြား ဝမ်းရောဂါဖြစ်ပွားမှု ရှိလာပြီး ကာလဝမ်းရောဂါဟုတ်မဟုတ် မသိရသေးသော်လည်း ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်မှုရှိနေသည်ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ ၏ မုန်းမြို့နယ်တာဝန်ရှိသူ အမျိုးသားက ပြောသည်။

၎င်းက “ဝမ်းရောဂါ နဲ့တော့ ဆေးရုံမှာ နှစ်ယောက် သုံးယောက်တွေ့လာတယ်။ ကာလဝမ်းရောဂါ ဟုတ်မဟုတ်တော့ မသိရသေးဘူးနော်။ ငါးထွေစုပ်တို့ ဘာတို့ ရွာတွေဘက်မှာက ဝမ်းပိတ်ဆေးတွေပြတ်လပ်ကုန်တယ်။ ဝယ်သုံးတဲ့သူများလို့ထင် တယ်။ ၆ လပိုင်းလောက်ကတည်းက စဖြစ်လာတာတွေ့နေရတယ်။ အဖြစ်များတဲ့အထဲတော့မပါသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။ ရောဂါဖြစ်ပွားသူများအတွက် ရွာအခြေစိုက် ဆေးပေးခန်းများအပြင် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ် ရေးဌာန(KDHW)မှ မိုဘိုင်းကျန်းမာရေးအဖွဲ့များက ကုသမှုပေးနေပြီး ဆေးခန်းလာ ရောက်ပြသသူ လူနာများတွင် ဝမ်းရောဂါ အပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူအချို့ပါ တွေ့နေရကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့်နီးစပ်သူထံမှ သိရသည်။ ထို့အပြင် စစ်ကောင်စီ၏ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုတို့ကြောင့် မုန်းမြို့နယ်ရှိ စစ်ရှောင် ပြည်သူအများစုမှာ နေရပ်ပြန်ရန် လုံခြုံရေး စိန်ခေါ်မှုရှိခြင်းကြောင့် ယာယီစစ်ဘေးရှောင်ရာ အရပ်တွင်သာ နေထိုင်ရခြင်းဖြစ်သလို လိုအပ်ချက်များပြားသဖြင့် ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်မူ ဂရုတစိုက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း အထက်ပါ မုန်းမြို့နယ် တာဝန်ရှိသူက ဖြည့်စွက်၍ပြောသည်။ Read ni full

၁၅။ မတူပီစစ်ရှောင် ၅၀၀၀ အတွက် ဆေးဝါး၊ စားနပ်ရိက္ခာများ လိုအပ်နေ

July 16, 2024

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တိုက်ပွဲများကြောင့် ဒေသခံ ၃ ထောင်ကျော်မှာ ကျေးရွာများနှင့် တောတောင် များ၌ ခိုလှုံနေရသလို ၂၀၀၀ ၀န်းကျင်သည် အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အစပ်တွင် တိမ်းရှောင်လျက်ရှိကာ အရေး ပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။ လက်ရှိ မတူပီစစ်ရှောင်များသည် ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် ဝမ်းပျက် ဝမ်းလျှော စသောကူးစက်ရောဂါများဖြစ်ပွားနေပြီး ဆေးဝါးနှင့် စား နပ်ရိက္ခာ၊ ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူ ညီနေသူများက ဆိုသည်။ စစ်ရှောင်ကူညီနေသူတဦးက “အဓိက ဆေးဝါးနဲ့ စားသောက်ရေး‌ စတာတွေပေါ့။ ခက်ခဲတာကတော့ ‌ရွာတွေဘက်တွေ၊ တောဘက်‌တွေ ရှောင်တဲ့သူတွေ ပိုခက်ခဲတယ်။ ဆေးဝါးမရနိုင်လို့ သေတဲ့သူတွေလည်း ရှိတယ်။ အကူအညီတွေကတော့ အများကြီး လိုအပ်တယ်။ ပြည်တွင်းပြည်ပကသူတွေလည်း ဝိုင်း၀န်း ကူညီပေးကြဖို့ မေတ္တာရပ် ခံပါတယ်” ဟု ပြောသည်။  မတူပီမြို့ပေါ်ရပ်ကွက်မှ လေဆင်းကျေးရွာဘက် တိမ်းရှောင်နေသည့် ဦးပါဆန်းမှာ ကျောက်ကပ် ရောဂါနှင့် အစာအိမ်ရောဂါခံစားနေရပြီး ဆေးဝါးမလုံလောက်မှု၊ ဆေးကုသမှု မရရှိသောကြောင့် ဇူလိုင် ၁၄ ရက်တွင် သေဆုံးခဲ့ ကြောင်း သိရသည်။

မတူပီကို ဇွန် ၂၉ ရက်တွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ သိမ်း ပိုက်ထားပြီး လက်ရှိ နယ်မြေရှင်းလင်းရေး လုပ် ဆောင်လျက်ရှိသော်လည်း ဒေသခံများမှာ မိုင်းအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဆက်လက် တိမ်းရှောင်နေရ ကြောင်း သိရသည်။ မတူပီဒေသခံတဦးက “မိုးရွာတဲ့အခါ မိုးကာတဲထိုးနေရသူတွေအတွက် တော်တော်အဆင်မပြေဘူး။ မြို့က သိမ်းနိုင်ပြီဆိုပေမယ့် မပြန်နိုင်သေးဘူး။ မြေမြှုပ်မိုင်းအန္တရာယ်၊ လေကြောင်းအန္တရာယ်တွေကြောင့်လည်း ပါတာ‌ပေါ့” ဟု ပြော သည်။ မတူပီမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့သည် စစ်ရေးအရဟုဆိုကာ လမ်းပိတ်ထားသော ကြောင့် အရေးပေါ် ခရီးသွားလာခြင်း၊ ဆေးဝါးများ အချိန်မီ သယ်ယူခွင့်မရသလို စားနပ်ရိက္ခာလည်း သယ်ဆောင်၍ မရကြောင်း ဒေသခံများက ဆိုသည်။ Read ni full

၁၆။ သီပေါမြို့နယ် ဆိုင်ကျော့ စစ်ကောင်စီတပ်စခန်းကို MNDAA ဝင်သိမ်းပိုက်
 July 15, 2024
သျှမ်းပြည် သီပေါမြို့နယ်ရှိ ဆိုင်ကျော့ ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၃ စခန်းကို ကိုးကန့် တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ပစ်ခတ် သိမ်းယူ ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆိုင်ကျော့ ကျေးရွာအုပ်စုရှိ ခလရ ၂၃ စစ်ကောင်စီတပ် စခန်းကို (ဇူလိုင်လ ၁၅ )ရက် ညနေပိုင်းတွင် ကိုးကန့်တပ်ဖွင့် MNDAA မှ ဝင်ရောက် ပစ်ခက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။ “ဒီနေ့ ညပဲ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်တွေ က ဝင်သိမ်းလိုက်တာ။ဆိုင်ကျော့ ပြည်သူ့စစ်ရှိတဲ့နယ်မြေအနီး တဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်ပေါ့။ နာရီဝက်လောက်ပဲ ကြာ တာ သူတို့ ဝင်သိမ်းတာ။သူတို့လည်း စာတွေပဲ ထွက်တာပါ။”ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ထို သီပေါမြို့နယ်တွင်းတိုက်ပွဲဖြစ်ပွားသည့်နေရာများသည် စစ်ကောင်စီတပ်၊ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သည်။ Read ni full

၁၇။ ဖရူဆိုမြို့နယ်၊ ကျေးရွာတရွာမှာ စာသင်ကျောင်းဆောင် ဆွေးမြှေ့လာတာကြောင့် ကျောင်းဆောင်သစ်လိုအပ်နေ
 July 16, 2024
ကရင်နီပြည် ဖရူဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဟိုယာကျေးရွာအုပ်စုအတွင်းက ကျောင်းသူကျောင်း ၈၀ ဝန်းကျင် စာသင်ကြားနေတဲ့ မူလတန်းလွန် စာသင်ကျောင်းတခုရဲ့  ကျောင်းအမိုးနဲ့ စာသင်ခန်းဆောင်တွေ ပျက်စီးယိုယွင်းလာတာကြောင့် စာသင်ရာမှာအခက်အခဲဖြစ်နေပြီး ကျောင်းဆောင်သစ်တွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ “၅ လ ပိုင်း ၂ ရက်နေ့ လေပြင်းမုန်တိုင်းကျတယ်၊ နောက် ကျောင်းဆောင်က ၂၀၀၀ ကတည်းက ဆောက်ထားတယ်ဆိုတော့ ဆွေးသွား ပြီ။ အမိုးတွေလည်းမလုံတော့ဘူး၊ တိုင်တွေပျက်စီးကုန်ပြီ၊ ခြစားကုန်ပြီ၊ ပြိုကုန်တော့မယ် ကလေးတွေအတွက် အန္တရာယ်ရှိ တယ်” လို့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းတုန်းက လေပြင်းမုန်တိုင်း ကျရောက်မှုကြောင့် အသစ် တိုးချဲ့ထားတဲ့ ကျောင်းဆောင် နဲ့ ကျောင်းဆောင်အမိုးများ ပျက်စီးသွားခဲ့ပြီး ပျက်စီးသွားတဲ့ကျောင်းဆောင်အမိုးနေရာမှာ မိုးကာ တွေကိုအစားထိုး အသုံးပြုထားရတာပါ။ ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ ကျောင်းသူ၊ကျောင်းသားတွေကို နေအိမ်အလွတ်တွေမှာ စာသင်ကြားခဲ့ပေမဲ့ ဒီနှစ်မှာတော့ စစ်ရှောင်ဦးရေများလာပြီး  နေအိမ်အလွတ် မရှိတော့တာကြောင့် ကျောင်းဆောင်အဟောင်းမှာ ပြန်သင်ကြားနေရတယ်လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

“အသစ်ပြန်ဆောက်ဖို့အစီအစဥ်ကတော့ ရှိတယ်။ ဒါပေမဲ့ အဓိကလိုနေတဲ့ ပိုက်ဆံကတော့ မရှိဘူးပေါ့နော်။ ဘယ်နား က အလှူရှင်နား ပတ်ရှာလဲ အလှူရှင်တွေကလည်းမရှိဘူး။ ဟိုနားလှူ ဒီနားလှူဆိုတော့ အဆင်မပြေဘူးလို့ သူတို့ ပြောတယ်။ အလှူရှင်နားတောင်းလည်း နည်းနည်းလေးပဲ လှူပေးနိုင်တော့ အသစ်ပြန်ဆောက်ဖို့က အဆင်မပြေသေးဘူးပေါ့နော်” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။ စာသင်ကျောင်းဆောင်လိုအပ်ချက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို တင်ပြထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိ စာသင်ကျောင်းမှာ KG တန်း ကနေ Grade -6 အတန်းထိဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူ (၇၈) ဦးကို  ဆရာမ (၇)ဦးနဲ့ သင်ကြားပေးနေပြီး ဒေသခံတွေနဲ့ လာရောက်စစ်ရှောင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းတက် ရောက်နေကြတာဖြစ်ပါတယ်။ စာသင်ကျောင်းဆောင် လိုအပ်ချက်အပြင် မိုးကာ၊ စာရေးခုံ၊ ကျောင်းသုံးဖတ်စာအုပ်တွေ လိုအပ် နေတယ်လို့ သိရပါတယ်။ Read ni full

၁၈။ တရုတ်နယ်စပ်၊ ကန်ပိုက်တီအထက်တန်းကျောင်းပိတ်ထားတာ တစ်လနီးပါးရှိလာပြီး ကျောင်းပြန်ဖွင့်ဖို့ မျှော်လင့် နေ
 July 15, 2024
ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့က အထက်တန်းကျောင်းပိတ်ထားတာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး ကျောင်းပြန်ဖွင့်ဖို့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ စောင့်မျှော်နေကြပါတယ်။ ကန်ပိုက်တီအထက်တန်းကျောင်းကို စစ်ရေး၊ နိုင်ငံရေး အခြေအနေကြောင့် ယာယီပိတ်ဖို့ ပညာရေးရုံးကို စာတင်လိုက်တာဖြစ်ပြီး တစ်လနီးပါးကြာလာတဲ့အတွက် ကျောင်းပြန်ဖွင့်ဖို့ စာပြန်တင်ထားတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“ကျောင်းဖွင့်ဖို့ အကုန်လုံး စောင့်နေကြတယ်။ ကျောင်းအုပ်က နိုင်ငံရေးအခြေအနေကြောင့် ကျောင်း(ယာယီ)ပိတ်သိမ်းတဲ့ စာသွားထည့်လိုက်တာ။ အဲဒါကြောင့် ပြန်ဖွင့်ဖို့ စာပြန်ထည့်ထားတာ။”လို့ အထက်ပါဒေသခံက ပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းက ကျောင်းဆရာ/မတွေ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ကျောင်းအုပ်ကြီးက ယာယီကျောင်းပိတ်ဖို့ ပညာရေးမှူးရုံးကို  စာတင် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကန်ပိုက်တီ အထက်တန်းကျောင်း စဖွင့်တဲ့အချိန် ကျောင်းဆရာ/မ မလုံလောက်တဲ့အတွက် မူလတန်းအထိသာသင် ကြားပေးခဲ့ပြီးနောက်ပိုင်း တိုးချဲ့ခန့်အပ်ထားပေမဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကန်ပိုက်တီ ကျောင်းပိတ်ထားတဲ့အတွက် ကျောင်းသူကျောင်းသားတွေ စာမသင်ကြားရတာကြောင့် တရုတ်ကျောင်းနဲ့ နီးစပ်ရာ အသိတွေမှာ ပညာသင်ယူနေရတယ်လို့လည်း ကျောင်းသားမိဘတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။ ကန်ပိုက်တီ အထက်တန်းကျောင်းဟာ ကျောင်းဖွင့်ပြီး တစ်ပတ်ကျော်အကြာမှာ စစ်ရေးအခြေအနေတွေကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA) က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ Read ni full

၁၉။ ကော့ကရိတ်ဒေသခံ ကလေးငယ်(၂)ဦး စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရ
 July 15, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ကလေးငယ်(၂)ဦး ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့က မပေါက်ကွဲသေးဘဲမြေတွင် ကျန်ရှိနေသော လက်နက်ကြီး အပိုင်းအစအား ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ် ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။ ထိုနေ့ နံနက်ပိုင်းက တစ်ရပ်ကွက်တည်းအတူ နေထိုင် သည့် အသက်(၁၁)နှစ်အရွယ် ယောက်ျားလေး(၂)ဦးမှာ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က မပေါက်ကွဲသေးသော စစ်လက်နက်အကြွင်း အကျန် လက်နက်ကြီးအပိုင်းအစအား ထိကိုင်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၎င်းတို့၏ဝမ်းဗိုက်၊ ရင်ဘတ်၊ ခြေ၊ လက်နှင့် ဦးခေါင်းတို့တွင် ကျည်စထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။ အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံအမျိုးသားတစ်ဦးက “လက်နက်ကြီးကျတဲ့ အကြွင်းအကျန်ကိုသွားကိုင်ဆော့လို့ဖြစ်တာ။ ဘယ်နေ့ကတည်းကျ နေတဲ့ဟာလဲတော့ မသိဘူး။ မပေါက်ကွဲသေးတဲ့ဟာတွေရှိနေသေးတယ်လို့ သုံးသပ်လို့ရတယ်။ နောင်ဖြစ်မယ့်မျိုးဆက်သစ် ကလေးတွေအတွက် စိုးရိမ်ရတယ်ဗျ” ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်(၂)ဦးအား ဖားအံမြို့ တောင်ကလေးဆေးရုံသို့ ပို့ဆောင် ကုသမှုပေးထား ရသလို မြို့အတွင်း ကျန်ရှိနေမည့် စစ်လက်နက်အကြွင်းအကျန်များအားလည်း ရှင်းလင်းပေးမည့်သူမရှိကြောင်း နောက် ထပ် မြို့ ခံအမျိုးသားတစ်ဦးက ဆိုသည်။ ၎င်းက “မကွဲတဲ့အလုံးတွေကိုသွားဆော့ရင်းနဲ့ဖြစ်တာ အဲဒီအလုံးတွေကိုရှင်းပေးမယ့်သူ မရှိဘူး လေ လောလောဆယ် ကလေးတွေကိုတော့ ဖားအံ တောင်ကလေးဆေးရုံကို တင်ထားရတယ်” ဟု အဆိုပါအမျိုးသားက အတည် ပြုပြောသည်။ လက်ရှိအထိ ကော့ကရိတ်မြို့ပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်မြေမတည်ငြိမ်သော်လည်း ဧပြီလပိုင်း ကတည်းက မြို့တွင်းပြန်လည်စိုးမိုးထားသော စစ်ကောင်စီမှ ပြန်လည်ထူထောင်ရေး၊ ဌာနဆိုင်ရာများပြန်ဖွင့်ရေးကိုသာ အလေး ပေး လပ်ဆောင်ခဲ့သလို ကော့ကရိတ်စစ်ရှောင်များအား နေရပ်ပြန်ခေါ်ယူသဖြင့် မြို့တွင်း တစ်ဆထက်တစ်ဆ လူနေထိုင်မှု ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ Read ni full

၂၀။ တိုက်ပွဲနီးကပ်လာလို့ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ
 July 16, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးရွာအနီးကို တိုက်ပွဲတွေ နီးကပ်လာပြီး စစ်ကောင်စီတပ်က ရွာထဲမှာ အထိုင်ချတပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဘန့်ဘွေးရွာခံတွေက ပြောပါတယ်။ ဘန့်ဘွေး ရွာဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နဲ့ ၁၉ မိုင် ကွာဝေးပြီး ပြင်ဦးလွင်-နောင်ချို ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ စစ်ကောင်စီတပ်က ရွာထဲမှာ အထိုင်ချပြီး နောင်ချိုဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာလို့ ဘန့်ဘွေးရွာခံတစ်ဦးက ပြောပါတယ်။“စစ်တပ်က ဘန့်ဘွေးရွာထဲမှာ လက်နက်ကြီးတွေ အထိုင်ချပြီး နောင်ချိုဘက်ကို ပစ်နေတာ။ ရွာသားတွေ မရှောင်လို့ မရတော့ဘူး။ အခု အကုန်ပြေးနေရပြီ” ဘန့်ဘွေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ တစ်သောင်းနီးပါး နေထိုင်တဲ့ရွာကြီး ဖြစ်ပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့နယ်အတွင်းက ရွာတွေကို တိမ်းရှောင်နေရပြီး အစားအသောက်နဲ့ နေထိုင်ရေး ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဇွန် ၂၅ ရက်နေ့ကစလို့ “၁ဝ၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ Read ni full

၂၁။ ရေးမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်လာ
 July 16, 2024
မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှု ထမ်းသင်တန်းဆင်းတပ်သားတွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ စစ်မှုထမ်း အပတ် စဉ် ၁ သင်တန်းဆင်းခဲ့ကြတဲ့ တပ်သားတွေကို စစ်ကောင်စီက ဇူလိုင်လဆန်းမှာ တိုက်ပွဲဖြစ်တဲ့ ဒေသတွေနဲ့ အင်အားလိုအပ်တဲ့ နေရာတွေမှာ တန်းပို့ခဲ့တာပါ။ အဲဒီထဲမှာ ရေးမြို့ နယ်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌနာချုပ် – စကခ ၁၉ လည်းပါဝင်ပြီး သင်တန်း ဆင်း တပ်သားတွေကို ရေလမ်းကြောင်းကနေတဆင့် အရပ်သားကားတွေကို အသုံးပြုကာ ပို့ဆောင်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။“သူတို့ အဓိကရေလမ်းကြောင်းပဲအားကိုးတာ။ ကုန်းလမ်းဘက်ကတော့မလွယ်ဘူး။ အရပ်သား ကားယူပြီး သူတို့ လူတင်သွားတာပေါ့။ မိန်းကတော့ စကခ ၁၉ ပဲ ဝင်တယ်။ ၁၉ ကနေ ပြန်ဖြန့်လာတာ။ အခု တပ်ရင်းတစ်ရင်းတို သူတို့ပို့လာရင် ခန့်မှန်းခြေ အယောက် ၅၀/၁၀၀ ဝန်းကျင်ပေါ့။ ကျွန်တော်တို့ နားမှာ တပ်ရင်းသုံးရင်းရှိတယ်။ ဒီဘက်ရောက်လာတာက နှစ်ပတ် လောက်ပဲရှိတယ်”လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကလည်း တပ်သားသစ်တွေကို ဓမင်းဆိပ်ကျားတန်းဘက်ကနေ လမ်းကြောင်းအသစ်တွေနဲ့ ရေးမြို့နယ်ကိုဝင်လာပြီး အရပ်သားတွေရဲ့ အုတ်၊ သဲ သယ်တဲ့ကားနဲ့ အဓမ္မခေါ်ယူအသုံးပြုကာ တင် ဆောင်နေတာလို့ ပြောပါတယ်။ ဒါပေမယ့် ရေးဘက် ပို့ဆောင်ခံရတဲ့ သင်တန်းဆင်းတပ်သားသစ်တွေဟာ ဘယ်ဒေသက စစ်သင်တန်းကျောင်းဆင်းတွေလဲဆိုတာ မသိရှိပေမယ့် ရေလမ်းကနေ သင်္ဘောသုံး၊ လေးစီးနဲ့ ရန်ကုန်ဘက်က လာကြတာလို့ ကြားမိပြီး ဝဲကလိဘက် ပါ မပါ မသိဘူးလို့ သူက ပြောပြပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကတည်းက သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ခွဲဝေပြောင်း ရွှေ့ဖို့ လျှို့ဝှက်ညွှန်ကြားထားတာပါ။ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဟာ ရေးမြို့ နယ်တဝိုက်မှာ တပ်အင်အား တွေပေါင်းပြီး လုံခြုံရေးတင်းကြပ်တာတွေ နယ်မြေရှင်းလင်းရေးကိစ္စတွေ စတင်လှုပ်ရှားလာတယ်လို့ ပြောပါတယ်။  ရေးမြို့နယ်ဟာ စစ်ကောင်စီရဲ့ စကခ ၁၉ နဲ့ အဓိကအထိုင်ချထားတာဖြစ်ပြီး တပ်ရင်း ၁၃ ရင်းနဲ့ ဖြန့်ကျက်ထားတာပါ။ တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်ရေး လှုပ်ရှားမှု အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။ Read ni full

၂၂။ ရခိုင်ပြည်နယ်ဘက်ကိုပို့မယ့် ဒီဇယ် ပီပါ ၁၉ လုံးကို CYLA ဖမ်းဆီး
 July 16, 2024
 မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိုပို့ဖို့ သယ်ဆောင်လာတဲ့ ဒီဇယ်ပီပါ ၁၉ လုံးကို CYLA လက်အောက်ခံ ဒီလ်တလန် လိုင်လူငယ်အဖွဲ့အစည်း (Diltlang- YLA) က ဇူလိုင်လ ၁၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ ဒီဇယ်များကို လုံလေမြို့ (Lunglei) မှာ ယူတာဖြစ်ပြီး လုံလေမြို့ကနေ ဂျောင်းသဲ (Chawngte) ကိုဖြတ်ပြီး ဒီလ်တလန် ရွာကနေတစ်ဆင့် ချင်းပြည်နယ် ပလက်ဝကိုဖြတ်ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပို့ဖို့စီစဉ်ထားတာလို့သိရပါတယ်။ ဒီဇယ် ပီပါ ၁၉ လုံးကို လုံလေမြို့ကနေ ကားနှစ်စီးဖြင့်တင်ဆောင်လာတာဖြစ်ပြီးတော့ လိုင်လူငယ်အဖွဲ့ အစည်း (Diltlang- YLA) စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့တာပါ။ ဖမ်းဆီးထားတဲ့ ဒီဇယ်များကို သိမ်းဆီးထားပြီး ယာဉ်မောင်းနှစ်ဦးနဲ့ ကားများကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရက္ခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲများ ပြင်းထန်လာ ပြီး နောက် မြန်မာပြည်မ ဘက်ကနေ ရခိုင် ပြည်နယ်ဘက်သွားတဲ့ လမ်းကြောင်းများကို ပိတ်ပင်ခဲ့တာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီများရှားပါးလာခဲ့ပြီး မီဇိုရမ်ဘက်ကနေတင်သွင်းတာကိုသာ အဓိကအားကိုး နေကြရတယ်လို့သိရပါတယ်။

ဒီကိစ္စမှာ CYLA က “လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်ကို အခြေခံစားသောက် ကုန်နဲ့ စက်သုံးဆီများတင်သွင်းနေတာဟာ ပဋိပက္ခတွေကြားဒုက္ခရောက်နေတဲ့ သူတို့ပြည်သူတွေအတွက်လို့ ထင်ခဲ့ပေမယ့် ရက္ခိုင့်တပ် တော် AA က ချင်းပြည်နယ် ဒေသတစ်ချို့က အတင်းအုပ်ချုပ်သလို ချင်းညီအကိုများ နဲ့ တိုက်ပွဲများဖြစ်ပွားရာ သူတို့အင်အားဖြည့် တင်းဖို့ အသုံးပြုနေကြတာကြောင့် ယခုလို့ပိတ်ပင်တာပါ” လို့ ဇွန်လ လကုန်ပိုင်းမှာ ဆိုထားပါတယ်။ CYLA ကတော့ ရှာဟာ ခရိုင်ရဲ့ ခွဲတမ်းဖြစ်တဲ့ စက်သုံးဆီတင်ကားများကို တားဆီး ဖမ်းဆီးထားတာမရှိကြောင်း ဆိုကာ ရှာဟာပြည်သူများဒုက္ခကြုံမှာကို လိုလားတာမဟုတ်ဘူး၊ ရှာဟာခရိုင်အတွက်ဆို အမြဲတမ်းလွှတ်ပေး တယ်။ဒါပေမယ့် ရှာဟာခရိုင်အတွက်ဆိုပြီး တင်လာတဲ့ စက်သုံးဆီတွေက ရှာဟာကို မရောက်ဘဲ မြန်မာနယ်စပ်ဘက်ကိုရောက်နေတာကြောင့် စစ်ဆေးမှုတွေကို သတိရှိရှိနဲ့ လုပ်ဆောင်နေကြတာလို့ ဆိုထားပါတယ်။ Read ni full

၂၃။ မြို့စွန်က ကျူးတွေကို စစ်တပ်ဗျူဟာဆောက်ဖို့ ၁၅ ရက်အတွင်း စစ်ကောင်စီက အပြီးဖယ်ရှားခိုင်း
 July 16, 2024
တောင်ကြီးမြို့ အစွန်အဖျားနေရာတွေက ကျူးကျော်နေသူတွေကို ၁၅ ရက်အတွင်း ဖယ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ သစ်တောနဲ့ စည်ပင်တို့က စာတွေ လိုက်ကပ်ထားတယ်လို့ တောင်ကြီးဒေသခံတွေဆီက သိရပါတယ်။ တောင်ကြီး ထွေအုပ်က  ဇူလိုင်လ ၁၃ ရက် ကထုတ်တဲ့စာမှာ ခွင့်ပြုချက်မရှိဘဲ အစိုးရမြေပေါ် ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကို ၁၅ ရက် အတွင်းထွက်သွားရမယ်လို့ သတိပေးစာတွေကို အကျုံးဝင်တဲ့အိမ်တွေနဲ့ ဆင့်ခေါ်စာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။ “သစ်တောမြေကျူးကျော်ဆိုပြီး စာတွေသာလိုက်ကပ်တာ သူတို့တကယ်လုပ်မှာက စစ်တပ်အတွက်ဗျူဟာကုန်းလုပ်ဖို့ပဲ၊ ဗျူဟာ ကုန်းကို ၂ ဆင့်လုပ်မယ်၊ ပထမအဆင့်က အများပြည်သူတွေ တောင်ပေါ် စက်ဘီးစီး၊ လမ်းလျှောက်တဲ့နေရာတွေ၊ Mount Pleasant Hotel ကို အထိုင်ထားပြီးလုပ်မှာ၊ ဒုတိယအဆင့်ကတော့ စာကပ် ဆင့်ခေါ်ခံရတဲ့ ရပ်ကွက် တချို့ရဲ့ နေရာတွေမှာ လုပ် မှာ၊ အဓိကတော့ သိမ်းခံရမယ့်သူတွေက အမြန်ပြန်ရောင်းနေကြတာကို မသိတဲ့ လူတွေ ဝယ်မိမှာ စိုးလို့ သတိပေးရတာပါ”လို့ ဆင့်စာရရှိခဲ့တဲ့ ဒေသခံ ၁ ဦးက ပြောပါတယ်။

တောင်ကြီးမြို့ရဲ့ စဝ်စံထွန်းရပ်ကွက်၊ ရတနာသီရိ၊ ချမ်းမြ၊ ရွှေတောင်၊ စိန်ပန်း၊ ကံသာ၊ ကျောင်းကြီးစု ၊ ညောင်ဖြူစခန်း အနောက်ဘက်ခြမ်းအစွန်အဖျားကျတဲ့ ရပ်ကွက်တွေထဲက နယ်မြေဧက ၂၀၀၀ ကျော်ကို သစ်တောမြေအဖြစ် သတ်မှတ် ပြီး ကျုးကျော်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ သစ်တော ကျူးကျော်ဧရိယာကို တောင်ကြီး ရွှေညောင်ဘက်အဆင်း ကရင်မ ရေထွက် အောက်ဖက် ဆင်နှစ်ကောင်ဖက်က စတင်မယ်လို့သိရပြီး အဆုံးမှာ ကျောင်းကြီးစုရပ်ကွက်ထဲက ဖရဲအနောက်ဘက် ခြမ်း၊ လယ်ငယ်ဘက်မှာဆုံးမယ်လို့ သိရပါတယ်။ “ကျမတို့ ဝယ်ထားတာလွန်ခဲ့တဲ့ ၅ နှစ်ကတည်း က၊ ပုံစံ-၁၀၅ လဲရှိတယ်၊ ခု အိမ်လဲဖျက်ခံရမယ်၊ မြေလဲသိမ်းခံရမယ်ဆိုတော့ ကျောင်းနေတဲ့သားသမီးတွေ၊ ကလေးတွေနဲ့ အလုပ်အကိုင်ကရှား၊ ငွေကမရှိ၊ ခုတိုင်းပြည်အခြေအနေနဲ့ ဘယ်မှာ ဘယ်လိုသွားနေရမှာကို စဉ်းစားမရလို့ခေါင်းမီး တောက်နေတယ်”လို့ ညောင်ဖြူစခန်း ရပ်ကွက်မှာနေထိုင်သူ ၁ ဦးက ပြောပါတယ်။ စစ်ကောင်စီက ဖယ်ရှားခိုင်းသည့်နေရာတွေမှာ နေထိုင်တဲ့ ပြည်သူ ထောင်ကျော် ရှိနေပြီး အိမ်ပေါင်း ရာနဲ့ချီ ဖျက်ဆီးခံကြရမှာဖြစ်လို့ အမိန့်စာပါ ၁၅ ရက်အတွင်း ပြောင်းရွှေ့ကြဖို့ မလွယ်ကူတဲ့အပြင် လက်ရှိ စီးပွားရေးတွေခက်ခဲနေကြတဲ့အချိန်မှာ ခုလို ပြည်သူတွေအပေါ် ငဲ့ညှာခြင်းမရှိ ရက်စက်တဲ့လုပ်ရပ်ကိုလုပ်ရက်တဲ့ စစ်ကောင်စီ ဆိုပြီး ဝေဖန်နေကြတယ်လို့ သိရပါတယ်။ Read ni full

၂၄။ ဟားခါးနှင့် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် တင်းကြပ်
 July 15, 2024
ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုး သမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်းမပြုကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်သည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအား ချောင်းမြောင်း ပစ်ခတ်ခြင်းများပြုလုပ်ကြသည်ဟု ဇူလိုင်လ ၁၁ ရက်စွဲဖြင့် ထွက်ပေါ်လာသော ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရ အမိန့် တွင်ဖော်ပြထားသည်။ ထိုသို့ ကျူးလွန်ဆောင်ရွက်ရာတွင် အများအားဖြင့် မော်တော်ဆိုင်ကယ်များအား အမျိုးသား ၂ ဦး စီးနင်းကာ တစ်ဦးမှ မောင်းနှင်ပြီး ကျန်တစ်ဦးမှ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းနှင့် လက်နက်ပြ၍ လုယက်ယူဆောင် ခြင်းများ ပြုလုပ်ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် မော်တော်ဆိုင်ကယ် စီးနင်းရာ၌ တစ်စီးတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးနောက်တွင် အမျိုးသား ၁ ဦး စီးနင်းလိုက်ပါခြင်းများမပြုရဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့တွင် ဆိုင်ကယ် တစ်စီးဖြင့်လိုက်ပါစီးနင်းလာသော အမျိုးသား ၂ ဦးအား စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက “အခုသူတို့စနေပြီ၊ ပြီးခဲ့တဲ့အပါတ်က မြို့ထဲမှာ တရားဝင် ကြေညာတယ် လို့ပြောကြတယ်၊ ကလေးမြို့လိုမျိုးပေါ့၊ အမျိုးမျိုးရှုပ်တယ်။ ခရီးသွားတဲ့သူတွေတော့မသိဘူး၊ မြို့ထဲမှာတော့ အဲလိုပဲတဲ့၊ ပြီးခဲ့တဲ့ သောကြာလား အဲတုန်းကလဲ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား ၂ ယောက်ကို ပစ်ခတ်လိုက်တယ်၊ သေနတ်မမှန် လိုက်ဘူး ထင်တယ်၊ နောက်ကလိုက်ပါတဲ့သူကထွက်ပြေးသွားတယ်၊ မောင်းတဲ့လူကိုသူတို့ ရိုက်နှက်တယ်လို့ပြောကြတယ်။ “ ဟု ပြောသည်။ ဆိုင်ကယ်တစ်စီးတွင် အမျိုးသားတစ်ဦး နောက်၌အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီး ၂ ဦး ဆိုင်ကယ် တစ်စီးတွင် စီးနင်းနိုင်သည်ဟုသိရသည်။  Read ni full

၂၅။ နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ
 July 15, 2024

နာဂဒေသက နန်းယွန်းမြို့အဝင်တံတားကျိုးကျပြီး ရေထဲ‌မျောပါသွားတာကြောင့် မြို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်း လာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ် မှာရှိတဲ့ နန်းယွန်းမြို့ အဝင်တံတားဒေသအခေါ် (နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီး ရေကြီးရေလျှံမှု ကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။“မြို့အဝင်တံတား မရှိ တော့ သွားသွားလာလာဒေသခံတွေကော ခရီးသွားတဲ့သူတွေကော အခက်အခဲတော့ ဖြစ်တာပေါ့ အခုကဘယ်လိုလုပ်နေလဲ ဆို တော့ မြို့အဝင်အထွက်လုပ်တဲ့လူနဲ့ဆိုင်ကယ်တွေကိုတော့စက်လှေနဲ့ ကဲ့ပေးတယ် လူတစ်ယောက် ၅၀၀၀ ဆိုင်ကယ်တစ်စီး ၁၀၀၀၀ ကားတော့မရဘူး“လို့သူကပြောပါတယ်။ အဲဒီတံတားဟာ တိုင်းယောင်းချောင်းကူးတံတားဖြစ်ပြီး နန်းယွန်းမြို့နယ်၊ ပန်းဆောင်မြို့နယ်တွေအတွက် တနိုင်း၊ ရှင်ဗွေယန်ဘက်ကနေ ဝင်မယ့်ကုန်စည်တွေနဲ့ ခရီးသည်တွေအသုံးပြုရတဲ့ တစ်ခုတည်း သော တံတားဖြစ်လို့ ပြည်သူတွေအတွက် ပိုမိုခက်နေတာလို့သိရပါတယ်။

“တံတားပါသွားတာ  တစ်လနီးပါးရှိလာတော့မယ်။ ရေကလည်းမကျသေးဘူး ရေကြီးနေတုန်းဆိုတော့ တံတားလည်း ပြန်ဆောက်လို့မရသေးဘူး အခုက တနိုင်းဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကို စက်လှေနဲ့ကဲ့ပြီး နန်းယွန်းမြို့ထဲက ကားတွေနဲ့ သီးသန့်ပြန်လာ ကြိုရတာ“လို့ အထက်မှာ ဖော်ပြခဲ့တဲ့အမျိုးသားကပြောပါတယ်။ အခုလို လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲနေ တာကြောင့် လက်ရှိနန်းယွန်းမြို့မှာ အရင်ကဆန်တအိတ် ကျပ် ၉ သောင်း၊ ကျပ် တစ်သိန်းကနေ လက်ရှိ ကျပ် ၁၆၀၀၀၀၊ ဓာတ်ဆီ တစ်ဂါလံကျပ် တစ်သောင်းကျော်ကနေ လက်ရှိတစ်ဂါလံကျပ် သုံးသောင်းအထိ တက်နေပြီး အလားတူ အခြားအခြေခံ စားသောက်ကုန်စျေးနှုန်းတွေလည်းမြင့်နေနေတယ်လို့သိရပါတယ်။ နန်းယွန်းမြို့နယ်မှာ ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီး ရေလျှံမှုတွေကြောင့် လမ်းတံတားတွေ ပျက်စီးခဲ့တဲ့အပြင် ဓာတ်တိုင်တွေလည်းအများအပြားပျက်စီးခဲ့တာကြောင့် တစ်လနီးပါး ကြာ လျှပ်စစ်မီးပြတ်တောက်နေပြီး လျှပ်စစ်မီးပြန်ရဖို့ လနဲ့ချီကြာမြင့်နိုင်တယ်လို့သိရပါတယ်။ အလားတူ နန်းယွန်းမြို့နယ် အထက်ပိုင်းမှာရှိတဲ့ ပန်ဆောင်မြို့နယ်ထဲမှာလည်း ဒီလဆန်းပိုင်းက မိုးရွာသွန်းမှုကြောင့် နန်းယွန်း –ပန်ဆောင်ကားလမ်းပိုင်းမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ လမ်းပိုင်းပြတ်တောက်နေကြောင့် ဆိုင်ကယ်တစ်ခုတည်းသာ ခက်ခက်ခဲခဲ သွားလာနေရ တယ်လို့သိရပါတယ်။ Read ni full

၂၆။  ထားဝယ်တွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားလျက်ရှိ
 July 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိကျေးရွာများနှင့် မြို့ပေါ်ရှိဆေးရုံများတွင် ကလေးသူငယ်နှင့် လူငယ်များ အကြား ဝမ်းပျက်၊ ဝမ်းလျှောရောဂါပိုမို ဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်မှစပြီး မြို့ပေါ် ရပ်ကွက်အများစုတွင် ကလေးသူ ငယ်များနှင့် အသက် (၂၀) ဝန်းကျင်အရွယ် လူငယ်အများစု တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ယခုဇူလိုင်လပထမ ပတ်အတွင်း ဆေးကုသမှုလာရောက်ခံယူသူ သိသိ သာသာများ ပြားလာကြောင်း ထားဝယ်မြို့ခံ လူနာအမျိုးသမီးတစ်ဦးက ပြောသည်။“ဆေးရုံမှာဆို မိသားစုလိုက် ဖြစ်တာတွေရော။ အများစု ကတော့ ကလေးသူငယ်တွေမှာ ပိုပြီး အဖြစ်များတယ်။ လာရင် ကလေးနဲ့လူငယ်တွေပိုများတယ်။ တစ်ရက်ကို အနည်းဆုံး သုံးယောက်နဲ့ အထက်မှာ ရှိနေတယ်။ ပိုက်ဆံ တတ်နိုင်တဲ့ သူတွေကျတော့ ပုဂ္ဂလိက ဆေးရုံတွေကိုပဲ သွားကြတာများတယ်။”ဟု ပြောသည်။

အဆိုပါ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ မသန့်ရှင်းသည့် အစားအစာများ စားသောက်မိရာမှတစ်ဆင့် ဖြစ်ပွား ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်အများစုထက် အပြင်တွင် လှုပ်ရှား သွာလာနေရသည့် နှစ်ဆယ်ကျော်အရွယ်များတွင် ပိုမိုဖြစ်ပွားနေသော်လည်း အသက်အန္တရယ်သေဆုံသူ မရှိသေးကြောင်း ကျန်းမာရေးလုပ်အားပေးနေသူ အမျိုးသားတစ်ဦးက ဆို သည်။“လူတွေက အခုအဖြစ်များနေတဲ့ ဆန်ဆေးရည်လိုမျိုးဝမ်းသွားမှာကို စိုးရိမ်နေကြတာလည်းပါတယ်။ အသက်သေဆုံးတဲ့ သူတော့မရှိသေးပါဘူး၊ သိရသလောက်တော့။ ဒါပေမဲ့ ဝမ်းသွားတာများပြီး ရေဓာတ်ဆုံးရှုံးလို့ သတိလစ်တဲ့လူနာတွေတော့ ရှိလာ ပြီး။ ဂရုတော့စိုက်ရမှာပေါ့လေ။ တတ်နိုင် သလောက် အသန့်ရှင်းဆုံးနေတာ ကောင်းတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။ ထို့အပြင် ထားဝယ်မြို့နယ်အတွင်းရှိ အရှေ့တောနယ်ဒေသတွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်များတွင်လည်း ယခုမိုးရာသီ ကာလအတွင်း ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း အသက် သေဆုံးသူမရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။ Read ni full

၂၇။ ပျားစစ်ကြောင်းက ပြောက်ကျားစနစ်နဲ့ PNO ပြည်သူ့စစ်ကို တိုက်ခိုက်
 July 15, 2024
ရှမ်းကယားနယ်စပ်မှာ စစ်ရေးလှုပ်ရှားပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပျားစစ်ကြောင်း(Bees Column)က ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ PNO  လက်နက်ကိုင်အဖွဲ့ ပြောက်ကျားနည်းနဲ့ တိုက်လို့ PNO ၂ လောင်း ၂ လက်ရတယ်လို့ ကြေညာပါတယ်။ ဇူလိုင်လ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ညောင်ရွှေမြို့နယ်၊ နမ့်ဗွမ်ကျေးရွာ စစ်စခန်းကနေ ဆိုင်ကယ်စီးထွက်လာတဲ့ PNO ၂ ဦးကို ပျားစစ်ကြောင်းက ပြောက်ကျား ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့  ၂ လောင်း ၂ လက် ရတာ လို့ ဆိုပါတယ်။

“စစ်ကောင်စီနဲ့အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားနေလို့သာ ကျနော်တို့က တိုက်ခိုက်ရတာပါ၊ PNO ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ စစ်ကောင်စီနဲ့မပူးပေါင်းဘဲ ပြည်သူဘက်က PNO ကို ရပ်တည်ပေးစေချင်ပါတယ်၊ ပြည်သူဘက်က နိုင်နေပါပြီ၊ ဒီအခြေအနေမှာ ပြည်သူဘက်က မရပ်တည်ရင်ဘယ်သူနဲ့ရပ်တည်မှာလဲ”လို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပျားစစ်ကြောင်း တာဝန် ခံ ကိုလင်းက  ပြောပါတယ်။ လက်ရှိမှာ  PNO တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ နမ့်ဗွမ် ကျေးရွာမှာ စခန်းထိုင် အခြေပြု နေပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့သိရပါတယ်။ Read ni full

၂၈။ ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းအတွက် စစ်ကောင်စီက မြေများကို အဓမ္မဝယ်ယူ
 July 16, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)မှာ ကျောက်မီးသွေးဓာတ်အားပေးစက် ရုံတည်ဆောက်ရေး စီမံကိန်း အတွက် စစ်ကောင်စီက မြေတွေ အတင်းဓမ္မဝယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံ တည် ဆောက်ဖို့အတွက် ချောင်းဆုံမြို့နယ် ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာကြား ဒရယ်မြစ်ကမ်းအနီးမှာရှိတဲ့ ဓနိစိုက်ခင်းတွေကို စစ်ကောင်စီက ဈေးနည်းနည်းနဲ့အတင်းလိုက်ဝယ်ယူနေပြီး လက်ရှိမှာဓနိစိုက်ခင်းဧက ၅၀ လောက်ကိုဝယ်ယူထားပြီးလို့ ဒေသခံ တဦးကပြောပါတယ်။ “လာဝယ်တာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကော နောက်ပြီး ထွေအုပ်ဝန်ထမ်းတွေနဲ့ တခြားဝန် ထမ်း တွေလည်းပါတယ်။ သူတို့‌ပေးတဲ့ဈေးက တော်တော့်ကို နည်းနေတယ်ဆိုပေမဲ့ မရောင်းရင် သိမ်းမယ်ဆိုတဲ့ပုံစံနဲ့ပြောနေလို့ ရောင်းလိုက်ရတာ။ တကျပ်မှ မရမယ့်တူတူတော့ ရတဲ့ဈေးနဲ့ ရောင်းလိုက်ရတဲ့သဘောပဲ။ အားလုံးစုစုပေါင်း ဧက ၁၀၀ လောက် ထိဝယ်သွားမယ်လို့ ကြားတယ်။” စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက မြေဝယ်ယူရာမှာ ကျောက်မီးသွေး စက်ရုံတည်ဆောက်မယ်လို့ ပြောပြီးဝယ်ယူခဲ့တာမဟုတ်ဘဲ လမ်းသစ်ဖောက် လုပ်မယ်အတွက်ဆိုပြီး ဝယ်ယူခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းတို့ ဇွန် ၂၄ ရက်ကတွေ့ဆုံပြီးနောက် အခုလိုက်ဝယ်နေတဲ့ မြေတွေပေါ်မှာ ကျောက်မီးသွေးဓာတ်အား‌ပေးစက်ရုံ တည်ဆောက်သွား မယ်လို့ မွန်ဝန်ကြီးချုပ်ဘက်က ထုတ်ပြန်မှသာ  ဒေသခံပြည်သူတွေအနေနဲ့ သိခဲ့ရတာပါ။ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံစီမံကိန်းမြေ နေရာအများစုမှာ ဒီရေတောတွေဖြစ်တဲ့အပြင် စက်ရုံတည် ဆောက်ပြီးပါက စက်ရုံကထွက်လာတဲ့ အညစ်အကြေးတွေနဲ့ အမှုန်အမွားတွေ‌ကြောင့် ဘီလူးကျွန်းရဲ့သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေနဲ့ ရေသယံဇာတာများပျက်စီးမှာနဲ့ ကျန်းမာရေးထိခိုက်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒေသခံအများစုဟာ ကျောက်မီးသွေးစက်ရုံတည်‌ဆောက်မယ့်စီမံကိန်းကို မကြိုက်ကြပေမဲ့ စစ်ကောင်စီလက်ထပ်မှာ ကန့်ကွက်ဖို့လည်း အခက်အခဲ ရှိနေတယ်လို့ ဒေသခံ‌တဦးကပြောပါတယ်။ Read ni full

၂၉။ ရေဘေးသင့်ခဲ့တဲ့ မလိယန်ကျေးရွာမှာ လူနေအိမ် ၅၀ ကျော်ပျက်စီး
 July 15, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ဆုံဒေသဖြစ်တဲ့ မလိယန်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ မလိယန်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့ နယ်တွေမှာ ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ပြည်သူတွေရေဘေးသင့်ခဲ့ပြီး မြစ်ကမ်းနံဘေးမှာရှိတဲ့ မလိယန် ကျေးရွာဟာလည်း ရွာရဲ့ သုံးပုံနှစ်ပုံကျော် ရေဖုံးလွှမ်းသွားတာဘဲဖြစ်ပါတယ်။ ဒေသခံတွေပြောတာကတော့ ဧရာဝတီမြစ်ရေ တွေဖုံးလွှမ်းခဲ့တဲ့ နေရာတွေမှာ ရေစီးအလွန်သန်တဲ့အတွက် အိမ်တွေမျှောပါသွားတာရှိသလို ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၅၀ ကျော်ရှိတယ်လို့ မလိယန်ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။“အရင်ကတည်းကနေ ဒီမြစ်က ရေစီးသန်နေတဲ့ထဲ မှာမှ ရွာအထက်ဘက်မှာရွှေတူးလိုက်တော့ ရွာကိုအကာအကွယ်ပေးနိုင်တဲ့ မြစ်ဘေးနားက သစ်ပင်တွေလည်း အကုန်လှဲပြိုပြီးပါ သွားပြီး ရွာအထက်ပိုင်းမှာ ပိုဆိုးသွားတာဟုတ်တယ်”လို့ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၅၀ ကျော်ထဲမှာ မီးဖိုချောင်ပျက်စီး အိမ်နံရံတွေအက်ပြီး ကွာသွားတဲ့အိမ်တွေနဲ့ အိမ်ခေါင် မိုး တွေပြုတ်ထွက်သွားတဲ့အိမ် အိမ်ခြေ ၂၀ ကနေ ၃၀ ကြားရှိပြီး ရေထဲမျှောပါသွားတာကတော့ အိမ်ခြေ ၆ အိမ်လောက်ရှိတယ် လို့ဆိုပါတယ်။ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မလိယန်ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် ဒေသခံတွေ မွေးမြူထားတဲ့ ကြက်၊နွား တိရစ္ဆာန်တွေလည်း ရေစီးနဲ့အတူမျှောပါသေဆုံးသွားခဲ့တယ်လို့ မလိယန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။“ရေကြီးတာနဲ့ပက်သက်ပြီး လိုင်းပေါ်မှာ သတိပေးထားတာတွေတော့တွေ့ပေမယ့်လည်း ဒီလောက်ထိဆိုးလာ မယ်လို့ မထင်ခဲ့ဘူးပေါ့ နောက်တော့မှ ကွန်ကရစ်လမ်းတွေပေါ် စက်လှေကြီးတွေနဲ့ သွားရတဲ့အထိဘဲ”လို့ ဆိုပါတယ်။ ခုလို နေအိမ်တွေနဲ့ စိုက်ပျိုးမွေးမြူထားတဲ့ အသီးအနှံ၊ တိရစ္ဆာန်တွေ ဆုံးရှုံးထားတဲံ ဒေသခံတွေဟာ အစားသောက်ကူညီတွေ လိုအပ် နေသလို တစ်ဖက်မှာလည်း နေအိမ်မရှိတော့တဲ့သူတွေအတွက် သက်ဆိုင်တဲ့ အစိုးရတွေအနေနဲ့ ကူညီဖြေဖရှင်းပေးဖို့ကိုလည်း ဒေသခံတွေ လိုလားနေတာလည်းဖြစ်ပါတယ်။ Read ni full

၃၀။ စစ်ရေးတင်းမာနေတဲ့ SSPP/SSA နဲ့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေတယ်လို့ TNLA ပြော
 July 16, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေတဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့တာ ပြေလည်မှုရရှိခဲ့တယ်လို့ TNLA ပြောရေး ဆိုခွင့်ရှိသူ လွေးယေးဦးက ပြောပါတယ်။ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံ ရေး ဆွေးနွေးရေးကော်မတီ (FPNCC) က စစ်ရေးတင်းမာနေတဲ့ နှစ်ဖက်အဖွဲ့အစည်းကို ကြားဝင်ဖြေရှင်းပေးခဲ့တာလည်း ဖြစ်ပါ တယ်။ နှစ်ဖက်တွေ့ဆုံမှုကို UWSA ဌာနချုပ် ရုံးစိုက်ရာ ပန်ဆန်းမြို့မှာ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။“FPNCC က ကျွန်မ တို့ TNLA နဲ့ SSPP ကို ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဖက်ကတော့ ပြေလည် သွားတယ်။ ကျွန်မတို့ လက်ရှိဖြစ်ပွားနေတဲ့ ထိတွေ့မှုတွေ နောက်နောင်မဖြစ်အောင်လို့ နှစ်ဖက်က သဘောတူထားတယ်။ နောက်ပြီးတော့ ရှေ့ဆက်ပြီးတော့လည်း ဒီလိုမျိုး တိုက်ပွဲဖြစ်ပွားမှုတွေ နည်းသွားမှာဖြစ်ပြီးတော့ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံခဲ့တဲ့ နှစ်ဖက်တွေ့ဆုံမှုကို TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက် ခဲ့သလို SSPP/SSA ဘက်ကလည်း ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး စပ်ခွန်စိုင်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနားမှာ PSLF/TNLA က ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦးအပါအဝင် တပ်ရင်းမှူးနဲ့ ရဲဘော် ၃ ဦးကို SSPP/SSA က ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီနေရာမှာပဲ ကျဆုံးခဲ့ရတယ်လို့ TNLA က ဖော်ပြထားပြီး SSPP/SSA ကလည်း ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာ၊ နောင်ပိန်ကျေးရွာနဲ့ သီပေါမြို့နယ် ကြံခင်းကျေးရွာ နေရာသုံးခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အတွင်း TNLA ရဲ့ ပစ်ခတ်မှုကြောင့် SSPP/SSA ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ SSPP Info ကတဆင့် ထုတ်ပြန်ထားပါတယ်။ Read ni full

၃၁။ စစ်ရှောင်စခန်းမှာ အိမ်တွင်းစီးပွားအတွက် လက်မှုပညာ အခမဲ့ သင်တန်းဖွင့်ပေး
 July 16, 2024
 ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်လူငယ်တွေအတွက် အထောက် အကူဖြစ်စေမယ့် လက်မှုပညာအခမဲ့သင်တန်းကို ဖွင့်လှစ်ပေးဖို့ရှိနေပါတယ်။ ဝင်ငွေရအလုပ်အကိုင်မရှိတဲ့ စစ်ဘေးရှောင်တွေ အ တွက်အိမ်တွင်းစီးပွားအဖြစ်လုပ်ကိုင်သွားနိုင်တဲ့အထိရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့သင်တန်းဖွင့်လှစ်မယ့် မသန္တာအောင် က အခုလို ပြောပါတယ်။“သူတို့အတွက် သင်ပေးတဲ့ ဒီလိုမျိုးသင်တန်းလေးတွေ ရှိတယ်ဆိုရင်ဘယ်လိုဖြစ်ဖြစ် ဒီဖက်မှာသာ သူတို့ ကြိုးစားသင်ယူမယ်ဆိုရင် ဘဝအတွက် အထောက်အကူတစ်ခုပဲဖြစ်မှာပေါ့နော်။ ဆရာမတော့ အဲ့လိုမျိုးစိတ်ကူးတယ်။ တွေးတယ်။အဲ့လိုရည်ရွယ်ထားတယ်ပေါ့။ အဲ့ဒီရဲ့ နောက်ဆက်တွဲမှာဆိုရင် အိမ်တွင်းစီးပွားရေးအနေနဲ့ပါ ဆက်ပြီး လုပ်သွားလို့ရ တယ်ဆိုတဲ့အကြောင်းပါ ပြောချင်ပါတယ်။ ”လို့ မသန္တာအောင်က ဆိုပါတယ်။

သင်တန်းမှာ ချည်ထိုးတာ၊ စက်ချုပ်တာ၊ ခဲပန်းချီဆွဲတာ၊ စက္ကူခေါက်တာ စတဲ့ လက်မှုပညာလေးတွေကို သင်ကြားပေး သွားမှာဖြစ်ပြီး သင်တန်းဦးရေ အကန့်အသတ်မရှိဘဲ အသက်အရွယ်အားဖြင့် ၁၅ နှစ် နဲ့ အထက် ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ သင်တန်းကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ ၂လကြာမြှင့်မှာ ဖြစ်ပါတယ်။ လက်မှု ပညာကို စစ်ရှောင်စခန်းတွေမှာ ယခင်က သွားရောက်သင်ကြားပေးတာရှိခဲ့ပြီး လက်ရှိမှာတော့ သင်တန်းအနေနဲ့ အခမဲ့ ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။ Read ni full

၃၂။ စစ်ကောင်စီဖိတ်ခေါ်နေပေမယ့် CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့မရှိ
 July 16, 2024
 အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အမည်မည်းစာရင်း Black List သွင်းခံထားရတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ စစ်ကောင်စီ ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိဘူးလို့ CDM ဝန်ထမ်းတွေက တုံ့ပြန်လိုက် ပါတယ်။ အာဏာဖီဆန်မှုကြောင့် အမည်မည်းစာရင်းပါဝင်တဲ့ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်စွန့်ခွာရတဲ့ အကြောင်းခြင်းရာ တွေအပေါ်မူတည်ပြီး ပယ်ဖျက်ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီက ဇူ လိုင် ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။ လုပ်ငန်း ခွင် ပြန်လည်ဝင်ရောက်လိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို ဇူလိုင် ၁၅ ရက်နေ့ ကစပြီး သတင်းပေးပို့ရာမှာ ဖြစ်ပါတယ်။ CDM ဝန်ထမ်းတစ်ဦးက စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုဟာ သူတို့ ဝန်ထမ်းယန္တရားလည်ပတ်ဖို့ အခက်အခဲကြီးမားနေတာကြောင့်ဖြစ်ပြီး CDM ဝန်ထမ်းတွေကတော့ လုပ်ငန်းခွင်ပြန်ဝင်မှာမဟုတ် ဘူးလို့ပြောပါတယ်။“တကယ်တော့ CDM တွေကို တစ်မျိုးမဟုတ်တစ်မျိုး သူက Black lists နဲ့ ညှိအောင်တော့ လုပ်ကြတာကြီးပါပဲ။ ဆိုတော့ သူ့ဘက်က တော်တော်ကြီးကို လည် ပတ်လို့ အဆင်မပြေဘူးပေါ့။ အခုကျောင်းတွေမှာလည်း ကျွန်တော်တို့ ကြားနေရတဲ့ပုံစံဆို အခြေအနေတော်တော် မကောင်းဘူး။ ဟန်ပြကလေးတွေကို တက်ဖို့ပဲလုပ်ပေးနိုင်တာ။ တကယ့်တကယ် ပုံမှန်အခြေအနေကို ပြန်မလည်ပတ်နိုင်ဘူး။ အဲဒီလိုမျိုးဖြစ် နေတာဆိုတဲ့အခါကျတော့ သူကရလိုရငြားခေါ်ကြည့်တဲ့ သဘောပဲလို့ ထင်ပါတယ်။ ဘယ်သူကမှ ရင်ခုန်ပြီးတော့ ပြန်ပြီးတော့ သွားချင်ပါတယ်လို့ကို မကြားနေတာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက CDM ဝန်ထမ်းတွေကို အမျိုးမျိုးစာထုတ်ပြီး ပြန်ခေါ်တာ၊ ခြိမ်း ခြောက်ပြန်ခေါ်တာတွေအပြင် ဖမ်းဆီးနှိပ်စက်ပြီး ခံဝန်ထိုးခိုင်ကာ ပြန်ခေါ်တာတွေရှိပေမယ့် လက်ရှိအချိန်အထိ CDM ဝန်ထမ်း အများအပြားရှိနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ CDM ဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီရဲ့ ဝန်ထမ်းယန္တရား လည်ပတ်တဲ့နေရာမှာ ကျွမ်းကျင်ဝန်ထမ်းတွေမရှိတာကြောင့် အခုလိုပြန်ခေါ်တာဖြစ်သလို စစ်ကောင်စီကို အယုံအကြည်မရှိတာ ကြောင့် သူတို့ ပြန်ခေါ်တဲ့ အပေါ် စိတ်မဝင်စားဘူးလို့ တုံ့ပြန်ပါတယ်။“သူတို့လည်ပတ်ရတာ ဆရာဝန်တွေမှာဖြစ်ဖြစ်၊ ဆရာမ တွေမှာဖြစ်ဖြစ်၊ ဒီအုပ်ချုပ်ရေးမှာရော ကျွမ်းကျင်တဲ့လူတွေ တော်တော်များများက အပြင်ကိုထွက်သွားကြတယ်။ CDM လုပ်သွား ကြတယ်ဆိုတော့ သူတို့မှာလည်း လည်ပတ်ရတာခက်တယ်။ တကယ့်ကို တတ်သိပညာရှင်တွေလည်း ရှားပါးသွားတာပေါ့နော်။ အခုက အဖက်ဖက်က  ချွတ်ခြုံကျနေပြီး ဆိုတော့လေ။ ဘယ်သူမှတော့ စိတ်မဝင်စားတော့ပါဘူး။ အဲဒီကိစ္စကို အယုံအကြည် လည်း မရှိဘူးပေါ့နော်”လို့ ဆိုပါတယ်။ Read ni full

၃၃။ စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထား၍ မာန်အောင်ဒေသခံများ စားဝတ်နေရေးထိခိုက်
 July 15, 2024

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ထားသဖြင့် ဒေသခံ များမှာ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရေလုပ်သားများက ပြောကြသည်။ ပင်လယ်ပြင်ငါးဖမ်းခွင့်ကို ၂၀၂၃ ခုနှစ်၊ ရခိုင်တိုက်ပွဲစတင်ချိန်ကပင် ပိတ်ပင်ထားခြင်းဖြစ်ပြီး ဒေသခံအများစုမှာ ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းစာရှာဖွေ ကြသော်လည်း မိသားစုစားဝတ်နေရေးအတွက်အဆင်မပြေကြောင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။“နေ့တိုင်း အလုပ်လုပ်ရင်တောင် ကုန်ဈေးနှုန်းတက်တာနဲ့ လိုက်မမီတဲ့ခေတ်ကြီးမှာ ကျနော်တို့လို ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်သွား တော့ မိသားစုဝမ်းရေးက ပိုပြီးခက်ခဲသွားတာပေါ့” ဟု ၎င်းက ပြောသည်။ မာန်အောင်ဒေသသည် ရခိုင်ကမ်းရိုးတန်းအလွန်၊ ဘင်္ဂလားအော်အတွင်း ရောက်နေသော မာန်အောင်ကျွန်းပေါ်တွင်တည်ရှိပြီး ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းဖြင့်သာ မာန်အောင်သို့သွားနိုင်သည်။ ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တခြားလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။

စစ်ကောင်စီက ရေလမ်းကြောင်းသွားလာခွင့် ပိတ်ထားသဖြင့် မာန်အောင်ကျွန်းတွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းလည်း တဟုန်ထိုးတက်နေသည်။ မာန်အောင်ဒေသခံတစ်ဦးက “စီးပွားဖြစ်ဖမ်းတာ မဟုတ်သေး ဘူး။ စားသောက်ကုန်တွေ ဈေးတက်နေလို့ မိသားစုတစ်စားစာအတွက် အနီးအနားမှာ ငါးဖမ်းသွားရင်တောင် စစ်ကောင်စီက စက်လှေတစ်စီးကို သုံးသောင်းစီ တောင်းတယ် ” ဟုပြောသည်။ ငါးဖမ်းစက်လှေများ ရပ်နားထားရမှု အချိန်ကြာလာသည်နှင့် အမျှ ရေလုပ်ငန်းအပေါ် အဓိကမှီခိုနေရသူများ၏ နေ့စဉ်လူမှုဘဝမှာ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေရသည်။ ငါးဖမ်းလှေတွင် အငှားလိုက်သူ ရေလုပ်သားတစ်ဦးက “ငါးဖမ်းစက်လှေတွေ မထွက်ရလို့ရှိရင် ကျနော်တို့မှာလည်း အလုပ်မရှိတော့ဘူး။ အခုဆို ရင် အငတ်ဘေးဆိုက်မယ့် အခြေအနေဖြစ်နေပြီ” ဟု ပြောသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button