တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 56, July 12, 2024)

၁။  လောင်းလုံးမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး
 July 11, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ဇူလိုင် ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ လောင်းလုံးမြို့ကနေ စစ်ကြောင်းထွက်လာတဲ့အင်အား ၃၀ ဝန်း ကျင်ပါတဲ့ စစ်ကောင်စီ တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သဗျာကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီနောက် စစ်ကောင်စီတပ်ဟာ သဗျာကျေးရွာထဲ ဝင်ရောက်လာပြီး ဘုန်ကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်က အရပ်သားပြည်သူတွေကို ရိုက်နှက်စစ်ဆေးနေချိန် ဗုံးခိုကျင်းမှ ထွက်လာတဲ့ အမျိုးသမီးငယ်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မသက်ထားခိုင် ခေါ် ဝိုင်းလေးဆိုသူမှာ လက်မောင်းဆုံကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်ဘက်နဲ့ စစ်ဘက်ကို သေသေချာချာ ခွဲခြားကြဖို့နဲ့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေမှာ တိုက်ပွဲမဖော်ကြဖို့ တိုက်တွန်းတာပါ။ ဒါပေမယ့် အခုဖြစ်စဉ်ဟာ စစ်ကောင်စီတပ်က မဆင်မခြင် ပစ်ခတ်ပြီး အရပ်သားပြည်သူအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမြောက်ပြီး စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေအာလုံး တာဝန်ခံရမယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန် ထားပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သဗျာကျေးရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မနေ့က ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် က အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် သာယာ ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ Read ni full

၂။ ရှမ်းမြောက်ပဋိပက္ခများ တန်ယန်းဘက်သို့ ကူးမလာရန် စစ်ကောင်စီနှင့်ညှိနှိုင်းပြီး ကာကွယ်ခြင်းဖြစ်ဟု UWSA ပြော
 July 11, 2024
တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီး တန့်ယန်းမြို့ကို UWSA တပ်အင်အား ထောင် နှင့် ချီ ရောက်ရှိနေပြီး ရှမ်းမြောက်ကပဋိပက္ခများ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးမှ သိရသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် UWSA တပ်များသည် တန့်ယန်းမြို့ရှိ ဒေသခံများ၊ UWSA မိသားစုများ၏ တောင်းဆိုချက်အရ အင်အား(၂၀၀၀)ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ လားရှိုးနှင့် (၈၆)မိုင်ခန့်ဝေးသည့် တန့်ယန်းမြို့အတွင်းသို့ စစ်ကောင်စီနှင့်ညှိနှိုင်းကာ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။“ကျယ်ပြန့် လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေကြတဲ့ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ရဲ့ ဘက်မလိုက် မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမှာမဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက် ဘက်အတွက်လည်း အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။”ဟု UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောသည်။

တန့်ယန်းမြို့သို့ ဝင်ရောက်လာသည့် USWA တပ်များမှာ ထိုင်းနယ်စပ် အမှတ် (၁၇၁)စစ်ဒေသမှ အင်အား (၁၅၀၀) ကျော်နှင့် တပ်မဟာ(၃၁၈)မှ အင်အား (၅၀၀)ကျော်တို့ဖြစ်ကြောင်း သတင်းများထွက်နေသော်လည်း UWSA ဘက်က သီးခြား အတည်မပြုသည့်အပြင် လားရှိုးဘက်သို့ ဆက်လက်ချီတက်နေသည်ဆိုသော သတင်းကိုမူ အတည်ပြုပေးခြင်းမရှိပါ။ ပြီးခဲ့သည့် ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များသည် ဟိုပန်မြို့နှင့် ပန်လုံမြို့ကို တိုက်ခိုက်သိမ်း ပိုက်ပြီး USWA ထံလွှဲအပ်ခဲ့ရာ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် UWSA က ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ် လက်ခံရယူခဲ့သည်။ Read ni full

၃။ မင်းတပ်မြို့ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်
 July 11, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ဒေသခံများထံက သိရသည်။ ဇူလိုင်လ ၁၀ ရက် နေ့လည် ၁၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဂျက်ဖိုက်တာ သုံးစီးနှင့် လေကြောင်းတိုက်ခိုက်မူ ရှစ်ကြိမ်ပြုလုပ်ကာ ဗုံးအလုံးရေ ၁၆ လုံးဖြင့်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ အလားတူ မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ ညနေ ၂ နာရီ ၃၀ မိနစ်ဝန်းကျင် တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်သောကြောင့် အရပ်သားများ ထိခိုက်မှုမရှိသော်လည်း စစ်ဘေးရှောင် နေအိမ် အချို့ ပျက်စီးသွားကြောင်းသိရသည်။
“နေ့လည်က လေကြောင်း တိုက်ခိုက်တာလည်း မင်းတပ်မြို့အနောက်ဘက်ခြမ်း၊ ညနေပိုင်းမှာလည်း လက်နက်ကြီး ငါး လုံးထပ်ပစ်တယ်။ လေကြောင်းတိုက်ခိုက်လို့ ထိခိုက်မှုမရှိပေမယ့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နေအိမ်တချို့ပျက်စီးသွား ပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ယခုရက်ပိုင်းစစ်ကောင်စီတပ်မှ မင်းတပ်မြို့အနီးအနားရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက်ကြရန် ၎င်းက တိုက်တွန်းထားသည်။ ဇူလိုင်လ ၈ ရက်ကလည်း တိုက်နယ် ၃ ဘက်ရှိ မွီတွီကျေးရွာ ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ Read ni full
၄။ ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ယူဆရသူများက ဝိုင်းမော်မြို့တွင် အမျိုးသားနှစ်ဦးကို သတ်ဖြတ်
  July 11, 2024
ရှမ်းနီတရားစီရင်ရေးအဖွဲ့ဟု ယူဆရသူများက သတ်ဖြတ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဝိုင်းမော် မြို့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဝိုင်းမော်မြို့ရပ်ကွက် (၁)ရှိ ပန်းခြံလှေကားအနီးတွင် တစ်လောင်းနှင့် ရပ်ကွက် (၃) လမ်းမ ကြီးပေါ်တွင် တစ်လောင်းတွေ့ရှိခဲ့ပြီး Shan Ni Judiciary (ရှမ်းနီတရားစီရင်ရေးအဖွဲ့) စာသားပါကတ်ပြားလည်း တင်ထားသည် ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။“ဘယ်ကကောင်သေတာလဲတော့ မသိသေးဘူးပေါ့။ မနေ့ညကတည်းကသတ်ထား တယ်ထင်တယ်။ ဘယ်အချိန်သတ်ခံရလည်းတော့ ဘယ်သူမှမသိဘူးလေနော်။ အလောင်းကဒီမနက်မှသိရတယ်” ဟုပြောသည်။ သတ်ဖြတ်ခံထားရသူတစ်ဦးမှာ လည်ပင်းတွင်အပေါက်ငယ်တစ်ခုရှိနေပြီး ထိုးကြိတ်ခံထားရသောဒဏ်ရာများလည်း ရရှိထားကာ ကျန်တစ်ဦးမှာ လည်ပင်လှီးဖြတ်ခံထားရကြောင်း သိရသည်။

အဆိုပါသတ်ဖြတ်ခံထားရသည့်အမျိုးသားနှစ်ဦး၏ ရင်ဘတ်ပေါ်တွင် Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေး အဖွဲ့) ဟု စာဖြင့်ရေးသည့်ကတ်ပြားတင်ထားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။“တစ်ယောက်က လည်ပင်းတည့်တည့်မှာ အပေါက်ဟုတ်တယ်။ တစ်ယောက်ကတော့ လည်ပင်းမှာလှီးထားတယ်။ ရှမ်းနီတရားစီရင်ရေးဆိုပြီး တော့ ကပ်ပြားနဲ့ရေးပြီးတော့လုပ်ထားတယ်။ ရင်ဘတ်ပေါ်မှာ တင်ထားတယ်။ ရပ်ကွက် ၃ မှာတစ်လောင်း ရပ်ကွက် ၁ မှာ တစ်လောင်းမှာဟုတ်တယ်” ဟုပြောသည်။ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများမှာ အသက် ၃၀ ခန့်အရွယ်အမျိုးသား နှစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပါ။ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ရပ်ကွက် နှစ်ခု တွင် လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းတွင် Shan Ni Judiciary – SNJ (ရှမ်းနီ တရားစီရင်ရေးအဖွဲ့) ဟု စာသားပါကတ်ပြားတင်ထားသည်ကို တွေ့ရှိခဲ့ရသည်။ Read ni full

၅။ လူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ဖို့ ကရင်နီလူမှုသိပ္ပံကောလိပ်အတန်းရဲ့ အပတ်စဥ်(၂) အတွက် သင်တန်းသား  ခေါ်ယူ
 July 11, 2024
ကရင်နီပြည်မှာရှိတဲ့ လူငယ်တွေ တော်လှန်ရေးကာလအတွင်းမှာ အဆင့်မြင့်ပညာရေးအခွင့်အလမ်းကို လက်လှမ်းမှီနိုင် ဖို့ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုသိပ္ပံဒီပလိုမာအတန်းရဲ့ အပတ်စဉ် (၂) အတွက် သင်တန်းသားတွေကို ခေါ်ယူနေပါတယ်။ တော် လှန်ရေးကာလအတွင်း နဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာပါ မြေပြင် လိုအပ်ချက်တွေမှာ ပါဝင်ကူညီဖြည့် ဆည်းနိုင်ဖို့ ရည် ရွယ်ပြီး အခုလို အဆင့်မြင့်ပညာရေး အစီစဥ်ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာ ခင်စန္ဒာညွှန့် က ပြောပါတယ်။“ဒီလိုပြုလုပ်ခြင်းအားဖြင့်လည်း လက်ရှိကရင်နီပြည်ရဲ့ လက်ရှိတော်လှန်ရေးကာလ မြေပြင်မှာလူ့အစွမ်းအား အရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆသလို ဒီတော်လှန်ရေးကာလအလွန်မှာလည်းပေါ့နော် ပြန်လည် တည် ဆောက်ရေးကာလမှာလည်း ဦးဆောင်ပါဝင်နိုင်မည့် လုပ်နိုင်မည့်လူငယ်တွေအဖြစ် ဒီလူ့စွမ်းအားအရင်းအမြစ်လို အပ်ချက် ကို အခုကတည်းက စတင်ဖြည့်ဆည်းဖို့ ကြိုးစားတဲ့အရာလည်းဖြစ်ပါတယ်။”လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာက ဆို ပါတယ်။

သင်ကြားရေးကာလ ၁၈ လထဲမှာတော့ Foundation Course ၆ လ အနေနဲ့ Academic English ၊ Introduction to Computers and Office Soft wares ၊ Digital Literacy ၊ Introduction to Social Science ၊ Introduction to Political Science ၊ Introduction to Anthropology ၊ Introduction to Research ၊ Environmental Studies ၊ Karenni History စတဲ့ ဘာသာရပ်တွေ သင်ကြားသွားမှာဖြစ်ပါတယ်။ ၁ နှစ်ကြာမြင့်မည့် Intensive Course မှာတော့  Community Development ၊ Local Economy and Social Enterprise ၊ Media and Journalism ၊ Political Science ၊ Gender Studies စတဲ့ မေဂျာအလိုက် သင်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ ပညာရေးအစီအစဥ်ကို လျှောက်ထားလိုသူတွေထဲ တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လျှောက်ထားနိုင်ဖို့ကိုလည်း ဖိတ်ခေါ်တယ်လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ရဲ့ ဒါရိုက်တာက အခုလို ဆက်ပြောပါတယ်။“လျှောက်လို့ ရတဲ့ ဒီထဲမှာ ကျမတို့ တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေပေါ့နော်။ပညာဆက်သင်ဖို့ စိတ်အားထက်သန်တယ် ၁၈ လ အချိန်လည်းပေးနိုင်တယ် ဆိုရင် ကျမတို့ ဒီတော်လှန်ရေးရဲဘော်တွေအတွက် ကျမတို့ နေရာသီးသန့်ဖယ်ထားတာရှိပါတယ် အဲ့လိုဆိုတော့ လျှောက်ထား ကြဖို့လည်း ဖိတ်ခေါ်ပါတယ်”လို့ သူကဆိုပါတယ်။ အဆိုပါ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းဟာ နွေဦးဂုရုပညာရေးစင်တာ လက်အောက်ကနေ ဖွင့်လှစ်ထားတဲ့  ကရင်နီလူမှုသိပ္ပံဒီပလိုမာကနေ ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ ကောလိပ် ဖြစ်ပါတယ်။ Read ni full

၆။  လားရှိုးမြို့ထဲ ကျန်နေသူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအကူအညီလိုအပ်ရင် FYO ကိုဆက်သွယ်နိုင်
 July 11, 204
 တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲမှာ ကျန်ခဲ့တဲ့ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအကူ အညီလိုအပ်လာရင် လားရှိုးမြို့မှာရှိတဲ့ လွတ်လပ်သော လူငယ်များအဖွဲ့ (FYO)ကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လားရှိုးမြို့ မန်ဆူဟိုတယ်အနောက်ဘက်ရှိ ဆောက်လက်စတိုက်မှာ စစ်ရှောင် ၈ ရာကျော်နဲ့ ရပ်ကွက် ၇ ရှိ တိုက်စိမ်းမှာ စစ်ရှောင် ၁ ထောင်ကျော် စုစုပေါင်း ၂ ထောင်နီးပါးကို လက်ခံထားပြီး နောက်ထပ်ရှောင်လာတဲ့ စစ်ရှောင်တွေ ကိုလည်း လက်ခံနေတယ်လို့ FYO အဖွဲ့ ဥက္ကဌ ကိုစိုင်းလျန်းက ပြောပါတယ်။ “မန်ဆူ ဟိုတယ်နောက်မှာကျတော့ ကျနော်တို့ နေစရာပေးတယ်။ ကျနော်တို့ တိုက်စိမ်းမှာကျတော့ နေစရာကောပေးတယ်။ စားစရာကော စီစဥ်ပေးတယ်။ အဲမှာ ဝိုင်းကူဝိုင်း ချက်ပြီးတော့ စားစရာပါစီစဥ်ပေးတယ်ဗျ” ဒါ့အပြင် အိမ်ထဲမှာနေပြီး စားစရာမရှိတော့ရင်လည်း FYO ကိုဆက်သွယ်အကူအညီ တောင်းနိုင်ပြီး FYO က အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နဲ့ ဆီ၊ ဆားတွေကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးတာတွေလည်း ရှိတယ်လို့ ကိုစိုင်းလျန်းက ဆက်ပြောပါတယ်။
“လောလောဆယ်တော့ ကျနော်တို့ မြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေပေါ့နော်။ ပြီးတော့ မြို့ထဲကနေ မြို့ထဲကိုပြန်ရှောင်တဲ့ စစ်ရှောင်တွေ၊ ပြီးတော့ ဒီလက်လုပ်လက်စားသမားတွေက အလုပ်ရပ်ထားတော့ စားနပ်ရိက္ခါတွေ လုံးဝပျက်လပ်နေတဲ့အချိန်မှာ ကျနော်တို့ အိမ်တိုင်ရာရောက်သွားပြီးမှ ကူညီပေးတယ်ပေါ့နော်” မိမိတို့နေထိုင်တဲ့နေရာ မလုံခြုံလို့ မန်ဆူဟိုတယ်အနောက် ဘက်က တိုက်နဲ့ တိုက်စိမ်းကို စစ်ရှောင်လာတဲ့ ဒေသခံတွေအနေနဲ့ ကိုယ့်ရဲ့ စောင်နဲ့ အိပ်ယာခင်းတွေ ယူလာရမှာဖြစ်ပြီး လာဖို့ အခက်အခဲရှိရင် FYO က ကားနဲ့အိမ်တိုင်ရာရောက် လာကြိုပေးတယ်လို့လည်း ဆိုပါတယ်။ အကူအညီလိုအပ်နေသူတွေအနေနဲ့ FYO ရဲ့ Page messenger ကနေသော်လည်းကောင်း FYO ရဲ့ ဥက္ကဌ ကိုစိုင်းလျန်း ဖုန်း- 09 693 701 115 နဲ့ 09 263 239 412 တို့ကိုလည်း ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။ Read ni full

၇။ သံတွဲမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
 July 11, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဆိပ်ရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံ တွေ က ပြောပါတယ်။ လက်နက်ကြီးကျည်တစ်လုံးဟာ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“လက်နက်ကြီးကျည် သုံး လေးလုံးကျတာ။ တစ်လုံးကတော့ နေအိမ်ပေါ် တည့်တည့်ကျတာပေါ့။ အဲဒီမှာ တစ်ယောက် သေသွားတယ်။ သုံးယောက်က ဒဏ်ရာရတယ်။ သံတွဲမြို့နားက တောင်ပေါ်နဲ့ အကျဉ်းထောင်နားမှာ စစ်ကောင်စီတပ်က စခန်းချထားတာရှိတယ်။ အဲဒီကနေ လှမ်းပစ်တာပါ” ကျောက်ဆိပ်ရွာဟာ အိမ်ခြေ နှစ်ရာခန့်ရှိပြီး သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်ခန့်အကွာမှာ တည်ရှိတာပါ။ အဲဒီရွာက ဒေသခံတချို့ ဘေးလွတ်ရာကို ထွက် ပြေးနေကြပြီး တချို့ကလည်းရွာထဲမှာပဲ ဆက်လက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သံတွဲမြို့ပေါ်မှာ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရခဲ့ ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၅၆၆ တပ်ရင်း အပါအဝင် သံတွဲလေဆိပ်နဲ့ စစ်ကောင်စီ တပ်စခန်း တချို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပါတယ်။ ကျန်ရှိနေတဲ့ ခလရ-၅၅ တပ်ရင်းကိုလည်း AA က ထိုးစစ် ဆင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ Read ni full

၈။ ပုလောတိုက်ပွဲမှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ် ၂ ဦး ဖမ်းဆီးရမိ
 July 11, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ၅ မိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ် ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်နဲ့ ၅ မိုင်ကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အမှတ် ၂၈၅ ခြေမြန်တပ်ရင်း ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဇူလိုင် ၁၀ ရက်နေ့ နေလည် ၁၂ နာရီအချိန်ခန့်မှာ ဝိုင်းရံ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အချိန် ငါးနာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးသက်ထွန်းအောင် အပါအဝင်  ၅ ဦးသေဆုံးခဲ့ပြီး တပ်ကြပ် ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA-7 ၆၀ မမစိန်ပြောင်း ၁ လက်၊ MA-1 ၁ လက်၊MA-2 ၂ လက်၊ MA-3 ၃ လက်နဲ့ MA-5 ပစ္စတို ၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ နှစ်ဖက် တိုက်ပွဲအတွင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ကြပ် ၂ ဦးကိုတော့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ် ဆောင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာ ဝန်ခံက ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ အင်အားထပ်ဖြည့်တင်းတာ တွေ လုပ်ဆောင်နေပြီး ၅ မိုင်ကျေးရွာ အနီးမှာတစ်ဝိုက်မှာ ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။ အဲဒီတိုက်ခိုက်မှု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ တပ်ရင်း (၇) တပ်ခွဲ (၅)၊ ပုလောဒေသကာကွယ်ရေးတပ် PRDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၉။ နောင်ချိုမြို့ကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်
 July 11, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ် ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဦးဆောင် တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ နောက်ဆုံး ကျန်ရှိတဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်း သိမ်းပိုက်ရရှိခဲ့တဲ့အတွက် နောင်ချိုမြို့တစ်ခုလုံးကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အပြည့်အဝ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့နယ်တစ်ခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။
နောင်ချိုမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ ၁၁၄ ၊ ခမရ၁၁၅ နဲ့ ဒုံးတင်ရင်း ၆၀၆ တို့ကို သိမ်း ပိုက်ရရှိခဲ့ပြီး အတွဲ လိုက် ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နောင်ချိုမြို့သိမ်းပိုက်မှုဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းမှာ ပထမဦးဆုံးမြို့အဖြစ် သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီး မြို့မကျရေးအတွက် စစ်ကောင်စီဘက်က ကြည်ကြောင်း၊ လေကြောင်းနဲ့ အပြင်း အထန် ခုခံနေတဲ့ကြား ကနေ မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။ TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက် ဒေသနဲ့ မန္တလေးတိုင်းက စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ Read ni full

၁၀။ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ပတ်သက်လို့ဆိုပြီး ဇာဒီရွာက နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီး
 July 11, 2024
ရေဖြူမြို့နယ်၊ ဇာဒီရွာကနေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်တွေက ဘူဒိုဇာ လို့ခေါ်တဲ့ မြေတူးစက်တွေအသုံးပြုပြီး ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလ ၈ ရက်နေ့ မွန်းလွဲပိုင်းက  ဇာဒီရွာရဲ့ သစ်လှတောလို့ခေါ်တဲ့ အရပ် မှာ  နှစ်ထပ်တိုက်အမျိုးအစား အိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ဘူဒိုဇာနဲ့ ဖြိုသွားတာလို့ ဒေသခံတွေ က ပြောပါတယ်။ ဖြိုချဖျက်ဆီးခံရတဲ့အိမ်နှစ်ဆောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အိမ်ဖြစ်တယ်လို့ ရေဖြူမြို့နယ် အခြေစိုက် တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ရှိလို့ ဖြိုသွားတယ်ဆိုတာမျိုးကြားတယ်။ အတိအကျတော့မသိဘူး။” လို့ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇာဒီရွာတံတားကိုလည်း ဘက်ဖိုးနဲ့ဖြိုချပစ်မယ့်အကြောင်းပြောဆိုခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။“စကစ ဘက်ကပြည်သူတွေကို အကြောက်တရားသွင်းတာရှိမယ် ရဲဘော်အိမ်ဆိုတာအတိကျသိလို့ လုပ်တာမျိုးဖြစ်မယ်။” လို့ ရေဖြူမြို့ နယ် အခြေစိုက် ဒေါနတပ်ခွဲ(၆)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလပထမပတ်ထဲမှာလည်း ဇာဒီရွာပြင်က အရပ်သားတွေနေတဲ့ ပျဉ်ထောင်အိမ်သုံးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့ပေါ်၊ ဘုတ်ပြင်းမြို့နယ်နဲ့ ရေဖြူမြို့နယ်က တော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့နေအိမ်တွေကို ချိပ်ပိတ်တာ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဇာဒီရွာထဲက အရပ်သားနေအိမ်တွေ နဲ့ တော်လှန်ရေးရဲဘော်တွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့အပြင် လမ်းသွား လမ်း လာတွေကိုလည်း စစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“အနည်းဆုံးသုံးနေရာလောက်မှာ စစ်တပ်ရှိ နေတယ်။ ဒါတောင်ဖျတ်ခနဲတွေ့လိုက်ရတာတွေလောက်ပဲ ရွာအနှံ့မှာ စစ်တပ်ကရှိနေနိုင်တယ်။” လို့ အသက် ၂၆ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အိမ်ထောင်စုစာရင်းမပါတဲ့လမ်းသွားလမ်းလာတွေအနေနဲ့ နေအိမ်မှာ အိမ်ထောင်စု စာရင်း ပြန်ယူရတာ၊ ဆက်ဆံရေးအဆင်ပြေတဲ့စစ်ကောင်စီတပ်သားနဲ့တိုးရင် ပိုက်ဆံပေးပြီး ဖြတ်လို့ရတာမျိုးတွေလည်း ရှိနေ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ Read ni full

၁၁။ မြ၀တီမြို့ရှိ လောင်းကစားဂိမ်းဆိုင်များပိတ်ရန် ကရင်တပ်များ ညွှန်ကြား
 July 11, 2024
ကရင်ပြည်နယ် မြ၀တီမြို့ရှိ လောင်းကစားဂိမ်းဆိုင်များပိတ်သိမ်းရန် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC)တို့က ညွှန်ကြားထားသည်။ DKBA နှင့် KNLA PC က ဇူလိုင် ၁၀ ရက် နေ့စွဲဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားစာ မိတ္တူကိုလည်း စစ်ကောင်စီ၏ ရှေ့တန်းတပ်မ (၄၄)၊ ရှေ့တန်းရုံး(မြ၀တီမြို့) ၊ မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး၊ မြ၀တီရဲစခန်းနှင့် BGF ရုံးထံ ပေးပို့ထား သည်ကိုလည်း တွေ့ရသည်။ အဆိုပါလက်နက်ကိုင်နှစ်ဖွဲ့လုံးသည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။ DKBA က ၎င်းတို့ တပ်ဖွဲ့ဝင်အားလုံးသို့ ပေးပို့ထားသည့် ညွှန်ကြားစာတွင် အဖွဲ့၏ စစ်စည်းကမ်းတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားများအား လုပ် ဆောင်ခြင်း လုံး၀ မလုပ်ရန် တားမြစ်ထားပြီးဖြစ် ၍ အမိန့် မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စာထုတ်ပြန်ပြီး ၂၄ နာရီ ကျော်လွန်ပါက အမိန့် တည်မြဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းညွှန်ကြားစာကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNLA-PC ၏ ညွှန်ကြားစာတွင် တပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများအား လုံး၀မလုပ်ရန် တားမြစ် ထား၍ အမိန့်မနာခံဘဲ ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု အသိပေးထားသည်။ မြဝတီမြို့၌ လောင်းကစား ဂိမ်းဆိုင်အကြောင်းပြ မူးယစ်ဆေးဝါးရောင်းဝယ်မှု ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ပြီး မြဝတီမြို့ရှိကရင်နယ်ခြားစောင့်တပ် (BGF) မှ တာဝန်ရှိတစ်ဦးက ပြောသည်။ ” ကျွန်တော်တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အခုတစိုက်မက်မက်လုပ်တယ်။ လုပ်တဲ့ နေရာမှာ များသောအားဖြင့်တော့ ဂိမ်းရုံနဲ့ ဆက်စပ်မှုလေးတွေရှိတော့ ဒါလေးတွေကို ပိတ်သိမ်းဖို့လိုလာမယ်လို့ ကျွန်တော်တို့က ယူဆပြီးတော့မှ မြဝတီမြို့ပေါ်မှာ ရပ်ကွက်တွေထဲမှာဖွင့်ထားတဲ့ ဂိမ်းဆိုင်တွေပိတ်သိမ်းဖိုအတွက်ကို ကရင်လက်နက်ကိုင်တွေ ညှိနှိုင်းပြီးတဲ့နောက်၊ အဲကနေပြီးတော့မှ ကျွန်တော်တို့ ဆုံးဖြတ်၊ ဒီနေ့ဆိုရင် လိုက်လံစစ်ဆေးနေပြီ”ဟု BGF တာဝန်ရှိသူက ပြော သည်။ KNU အနေဖြင့်မူ  လောင်းကစားလုပ်ငန်းများ အပါအဝင် နယ်စပ်ဒေသ ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အဖွဲ့၏ သဘောထားကို အသိပေးထားရာ ရာဇဝတ်မှုများတိုက်ဖျက်ရန် အိမ်နီးချင်းအပါအဝင် နိုင်ငံတကာကိုဖိတ်ခေါ်ထားသည်။

၁၂။ TNLA ဖမ်းဆီးသွားတဲ့  KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
 July 11, 2024
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီ တည်းခိုခန်းမှာ လာရောက် တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒီနေ့မနက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိတွေရောက် လာပြီး နှစ်ဖက်တပ်ဖွဲ့အကြားတွေ့ဆုံညိနှိုင်းခဲ့ရာ ပြေလည်သွားတာကြောင့် မွန်းလွဲပိုင်း ၁ နာရီခွဲမှာ ပြန်လွတ်ပေးပြီဖြစ်တယ်လို့ နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ခုလိုပြောပါတယ်။ “အားလုံး ၁၀ ယောက်ဖြစ်တယ် မနေ့ည ၁၁ နာရီကျော်မှာ ဖမ်းသွားတယ် ဖမ်းခံရချိန် ဒို့ဘက်က အရာရှိလည်းပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ်။ KIA တပ်ဖွဲ့ ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက်လို့ ထင်တယ်။ အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ် မှာ ပြန်လွတ်ပေးပြီ။” လို့ နမ္မတူဒေသ တာဝန်ရှိသူ KIO အရာရှိတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေနတ်တိုပါတဲ့အကြောင်းပြ ချက်နဲ့  TNLA ဘက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုကြောင်း သူကဆက်ပြောပါတယ်။   ဒါ့အပြင်ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေပြပြောဆိုတာတွေရှိခဲ့ပေမယ့် TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ် ဆောင်တဲ့ လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်တယ်လို့ KIO အရာရှိ ဘက်က အခုလို ဆက်ပြောပါတယ်။ “သူတို့လည်း ဒို့လူဖြစ်မှန်းသေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလေအောင် အဆင်ပြေအောင်၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်းပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ရှိတယ်ပြောတယ်။” လို့ ပြောပါတယ်။ Read ni full

၁၃။ စစ်ကောင်စီစစ်သင်္ဘောနှင့်အမြှောက်တပ်များက ကော့ကရိတ်၊ကျုံဒိုး၊ ကော့ဘိန်းကျေးရွာများဘက် ပစ်ခတ်  တိုက်ခိုက်နေ
 July 11, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်ကျေးနယ်၊ ကျုံဒိုးကျေးနယ် နှင့် ကော့ဘိန်းကျေးနယ် အတွင်းရှိ ကျေးရွာများဘက်ကို ဇူလိုင်လ ၈ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်က စစ်သင်္ဘော၊ လက်နက်ကြီး၊ အတွဲလိုက်ဒုံးနှင့် ဒရုန်း ဗုံးသီးများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။“အခုကြာအင်း၊ ကိုးတိုင်လမ်းကိုပိတ်လိုက်တယ်။ ကော့ဘိန်းဘက်မှာလည်း စစ်သင်္ဘောက ရွာတွေကို အလုံးကြီး ပစ်ထုတ်နေတယ်။ တရနာရွာထဲလူမရှိတော့ဘူး။ ကျွန်းရွာဘက် က လူတွေတောင် ကော့ဂိုးဘက်ရောက်နေကြပြီ၊ ကျိုက်မရောမြို့နယ် ဂွင်ဘက်မှာလည်း စစ်တပ်ရာ၊ ကရင်အဖွဲ့တွေရော ပြင်ဆင်နေတယ်တိုက်ဖို့”ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် ကော့ကရိတ်မြို့တောင်ပိုင်းရှိ အံဖကြီး၊ အံဖလေး၊ ကော့ကရိတ်မြို့အရှေ့ပိုင်းရှိ ရေလည်ကုန်းရွာများဘက်တွင်လည်း စစ်တပ်က အတွဲလိုက် ဒုံးများ ပစ်ခတ်တိုက်ခိုက် နေသလို ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ နဘူး၊ မြပတိုင်ဘက်တွင်လည်း တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်တပ်တို့ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း မဟာမိတ်တပ်ဘက် က ထိခိုက်ကျဆုံးမှုရှိပြီး ကော့ဘိန်း ရွာဘက်တွင်လည်း စစ်တပ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဈေးသည်အမျိုးသမီး တစ်ဦး သေဆုံးကာ မြပတိုင် ကျေးရွာဘက်တွင်အရပ်သားလက်နက်ကြီးထိမှန် ဒဏ်ရာရမှုရှိကြောင်း သိရှိရသည်။ လတ်တလော ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်များသည် KNLA မဟာမိတ် ပူးပေါင်းတပ်များ စစ်ရေးလှုပ် ရှားသည့်နေရာများအား ပစ်ခတ်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ကျေးရွာ များ ပျက်စီးသွားရန် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့် နေ့ရော၊ ညပါ ပစ်ခတ်မှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “သူတို့ စစ်တပ်က စစ်ကြောင်းဝင်ပြီး နယ်မြေရှင်းတာမျိုးမဟုတ်ဘူး။ ရွာတွေ ပျက်စီးအောင် ရွာသားသေအောင်၊ ထိခိုက်အောင် လုပ်နေတာမျိုး၊ အဲ့လိုလုပ်ရင် ရွာသားက တော်လှန်ရေးအဖွဲ့တွေကို သူတို့ကြောင့် ရွာပျက်တယ်။ လူသေတယ် ထင်မြင်မှားအောင် လုပ်နေတယ်။ တကယ် နှစ်ဘက် တိုက်ချင်ရင် နေရာသိတာပဲလေ။ အခုက အဲ့လိုမဟုတ်ဘူး။ ရွာတွေထဲကိုပဲ စစ်တပ်က လက်နက်ကြီး၊ အတွဲလိုက် ဒုံးတွေ ပစ်ပစ်ချလာတယ်” ပြောသည်။ Read ni full

၁၄။ မော်ချီးနဲ့ မယ်စဲ့ ဒေသက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မမှီ
 July 11, 2024
ကရင်နီပြည်၊ မော်ချီးဒေသနဲ့ မယ်စဲ့မြို့နယ်ဟာ ဝေးလံပြီး သွားရောက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးမလွယ်ကူ တာကြောင့် အဲ့ဒီ ဒေသဘက်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့် ရှောက်ပေးနိုင်မှုနဲ့ အာဟာရဓတ်မျှတစွာ ရရှိနိုင်ဖို့အပိုင်းမှာ ထောက်ပံ့နိုင်တာ မရှိသေးဘူးလို့ ကရင်နီဘက်စုံသားဖွားအသင်း (KMS) ဥက္ကဌ နော်လွယ်ထူးက ပြောပါတယ်။“မယ်စဲ့၊ မော်ချီးတို့က ကြိုးစားရအုံးမှာပေါ့နော။ အဲ့မှာ ဆရာမတွေရှိတယ်၊ ချိတ်ဆက်မှု အားနည်းတယ်၊ လမ်းကြောင်းခက်ခဲတဲ့အတွက် အရမ်းမသွားနိုင်ဘူးပေါ့နော။”လို့ နော်လွယ်ထူးက ပြောပါတယ်။ ကရင်နီ ဘက်စုံသားဖွားအသင်း (KMS)အနေနဲ့ လက်ရှိမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေအတွင်းမှာ အခြေခံ ကျန်းမာရေး ဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးတာ၊ လိုအပ်နေတဲ့ အာဟာရ နဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ကရင်နီဘက်စုံသားဖွားများ KMS အဖွဲအစည်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး လက်ရှိမှာတော့ မြေပြင် ဆရာ၊ ဆရာမ (၁၀၀) ကျော်ရှိကာ ဆေးခန်းအနေနဲ့ ၂၈ လုံးရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဖွဲ့ အစည်းရေရှည်ရပ်တည်နိုင်ဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ “အလုပ် က တော့ လုပ်နေတာပေါ့။ ဆရာ၊ မတွေကိုတော့ Support မပေးနိုင်ဘူး၊ ဆရာမ တွေကိုတော့ အာနားတယ်၊ ကျမတို အဲလောက် ထိ amount များတာမရှိဘူးပေါ့၊ ချိတ်ဆက်မှုလည်းအားနည်းတယ်၊ အမှန်တကယ်မြေပြင်မှာလုပ်တဲ့ ဆရာမတွေလည်းရှိတယ်၊ member ဝင်ထားတာလည်း ရှိတယ်၊ အခြားအဖွဲတွေနဲ့ လာတာလည်း ရှိတယ်ဆိုတော့ အားလုံးကလည်း KMS တွေဖြစ်တယ်။” လို့ နော်လွယ်ထူးက ဆက်ပြောပါတယ်။ လူဦးရေ ၃ သိန်းနီးပါး စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေဟာ အဖက်ဖက်မှ ကူညီပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။ Read ni full

၁၅။ ရခိုင်တွင် ငွေသားပြတ်လပ်နေပြီး Online ငွေထုတ်ခ အဆမတန်မြင့်တက်
 July 11, 2024
 စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် ဘဏ်လုပ်ငန်းများရပ်တန့်နေ၍ ငွေသားပြတ်လပ်လာသဖြင့် Online ငွေလွှဲ ငွေထုတ်လုပ်ငန်းများကို အဓိကအားထားနေရပြီး ငွေထုတ်ခဈေးနှုန်းမှာ အဆမတန်မြင့်တက်နေသည်။  တိုက်ပွဲမဖြစ်ခင်က ငွေကျပ်တစ်သိန်းထုတ်လျှင် ငွေထုတ်ခမှာ ၅၀၀ ကျပ်သာရှိပြီး လက်ရှိတွင် တစ်သောင်းမှ တစ်သောင်းသုံးထောင်ကျပ်အထိ ဝန်ဆောင် ခပေးကာ ထုတ်ယူနေကြရသည်။“ငွေသားက တော်တော်ရှားသွားတာ။ ဈေးအများကြီးပေးလို့ ထုတ်ရင်တောင် လို သလောက်မရတော့ဘူး။ ဒီအတိုင်းသာဆိုရင် ပိုပြီးအကြပ်အတည်းဖြစ်လာအုံးမယ်”ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ရခိုင်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေခြင်းကြောင့် ဒေသခံများမှာ ငွေလွှဲ/ငွေထုတ်အတွက် Online ငွေကြေး လည်ပတ်မှုစနစ်ကို အဓိကအားထားနေကြရသည်။ စစ်ကောင်စီကငွေကြေးစီးဆင်းနိုင်သည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထား၍ ငွေသားများ တဖြည်းဖြည်းရှားပါးလာခြင်းဖြစ်သည်။
ကျောက်တော်မြို့မှ ငွေလွှဲ/ငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “လုပ်ငန်းလည်ပတ်ဖို့အတွက် ငွေသားကို ရာခိုင်နှုန်း အများကြီးပေးပြီး ဝယ်နေရတယ်။ ငွေကြေးစီးဆင်းမှုရပ်တန့်နေတော့ ငွေသားရရှိဖို့ အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် ငွေလာလွှဲ တဲ့လူတွေကိုတောင် တစ်သိန်းကို ခုနစ်ရာခိုင်းနှုန်းအထိ ငွေပြန်ပေးရတယ်” ဟု ပြောသည်။ ရခိုင်ပြည်အတွင်း AA ထိန်းချုပ် ဒေသများတွင် ဘဏ်လုပ်ငန်းများ လုံးဝရပ်တန့်နေ၍ ငွေသားရှားပါးလာမှုကြောင့် ဟောင်းနွမ်းငွေစက္ကူများကိုပါ အသုံးပြုကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဒေသန္တရဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီထိန်းချုပ်ဆဲ မြို့နယ်များ တွင် ဘဏ်တချို့ဖွင့်ထားသော်လည်း ငွေကြေးလည်ပတ်မှု မရှိတော့၍ ဒေသခံများမှာ Online ငွေလွှဲ/ငွေထုတ်လုပ်ငန်းများကို သာ အားထားနေရပြီး လိုအပ်သလောက်ထုတ်ယူ၍မရ ဖြစ်နေကြသည်။“KBZ pay ဖြစ်ဖြစ်၊ Wave money ဖြစ်ဖြစ် လိုသလောက် ထုတ်မရတော့ဘူး။ တစ်ယောက်ကို အများဆုံး ၅ သိန်း လောက်ပဲ ထုတ်ပေးတယ်။ တချို့ဆိုင်တွေမှာဆို ၂ သိန်းလောက် ပဲရတယ်”ဟု ဂွမြို့နယ်၊ ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။  Read ni full

၁၆။ လားရှိုးမြို့မှ ထွက်ခွာလာသည့် လူငယ် ၁ ဦးကို တပ်သားသစ်အဖြစ် MNDAA မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွား
 July 11, 2024
သျှမ်းမြောက် လားရှိုးမြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ လူငယ် အမျိုးသား တစ်ဦးကို တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းမိသားစုဝင်များ ကပြောကြားသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က တိုက်ပွဲကြောင့် လားရှိုးမြို့မှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန် ကားဖြင့် စီးလာကြစဉ် လားရှိုး-သီပေါ-တန်းယန်း လမ်းခွဲရှိ ခါးရှီကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တားမြစ်စစ်ဆေးခြင်းခံရပြီး အဓ္ဓမဖမ်းဆီးခံရသည်ဟု မျက်မြင်သက်သေ အကိုဖြစ်သူ စိုင်းထွန်းလူက သျှမ်းသံတော်ဆင့်ပြောသည်။ ခါးရှီကျေးရွာသည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်။“အစပိုင်းကတော့ ကျနော်တို့ကားကို တားပြီးရပ်ခိုင်းပါတယ်။ ပြီးတော့ ဖုန်းလာစစ် တယ်။ သူတို့စစ်နေရင်း ကြိုက်ရင်ယူလိုက်တာပဲ။ ကျနော်တို့ညီအစ်ကိုကိုတွေ့တော့ ကျနော်ကိုမေးတယ်။ မင်းတို့ညီအစ်ကို တွေလားတဲ့။ ကျနော်လည်း ဘာမှမသိ၊ ဘာမှနားမလည်တော့ ဟုတ်တယ်လို့ဖြေလိုက်တာ။ ပြီးလည်းပြီးရော ကျနော့်ညီကို ကားပေါ်ဆင်းခိုင်းပြီး ခေါ်ထားလိုက်တာ။ ကျနော်လည်း ပိုက်ဆံပေးမယ်၊ ပြန်လွတ်ပေးပါလို့ ပြောတော့ မရှည်နဲ့တဲ့။ မင်းတို့ မပြန်ရင် မင်းတို့အကုန်လုံးကို ဖမ်းထားလိုက်မယ်လို့ ခြိမ်းခြောက်တာ” ဟု စိုင်းထွန်းလူက ပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၂ နှစ်အရွယ် စိုင်းပန်းစိန်ဖြစ်ပြီး စိုင်းထွန်းလူ၏ ညီလေးလည်းဖြစ်သည်။ သားဖြစ်သူ ဖမ်းဆီး ခံရသည်ဟု သိရပြီးနောက် ၎င်း၏မိဘများကလည်း ပြန်လွှတ်ပေးရန် ဇူလိုင် ၉ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ သွား ရောက် တောင်းဆိုခဲ့သေးကြောင်း သိရသည်။ သို့သော် MNDAA ဘက်မှ ပြန်မလွတ်ပေးသည့်အပြင် စိုင်းပန်းစိန်အား စစ်သင် တန်းသို့ ပို့ဆောင်လိုက်ပြီဟုပြောဆိုခဲ့ကြောင်း အမေဖြစ်သူ ပါရွှေညွှန့်က ပြောသည်။ “အဲ့နေ့က ကျမရဲ့သားကိုပြန်တွေ့နိုင်ဖို့ ဆိုပြီး သူတို့စစ်သားအတွက်ကော၊ လူကြီးအတွက်ကောပါ မုန့်တွေလက်ဆောင်တွေ ဝယ်သွားပြီးပေးတယ်။ သူတို့လည်း ထိန်း သိမ်းထားတဲ့ အကျဉ်းခန်းထဲကို ခေါ်သွားတယ်၊ ပြတယ်။ အဲ့မှာကောင်လေးတစ်ယောက် ထိုင်နေတာပဲတွေ့တယ်။ ကျမရဲ့ သားလည်း မတွေ့ဘူး။ ပြီးမှ ကျမရဲ့သားကို စစ်သင်တန်းကို့ပြောလိုက်ပြီလို့ပြောတာ။ ကျမလည်း ရင်ကွဲတာပေါ့၊ ငိုတာပေါ့။ ကျမရဲ့သားကို မခေါ်မလာမချင်း မပြန်ဘူးလို့ပြောလိုက်တာ။ နင်တို့သားသင်တန်းတက်ပြီ” ဟု ပါရွှေညွန့်က ပြောသည်။ လက်ရှိ စိုင်းပန်းစိန်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အဓ္ဓမဖမ်းဆီးထားသည်မှာ ရက်သတ္တပတ်ကြာပြီ ဖြစ်သော်လည်း ပြန်မလွှတ်လာ သေးပေ။ Read ni full

၁၇။ ကော့ကရိတ်မြို့တွင်းကို လက်နက်ကြီးကျည်များ ပေါက်ကွဲ၊ ဒေသခံများ ထပ်မံထွက်ပြေးရ
 July 11, 2024
 ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းနဲ့ ဒေါနတောင်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေဟာ ကော့ကရိတ်မြို့တွင်း ရပ်ကွက်တွေထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ဝင်ရောက်နေထိုင်သူ တွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့  စစ်ကြောင်း ထိုး ဝင်ရောက်လာ တာ ဧပြီလကတည်းက ဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေဟာ ၃ လနီးပါး ကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါ အဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိ နာနေပါတယ်။ ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီလောက်က စက်ကုန်းရပ်၊ သတိပဋ္ဌာန် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတဦးက “မနေ့ကလည်း သတိပဋ္ဌာန်ဘုန်းကြီးကျောင်း (စက်ကုန်း) အနီးမှာ ကျတယ်။ လူတွေထိခိုက် သေဆုံးတာတော့ မကြားဘူး။ အိမ်တွေပေါ်ပါကျတယ်။ အဲဒီဘက်အခြမ်းတွေမှာ အကြီးအကျယ်ကျတယ်။ ကျန်တဲ့သူတွေက အခြေအနေမကောင်းရင် သူတို့ ပြန်ထွက်ကျမယ်ပြောတယ်။ အခြေအနေနားထောင်ပြီး နေနေကြတယ်။ ပြန်လာတာတော့ အများကြီးပြန်လာကြတယ်။ ဘယ်မှာကျလို့ ကျမှန်းမသိ။ ကံတရားဆိုတာ ပြောလို့မရဘူး” လို့ ပြောပါတယ်။ စစ်ဘေးရှောင်ရာ မှာ နေထိုင်စားသောက်ရေး ခက်ခဲတာတွေကြောင့် ကော့ကရိတ်မြို့ခံ ပြည်သူတွေဟာ လက်နက်ကြီးပစ်ခတ်နေတဲ့ကြားက နေထိုင်လို့ရသလောက် ကြိတ်မှိတ်ပြီး နေထိုင်သူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြို့ခံပြည်သူတဦးက “လက်နက်ကြီး နဲ့ မြို့ထဲကနေ ပစ်ထုတ်တာရှိတယ်။ မြို့ခံတချို့ ထွက်လာဖို့တော့ မပြောကြဘူး။ နေနေကြတယ်။ ကျမတို့နေတဲ့နေရာက နေလို့ ဖြစ်တယ်ဆိုပြီး နေနေကြတယ်။ အခက်အခဲတွေက ရှိတာပေါ့။ သူများဆီမှာနေရတာ အဆင်မပြေဘူး။ လက်ထဲမှာ ပိုက်ဆံ လည်းမရှိ၊ သူများဆီမှာ ထွက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကြိတ်မှိတ်ပြီးနေတာ” လို့ ပြောပါတယ်။ KNLA ပူးပေါင်းစစ်ကြောင်းတွေက မြို့တွင်း ပြန်လည်နေထိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေး ထားပါတယ်။ Read ni full

၁၈။ မောင်တော အောင်ဗလရွာကို စစ်ကောင်စီနှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ မီးရှို့
 July 12, 2024
မောင်တောမြို့နယ်၊ အောင်ဗလ(ရခိုင်)ကျေးရွာရှိ နေအိမ်များကို စစ်‌ကောင်စီနှင့် ARSA၊ ARA၊ RSO တပ်ဖွဲ့တို့ ဇူလိုင် ၁၁ ရက်က ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ဇူလိုင် ၁၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းက ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ် ၁၀ အိမ်ထက်မနည်းကို မီးရှို့ ဖျက်ဆီးခဲ့ကြသည်။“အဲဒီရွာမှာဘာမှ ဖြစ်တာမဟုတ်ဘူး။ ဒီအတိုင်းဝင်ပြီး မီးလာရှို့တာ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြော သည်။ အောင်ဗလကျေးရွာသည် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားသည့်လမ်းတွင် မြို့နှင့်ကပ်လျက် တည်ရှိ သည်။ စစ်ဘေးရှောင်ဦးရေ ရာနှင့်ချီနေထိုင်လျက်ရှိပြီး စစ်ကောင်မီးရှို့မှကြောင့် ကျေးရွာသားများနှင့် စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“လူတွေကတော့ ဘာမှမဖြစ်ဘူး။ အခုကတော့ ပြေးနေကြရတယ်။ ရွာထဲမှာ သက်ကြီးတွေတော့ ကျန်ခဲ့တယ်”ဟု ထွက် ပြေးနေသူတစ်ဦးက ပြောသည်။ မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းအား အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း မြို့အတွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ် ပြင်ဆင်ထားကြောင်း AA က ထုတ်ပြန်သည်။ ရခိုင်ဒေသတွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက် ကြီးပစ်ခတ်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက် ရှိသည်။ Read ni full

၁၉။ ထားဝယ်မြို့ပေါ်မှာ တစ်ရက်တည်း အမျိုးသာလေးဦးထက်မနည်းအဖမ်းခံရ၊ နှစ်ဦးသာပြန်လွတ်
 July 12, 2024
 ထားဝယ်မြို့ပေါ်က တစ်ရက်တည်းနဲ့ အမျိုးသားလေးဦးထက်မနည်းကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့ပြီး နှစ်ဦး သာပြန်လွတ်လာခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုလ ၉ ရက်နေ့ မနက်ပိုင်းက စက်ဘီးနဲ့လာတဲ့လူငယ်တစ်ဦးကို ထားဝယ်မြို့ ဥတ္တံတားကြီး လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဖုန်းကိုစစ်ဆေးပြီးနောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေ့ ညပိုင်းမှာတော့ မြောင်းပုလဲရပ်ကွက်က အမျိုးသားနှစ်ဦးနဲ့ ကျောက်မော်ရပ်ကွက်က အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်‌သားတွေက နေအိမ်တွေမှာထပ်ပြီး သွားရောက်ဖမ်းဆီးခဲ့တာပါ။“ညဆယ့်တစ်နာရီလောက်ရှိပြီ။ သူတို့လာတာ စစ်ကားဆယ် စီးလောက်ရှိတယ်။ စစ်သားတွေရဲတွေဆို တစ်လမ်းလုံးကိုအပြည့်နေရာယူလိုက်တာ။ ပြီးမှပတ်ပတ်လည်ဝိုင်းပြီး အိမ်တွေပေါ် တက်ဖမ်းတာ” လို့ မြောင်းပုလဲရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ မြောင်းပုလဲရပ်ကွက်က လူငယ်အမျိုးသား တစ်ဦး နဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးတို့ကို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာ ရပ်ကွက်နေသူတွေက ပြော ပါတယ်။

မြောင်းပုလဲရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့ အသက်ကြီးပိုင်းအမျိုးသားဟာ သားဖြစ်သူကိုလာရှာတဲ့အချိန် မရှိတာကြောင့် အဖေဖြစ်တဲ့သူ့ကိုဖမ်းဆီးသွားတာဖြစ်ပြီး အိမ်မှာရှိတဲ့ အမေဖြစ်သူကိုလည်း စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေကဆိုပါတယ်။ အဖမ်းခံရသူနှစ်ဦးဟာ အခုလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ပြန်လွတ်လာခဲ့တယ်လို့ သိရပါ တယ်။ ကျောက်မော်ရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့လူငယ်နဲ့ ဥတ္တံတားကြီးလမ်းဆုံမှာ ဖုန်းစစ်ဆေးပြီးနောက် ဖမ်းဆီးခံရတဲ့လူငယ် တို့ကတော့ လက်ရှိအချိန်ထိပြန်လွတ်မလာ‌သေးဘူးလို့ မြို့ခံတွေကဆိုပါတယ်။ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးကတော့ “လူ မသိသူမသိ ဖမ်းခံနေရတာတွေကရှိနေတယ်။ ဂိတ်တွေမှာရော အိမ်တွေမှာရောပဲ။ လူတွေကစိုးရိမ်ပြီးတော့မပြောကြတာပါ”  လို့ ပြောပါတယ်။ Read ni full

၂၀။ CDM ကျောင်းသားများ တက်ရောက်နိုင်သည့် ကချင် KSCU တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်
 July 12, 2024
 ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့၌ ဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကျောင်းမှ  ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇူလိုင် ၁၅ ရက်မှစတင်၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ၂၀၂၅ အတွက် လျှောက်ထား နိုင်သည့် ဘာသာရပ်များမှာ Medical Sciences ၊School of Nusing Sciences၊ School of Techonology ၊ School of Economics ၊ School of Agriculture၊ School of Arts and Sciences  တို့ဖြစ်ကြောင်း အသိပေးထားသည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်ရှိသူများမှ ၂၀၂၀ နှင့် ယင်းနှစ်မတိုင်မီ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများ၊ နိုင်ငံ တကာ အသိအမှတ်ပြုအောင်လက်မှတ်ရရှိထားသူများ၊ ကချင်ပညာရေးဌာနမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ ကချင်ပညာရေးဌာနမှ ထောက်ခံချက်ပေးထားသည့် ဘာသာရေးကျောင်းမှ ၂၀၂၃ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်ရမည်ဟု ဖော်ပြထားသည်။ KSCU ကျောင်းကို ၂၀၂၂ တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တက္ကသိုလ်တွင် CDM ကျောင်းသား၊ ကျောင်းသူများ၊ PDF များ၊ ကချင်စစ်ဘေး ရှောင် ကျောင်းသားကျောင်းသူများ၊ KIO/KIA အမှုထမ်းများလည်း တက်ရောက်ခဲ့သည်။ KSCU သည် အမျိုးသားညီညွတ်ရေး အစိုးရပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် မြေပြင် ၌ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပြီး တက္ကသိုလ်လည်ပတ်နိုင်ရေး KIO က အဓိက ပံ့ပိုးထားခြင်းဖြစ်သည်။ Read ni full

၂၁။ ဒီးမော့ဆိုမြို့နယ်ထဲက ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ သုံးပုံတစ်ပုံခန့် ဝမ်းရောဂါ ဖြစ်ပွားနေ
 July 11, 2024
 ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကလေး၊ လူကြီးအပါအဝင် လူဦးရေ ရဲ့ သုံးပုံတစ်ပုံဟာ ဝမ်းရောဂါ ခံစားနေရတယ်လို့ စစ်ရှောင်စခန်း တွဲဖက်တာဝန်ခံက ပြောပါတယ်။ ခါနန်စစ်ရှာင်စခန်းမှာ ဇူလိုင်လဆန်းကစပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့တာဖြစ်ပြီး စခန်းနေ လူဦးရေ ၁၇၃ ဦး အနက် ၆၀ နီးပါး ကူးစက် ဖြစ်ပွားနေ တယ်လို့ ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောအပြင် အော့အန်တာ၊ ခြေလက်ကိုက်တာနဲ့ မူးဝေတဲ့လက္ခဏာကိုလည်းခံစားနေရတယ် လို့ဆိုပါတယ်။“ဘာလို့လဲဆိုတော့ လူအများနဲ့နေရတဲ့အခါကြတော့ ပတ်ဝန်းကျင်တွေလည်းရှိတယ်။ ဥပမာ အပေါ့၊ အလေး စွန့်တဲ့အခါမျိုးမှာလည်း တချို့အိမ်သာတွေက လုံတယ်လို့ ထင်ပေမယ့်လည်း မလုံတဲ့အိမ်သာတွေလည်းရှိပါတယ်။ ယင်နား ကနေတဆင့် ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။” လို့ စစ်ရှောင် စခန်းတွဲဖက်တာဝန်ခံ ကိုခွားကြီး က ပြောပါတယ်။
ဒါ့အပြင် ရာသီဥတုကြောင့်၊ အမှည့်လွန် အသီးအနှံတွေ၊ ယင်နားစာတွေစားမိတာတွေကြောင့်နဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးမိတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အခုလို ဝမ်းရောဂါဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်တွေထက် အခြေ အနေ ပိုဆိုးတယ်လို့ စစ်ရှောင်စခန်း တွဲဖက်တာဝန်ခံ ကပြောပါတယ်။ စစ်ရှောင်တွေအနေနဲ့ ရောဂါခံစားရလျှင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆေးဝါးတွေကို ရယူသုံးစွဲတာ၊ ဓာတ်ဆား ရည်သောက်တာတွေကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ အခြေအနေ ဆိုးလာရင်တော့ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွေမှာ သွားရောက်ပြသရတယ် လို့ ဝမ်းရောဂါခံစား နေရတဲ့ ဒေါ်ကလိုးက ဆေးဝါး ကုသမှု အခြေအနေကို ပြောပါတယ်။“စစ်ရှောင်စခန်းမှာ ဆေးခန်းတော့မရှိပါဘူး။ နီးစပ်ရာမှာရှိတဲ့ ကရင်နီတပ်မတော် (KA)၊ PDF နဲ့ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ က ဖွင့်ထား တဲ့ ဆေးခန်းမှာ သွားရောက် ပြသနေရပါတယ်” လို့ ဒေါ်ကလိုးက ပြောပါတယ်။ Read ni full

၂၂။ ရခိုင်စစ်ဘေးရှောင်များ ငှက်ဖျားရောဂါခံစားနေရ
 July 12, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များမှာ ငှက်ဖျား ရောဂါခံစားနေရပြီး ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ကူညီ‌ဆောင်ရွက်နေသူများက ပြောသည်။ ကျောက်တော် – ပုဏ္ဏားကျွန်း ကားလမ်းဘေးရှိ စစ်ဘေးရှောင်များ၊ ကျောက်တော်မြို့ရှိ နေပူခံ၊ ကဝိရတနာ စသည့် စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀ တွင် ၂၀ ဦးခန့်မှာ ငှက်ဖျားဖြစ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။“မိုးရွာလိုက်၊ နေပူလိုက်နဲ့ ပတ်ဝန်းကျင်တွေ မသန့်ရှင်းဘဲ ရေဝပ်တော့ ခြင်အများကြီးပေါက်တယ်။ နောက်တစ်ခုက တောတောင်တွေနဲ့လည်းနီးတော့ ငှက်ဖျားဖြစ်ကြတယ်။ ဒီလဆိုရင် ငှက်ဖျားဖြစ်သူအရမ်းများတယ်။ မိသားစုမှာ တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်ကိုလည်း ကူးစက်သွားတယ်” ဟု ကားလမ်းမဘေးတွင် နေထိုင်သူ စစ်ဘေးရှောင် ဦးသန်းလှက ပြောသည်။  ခြင်ထောင်မလုံလောက်ခြင်း၊ ဆေးဝါးရှာမရခြင်း၊ ငွေကြေးအဆင်မပြေခြင်းတို့ကြောင့် ပို၍ဒုက္ခရောက်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိအားနည်းချက်ကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်နေခြင်းဟု နေပူခံစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီလအတွင်း ပြောင်းလာသူတွေ အများကြီးရှိတယ်။ တောတောင်ကိုဖြတ်လာသူတွေ၊ နေမကောင်းဖြစ်ပြီးလာတဲ့ သူ တွေလည်းရှိပါတယ်။ သူတို့ကနေတဆင့် တခြားသူတွေဆီ ကူးစက်သွားတာလည်းဖြစ်နိုင်တယ်။ တချို့ဆိုရင် ပိုက်ဆံမရှိလို့ ဆေး မသောက်နိုင်ကြဘူး” ဟု ပြောသည်။ မိုးရာသီရောက်တိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ပုံမှန်ရှိသော်လည်း ယခုနှစ်တွင် ပို၍အဖြစ် များသည်ကိုတွေ့ရပြီး စစ်ဘေးရှောင်များအပြင် ကျေးလက်နေဒေသခံများလည်း ကူးစက်ခံနေရသည်ဟု AA ထိန်းချုပ်တစ်နေရာ ၌ ဆေးခန်းဖွင့်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။“ဒီရာသီကတော့ ပုံမှန်ငှက်ဖျားဖြစ်တဲ့ကာလပေါ့နော်။ ဒါပေမယ့် အခုနှစ်မှာပိုပြီး အဖြစ်များတယ်။ အဓိကတော့ လူနေထူထပ်တာ၊ ကိုယ့်နေရာကိုယ့်ဒေသမှာမနေရဘဲ ဟိုပြောင်း ဒီပြောင်း နေရတာကြောင့်လည်းပါတယ်”ဟု ပြောသည်။ ခြင်ကိုက်ခံရခြင်းမှကူးစက်သည့် ငှက်ဖျားရောဂါဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်း စသည့်လက္ခဏာများပြတတ်ကာ အချိန်မီကုသမှု မခံယူပါက အသက်သေဆုံး သည်အထိ ဖြစ်တတ်သည်။ Read ni full
၂၃။  မင်းဘူး-အမ်းလမ်းမပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
 July 12, 2024
မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး- အမ်းလမ်းမပေါ်တွင် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ကို CDF- အရှိုနှင့် PDF- ဧရာဝတီတို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲ ယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီခန့်က ငဖဲမြို့နယ်၊ မင်းဘူး- အမ်းလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF- Asho) နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မတော် (APDF) တို့၏ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်မှာ CDF- အရှို၊ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ 

မကွေးတိုင်းအနောက်ခြမ်းရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန်ထွက် လာသော စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-မင်းဘူးလမ်းပေါ် မှိန်းစိမ်ရွာလမ်းခွဲတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်း စစ်ကြောင်းက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် တိုက်ပွဲနေရာမှာပင် သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားသူများလည်း ရှိကြောင်း သိရသည်။  စစ်ကောင်စီတပ်ဖွဲ့ထံမှ အမ်အေ သေနတ် ၁ လက်၊ G- 3 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း CDF – အရှို၊ စစ်ရေး မှတ်တမ်းဌာနမှ သိရသည်။ Read ni full

၂၄။ မွန်ပြည်နယ်ထွက်ကုန်တွေ အဆင့်မြှင့်တင်ဖို့ စက်မှုဇုန်ဖော်ဆောင်မယ်လို့ စစ်ကောင်စီကြွေးကြော်
 July 12, 2024
မွန်ပြည်နယ်က ထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မား လာစေရေးအတွက် စက်မှုဇုန်တွေနဲ့စက်ရုံစုတွေ ဖော်ဆောင်သွားမယ်လို့ စစ်ကောင်စီကကြွေးကြော်လာပါတယ်။ စက်မှုဇုန်တွေ ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး မွန်ပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနဲ့ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးအောင်ကြည်သိန်းက ဒေသထွက်ကုန်တွေကို ပြည်တွင်းပြည်ပတင်ပို့ နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းက ဈေးကွက်ပိုမိုရရှိလာစေပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်း တွေ ဖြစ်လာဖို့  လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်းက ဒေသထွက်ကုန်ကြမ်းတွေကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေကို စီးပွားဖြစ်ထုတ်လုပ်ခြင်းအားဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေး ကို ဦးတည်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးပင် မှန်အောင် မပေးနိုင်တဲ့အချိန်မှာ စက်မှုဇုန်တွေ ဖော်ဆောင်မယ်လို့ ပြောဆိုမှုဟာ လူကြားကောင်းယုံသာပြောတဲ့ အဆင့်သာရှိပြီး ဖြစ်လာ နိုင်ဖို့ မရှိဘူးလို့ ဝေဖန်ပါတယ်။

စစ်ကောင်စီဘက်က စက်မှုဇုန်တွေဖော်ဆောင်ဖို့ပြောဆိုနေပေမယ့် ပြည်နယ်အတွင်းကရှိပြီးသား စက်မှုဇုန်တွေတောင် ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ဂိုဒေါင်ငှားစားတဲ့ အဆင့်လောက်သာ ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါ တယ်။ ပြည်နယ်အတွင်းမှာ အရင်အစိုးရလက်ထက်တွေက မော်လမြိုင်စက်မှုဇုန်နဲ့ ကျောက်တန်းစက်မှုဇုန်တွေ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့သလို နောက်ပိုင်းမှာ စက်မှုဇုန်တွေဟာ ပိတ်ထားရတဲ့ အခြေအနေတွေအထိ ရှိလာခဲ့တာပါ။ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီဘက် စက်မှုဇုန်တွေ ဖော်ဆောင်ဖို့ ပြောဆိုနေပေမယ့် အရင် ဖော်ဆောင်ထားတဲ့ စက်မှုဇုန်တွေတောင် ရုပ်လုံးမပေါ်သေးသလို တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ ဆိုတာကလည်း လက်ရှိ အနေအထားအရ ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် စက်မှုဇုန်တွေဖော်ဆောင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေကသာ အဓိကကျပြီး လက်ရှိနိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေအရ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်မှုမရှိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။ Read ni full

၂၅။ စစ်တပ်သတင်းပေးနဲ့ မူးယစ်ဆေးသုံးစွဲသူ နှစ်ရာနီးပါးကို TNLA ဖမ်းဆီး
 July 12, 2024
တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီ သတင်းပေးသူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေအပါအဝင် လူ ၁၈၀ ကိုဖမ်းဆီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၄၆) ဦး၊ အမျိုးသမီး (၁၁) ဦး၊ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးအပါအဝင် အယောက် ၁၆၀ ဖမ်းဆီးခံထားရပါတယ်။ ဒါ့အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်း ခိုးယူသူနှစ်ဦး၊ မူးယစ်ရမ်းကားသူ နှစ်ဦး အပြင် TNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သွားလာလှုပ် ရှားမှုတွေကို စစ်ကောင်စီတပ်ကို သတင်းပေးနေသူ ၁၆ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ သူတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တာတွေ စစ်ဆေး၊ အရေးယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
မူးယစ်ဆေးမှုနဲ့ အဖမ်းခံရသူတွေဟာ အရင်ကလည်း အလားတူအမှုတွေနဲ့ ထောင်ကျခဲ့ဖူးတွေဖြစ်ပြီး စစ်တပ်အာဏာ သိမ်းပြီးနောက် မြို့တွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေဖို့နဲ့ စစ်တပ်ကို သတင်းပေးဖို့အတွက် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ တာလို့ TNLA က စွပ်စွဲထားပါတယ်။ နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ စစ်ကောင်စီ တပ်စခန်း ၁၂ ခုနဲ့ မြို့ကိုပါ သိမ်းယူ ထားနိုင်တာပါ။ Read ni full

၂၆။ နန်းယွန်းမြို့နယ်မှာ မြေပြိုပြီး လမ်းပိတ်နေလို့ ကုန်ပစ္စည်းတွေ ပြတ်လပ်
 July 11, 1024
 နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနန်းယွန်းမြို့နယ်ကိုလာတဲ့ ကုန်သွယ်ရေးလမ်းတွေမှာမိုးကြီးပြီးမြေပြိုတာနဲ့ တံတား တွေ ပျက်စီးနေတာကြောင့် ယာဉ်တွေသွားလာမရတော့ဘဲ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ မိုးသည်းထန်မှုကြောင့် တနိုင်း-နန်းယွန်းလမ်း၊ ပန်ဆောင်-နန်းယွန်းလမ်းနဲ့ လဟယ်-နန်းယွန်းလမ်းတွေ မြေပြိုတာ၊ ကား လမ်းတွေပျက်စီးတာနဲ့ တံတားတွေ ကျိုးကျပျက်စီးတာတွေ ဇွန်လဆန်းပိုင်းကတည်းက ရှိခဲ့တာပါ။ အချိန်တစ်လကျော် ကြာ လာတဲ့နောက် လက်ကျန်ကုန်ပစ္စည်းတွ ဈေးတက်သွားသလို စားသောက်ကုန်တွေပါ ပြတ်လပ်လာလို့ ဒေသခံတချို့ ဆန်ပြုတ် သောက်နေရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ နန်းယွန်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီဒေသက ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းကလမ်းကြောင်းကို ဖြတ်ပြီးလာရတာဖြစ်တဲ့အတွက် အခုက ဟိုဘက် ကနေအဝင်ကိုမရှိတော့တာ။ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ခက်တယ်။ အဓိက ဆန်ပေါ့လေ။ ဆန်ကလည်း အဝင်က သိပ်မရှိ သလို ရှိတဲ့ဆန်တွေကလည်း အင်မတန်မှ စျေးမြောက်တယ်။ တောင်ယာတွေကလည်း စပါးတွေက မထွက်သေးဘူး။ တချို့ မိသားစုတွေက ဆန်မဝယ်နိုင်တော့တဲ့အခါမှာ ဆန်ပြုတ်ပြုတ်စားရတာတွေလည်းရှိနေတယ်” ရာသီဥတုဒဏ်ကြောင့် နာဂဒေသ တစ်ခုလုံး လမ်းတံတားပျက်စီးမှုတွေရှိနေပြီး ပျက်စီးမှုတွေ များပြားတာကြောင့် ပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံတော်အဆင့် ဘဏ္ဍာငွေနဲ့သာ ပြုပြင်နိုင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဇွန်လကုန်ပိုင်းကစလို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက် ပိုင်းမှာ မိုးကြီးပြီး မြေပြိုတာ၊ ရေကြီးရေလျှံမှုဖြစ်တာတွေ ကြုံတွေ့နေရပြီး မြစ်ကြီးနား-ပူတာအိုလမ်းလည်း မြေပြိုမှုကြောင့် ယာဉ်တွေသွားလာမရဘဲ ကုန်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၇။ လားရှိုးမြို့တွင် တပ်သားများ လိုက်နာရမည့် စည်းကမ်းများကို MNDAA ထုတ်ပြန် 
 July 11, 2024
 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကလေးသူငယ်များအား တပ်သားသစ်အဖြစ် မစုဆောင်းရဆိုသည့် အချက် အပါအဝင် MNDAA တပ်သားများ လိုက်နာရမည် အချက်များစွာကို  MNDAA စစ်ရေးကော်မတီက ဇူလိုင်လ (၁၁) ရက်နေ့တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် လားရှိုးမြို့အနီးတစ်၀ိုက် (သို့မဟုတ်) မြို့တွင်းသို့ ဝင်ရောက်လျက်ရှိသော MNDAA တပ်ဖွဲ့ ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့်ဟုပါရှိပြီး အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရ၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာ ထိပါး ခြင်းမပြုရ၊ စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရ၊ စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံခြင်းမပြုရ၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ၊ ခွင့်ပြု မိန့်မရှိဘဲ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းမပြုရ၊သိမ်းဆည်းရရှိပစ္စည်းများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင် ရာသို့ အပ်နှံရမည်၊ လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရ၊ လူမျိုးဘာသာ ခွဲခြားခြင်းမပြုရဟု ပါရှိသည်။
အထက်ဖော်ပြပါ စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖော်ဆောင်ရန်နှင့် ဘေးဒုက္ခကျရောက်နေသော ပြည်သူ များကို လက်ကမ်းကူညီပေးရန် တိုက်တွန်းထားသည်။ ထို့အပြင် ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက် အအုံများကို ကာကွယ်စောင့်ရှောက်ပေးရမည်၊ သမိုင်းဝင်အမွှေအနှစ်နှင့် စာရွက်စာတမ်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရ မည်၊ စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်၊ ဒေသခံနယ် မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲ နေရာချထားပေးရမည်၊ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို အထူးစောင့် ရှောက်ပေးရမည်၊ ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများကို လူသားချင်း စာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်ဟု ပါရှိသည်။ MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့် လိုက်နာ မှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး လီဦးစီးဌာနမှူး – ၀၉၆၇၈၂၄၃၆၂၆၊ ရန်ဦးစီးဌာနမှူး  – ၀၉၆၇၈၁၇၂၁၃၆၊ ဟဲအရာရှိ – ၀၉၈၈၂၉၅၄၅၆၅ တို့ကို တိုင်ကြားနိုင်သည်ဟုလည်း ပါရှိသည်။ Read ni full

၂၈။ ချီဖွေတွင် စစ်ရှောင်များနေထိုင်သည့် အဆောင်တစ်ခု ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး
  July 11, 2024
ဖုန်းအားသွင်းထားရာမှ ဝါယာရှော့ခ်ဖြစ်သဖြင့် ချီဖွေမြို့ရှိ စစ်ရှောင်စခန်းတစ်ခု ယနေ့နံနက် ၃ နာရီခွဲခန့်က မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ KBC စစ်ရှောင်စခန်း (၂) တွင် မီးလောင်ခြင်းဖြစ်ပြီး ဆိုင်ကယ်အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်း များအားလုံး မီးလောင်ပြာကျသွားသည်ဟု ချီဖွေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။“ရှော့ခ်ဖြစ်ပြီးမှတစ်ဆောင်လုံးပါ သွားတယ် ဘာမှမကျန်တော့ဘူး။ အဝတ်အစားတွေလည်းအကုန်လုံး ပါသွားပြီ။ သူတို့ရဲ့အသက်တစ်ချောင်းပဲ ကျန်တော့တယ်။ တခြားတော့မပြောတတ်တော့ဘူး။ သူတို့ရဲ့ဆိုင်ကယ်တွေ အဝတ်သေတ္တာတွေ ရွှေတွေ ငွေတွေအကုန်လုံးပါသွားပြီ။ ဘာမှမယူ လိုက်ရဘူး” ဟုပြောသည်။ အဆောင်တန်းလျားတစ်ခုမီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး အဆိုပါအဆောင်တွင် အိမ်ထောင်စု ၉ စု လူဦးရေ ၄၅ ဦးခန့်နေထိုင်ကြောင်း သိရသည်။

မီးငြိမ်းသတ်ရန်လာသည့် မီးသတ်ကားလည်း ချီဖွေမြို့အဝင်တွင် တိမ်းမှောက်ခဲ့သောကြောင့် နံနက် ၇ နာရီခန့်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု စစ်ရှောင်များကိုကူညီပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။“မီးသတ်ကားလည်း မီးလောင် လို့ လာတာ လမ်းမှာမှောက်သွားတယ်။ ဒါကြောင့်အကုန်လုံးပါသွားတာ။ အခုလောလောဆယ်က ချီဖွေဇုံနယ်ဖွံ့ဖြိုးရေးက သွား ကူညီထားတာ စောင်နဲ့စားစရာဆန်နည်းနည်းပဲ တခြားအသင်းတော်ကလည်း နည်းနည်းကြည့်နေတယ်” ဟုပြောသည်။ အဆိုပါ စစ်ရှောင်စခန်းမှာ ချီဖွေမြို့ကတ်သလစ်ဘုရားကျောင်းအနီးတွင်တည်ရှိပြီး ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်အကူအညီ များစွာလိုအပ်နေကြောင်း သိရသည်။ ချီဖွေမြို့နယ်ရှိ စစ်ရှောင်စခန်းများမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းနှင့် ဇွန်လကုန်ပိုင်းတို့ တွင် လည်း တောင်ကျရေကြောင့် ရေဘေးဒဏ်ခံခဲ့ရသည်။ Read ni full

၂၉။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် ခြောက်လအတွင်း လူကိုးရာနီးပါး သေဆုံး
 July 12, 2024
 ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း နိုင်ငံတစ်ဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူကိုးရာနီးပါး (၈၈၀ ဦး) သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၈၇ ခုရှိပြီး သေဆုံးသူ ၈၇၃ ဦး ရှိခဲ့ပါတယ်။ ဒီနှစ် ပထမခြောက်လ အတွင်းမှာတော့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရင်နှစ်ကထက် သေဆုံးသူ ပိုပြီးတိုးလာပါတယ်။ ဇူလိုင်လ ၁၁ ရက် က ထုတ်ပြန်တဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု တွေအပြင် တရားလက်လွတ်ဖြတ်မှု၊ ဖမ်းဆီးမှုနဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတယ်လို့ ဖော်ပြထား ပါတယ်။ ဒါတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူတွေ တရားမျှတမှုရရှိရေး စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ရေးသား ထားပါတယ်။ သတ်ဖြတ်ခံရသူရဲ့ မိသားစုဝင်တွေကတော့ ဒီပြစ်မှုတွေအတွက် ထိထိရောက်ရောက် အရေးယူပေးစေချင်တယ် လို့ ပြောထားပါတယ်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် နိုင်ငံတစ်ဝန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၄၆၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ခြောက်လမှာတော့ ၃၁၂၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ Read ni full

၃၀။ မြေပြို၊ တံတားကျိုးတာတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းမှာ ပိတ်မိနေတဲ့ ကားအစီး ၅၀ လောက်ရှိနိုင်
 July 11, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ မြေပြို၊ တံတားကျိုးတာတွေ ဖြစ်နေတာကြောင့် လမ်းမှာပိတ်မိနေ တဲ့ ကားအစီး ၅၀ လောက် ရှိနိုင်သေးတယ်လို့ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ကနေ ပူတာအို မြို့ဘက် တက်လာတဲ့ ကားအကြီး/အသေး အစီး ၃၀လောက် အင်ဂျစ်ယန်ကျေးရွာမှာ ပိတ်မိနေတဲ့အပြင် တစ်ခြားနေရာ တွေမှာ ပိတ်မိနေတဲ့ ကားတွေလည်း ရှိနိုင်တယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ ”အတက် ကား တွေလည်း ပိတ်မိနေတယ်။ စနေနေ့(ဇူလိုင် ၁)ရက်နေ့က တက်တဲ့ကားတွေရာ၊ ဆင်းတဲ့ ကားတွေရော ပိတ်မိနေတာ”လို့ ပြောပါတယ်။ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ မိုးသည်းထန်ခဲ့တာကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း မြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် ပူတာအိုကနေ မြစ်ကြီးနားမြို့ဘက် ဆင်းလာတဲ့ ကားအစီး ၈၀ ထက်မနည်းဟာလည်း ဆွမ်ပရာဘွမ်မြို့နယ်၊ ဖုန်ကျန်းရွာမှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ဖုန်ကျန်းရွာအနီး လမ်းပြိုတာတွေကြောင့် ခရီးဆက်လို့ မရတော့တဲ့အတွက် ဒေသခံတွေရဲ့ ဘက်ဟိုးကို ငှားရမ်းပြီး လမ်းဖောက်ကာ ခင်ဒူယန်ရွာဘက် ပြန်ခေါက်ကြပြီး အဲဒီရွာမှာပဲ ကားအကြီး/အသေး အားလုံး ၈ ရက်ကြာ နေခဲ့ရတယ်လို့ အထက်ပါ ကားသမားက ဆက်လက်ပြောပါတယ်။ “ဖုန်ကျန်းကနေ အထွက် ဒေသခံတွေရဲ့ ဘက်ဟိုးငှားယူပြီး ပူတာအိုဘက် ပြန်ခေါက်ကြတာ။ ဘက်ဟိုးသာမရှိရင် ရှေ့တိုးလို့လည်း မရ၊ နောက်ဆုတ်လို့လည်းမရ ပိတ်မိနေမှာ။ ဆန်တွေ ကုန်လာတော့ ပူတာအိုဘက် ပြန်ခေါက်တာ။ “လို့ ပြောပါတယ်။ ဒါ့အပြင် ခင်ဒူယန်ရွာမှာ ခေတ္တနားနေနေတဲ့ ကားအသေး အစီး ၈၀ လောက် ဟာ ပူတာအိုမြို့ဘက် ပြန်ခေါက်နိုင်ပြီ ဖြစ်ပေမဲ့ ကားအကြီးတွေကတော့ ခင်ဒူယန်ရွာမှာပဲ ဆက်ရှိနေသေးတယ်လို့ သိရှိရပါ တယ်။ ပူတာအိုမြို့ဘက် ပြန်ခေါက်လာကြတဲ့ ကားသမားအချို့ ပူတာအိုမြို့မှာပဲ ကားတွေကို ထားခဲ့ပြီး မြစ်ကြီးနားမြို့ဘက် လေယာဉ်နဲ့ ပြန်လာကြရတယ်လို့ ဆိုပါတယ်။ Read ni full

၃၁။ စစ်တပ်လက်နက်ကြီးကြောင့် သံတောင်ကြီး ဒေသခံ(၁)ဦးသေဆုံးပြီး ကျောင်းသား(၁)ဦးအပါအဝင်ဒေသခံ ၃ ဦး ဒဏ်ရာရ
 July 12, 2024
ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်အထူးဒေသရှိ ကျွန်းတောကုန်းရွာသို့ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦးနှင့် ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD မူလတန်းကျောင်းသားလေး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသားဖခင် အမျိုးသား(၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။ ယမန်နေ့ နံနက်(၉)နာရီဝန်းကျင်က အနီးတွင်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ကျေးရွာအတွင်း ရည် ရွယ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် KECD စာသင်ကျောင်းတက်ရောက်သူ ကျောင်းသားလေးမှာ ဘယ်ဘက်မျက်လုံး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး သက်ကြီးပိုင်းအရွယ် နောက်ထပ်ဒေသခံ(၂)ဦးမှာ မစိုးရိမ်ရဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရ သည်။ ထို့အပြင် အဆိုပါကျောင်းသား၏ ဖခင်ဖြစ်သူ အမျိုးသားမှာ ဝမ်းဗိုက်အူပွင့်ဒဏ်ရာဖြင့် နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၎င်း၏ရုပ်အလောင်းအား နေ့တွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရသည်ဟု ဒေသခံများနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ဘာတိုက်ပွဲမှမရှိဘဲ အလွတ်ကြီးလက်နက်ကြီးပစ်ကြတာ၊ သူ့အဖေကပွဲချင်းပြီးပဲဆုံးသွားပြီ ။ မနေ့ကတည်းကမြေ ချတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး အနေအေးတာ၊ သူ့ဆိုအဲ့ဘက်ရွာကလူတွေ အကုန်သိတယ်၊ သူ့သားလည်းတစ်ယောက်ပဲရှိ တယ်။ ကလေးအခြေအနေကတော့ သက်သာပါတယ်။ သူ့အဖေအတွက်တော့ စိတ်မကောင်းဘူး” ဟု ၎င်းနီးစပ်သူအမျိုးသမီးက ပြောသည်။ ယမန်နေ့နံနက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်ပြီးနောက် နေ့လည်(၃)နာရီဝန်းကျင်တွင် ကျွန်းတောကုန်း ရွာအတွင်းသို့ ထပ်မံ၍လက်နက်ကြီးပစ်ချခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ရွာအတွင်းရှိ KECD ကျောင်းကိုမူ ယာယီပိတ် ထား လိုက်ရကြောင်း ၎င်းအမျိုးသမီးက ဆက်လက်ပြောဆိုသည်။ အဆိုပါအမျိုးသမီးက “လက်နက်ကြီး(၄)လုံးထပ်ပစ်တာ၊ အပင် တွေတော့ လှဲသွားတယ်။ အဲဒီနေ့ မတိုင်ခင်ကလည်း ရွာထဲကို ညဘက် စစ်တပ်ကအရပ်ဝတ်နဲ့ဝင်လာပြီး အစအနရှာကြတယ်။ အဲ့ဘက် မှာက ကိုယ်ထူကိုယ်ထနဲ့ အခုနှစ်အသစ်ဖွင့်တဲ့ကျောင်းတွေပဲရှိတာ အခုတော့ မိဘတွေ လည်းစိုးရိမ်လို့ ကျောင်းပိတ် ထားရပြီ” ဟု ဆိုသည်။ Read ni full

၃၂။ ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်း ချနေရ
 July 12, 2024
ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင် စစ်တပ်ဂိတ်မှာ ပိတ်ဆို့ထားတဲ့ စက်သုံးဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို တင်သွင်းခွင့်မပြုသေးတာကြောင့် ဆီကုန်သည်တစ်ချို့က ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တဆင့်ခံသယ်ယူပြီး ပြန်လည်ရောင်းချ ပေးနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း မန္တလေးဘက်ကနေ တက်လာတဲ့ ဆီးဘောက်ဆာကား တွေကို ကချင်ပြည်နယ်ထဲကို တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်ပေါင်း၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ နန့်ဆီး အောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက ဝင်ရောက်နိုင်းခြင်းမရှိတာကြောင့် မိုးညှင်း၊ မိုးကောင်းစတဲ့ မြို့နယ် တစ်ကြော က ဆီရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေက ကယ်ရီသမားတွေနဲ့ ပြန်လည်သယ်ယူပြီး ရောင်းချပေးနေတယ်လို့ နန်ဆီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။“အခုက အောက်ပိုင်းဘက်ကနေ တက်လာတဲ့ ဆီကားတွေကို ကချင်ပြည်နယ် ဘက် ကို လုံးဝဝင်ခွင့်မပေးတော့ဘူး။ အဲဒါကြောင့် ကယ်ရီသမားတွေက နန်ဆီးအောင်ဂိတ်အထိလာပြီး လာသယ်ယူနေကြတာ တစ်ပတ်လောက်ရှိလာပြီ။ အဲဒီကယ်ရီသမားတွေကပဲ မိုးညှင်း၊ မိုးကောင်း တစ်ကြောက ဆီဆိုင်တွေဆီပြန်ပို့ပေးတာ။ တစ်ပုံ သယ်ပေးရင် ဘယ်လောက်ဆိုပြီး သယ်ခိုင်းနေကြတယ်။ အဲဒါကြောင့် ဒီသလော ဆီသယ်တဲ့ ကယ်ရီသမားတွေ တစ်ရက်ကို အစီး ၅၀၊ ၆၀ တက်နေတယ်”လို့ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မိုးညှင်း၊ မိုးကောင်း မြို့နယ်တွေဘက်ကနေ နန့်ဆီးအောင် ဂိတ်အထိ ဆီလာရောက်သယ်ယူတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ရက်ကို အစီး ၆၀ လောက်အထိ ပုံမှန်တက်နေတယ်လို့ ဆိုပါတယ်။ ကယ်ရီသမားတစ်ချို့က ဆီဆိုင် တွေအတွက် လာရောက်သယ်ယူခိုင်းတာမျိုးမဟုတ်ဘဲ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီတွေကို လာရောက်ဝယ်ယူပြီး မိုးညှင်း မြို့နယ် လမ်းတစ်ကြောရှိ ပြည်သူတွေကို ပြန်လည် ရောင်းချပေးနေတာတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ “ဆိုင်ကယ် တစ်စီးမှာ ဆီတစ်ပေပါလောက်တော့ တင်နိုင်တယ်။ ဆီလာတဲ့ ကယ်ရီသမားတွေဆီကနေ နန်ဆီးအောင် စစ်တပ်ဂိတ်က ဆိုင်ကယ် တစ်စီးဖြတ်ရင် ငွေ တစ်သောင်း၊ နှစ်သောင်းပြန်ယူတယ်။ ပြီးရင် မော်ဟန်ဂိတ်မှာလည်း အတူတူပဲ။ စစ်တပ်က ဆီကားတွေကို မဝင်ခိုင်းပေမယ့် ဆီသယ်တဲ့ ကယ်ရီသမားတွေဆီကနေ ငွေတော့ ပြန်ကောက်တာပေါ့”လို့ပြောပါတယ်။ ဆီကုန် သည်တွေက ကယ်ရီသမားတွေနဲ့ တဆင့်ခံ သယ်ယူပြီး ရောင်းချလာရတဲ့ အခြေအနေမှာ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထား ရတဲ့ ဆီကားတွေက အချိန်အကြာ မစောင့်ဆိုင်းလာနိုင်တာကြောင့် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ Read ni full
၃၃။ ကုလားတန်စီမံကိန်း ဆက်လက်အကောင်ထည်ဖော်ဖို့ စစ်ကောင်စီနှင့် အိန္ဒိယ ဆွေးနွေး
 July 11, 2024
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံသဘောတူထားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် စစ်တွေမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာတို့ ဇူလိုင်လ ၁၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် ကုလားတန်စီမံကိန်းနှင့် ရခိုင်ပြည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက်ပူးပေါင်း အကောင်အထည်ဖော် သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ လက်ရှိတွင် စစ်တွေမှလွဲ၍ ကုလားတန် စီမံကိန်း လမ်းကြောင်းရှိ နယ်မြေများမှာ AA ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် စစ်ကောင်စီသည် ယင်းစီမံကိန်းကို အကောင်ထည်ဖော် ရန် မလွယ်တော့ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“စီမံကိန်းနယ်မြေက ပလက်ဝကနေ စစ်တွေအထိဆိုတော့ စစ်တွေကလွဲလို့ တခြားနယ်မြေတွေက AA လက်ထဲမှာ။ ဒါကြောင့် အိန္ဒိယအနေနဲ့ AA နဲ့ မညှိနှိုင်းလို့မရဘူး။ စစ်ကောင်စီကိုတော့ သံတမန်ရေးအရ ပြောဆိုရတာရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယရဲ့ ရခိုင်စီမံကိန်းတွေကတော့ စစ်ကောင်စီနဲ့ဆွေးနွေးလို့ လုံးဝအဆင်မပြေတော့ဘူး” ဟု ကျောက်တော်မြို့ခံ ကိုထွန်းတင် က သုံးသပ်သည်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယစီမံကိန်းများအား စစ်ကောင်စီအနေဖြင့် ထိထိရောက် ရောက် ကာကွယ်ပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေရှန်ကာကလည်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကို ပြီးခဲ့သည့် ဇွန်လက ပြောကြားထားသည်။  ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းစတင်ရန် အန္ဒိယအစိုးရဖက်က ၂၀၀၂ ခုနှစ်ကတည်းက စီစဉ်ခဲ့ကာ ၂၀၀၈ ခုနှစ်မှာ နှစ်နိုင်ငံကြား သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ စီမံကိန်းတွင် ကုန်းလမ်း၊ ရေလမ်း နှစ်ခုပါဝင်ပြီး ပလက်ဝ-ဇူရမ်ပူလမ်းပိုင်း ဖောက်လုပ်မှုကို အိန္ဒိယအစိုးရ၏ အိုင်အာကွန့်အင်တာနယ်ရှင်နယ်ကုမ္ပဏီက တာဝန်ယူထားပြီး အိန္ဒိယက အကုန်ကျခံမည်ဟု သိရသည်။

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button