မြောက်ပိုင်းစစ်ရေး အားသာချက်များ
ကျော်ကိုကို
ရှမ်းမြောက်ဟာ အာရက္ခပြည်နည်းတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအတွက် စစ်ရေး အားသာချက်တွေ အမြောက်အများရှိတဲ့ဒေသတခုဖြစ်ပါတယ်။
တခါတရံမှာ ရှမ်းမြောက်ကတောင် အာရက္ခပြည်ထက်ပိုတဲ့ စစ်ရေးအားသာချက်တွေရှိနေသေးတယ်လို့ ယူဆရပါလိမ့်မယ်။ ဒီအားသားချက်တွေကို ကျနော်တို့ ဆန်းစစ်လေ့လာကြည့်ဖို့လိုအပ်ပါတယ်။
(၁)ပထဝီအရ အားသာချက်
ရှမ်းမြောက်ဟာ တောင်ကုန်းတောင်တန်းထူထပ်တဲ့ နယ်မြေဒေသတွေပဲဖြစ်ကြလို့ ရန်သူ စစ်အုပ်စု အနေနဲ့ လွယ်လင့်တကူ ဝင်ရောက်လာလို့မရပါဘူး။
စစ်ကောင်စီတပ်စခန်း အခြေစိုက်စစ်သားတွေအနေနဲ့လည်း တပ်ထဲကနေ ခြေလျင်ကင်းလှည့်ဖို့၊ စစ်ကြောင်း ထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
တောင်ကြောတွေပေါ်မှာ တော်လှန်ရေးအင်အားစုတွေက စိတ်ချလက်ချ စခန်းချပြီး နယ်မြေတခုလုံးကို စိတ်တိုင်းကျ လှည့်လည်သွားလာနေလို့ရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်ဆိုတာကလည်း ရာသီဥတုအပေါ် အများကြီး မူတည်နေတာပါ။မိုးတအားများလွန်းတဲ့ရာသီမှာ စစ်တပ်သုံး ရဟတ်ယာဥ်နဲ့ ဂျက်လေယာဥ် တွေ အလုပ်သိပ်မဖြစ်ပါဘူး။ပျံဝဲဖို့အခက်တွေ့နိုင်သလို ပစ်မှတ်ကိုလည်း အတိအကျရှာလို့ မရနိုင် ပါဘူး။
ပြီးတော့ စစ်ကောင်စီတပ်တွေဟာ တောင်ပေါ်ဒေသတွေမှာဆို နယ်မြေကျွမ်းကျင်မှုမရှိလို့ ဝင်လမ်း ထွက်လမ်း ဆုတ်လမ်းတက်လမ်းတွေမှာ ကျွမ်းကျွမ်းကျင်ကျင် မရွေ့ရှားနိုင်ကြပါဘူး။
(၂) လူထုထောက်ခံမှုအရ အားသာချက်
ရှမ်းမြောက်မှာ လူထုက ယေဘုယျအားဖြင့် စစ်အာဏာရှင်ကို ထောက်ခံမှုလုံးဝမရှိပါဘူး။မြို့ပေါ်နေ လူတစုလောက်သာ အကျိုးစီးပွားကြောင့် စစ်ကောင်စီနဲ့ပူးတွဲလုပ်ကိုင်တာကလွဲရင် လူများစုကတော့ စစ်အုပ်ချုပ်ရေးစတင်ကတည်းက အပြင်းအထန်ကန့်ကွက်ခဲ့ကြသူတွေဖြစ်တယ်။
မြို့ပေါ်မှာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်စွမ်းမရှိတော့ဘဲ ဟန်ပြသဘောလောက်ပဲ ရုံးတွေ ဖွင့်ထား နိုင်တာ ဖြစ်ပါတယ်။ဒါကြောင့် မြို့ပြဝန်ထမ်းတွေက ရုံးတွေကို အလျင်အမြန် စွန့်ခွာ ထွက်ပြေးသွားပြီး ဘယ်မြို့ကိုမဆို အလွယ်တကူသိမ်းပိုက်နိုင်မှာပဲဖြစ်ပါတယ်။
မြို့ပြလူနေအိမ်ခြေထက် ဘေးပတ်လည်ကျေးလက်ဒေသက ပိုကျယ်ဝန်းအားကောင်းသလို ကျေးလက် လူထုတွေအားလုံးက တော်လှန်ရေးအင်အားစုကိုပဲ ထောက်ခံအားပေးကြတာဖြစ်လို့ မြို့တွေဟာ မသိမ်းခင် ကတည်းက ကျပြီးသားလို့တောင်ပြောလို့ရပါတယ်။
(၃) မဟာမိတ်စုဖွဲ့မှုအရ အားသာချက်
စစ်အုပ်စုဟာ အထီးကျန်ဖြစ်နေတဲ့ စစ်တပ်တတပ်ပါ။လူမျိုးစုလက်နက်ကိုင်တွေကတော့ အချင်းချင်း ချိတ်ဆက်စုဖွဲ့မှုရှိကြပါတယ်။
လူမျိုးစုလက်နက်ကိုင်အင်အားစုကြားမှာ အပြန်အလှန်ပွတ်တိုက်မှုတချို့ရှိပေမယ့် အဓိကဦးတည် ရန်သူ စစ်ကောင်စီကို တိုက်တဲ့နေရာမှာ ဘုံအကျိုးစီးပွားအလို့ဌာ ညှိနှိုင်းဆောင်ရွက်လေ့ရှိကြပါတယ်။
နောက်တချက်က နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာတဲ့ မြို့ပြ လူငယ်တွေရဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း ဘုံရန်သူဆန့်ကျင်ရေးမှာ လူမျိုးစုလက်နက်ကိုင်တွေရဲ့ အကူအညီကို အများကြီးရယူထားရတာဖြစ်လို့ ဒီတိုက်ပွဲမှာ တသားတည်းရပ်တည်ပြီး တိုက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
အာရက္ခပြည်နဲ့မတူတဲ့အချက်က ဒေသခံလူမျိုးစုတွေကြား သွေးခွဲရန်တိုက်ဖို့ အလွယ်တကူ ကြိုးစား လို့မရနိုင်တာပဲဖြစ်ပါတယ်။အာရကန်နဲ့ ရိုဟင်ဂျာလိုကိစ္စမျိုးကို ရှမ်းမြောက်မှာ ဖန်တီးလို့ မရပါဘူး။
လူမျိုးစုတစုကို အတင်းအဓမ္မဖိအားပေးပြီး စစ်တပ်ထဲထည့်လို့မရပါဘူး။လူမျိုးစုတိုင်းက ကိုယ့်မိခင် အဖွဲ့အစည်းအသီးသီးကိုဝင်ပြီး စစ်အုပ်စုကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။စစ်အုပ်စုနဲ့ပေါင်းတဲ့ ပြည်သူ့စစ်တွေဟာလည်း မူးယစ်ဆေးဝါးနဲ့မကင်းတဲ့ ဒုစရိုက်အဖွဲ့တွေဖြစ်လို့ ငွေမျက်နှာပဲ ကြည့် တာပါ။ တိုက်ပွဲမှာ အသေခံမတိုက်ရဲကြပါဘူး။
စစ်အုပ်စုမှာ အပေါင်းအပါနည်းပါးတယ်။တော်လှန်ရေးအင်အားစုမှာ ကျောထောက်နောက်ခံ လူထုကြီး တရပ်လုံးရှိပါတယ်။
(၄) စစ်ရေးစီမံချက်အရ အားသာချက်
၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးစီမံချက်အရ စကစထက် နှာတဖျားမကသာနေတာကိုတွေ့ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက အထွေထွေထိုးစစ်ဆင်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ကိုးကန့်တို့ရဲ့အိမ်ပြန်ခရီး၊ အာရက္ခအိပ်မက်၊ တအာင်းပြည်နယ်သစ်စိတ်ကူးတွေစသဖြင့် အနှစ်နှစ် အလလ ကိန်းအောင်းနေတဲ့ မျှော်မှန်းချက်တွေကို တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ အချိန်ယူ ပြင်ဆင်ထားခဲ့တာပါ။
မြို့တွေမသိမ်းခင်ကတည်းက မြို့တွင်းမြို့ပြင်မှာ ယူဂျီတွေကြိုမြုပ်ထားပြီး အတွင်းသတင်းကို ဘက်စုံ ထောင့်စုံ နေရာစုံက ကြိုတင်စုဆောင်းနိုင်ခဲ့လို့ စကစအရာရှိအိမ်မှာ ဘယ်နေ့က ဘာဟင်းနဲ့ စားနေတာ ကအစ တော်လှန်ရေးအင်အားစုတွေအကုန်ကြိုသိနေကြပါတယ်။
စစ်အင်အားဘယ်လောက်ရှိတယ်၊စစ်ကြောင်းတွေ အတိုးအဆုတ်ဘယ်ကိုရွေ့လျားနေတယ်၊ ဘယ်နေ့ က ဘယ်ယာဥ်နဲ့ လက်နက်ဘယ်လောက် ရိက္ခာဘယ်လောက်လာချသွားတယ်ဆိုတာတွေ အတိအကျ မသိဘဲ တိုက်ပွဲဖော်ခဲ့တာမဟုတ်ပါဘူး။
မြေပြင်ထောက်လှမ်းရေးကွန်ရက် ကျယ်ကျယ်ဖြန့်ထားပြီး အတိအကျသိထားတဲ့အတွက် အား အပျော့ဆုံး နေရာတွေကနေ ဝင်ရောက်ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။
(၅) ခေါင်းဆောင်မှုနဲ့ စိတ်ဓာတ်ရေးရာ အားသာချက်
တော်လှန်ရေးအင်အားစုတွေဟာ ခေါင်းဆောင်မှုပြတ်သားသလို စိတ်ဓာတ်ရေးရာလည်း အမြင့်မားဆုံး အချိန်ကို ရောက်နေကြတာပါ။
ခေါင်းဆောင်မှုနောက်က တပ်သားတွေ ရဲဘော်တွေအားလုံး အမိန့်ကို တိတိကျကျနာခံပြီး အလုပ်ကို အရိုးကြေကြေ အရည်ခန်းခန်းလုပ်နေကြတာကို တွေ့ရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ ခိုကပ်တဲ့သူမျိုးတွေ မရှိသလောက်ရှားပါတယ်။ပေးအပ်တဲ့တာဝန်ကို မလွှဲရှောင်ဘဲ တက်တက်ကြွကြွ ယူတတ်ကြသလို စစ်ကောင်စီကို အမြစ်ပြတ်တိုက်မှ လွတ်လပ် မယ်ဆိုတဲ့အသိ၊ အောင်ပွဲကို ဆာလောင်မှုတွေ သူတို့တဦးချင်းစီမှာ တွေ့မြင်နေရပါတယ်။
စစ်ကောင်စီတပ်သားတွေဆိုရင် ကြောက်လန့်တုန်လှုပ်ပြီး လက်နက်ချဖို့၊ စခန်းစွန့်ခွာဖို့၊ တပ်ပြေးဖို့ပဲ အမြဲစဥ်းစားနေကြတာကို တွေ့ရပါတယ်။တပ်ထဲမှာ အလွှာကွဲပြားတဲ့ လူနေမှုအဆင့်အတန်းတွေရှိပြီး အထက်အောက်ဖိနှိပ်ထားတဲ့ ဆက်ဆံရေးမျိုးက စကစဘက်မှာ အပြည့်ရှိပြီး တော်လှန်ရေး အင်အားစု ဘက်မှာ အဆောင်အယောင်အနေနဲ့ကလွဲရင် ကွဲပြားမှု ကြီးကြီးမားမားရှိမနေတာနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။
အနှစ်ချုပ်ရရင် ကျနော့်သုံးသပ်ချက်အရ အားသာချက် (၅)ချက်ကိုတွေ့ရှိရပါတယ်။အဆိုပါ အားသာ ချက် တွေကြောင့်လည်း ဒီကနေ့ ကျောက်မဲမြို့ထဲမှာ တော်လှန်ရေးအင်အားစုတွေ ခေါင်းမော့ပြီး လမ်းလျှောက်နေနိုင်ကြတာဖြစ်တယ်။ နောက်ဆိုရင်လည်း လားရှိုးမြို့တော်ခန်းမထက်မှာ တော်လှန်ရေး အလံတွေလွှင့်ထူကြဦးမှာ ဖြစ်တယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။
ကျော်ကိုကို
ဓာတ်ပုံ – Shwe Phee Myay News Agency & The Ta’ang Post