ဘယ်လိုဖယ်ဒရယ်စနစ်မျိုးကိုကျင့်သုံးကြမလဲ
သရဝဏ်(ပြည်)
အချို့ကဖယ်ဒရယ်ဟုခေါ်သည်။ နိုင်ငံခြားသားများကတော့ဖက်ဒရယ်ဟုခေါ်သည်။ အချို့ကဖယ်ဒရယ်မူဟုခေါ် သည်။ အချို့ကဖယ်ဒရယ်စနစ်ဟုခေါ်သည် မည်သို့ပင်ရှိစေ သူ့မူရင်းကတော့ Federalism ဟူသော အင်္ဂလိပ်စာ လုံးမှလာသည်။ ဖက်ဒရယ်သည် ကတိစကားဟူသော လက်တင်ဘာသာ (Foedus ) မှဆင်းသက်လာသည်။ အဘယ်ကတိစကားနည်းဟူမူ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်များအကြား အတူတကွ ပူးပေါင်းနေထိုင်ရန် သဘောတူညီချက်ကတိစကားဖြစ်သည် ။
ဖယ်ဒရယ်၏မူလအစမှာ ပြည်နယ်ကလေးများသည် သီးခြားစီနေထိုင် လျှင် အင်အားနည်းသဖြင့် အခြားအင်အား ကြီးသူများမှ ဝင်ရောက်သိမ်းပိုက်ခြယ်လှယ်မည်ကိုစိုးရိမ်သဖြင့် ပြည်နယ်များစုစည်းပြီး ပို၍ကြီးသောနိုင်ငံတစ်ခု အဖြစ် ထူထောင်လိုက်သည်။ သို့သော် ပြည်နယ်တစ်ခုခြင်းစီ၏အာဏာနှင့် လုပ်ပိုင်ခွင့်များကိုလည်း ဆက်လက် ကိုင်စွဲထားနိုင်ရန် အခြေခံဥပဒေ (အချို့နိုင်ငံများတွင် Basic Law ဟုခေါ်ကြသည်) ကိုရေးဆွဲကာ ထိုဥပဒေအရ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရဟူ၍ အာဏာခွဲဝေအုပ်ချုပ်ကြသည်။
အခြေခံဥပဒေထဲတွင် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ဗဟိုအစိုးရ (ဖယ်ဒရယ်အစိုးရဟုလည်းခေါ်သည်၊ အမျိုးသားအစိုးရဟုလည်းခေါ်သည်၊ ပြည်ထောင်စု အစိုးရဟုလည်းခေါ်သည် ) ၏လုပ်ပိုင်ခွင့်တို့ကိုပိုင်းခြားသတ်မှတ်ထားသည်။ ဘယ်အရာသည် ပြည်ထောင်စု အစိုးရ ၏လုပ်ပိုင်ခွင့်၊ ဘယ်အရာသည် ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင့်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်ရေးဆွဲ ထားကြသည်။ ထိုအတိုင်းအပြန်အလှန်အာဏာခွဲဝေကျင့်သုံးကြသည်။ ဒါသည် ဖယ်ဒရယ်၏ ကနဦးအစဖြစ်သည်။
ထို့ကြောင့်ဖယ်ဒရယ်ဟူသည်မှာ ခွဲထွက်ရေးကိုဦးတည်သော စနစ်တခုမဟုတ်။ အစကနဦးကတည်းက သီးခြားစီ ရှိနေသော နိုင်ငံငယ်များ (သို့မဟုတ်) ပြည်နယ်များသည် ပိုမိုအင်အားကြီးမားသော ပြည်ထောင်စုအဖြစ် စာချုပ် ချုပ်ဆိုပေါင်းစည်းလိုက်ကြခြင်းကိုဖယ်ဒရယ်ဟုခေါ်သည်။ မြန်မာနိုင်ငံဝယ် အာဏာရှင်ဦးနေဝင်းနှင့်စစ်အစိုးရ အဆက်ဆက်ဝါဒဖြန့်နိုင်ငံရေးမှိုင်းတိုက်မှုကြောင့် ဖယ်ဒရယ်ကို ပြည်ထောင်စုပြိုကွဲစေမည့် ခွဲထွက်မည့်စနစ်တခုဟု ပြည်သူလူထုကအထင်မှားခဲ့သည်။
ဖယ်ဒရယ်သည်ခွဲထွက်ရေးမဟုတ်။ ပိုမိုအင်အားကြီးအောင်ပေါင်းစပ်သော စနစ် ဖြစ်သည်။ ဝေလ၊စကော့တလန်၊မြောက်ပိုင်းအိုင်ယာလန်၊ အင်္ဂလန်တို့ ဖယ်ဒရယ်စနစ်ဖြင့်ပေါင်းစပ်လိုက်သောအခါ ယူနိုက်တက်ကင်းဒမ်း(UK) နိုင်ငံကြီးဖြစ်လာပေသည်။ တသီးတခြားစီရပ်တည်လာခဲ့သောပြည်နယ်ငါးဆယ်ကို ပေါင်းစည်းညီညာလိုက် သောအခါ အမေရိကန်ပြည်ထောင်စု ( United States of America ) ဖြစ်လာပါသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးအခါက ရှမ်းတို့သည် ရှမ်းစော်ဘွားတို့ဖြင့်ကိုယ့်မင်းကိုယ့်ချင်းကိုယ်ပိုင်နိုင်ငံအဖြစ် နေထိုင်ခဲ့ကြသည်။ ရခိုင်တို့သည်လည်း ရခိုင်ပြည်၊ ရခိုင်မင်းဆက်ဖြင့်နိုင်ငံသပ်သပ်ရှိခဲ့သည်။
မွန်တို့သည်လည်း မွန်မင်းဆက်ဖြင့် မွန်နိုင်ငံရှိခဲ့ကြသည်။ အခြားတိုင်းရင်းသားများသည်လည်း မိမိပိုင်နက်နယ်မြေ၊ မိမိလူမျိုး၊ မိမိ အကြီး အကဲဖြင့် နေလာခဲ့သည်ချည်းဖြစ်ခဲ့ကြသည်။ သို့သော် အားကောင်းသောမင်းများလက်ထက်တွင် ပြည်ထောင်စုပုံစံဖြင့် မင်းတပါးတည်းလက်အောက်တွင်နေထိုင်ကြရသည်။ အားနည်းသောမင်းများလက်ထက်တွင် သူတလူငါတမင်း မိမိဘာသာသီးခြားနေထိုင်ကြသည်။ ပထမမြန်မာနိုင်ငံတော် ၊ဒုတိယမြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော် တို့ထူထောင်ခဲ့ရာတွင် ပြည်ထောင်စုစနစ်ဖြင့်တစည်းတလုံးနေထိုင်ခဲ့ကြသည်။
ထိုခေတ်ထိုအချိန်က ဖယ်ဒရယ်ဟူသောစနစ်ဖြင့်အာဏာခွဲဝေနေထိုင်အုပ်ချုပ်သောစနစ်တော့ မြန်မာနိုင်ငံမှာ မပေါ်ပေါက်သေးပါ။ လွတ်လပ်ရေးရပြီးကာစပါလီမန်ဒီမိုကရေစီစနစ်တွင် ဖယ်ဒရယ်ပြည်ထောင်စု ပုံစံလေး အနည်းငယ်ပေါ်ထွက်လာသည်။ ဖယ်ဒရယ်ကိုပိုမိုပီပြင်စေရန် တိုင်းရင်းသားတို့ကိုရန်ကုန်သို့ ဝန်ကြီးချုပ်ဦးနုက ဖိတ်ခေါ်ပြီး ဖယ်ဒရယ်စနစ်ကိုဆွေးနွေးစေသည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များက ရှမ်းဖယ်ဒရယ်မူကို တင်ပြကြသည်။ ဦးနုက ဝမ်းသာအားရကြိုဆိုသည်။ နောက်နေ့တွင်ထပ်ဆွေးနွေးမည် ပြောသည်။ ထိုနေ့ည ၁၉၆၂ မတ်လ (၂)ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်သည်။ အကြောင်းပြသည်ကတော့ တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးသာလိုတော့သဖြင့် ကယ်တင်လိုက်ခြင်းဟုဆို၏။ ကျောင်းသင်ခန်းစာများတွင်ဖယ်ဒရယ်ကိုကြောက်မက်ဖွယ်စနစ်ဆိုးဖြစ်အောင် ကလေးတို့ခေါင်းထဲရိုက်သွင်းလိုက် သည်။
ယခုအခါတော့တိုင်းရင်းသားတို့ကြားတွင် ဖယ်ဒရယ်စကားသံ ပြန်လည်ကြားလာရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စုနှင့် ပြည်နယ်များ၊ တိုင်းဒေသကြီးများ ကြားတွင် အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့်ခွဲဝေမှု တို့ကိုဇယားဖြင့်ထည့်သွင်း ဖော်ပြဖော်ရလာသည်။ သို့သော်ထိုအချက်များသည် ဖယ်ဒရယ်အစစ်မဟုတ်သေးဟု နိုင်ငံရေးသုတေသီတို့က ဆိုကြသည်။ အနာဂါတ်မြန်မာနိုင်ငံတွင်ဖယ်ဒရယ်စနစ်ကိုကျင့်သုံးမည်ဟု ဆိုသူကဆိုကြ သည်။ NLD ကလည်းတိုင်းရင်းသားတို့ရပိုင်ခွင့်ကိုလေးစားသည်ဟု ရွေးကောက်ပွဲမဲဆွယ်စဉ်ထည့်သွင်းပြောလာ သည်။
တိုင်းရင်းသားတို့နှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရာတွင်လည်း နိုင်ငံရေးဆွေးနွေးပွဲများကို ရှေ့ဆက် ဆွေးနွေးသွားမည်ဟု ဦးသိန်းစိန်အစိုးရနှင့်တပ်မတော်ခေါင်းဆောင်များမှကတိပြုသည်။ တိုင်းရင်းသားတို့က စစ်မှန် သောဖယ်ဒရယ်စနစ်ကို လိုလားသည်။ အချို့ပြည်ပမှ ကျွမ်းကျင်ပညာရှင်များက ပြောသည်မှာ မြန်မာနိုင်ငံသည် ဖယ်ဒရယ်စနစ်ကိုသွားချင်သည်ဟုသာပြောသည်။ ဘယ်ဖယ်ဒရယ်စနစ်မျိုး ကိုလိုချင်သည်ဟူ၍ကားတိတိကျကျ မပြောနိုင်ကြဟုဆိုသည်။ ထိုအခါ ဖယ်ဒရယ်စနစ်အမျိုးမျိုးကိုအကျဉ်းချုပ် သိကြဖို့ လိုအပ်ပေမည်။ အောက်ပါ ဖယ်ဒရယ်စနစ်များမှာကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သော၊ကျင့်သုံးနေကြသော ဖယ်ဒရယ်စနစ်များဖြစ်ပါသည်။
၁။ Dual Federalism ( နှစ်ဘက်ခွဲ ဖယ်ဒရယ်စနစ် )
ထိုစနစ်မှာ (၁၇၉၀) မှ (၁၉၃၀) ပြည့်နှစ်များအတွင်း အနောက်တိုင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်းကျင့်သုံးခဲ့ သောစနစ် ဖြစ်သည်။ ထိုစနစ်မှာရှင်းသည်။ တိုင်းပြည်အာဏာကိုနှစ်ပိုင်းပိုင်းလိုက်သည်။ ဗဟိုအစိုးရလက်ထဲသို့ တိုင်းပြည်ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိုသာအပ်နှင်းလိုက်ပြီး ကျန်အာဏာအားလုံးကို ပြည်နယ်အစိုးရများက ကျင့်သုံးသည်။
ဆိုလိုသည်မှာ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အကောက်ခွန် စသောကိစ္စအားလုံးတွင် ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ )သည် ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ၊ ပြည်နယ်အစိုးရတွင်လုံးဝအာဏာရှိသည့်စနစ်ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း (UK) နိုင်ငံ၏လက်အောက်ခံ စကော့တလန်နိုင်ငံသည်ထိုစနစ်မျိုးကိုကျင်.သုံးသည်။ စကော့တလန်သို့ကျွန်တော်ရောက်ဖူးစဉ်က ဈေးဝယ်သော အခါ ပြန်အမ်းသောပိုက်ဆံမှာ ကျွန်တော်မြင်ဖူူးနေကျ အင်္ဂလိပ်ပိုက်ဆံ စတာလင်ပေါင်မဟုတ်ပဲ တမျိုးဖြစ်နေသည်။
ထိုအခါကျွန်တော့်မိတ်ဆွေ စကော့လူမျိုးက “ဒီပိုက်ဆံကတရားဝင်ပိုက်ဆံပဲကွ စတာလင်ပေါင်နဲ့ တန်ဖိုးအတူ တူပဲ ဒါပေမယ့် စကော့တလန်မှာပဲသုံးလို့ရတယ်၊ အလွန်ဆုံး ယူကေ နိုင်ငံကြီးအတွင်းမှာသုံးလို့ရတယ်၊ မင်းအတွက်တော့သုံးရတာခက်လိမ့်မယ်၊ ပေးပေး စတာလင်ပေါင်နဲ့ငါလဲပေးမယ်” ဟုဆိုကာ ကျွန်တော့်လက်ထဲမှ စကော့တလန်ပိုက်ဆံကို အင်္ဂလိပ်ပိုက်ဆံ နှင့်လဲပေးပါသည်။
စကော့တလန်ပိုက်ဆံမှာ ငွေစက္ကူပေါ်တွင် သူတို့ စကော့တလန်ပါလီမန်အဆောက်အဦပုံကြီးကို ဂုဏ်ယူစွာပုံနှိပ်ဖော်ပြထားပါသည်။ ဆိုလိုရင်းမှာ စကော့တလန် သည် ယူကေနိုင်ငံအောက်တွင် နှစ်ဘက်ခွဲဖယ်ဒရယ်စနစ်( Dual Federalism ) အရနေထိုင်ခြင်းဖြစ်ပြီး နိုင်ငံခြား ရေးနှင့် ကာကွယ်ရေးကို၊ ယူကေ၏စီမံခန့်ခွဲခံယူပြီးကျန်အရေးအရာအားလုံးကို သူတို့ဘာသာကိုင်တွယ်ဆောင်ရွက် နေခြင်း ဖြစ်သဖြင့် သူတို့ကိုယ်ပိုင်ပါလီမန်လဲရှိသည်။
ငွေစက္ကူကိုပင် သူတို့ကိုယ်ပိုင်ရိုက်နှိပ်သုံးလိုက်သေးသည်။ အခြားပညာရေးမူဝါဒ၊ ဓါတ်သတ္တုတူးဖော်ရေး ၊ဘဏ္ဍာအခွန် စသည်တို့ကိုလည်းသူတို့ဘာသာလွတ်လပ်စွာ လုပ် သည်။ ဘောလုံးအသင်းဖွဲ့စည်းရာတွင်ပင် အင်္ဂလန်ကသပ်သပ်၊ စကော့တလန်ကသပ်သပ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သို့ဝင်သည်။
အင်္ဂလန်တွင် ပရီးမီးယားလိဂ်ရှိသလို ၊ ဝေးလ် ၊စကော့တလန်တို့တွင်ပြည်တွင်း လိဂ်များရှိသည်။ ထိုစနစ်မျိုးကိုယခုအခါအမေရိကန်ပြည်ထောင်စုမှာပင်မသုံးတော့။ မြန်မာပြည်မှာလည်းသုံး၍ဖြစ်မည်မထင်၁၉-ရာစု နှောင်းပိုင်း၊ (၂၀) ရာစုအစောပိုင်းကာလများက အမျိုးသားရေးစိတ်ဓာတ်အလွန်တက်ကြွနေသောနိုင်ငံများ ကျင့်သုံးသည့်စနစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနှင့်မကိုက်သောစနစ်ဖြစ်သည်။
၂။ ပူးပေါင်းဆောင်ရွက်ရေးဖယ်ဒရယ်စနစ် ( Cooperative Federalism )
၁၉၃၀ နှင့် ၁၉၆၀ခုနှစ် ကြားကာလများတွင်ခေတ်စားခဲ့သည် ။ ဤစနစ်ကို မာဘယ်လ်ကိတ် ဖယ်ဒရယ်မူဟုခေါ် သည်။ မာဘယ်လ်ကိတ်မုန့်မှာ အကန့်အကန့်နှင့် မတည်ရှိပဲ အလွှာနှစ်လွှာမှာတွန့်လိန်ရောယှက်နေသဖြင့်၊ ဤဖယ်ဒရယ်မူမှာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင့်အာဏာမှာရောယှက်နေသည်။ သူ့မှာလဲ လုပ်ပိုင်ခွင့်ရှိ၊ ကိုယ့်မှာလဲလုပ်ပိုင်ခွင့်ရှိပြီး၊ အရေးအရာပေါ်ပါကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသောစနစ်မျိုး ဖြစ်သည်။
ဗဟိုအစိုးရ၏ညွှန်ကြားချက်ကို ပြည်နယ်အစိုးရကလိုက်လုပ်ရပြီး၊ ပြည်နယ်အစိုးရတောင်းဆိုချက်ကို လည်းဗဟိုအစိုးရကဖြည့်ဆည်းပေးရသည်။ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ရသောစနစ်မျိုးဖြစ်သည်။ ဒုတိယကမ္ဘာ စစ်ကာလအတွင်းနှင့် စစ်ပြီးခေတ်၊ စစ်အေးခေတ်များတွင် ခေတ်စားခဲ့သော်လည်း ပြည်နယ်အစိုးရနှင့် ပြည်ထောင် စုအစိုးရကြားပိုင်းခြားထားသော အာဏာနှင့်လုပ်ပိုင်ခွင့်မှာ ရှင်းလင်းပြတ်သားမှုမရှိတောသဖြင့် ယခုအခါ မကျင့် သုံးကြတော့ပေ ။
၃။ ပေးတာယူ ကျွေးတာစား ဖယ်ဒရယ်စနစ် ( Creative Federalism )
၁၉၆၀နှင့်၁၉၈၀ ကြားကာလများတွင်ခေတ်စားခဲ့သည်။ Picket Fence Federalism ဟုလည်းခေါ်သည်။ဗဟိုက ချုပ်ကိုင်သောဖယ်ဒရယ်စနစ်ဖြစ်သည်။ ပြည်နယ်များဘာလိုသည်ဆိုခြင်းကို ဗဟိုအစိုးရ (ပြည်ထောင်စု အစိုးရ) ကဆုံးဖြတ်ပြီးထောက်ပံ့မှုများလုပ်သည်။ ပြည်နယ်တွေ၏လိုအပ်ချက်ကို ဗဟိုကဖြည့်ဆည်း(Create) ပေးသော ဝါဒဖြစ်သည်။ ပြည်နယ်များတွင်ဟန်ပြ ပါဝါသာရှိသည်။ အားလုံးနီးပါးကိုဗဟိုမှချုပ်ကိုင်ထားသည်။
ပြည်နယ်များ ၏ ဘဏ္ဍာရေးအသုံးစရိတ်များကိုလည်းဗဟိုမှကိုင်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်း ပုံအရခွင့်ပြုထား သော ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရ၏လုပ်ပိုင်ခွင့်များမှာ ဤဒီမိုကရေစီပုံစံမျိုးဖြစ်သည်။
အရာရာကို ဗဟိုအစိုးရမှ ချုပ်ကိုင်သည်။ ၂၀၀၈ မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်းတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ တွင်ရဲတပ်ဖွဲ့အပါအဝင် ( ၇)ချက်။ နိုင်ငံခြားရေးကဏ္ဍတွင် (၇ချက်)၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍတွင် (၂၀)ချက်၊ စီးပွားရေးကဏ္ဍတွင်(၇)ချက်၊ စိုက်ပျိုးရေးနှင်.မွေးမြူရေးကဏ္ဍတွင် (၁၂)ချက်၊ စွမ်းအင်၊ လျှပ်စစ် ၊ သစ်တောကဏ္ဍတွင် (၇)ချက် ။ စက်မှုလက်မှုကဏ္ဍတွင်(၆)ချက်၊ ပိုဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးကဏ္ဍတွင်(၁၄)ချက်၊ လူမှုရေးကဏ္ဍတွင် (၂၁)ချက်၊ စီမံခန်.ခွဲရေးကဏ္ဍတွင် (၁၁)ချက်၊ တရားစီရင်ရေးကဏ္ဍတွင် (၁၁)ချက်) တို့ကို ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင့်အောက်သို့သွတ်သွင်း ထားသဖြင့် ပြည်နယ်အစိုးရ နှင့် တိုင်းဒေသကြီးအစိုးရတို့မှာ ဖယ်ဒရယ်စနစ်ရှုထောင့်မှကြည့်လျှင် တုပ်တုပ်မှ လှုပ်၍မရတော့ပေ။ ဥပမာ ပြည်နယ်အစိုးရသည် သူ့ပြည်နယ်အတွင်း အခွန်ဘဏ္ဍာရရှိစေရန် အောင်ဘာလေ ထီဖွင့်ခွင့်ပင်မရှိ။
စာချုပ်စာတမ်းမှတ်ပုံတင်ခွင့်မရှိ၊ ပင်လယ်ငါးလုပ်ငန်းလုပ်ခွင့်မရှိ၊ ဓါတ်မြေသြဇာနှင့်ပိုးသတ် ဆေးထုတ်လုပ်ခွင့်မရှိ။ မီးသတ်တပ်ဖွဲ့ကိုပင်စိတ်ကြိုက်စီမံခန့်ခွဲခွင့်မရှိ။ စသည်ဖြင့်မလုပ်ရဟုတားမြစ်ထားသော အချက်ပေါင်း (၁၂၃) ချက်ရှိသည် ။ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေကခွင့်ပြုထားသောစနစ်မှာဖယ်ဒရယ်ဟုပင် မခေါ်ထိုက်ပါ။
ခေါ်မည်ဆိုလျှင်လည်းကမ္ဘာတွင် ၁၉၈၀ခုနှစ် မှစကာဘယ်သူမှမသုံးတော့သော ပေးတာယူကျွေး တာ စားဖယ်ဒရယ်စနစ်သာဖြစ်မည်။ သူများနိုင်ငံတွင်မသုံးတော့တာ (၃၅) နှစ်ရှိပြီဖြစ်သော ဖယ်ဒရယ်စနစ်တခု ကို ဆက်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာထက် (၃၅) နှစ်အမြဲတမ်းနောက်ကျနေမည်ဖြစ်သည် ။
၄။ ဖယ်ဒရယ်စနစ်သစ် ( New Federalism )
၁၉၈၀ မှ ၂၀၀၁ ကာလအတွင်းထွန်းကားခဲ့သည်မှာ ဖယ်ဒရယ်စနစ်သစ်ဖြစ်သည်။ နံပါတ် (၃) တွင်ဖော်ပြခဲ့ သော ဗဟိုချုပ်ကိုင်မှုများလွန်းသည့်ပုံစံကို ပြင်ဆင်ရာမှဤစနစ်ပေါ်ပေါက်လာသည် ။ ဗဟိုကချုပ်ကိုင်ထားသော လုပ်ပိုင်ခွင့်အတော်များများကို ပြည်နယ်များ သို့ပြန်လည်ခွင့်ပြုလုပ်ပိုင်ခွင့်ပေးသည့်စနစ်ဖြစ်သည်။ ထူးခြားချက် မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြမထားသော(ကြွင်းကျန်သော လုပ်ငန်း) အားလုံးကိုပြည်နယ်အစိုးရ များ၏အာဏာဟုသတ်မှတ်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံတွင်ပါလျှင်ပါ၊ မပါလျှင် ပြည်နယ်အစိုးရနှင့် သာဆိုင်သည် ဟူသည့်သဘောဖြစ်သည် ။
၅။ ဂျော.ဘုရှ် ဖယ်ဒရယ်စနစ် ( Bush Federalism )
၂၀၁၀ မှ ၂၀၀၈ အထိကျင့်သုံးခဲ့သည်။ ဖယ်ဒရယ်စနစ်၏အခြေခံမူကိုမထိခိုက်စေပဲ၊ ပြည်နယ်များ၏ ရပိုင်ခွင့် ကိုမထိခိုက်စေပဲ တဖက်တွင် FBI စသော ပြည်ထောင်စု ရဲတပ်ဖွဲ့၏လုပ်ပိုင်ခွင့်ကိုချဲ.ထွင်ခြင်းဖြစ်သည် ။၂၀၀၁ တွင်သမ္မတဂျော.ဘုရှ်ပြဌာန်းလိုက်သောမျိုးချစ်ဥပဒေအရ အမေရိကန် FBI ရဲများမှာ ပြည်သူလူထုလုံခြုံရေး ကိစ္စများ၌အမေရိကန်တဝှမ်း မည်သည့်ပြည်နယ်မဆိုမသင်္ကာသူတဦးတယောက်၏ စာကြည့်တိုက်မှတ်တမ်း များကို တောင်းယူစစ်ဆေးကြည့်ရှုပိုင်ခွင့်( ဘယ်သူ ဘာစာအုပ်တွေ ဖတ်ထားသည်ဆိုတာကိုစုံစမ်းခွင့် ) ကို ပြဌာန်းခဲ့သည်။
ထို့ကြောင့်. ပြည်နယ်များသည် မည်သည့်ဥပဒေကိုပြဌာန်းထားစေကာမူ ဘုရှ်ဥပဒေအရ ပြည်ထောင် စုရဲကိုကြည့်ရှုပိုင်ခွင့်ပေးရတော့မည်ဖြစ်သည် ။ သူတို့နိုင်ငံတွင် ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင် စီမံခန့်ခွဲနိုင်သောရဲတပ်ဖွဲ့များရှိသည်။ နယူယောက်ရဲတပ်ဖွဲ့( NYPD )၊ လော.စ်အိန်ဂျလီရဲတပ်ဖွဲ့( LAPD) စသည် ဖြင့်ရှိသည်။ ပြည်နယ်အစိုးရကကွပ်ကဲသည်။ သို့သော်တနိုင်ငံလုံးနှင့်ဆိုင်သောအမှုကိစ္စများတွင်ဖယ်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျူရို ( FBI ) ကကိုင်တွယ်သည် ။
၆။ တိုးတက်သောဖယ်ဒရယ်စနစ် ( Progressive Federalism )
၂၀၀၉ မှ ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင်အသုံးပြုနေသည် ။ သမ္မတအိုဘားမား အသုံးပြုသော စနစ်ဖြစ်သည်။ ယခင်က ဗဟိုအစိုးရချုပ်ကိုင်ထားသော လုပ်ပိုင်ခွင့်များကို ပြည်နယ်အစိုးရများသို့ ပိုမိုလုပ်ကိုင်ခွင့် ပြုခြင်းဖြစ်သည်။ ဥပမာအားဖြင့်သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပါတ်သက်သော ကိစ္စများ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေးကိစ္စများတွင် ပြည်နယ်အစိုးရသည်လွပ်လပ်စွာစီမံခန့်ခွဲနိုင်သည် ။ ဗဟိုကိုအမိန့်ခံနေစရာမလို။သူတို့ပြည်နယ်ဥပဒေကိုစိတ်ကြိုက်ဆွဲခွင့်ရလာသဖြင့် ဥပမာ မော်တော်ယာဉ်များမှ မီးခိုးထွက်ရှိမှုကြပ်မတ်ရေးဥပဒေတွင် ကယ်လီဖိုးနီးယားပြည်နယ်သည် အခြား တနိုင်ငံလုံးထက် တင်းကြပ်စွာ ကိုင်တွယ်နိုင်ခဲ့သည် ။
၇။ အပြိုင်အဆိုင်ဖယ်ဒရယ်စနစ် ( Competitive Federalism )
ပြည်နယ်တခုနှင့်တခုမတူကွဲပြားသောဥပဒေများကို ပြဌာန်းကြပြီး နိုင်ငံသားများသည်မိမိကြိုက်သည့် ပြည်နယ်တွင်သွားရောက်အခြေချနေထိုင်ကြခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အားလုံး သည် အစိုးရကိုအခွန်နှစ်မျိုးပေးရ၏။ ပြည်ထောင်စုအစိုးရ(အစိုးရကြီး)ကိုပေးရသောအခွန် နှင့် ပြည်နယ်အစိုးရ (အစိုးရလေး) ကိုပေးရသောအခွန်ဖြစ်သည်။ ဝင်ငွေ၏သုံးဆယ်မှလေးဆယ်ရာခိုင်နှုန်းမှာ အခွန်ပေးရတာနှင့် ပြောင်လေ၏။
အစိုးရဘက်ကထိုငွေများကိုပြည်သူလူထုကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ အခြေခံ အဆောက်အဦး လုပ်ငန်းများတွင်သုံးသည်။ နီဗားဒါးသဲကန္တာရထဲတွင်ရှိသော လောင်းကစားမြို့တော် လပ်စ်ဗီးဂတ်ရှိရာ နီဗားဒါးပြည်နယ်တွင်တော့ ပြည်နယ်အခွန်လုံးဝပေးစရာမလိုပါ။ ပြည်နယ်အခွန် မကောက်ဟုဥပဒေပြုထားသဖြင့် အချို့လူများသည် အငြိမ်းစားယူပြီးသောအခါ နီဗားဒါးပြည်နယ်တွင် သွားနေကြပါသည်။ အမေရိကန်ပြည်ထောင်စုရှိအချို့ပြည်နယ်များသည် သေဒဏ်ပေးခြင်းကိုဆန့်ကျင်သည်။ အချို့ကသေဒဏ်စီရင်ချက်ကိုကျင့်သုံးသည်။အချို့ပြည်နယ်က အရင်အိမ်ထောင်ကိုကွာရှင်းပြီးမှလက်ထပ်ခွင့် ပြုသည်။
အချို့ပြည်နယ်က ယခင်အိမ်ထောင်ကိုမကွာလဲ တရားသူကြီးရှေ့တွင်လက်ထပ်ကတရားဝင်သည်။ တိုင်းသူပြည်သားများသည် ကိုယ်ကြိုက်နှစ်သက်ရာဥပဒေတွေရှိသောပြည်နယ်မှာသွားရောက်အခြေချ နေထိုင် ကြသည်။ ပြည်နယ်တို့သည်ဥပဒေပြုရာတွင်အလွန်လွတ်လပ်သည်။ ဒါကိုအပြိုင်အဆိုင်ဖယ်ဒရယ်စနစ် ဟုခေါ်သည်။ မြန်မာသည်ဒါလောက်တော့ကျင့်သုံး၍မရသေးဟုထင်သည်။ အချို့ကိစ္စတွေမှာတော့ပြည်နယ် အစိုးရကို လွတ်လပ်စွာ ဥပဒေပြုခွင့်ပေးသင့်သည်။
အထက်ပါရေးသားချက်များမှာ ကမ္ဘာကလက်ခံကျင့်သုံးသောဖယ်ဒရယ်စနစ်အနှစ်ချုပ်ဖြစ်သည်။ အသေးစိတ် လေ့လာပါက များစွာကျန်ဦးမည်ဖြစ်သည်။
အနာဂါတ်မြန်မာနိုင်ငံတွင် ပြည်သူလူထုကလိုလားသော ဒီမိုကရေစီ အစိုးရလည်းတက်လာတော့မည်ဖြစ်ရာ တိုင်းရင်းသားတို့သည် မိမိလိုလားသောဖယ်ဒရယ်စနစ်မျိုးကိုကြိုတင် လေ့လာပြင်ဆင်တောင်းဆိုဆွေးနွေးကြဖို့လိုသလို၊ရွေးကောက်ခံလွှတ်တော်အမတ်များ တပ်မတော်သား လွှတ်တော်အမတ်များသည် လည်းဖယ်ဒရယ်မူဆိုတာဘာကိုခေါ်သည်ဟု သိထားကြရမည်ဖြစ်သည်။
တိုင်းရင်းသား တွေဘက်က ဘယ်လိုဖယ်ဒရယ်ကိုလိုချင်သည်၊ ပြည်ထောင်စုလွှတ်တော်နှင့် တပ်မတော်ဘက်ကဘယ်လိုဖယ်ဒရယ်မျိုးကိုပေးနိုင်သည်ဆိုတာမျိုးကတော့ မဖြစ်မနေကြိုတင်ပြင်ဆင် ထားရမည် ဖြစ်သည်။ ပြည်နယ်ဟုပြောရာ၌ တိုင်းဒေသကြီးများသည်လည်း အကျုံးဝင်ပါသည်။ အမှန်တော့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုသောစနစ်တွင် တိုင်းနှင့်ပြည်နယ်သည် အဆင့်တူဖြစ်သဖြင့် တိုင်းရယ်ပြည်နယ်ရယ် ခွဲခြားခေါ ်နေမည့်အစား အားလုံးကို ပြည်နယ် ( state ) ဟုခေါ်ပါကပိုရှင်းသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်နယ် (၁၄) ခုရှိသည်ဟုပြင်လိုက်က ပို၍ ရှင်းပေမည်။ ရန်ကုန်တိုင်းဒေသကြီးသည် ရန်ကုန်ပြည်နယ် (Yangon state ) ဖြစ်သွား၍လည်းဘာမှနစ်နာစရာမရှိပေ။ တိုင်းလိုလို၊ပြည်နယ်လိုလို ဖယ်ဒရယ်လိုလို၊ စစ်အစိုး၇လိုလိုနှင့်ရှုပ်မရှင်းလုပ်ထားသော ၂၀၀၈ အခြေခံဥပဒေပါ ရပိုင်ခွင့်များကိုသာပြင်ဆင်နိုင်ဖို့ လိုပါကြောင်း။