သတင်း

မဏိပူရ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေကို စစ်ကောင်စီလက်ထဲပြန်မပို့ဖို့ အစာငတ်ခံဆန္ဒပြနေ

မဏိပူရ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေကို စစ်ကောင်စီလက်ထဲပြန်မပို့ဖို့ အစာငတ်ခံဆန္ဒပြနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇွန် ၁၇၊ ၂၀၂၄

အိန္ဒိယနိုင်ငံ၊  မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို စစ်ကောင်စီလက်ထဲပြန်မပို့ဖို့ အစာငတ်ခံဆန္ဒပြနေတယ်လို့ အိန္ဒိယ- မြန်မာ အရေး လေ့လာစောင့်ကြည့်တဲ့အဖွဲ့ (India For Myanmar) ထံက‌နေ သိရပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ဦးကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် မြန်မာစစ်ဘေးရှောင် ၂၈ဦးက အစာငတ်ခံ ဆန္ဒပြနေတာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကို ပြန်မပို့ဘဲနဲ့ သူတို့ဖမ်းဆီးခံထားရတဲ့ အိန္ဒိယနယ်မြေထဲမှာပဲ ပြန်လွှတ်ပေးပြီးတော့မှ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံတဲ့လမ်းကြောင်းကနေ ပြန်ခွင့်ရအောင် စီစဉ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာပါ။ စစ်ကောင်စီလက်ထဲရောက်သွားမှာနဲ့ စစ်မှုထမ်းဥပဒေနဲ့ညှိစွန်းပြီး ဒုက္ခရောက်သွားမှာကိုကော စိုးရိမ်နေကြတာပါ”လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က FJMMကို ပြောပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ မဏိပူရ်ပြည်နယ် ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ဦးကျော်ကို ဖမ်းဆီးပြီး အင်ဖာ အကျဉ်းထောင် မှာထားရှိထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ ထွက်ပြေး တိမ်းရှောင်လာတဲ့ ချင်းနဲ့ ဗမာတိုင်းရင်းသား‌တွေဖြစ်ပြီး သူတို့တွေထဲက အမျိုးသမီး ၃၈ဦးကို ပြီးခဲ့တဲ့ မေလဆန်းကနဲ့ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ဦး စုစုပေါင်း ၇၆ ဦးကို မဏိပူရ် အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း ဆလိုင်းဒိုခါရ်ကပြောပါတယ်။

လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကိုတောင်းဆိုတာ၊ UNHCRကို တောင်းဆိုတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အကူအညီပေးအဖွဲ့အစည်းတွေထံ တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ India For Myanmar ထံကနေ သိရပါတယ်။

Related Articles

Back to top button