ဖက်ဒရယ်လစ်ဇင်အကြောင်း

ဖက်ဒရယ်စနစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း (DEFINITION OF FEDERALISM)

ဖက်ဒရယ်စနစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုခြင်း (DEFINITION OF FEDERALISM)

Areng Pui

ကမ္ဘ့ာနိုင်ငံပေါင်းများစွာထဲတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအား ကျင့်သုံးသည့် နိုင်ငံပေါင်း (၂၅) နိုင်ငံရှိပြီး ၎င်း (၂၅) နိုင်ငံတွင် နေထိုင်သူ ဦးရေသည် ကမ္ဘာ့လူဦးရေ၏ (၄၀) ရာခိုင်နှုန်းရှိသည် ဟု သိရသည်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကျင့်သည့် ကမ္ဘာ့နိုင်ငံများကို လေ့လာ ကြည့်လျင် မတူစုံလင်ကွဲပြားသည့် မျိုးနွယ်စုများ၊ ဘာသာတရားများ၊ ယဉ်ကျေးမှုဓလေ့များနဲ့ စုံလင်နေ တဲ့ လူ့ဘောင်အဖွဲ့ အစည်းများ ဖြင့် ဖွဲ့စည်းထားပါသည်။

ဖက်ဒရယ်စနစ်သည် မတူစုံလင်ခြင်းကို စုံမက်ပေးသည့် နိုင်ငံရေးသီအိုရီတစ်ခုဟု နိုင်ငံရေးပညာရှင်များက ဆိုကြသည်။ မြန်မာ့လူ့ ဘောင်အဖွဲ့အစည်းနဲ့ ယှဉ်ထိုးကြည့် မည်ဆိုလျင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ သက်ဝင်ယုံကြည်သည့် ဘာသာတရား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ စုံလင်စွာ ရှိနေသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ဆယ်စုနှစ် (၇)နှစ်ကျော် ဖက်ဒရယ် နိုင်ငံရေးစနစ် တစ်ခု အကောင်ထည်ဖော်ရေးအတွက် ပြည်တွင်း စစ်ကို ဆင်နွဲကြရခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်ကို လေ့လာရာတွင် အပိုင်း (၃)ပိုင်းဖြင့် လေ့လာနိုင်ပါသည်။ (၁) ဖက်ဒရယ်ဖွဲ့တည်ဆောက်ခြင်း( Federal Forming Struture )၊(၂) ဖက်ဒရယ်ယူနစ်သတ်မှတ်ခြင်း ( Federal Territorial Designation) နှင့် (၃) ဖက်ဒရယ်အာဏာခွဲဝေခြင်း ( Separation of Federal power ) တို့ဖြစ်သည်။

(၁) ဖက်ဒရယ်ဖွဲ့တည်ဆောက်ခြင်း( FEDERAL FORMING STRUTURE )

ဖက်ဒရယ်စနစ်တွင်ယျေဘုံယျအားဖြင့် ဖက်ဒရယ်စနစ်အမျိုးအစာများ (၂)မျိုးရှိသည်ဟုဆိုနိုင်သည်။ ၎င်းတို့မှာ အတူတကွယှဉ်တွဲနေနေထိုင်သည့် ဖက်ဒရယ်စနစ်(HOLDING TOGETHER FEDERAL SYSTEM) နဲ့ အတူတကွပူးပေါင်းနေထိုင်သည့် ဖက်ဒရယ်စနစ် (COMING TOGETHER FEDERAL SYSTEM) ဟူ၍ ဖြစ်သည်။ အတူတကွယဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ်(HOLDING TOGETHER FEDERAL SYSTEM) ကို ရိုးရှင်းစွာ ဖော်ပြရမည်ဆိုလျင် တည်ရှိပြီးသားရွာတစ်ရွားအား အိမ်ထောင်မိသားစုအလိုက် လုပ်ပိုင်ခွင့်အာဏာများကို အညီအမျှ ပြန်လည် ခွဲဝေကျင့်သုံးသည့် အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်သည်။

အတူပူးပေါင်းနေထိုင်သည့် ဖက်ဒရယ်စနစ်(COMING TOGETHER FEDERAL SYSTEM) သည် တည်ရှိနှင်းပြီးသား ရွာများကို ပိုမိုအားကောင်း တောင့်တင့် စေရာ ရည်ရွယ်ချက်ဖြင့် ကျေးရွာ များကို စုစည်းပြီး အုပ်စုတစ်ခု ဖန်တီးခြင်း/သို့တည်း မဟုတ် ရွာကြီးတစ်ရွာ ပြန်လည်တည်ဆောက်ခြင်းနဲ့ အလားသဏ္ဍာန်တူပါသည်။ အုပ်စုအုပ် ချုပ်ရေးမှုး (အင်အားကြီးသူ)သည် အုပ်စုအတွင်း ကျေးရွာများကို ခြေလှယ်ချင်တိုင်း ချေလှယ်ခွင့်မရှိပေ။ ကျေးရွာ များအနေဖြင့်လည်း အုပ်စုဖွဲ့စည်းခြင်းဖြင့် မိမိတို့၏ ပင်ကိုရှိပြီးသား အချုပ်အခြာအာဏာများကို ထိခိုက်မှုမရှိဘဲ အုပ်စုအတွင်း ကျူးကျော်လာမည့် ပြည်ပ ရန်သူများကို ပိုမို စုပေါင်း တွန့်လှန်ကြရန် ဖြစ်သည်။ ကျေးရွာတစ်ခုနဲ့တစ်ခုကြား ပြဿနာများ၊ အုပ်စုအနေဖြင့်အတူတကွ လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရသည့် အုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်သည်။

(၂) ဖက်ဒရယ်ယူနစ်သတ်မှတ်ခြင်း (FEDERAL TERRITORIAL DESIGNATION)

ဖက်ဒရယ်ယူနစ်( နယ်မြေ) သတ်မှတ်ရာတွင်လည်း နယ်မြေဒေသကို အခြေခံသည့် ဖက်ဒရယ်ယူနစ်( TERRITORIAL FEDERALISM) နှင့် လူမျိုးနွယ်စုကို အခြေခံသည့် ဖက်ဒရယ်ယူနစ်( ETHNNO FEDERALISM) ဟူ၍ အမျိုးအစား (၂)ခု တွေ့ရသည်။  နယ်မြေကို အခြေခံသည့် ဖက်ဒရယ်ယူနစ်( TERRITORIAL FEDERALISM) ဆိုသည်မှာ ဥပမာပေးရှင်းပြရမည်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ထွက်ပေါ်လာသည့် တိုင်းနဲ့ ပြည်နယ် (၁၄) အား အချုပ်အခြာ အာဏာပေးခြင်းဖြစ်သည်။ ထိုနယ်မြေတွင် မတူညီစုံလင်သည့် မျိုးနွယ်စု၊ ယဉ်ကျေးမှုများစွာ ရှိနိုင်ပါသည်။ သို့သော် ၎င်းနယ် မြေအား ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ်သတ်မှတ်ပြီး အုပ်ချုပ်ရေးစနစ်တစ်ခုသာ ရှိခြင်းဖြစ်သည်။

လူမျိုးနွယ်စုကို အခြေခံသည့် ဖက်ဒရယ်ယူနစ်( ETHNNO FEDERALISM) ဆိုသည်မှာ တိုင်းရင်းသား လူမျိုးများဖြစ်သည့် ရှမ်း၊ချင်း၊ ကချင်၊ ကရင်၊ ဗမာ၊ မွန်၊ ရခိုင်၊ကယား အစရှိသည့် လူမျိုးနွယ်စုများ အပေါ် အခြေခံပြီး နယ်မြေ၊ သတ်မှတ် အုပ်ချုပ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ၁၉၆၁ ခုနှစ်၊ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ တောင်ကြီးညီလာခံ တွင် ရှမ်းခေါင်းဆောင်ကြီးများက တင်သွင်းခဲ့သည့် (၈)ယူနစ်မူသည် လူမျိုးနွယ်စု ကိုအခြေခံသည့် ဖက်ဒရယ်ယူနစ် စဉ်းစားချက်ဖြစ်သည်။ ထိုမျိုးနွယ်စုအထဲတွင်လည်း သေးငယ်သည့် မျိုးနွယ်စု အစိုင်များအလိုက် နယ်မြေများလည်းပိုင်းခြားနိုင်ပါသည်။

(၃) ဖက်ဒရယ်အာဏာခွဲဝေခြင်း (SEPARATION OF FEDERAL POWER )

ဖက်ဒရယ်စနစ်၏ ပြည်နယ်တစ်ခုနဲ့တစ်ခု အာဏာခွဲဝေမှုပုံစံများ၊ အရင်းအမြစ်ခွဲဝေမှု ပုံစံများကို ထပ်မံလေ့လာမည်ဆိုလျှင် ထပ်မံ၍အမျိုးအစား (၂) ခုတွေ့နိုင်ပါသည်။ ၎င်းတို့မှာ အချိုးညီ ဖက်ဒရယ် စနစ်( SYMMETRIC FEDERALISM ) နှင့် အချိုးမညီ ဖက်ဒရယ်စနစ် (ASYMMETRIC FEDERALISM) ဆိုပြီးခွဲထားပါသည်။  အချိုးညီ ဖက်ဒရယ်စနစ်( SYMMETRIC FEDERALISM ) ဆိုသည်မှာ ပြည်နယ်များအားလုံးသည် အချိုးတူညီညီမျှမျှ အာဏာများ၊ လုပ်ပိုင်ခွင့်များ၊ အကျိုးခံ စားခွင့်များ ရရှိခြင်းဖြစ်သည်။

အချိုးမတူဖက်ဒရယ်စနစ်(ASYMMETRIC FEDERALISM) တွင်ထိုသို့မဟုတ်ဘဲ  ပြည်နယ်တစ်ခုနဲ့ တစ်ခုသည် ပြည်နယ်၏ ပထဝီနယ်မြေအရဖြစ်စေ၊ ပြည်နယ် ကြွယ်ဝချမ်းသာမှု အရဖြစ်စေ၊ ပါဝာီနိုင်ငံရေးအရဖြစ်စေ၊ ပြည်နယ်တစ်ခု နဲ့တစ်ခု လုပ်ပိုင်ခွင့်အာဏာ များ၊ အကျိုးခံစားခွင့် များ ကွာခြားခြင်း ရှိပါသည်။ ဥပမာအနေဖြင့် ကြည့်မည်ဆိုလျှင်  သြစတေးလျှား နိုင်ငံသည် အချိုးတူ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး ပြည်နယ် (၆) ပြည်နယ်အား အချိုးတူ အခွင့်အာဏာ လုပ်ပိုင်ခွင့်များ ပေးထား သည်ကိုတွေ့ရသည်။  မလေးရှား၊ ကနေဒါ၊ အိန္ဒိယ အစရှိသည့် နိုင်ငံများသည် အချိုးမညီ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့် နိုင်ငံများဖြစ်ပြီး ၎င်း နိုင်ငံတို့၏ ပြည်နယ်အား လုပ်ပိုင်ခွင့် အာဏာ များအပ်နှင်း သည့်ပုံစံသည် ပြည်နယ်တစ်ခုနဲ့တစ်ခု တူညီမှုမရှိဘဲ ကွဲပြားခြားနားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဖက်ဒရယ်စနစ်ကို အသွင်းပြောင်းတည်ဆောက်နေကြသည့် မြန်မာ့နိုင်ငံရေးအကူးအ ပြောင်းတွင်လည်း ဤအချက်များအား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအား ဖက်ဒရယ်စနစ်သို့အသွင် ကူးပြောင်းတည်ဆောက်ကြရာတွင် အတူယှဉ်တွဲနေထိုင်သည့်ဖက်ဒရယ်စနစ် (HOLDING TOGETHER FEDERAL SYSTEM )နဲ့သွားကြမည်လော့ သို့မဟုတ်  အတူပူးပေါင်းနေထိုင်ခြင်း (COMING TOGETHER FEDERAL SYSTEM ) နှင့် သွားကြမည်လော့ ဟူသည့် မေးခွန်းအား ဆုံးဖြတ်ကြရမှာ ဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် ဖက်ဒရယ်ယူနစ် သတ်မှတ်ရာတွင် နယ်မြေကို အခြေခံသည့် ဖက်ဒရယ်ယူနစ် (TERRITORIAL FEDERAL UNITE)ဖြင့် သွားကြမည်လော့၊ သို့မဟုတ် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ယူနစ် နဲ့(ETHNNO FEDERAL UNITE) သွားကြမည် လော့ တိတိကျကျ ချမှတ်ဖို့လိုအပ်ပါသည်။

ထိုနည်းတူ ဖက်ဒရယ်စနစ်၏ ပြည်နယ်နဲ့ ပြည်ထောင်စု အကြား အာဏာခွဲဝေ ရာတွင်လည်း ပြည်နယ် အချင်းချင်းကြား အချိုးတူ ဖက်ဒရယ် စနစ်ကို ကျင့်သုံးမည်လော့ သို့မဟုတ် အချိုးမတူ ဖက်ဒရယ်စနစ်ကို ကျင့်သုံးမည်လော့ ဟူသည့် မေးခွန်းများ သည် လက်ရှိ တော်လှန် ရေးအင်အားစုများကြား တိကျရှင်းလင်းသည့် စဉ်းစားချက် အဖြေရှိထားဖို့ လိုအပ်ပြီဖြစ်သည်။ထိုမှသာ ကြားကာလ (သို့) တော်လှန်ရေးကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဌာန်းကြရာ တွင်  အငြင်းပွား မှုကင်းစွာနှင့် အန္တာရယ်ကင်းကင်း ရေးဆွဲ သတ်မှတ်နိုင်မည်ဖြစ်သည်။

Areng Pui

ကိုးကားချက်များ

▪️Anderson, L. (2014). Ethnofederalism: The Worst Form of Institutional Arrangement…?

▪️Tarlton, C. D. (1965). Symmetry and Asymmetry as Elements of Federalism: A Theoretical Speculation. The Journal of Politics

Related Articles

Back to top button