ပြည်ထောင်စု၏ အချုပ်အာဏာပိုင် ယူနစ်(ပြည်နယ်)များ
ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာ တင်ပြချက်
- ဦးအောင်ထူး
ကျောင်းအုပ် | ဖက်ဒရယ်ဥပဒေ အကယ်ဒမီ
တည်ထောင်သူ | ဥပဒေ အထောက်အကူပြုကွန်ရက်
အချုပ်အခြာအာဏာကို တစ်ပြည် ထောင်စနစ် အခြေခံနှင့် ဖက်ဒရယ်၏အခြေခံတို့မှ သုံးသပ်ကြမယ်ဆိုရင် အချုပ် အခြာ အာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် လက်ခံ ကျင့်သုံး ကြပါတယ်။
တစ်ပြည်ထောင်စနစ်ကျင့်သုံးတဲ့ နိုင်ငံများမှာတော့ အချူပ်အခြာ အာဏာကို ဗဟိုမှ အဓိက ကျင့်သုံးပြီး ဖက်ဒရယ်တိုင်း ပြည်များကတော့ အချုပ်အခြာ အာဏာကို ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင် သောယူနစ်များ ( Constituent units ) တစ်နည်း အားဖြင့် ပြည်နယ်များကတာ အဓိက ကျင့်သုံးကြတာပါ။
ပြည်ထောင်စု စနစ်ကျင့်သုံးသည့်နိုင်ငံများမှာ ဗဟို(ပြည်ထောင်စု)ဟာ ပြည်နယ်များမှ ခွဲဝေပေးသော အာဏာ ကိုသာ ကျင့်သုံး လေ့ ရှိကြပါတယ်။
အဲဒီထဲမှာ Holding together နှင့် Coming together ဟူသော အယူအဆနှစ်ရပ်ကို နားလည်ဖို့ လိုအပ်လာပါတယ်။ ပထမအချက်ဖြစ်တဲ့ Holding together ဆို သည် မှာ ကျွနိုပ်တို့အတူတကွ ပေါင်းစု နေထိုင်ခြင်းဟူ ဆိုတဲ့ မူကိုစွဲကိုင်သည့် အယူအဆဖြစ်တယ်။ သာဓကအားဖြင့် ဂျာမဏီနိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မတိုင်မှီက တပြည် ထောင်စနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။ နဂိုရှိပြီးသား တိုင်းပြည်ပေါ်မှာ အတူတကွစုပေါင်းနေထိုင်ပြီး ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ကြခြင်းဖြစ်ပါတယ်။
နောက် ဒုတိယတခုကတော့ Coming together ဟူသော အယူအဆပါ ဒါကတော့ သီးခြားနယ်မြေများ စုပေါင်း ပြီး ပြည်ထောင်ပေါင်းစု တည်ထောင်ခြင်း ဖြစ်ပါတယ်။ သာဓကအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ် ရေး ရယူစဉ်က နယ်မြေ (၁၃) နယ် (ယူနစ် / ပြည်နယ် ) တို့စုပေါင်းပြီး အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့ ကြတာပါ။
အထက်ပါ အယူအဆနှစ်ခုနှင့် မြန်မာနိုင်ငံကို သုံးသပ်မည်ဆိုပါက ပင်လုံစာချုပ်မတိုင်မှီ ကာလအထိ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားများဟာ မိမိနယ်မြေဒေသအလိုက် မိမိအုပ်ချုပ်ပြီး နေထိုင်ခဲ့ကြတယ်။
အဲဒီနောက် နယ်ချဲ့ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို ဗမာပြည်မနှင့် တချိန်တည်း အတူတကွရယူပြီး ပြည်ထောင်စု တည်ဆောက်ရန် ဟူသော နှစ်ဘက် သဘော တူညီ ချက်ပါသည့် ပင်လုံစာချုပ်အရ ပြည်ထောင်စု တည်ဆောက်ခဲ့ ကြခြင်းဖြစ်တယ်။
အကယ်၍ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားများအနေဖြင့် ဗမာပြည်မနှင့်မပူးပေါင်းဘဲ သီးခြားနေထိုင်မည်ဆိုရင် နေထိုင်နိုင်ခွင့်လည်း ရှိခဲ့ပါတယ်။ ဒီလိုသော် သမိုင်း နောက်ခံအရ မြန်မာနိုင်ငံဟာ Coming together ဟူသော အယူအဆကို လက်ခံ ကျင့်သုံးခဲ့ကြောင်း တွေ့ရမှာ ဖြစ်တယ်။
ဒါ့ကြောင့်မို့လို့ သီးခြားဆီ အုပ်ချုပ်ပြီး နေခဲ့ကြတဲ့ ယူနစ်(ပြည်နယ်)တွေက ဗမာ မဟုတ်တဲ့ တိုင်းရင်းသားများနဲ့ ယူနစ်(ပြည်မ) ဗမာတိုင်းရင်းသားများကြား ပေါင်းစုပြီး ပြည်ထောင်စု မြန်မာနိုင်ငံဟူ၍ ဖြစ်တည်လာခဲ့တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။
ဒီနေရာမှာ ပြည်ထောင်စု၏အခြေခံဟာ ယူနစ် (ပြည်နယ်)များဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည် ဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ဗဟို(ပြည်ထောင်စု)ဆိုတာ လိုအပ်ချက်ကြောင့် ဖန်တီးထားတဲ့အရာ ဖြစ်ပြီး ယူနစ် (ပြည်နယ်) များဟာ ရှိပြီးသားအရာ မူရင်း ဖြစ်တယ်။ ယူနစ်(ပြည်နယ်) မရှိလျှင် ဗဟို(ပြည်ထောင်စု)ဟူ၍ မရှိလာ နိုင်ပါဘူး။ အဲဒါကြောင့် ပြည်နယ်နှင့် ပြည်နယ်သားများက အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်တယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။
အာဏာကို ပြည်နယ်များမှ အများစုကျင့်သုံးပြီး ဗဟို(ပြည်ထောင်စု)ကိုမူ ယူနစ်(ပြည်နယ်)များမှ သတ်မှတ်ပေး ထားတဲ့ အာဏာကိုသာ ကျင့်သုံးခွင့်ပေးလေ့ရှိပါတယ်။ အဲဒီ အာဏာခွဲဝေပေးတဲ့ စနစ်ကို ယူနစ်(ပြည်နယ်) အဓိက အခြေပြုစနစ် (Bottom Up) စနစ်လို့ ခေါ်ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုကို ဖွဲ့စည်းရာမှာ အဓိက ဖြစ်ပြီး ပါဝင်တဲ့ ယူနစ်(ပြည်နယ်)များ ၏ပကတိနယ်နိမိတ် အခြေအနေကိုလည်း ထည့်တွင်းစဉ်စားရန် လိုအပ်မှာ ဖြစ်တယ်။
ယူနစ် (ပြည်နယ်)များ၏ ဧရိယာအကျယ်အဝန်းကွာဟမှု ကြီးမား လျှင် ကြီးလွန်းသော ယူနစ်(ပြည်နယ်)ကို ဟန်ချက် ညီအောင် ထိန်းနိုင်ရပါမယ်။ ဥပမာ – နိုင်ဂျီးယီးယားနိုင်ငံ၏ မြောက်ပိုင်း ပြည်နယ်ဟာ နိုင်ငံတစ်ခုလုံး၏ ၆၀% ခန့်ကြီးမားပါတယ်။ တောင်ပိုင်း ပြည်နယ်များကတော့ ၄၀% သာရှိပါတယ်။
အဲဒီထဲက ယူနစ်(ပြည်နယ်)တစ်ခုဆိုလျှင် အလွန်သေးငယ်သဖြင့် မြောက်ပိုင်း ယူနစ်(ပြည်နယ်)ကြီးရဲ့ နယ်နိမိတ် အရေး၊ ယူနစ်(ပြည်နယ်) အချင်းချင်း အကျိုး စီးပွါးအရေး အစရှိသဖြင့် ဟန်ချက်ညီအောင် ထိန်းသိမ်းရန် အခက်အခဲနှင့် ရင်ဆိုင် နေခဲ့ရတဲ့ သာဓက ဖြစ်ရပ် ရှိခဲ့ပါတယ်။
မြန်မာပြည်၏ အခြေအနေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း တိုင်း(၇) တိုင်းကို ယူနစ်(ပြည်နယ်)တစ်ခုအဖြစ် သတ်မှတ်သည့် ပုံစံဖြင့်ဆိုလျှင် နိုင်ဂျီးရီးယားကဲ့သို့ ပြဿနာ ကြုံတွေ့နိုင်ပါတယ်။ ဥပမာအား ဖြင့် တင်္နသာရီ တိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်း အစရှိ သည်တို့တွင် တိုင်းရင်းသား လူမျိုးများစွာ စုပေါင်း နေထိုင် ကြပါတယ်။
အဲဒီလို တိုင်းရင်းသား လူမျိုးပေါင်းစု အခြေအနေမှာ သက်ဆိုင်ရာ အမျိုးသားများ ယူနစ်(ပြည်နယ်)ဆိုပြီး သတ်မှတ် နိုင်မည်ဆိုပါက အထက်ပါ ပြဿနာမျိုးမှ ရှောင် ရှားနိုင်မှာ ဖြစ်ပါတယ်။
နောက်တပိုင်းအနေဖြင့် ပင်လုံစာချုပ်တွင်မပါဝင်ခဲ့သော ကျန်တိုင်းရင်းသားများ၏ ရပ်တည်မှုအခန်းကဏ္ဍနှင့် ဆက်စပ်ပြီး သုံးသပ်ရမည်ဆိုပါက ပင်လုံ စာချုပ်ချုပ် စဉ်က မပါဝင်ခဲ့သော မွန်၊ ရခိုင်၊ ကရင်နီ အစရှိသည့် အခြားတိုင်း ရင်းသားများ၏ နိုင်ငံရေးအခွင့်အရေးသည် (၁) ပင်လုံစာချုပ်ချုပ်စဉ်က စာချုပ်ကိုအသိမှတ်မပြု (သို့) ဆန့်ကျင် သည့်သဘောသက် ရောက်သော တရားဝင်ကြေညာ ချက်ရှိရန်လိုသည်။ (၂) ဗိုလ်ချုပ်အောင် ဆန်း၏ ဖဆပလ အဖွဲ့တွင် ရခိုင်၊ မွန် အစရှိသည့် တိုင်းရင်းသား များ ပါဝင်ဖွဲ့စည်းထားသဖြင့် စာချုပ်ချုပ်စဉ်က မပါသော တိုင်းရင်းသားများအတွက် လည်း ကိုယ်စားပြုသည်ဟု မှတ်ယူနိုင်မည်။ ထို့ကြောင့်ယခုချိန်တွင် တိုင်းရင်းသား များအနေဖြင့် ပင်လုံစာချုပ် ကိုကိုင်စွဲပြီး နိုင်ငံရေးအခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင် ကြခြင်းပင် ဖြစ်ပါတယ်။