အတွေးအမြင်

ဒီမိုကရေစီမူဝါဒတည်ဆောက်မှုနှင့် ယဉ်ကျေးမှုစံနှုန်းများ

ဒီမိုကရေစီမူဝါဒတည်ဆောက်မှုနှင့် ယဉ်ကျေးမှုစံနှုန်းများ

စည်းနရီ

“Culture and Values at the Heart of Policy Making” စာအုပ်တွင် Stephen Muers အနေဖြင့် မူဝါဒရေးဆွဲရာ၌ ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများ၏ ပဓာနကျနမှုကို အထူးအရေးထား ဆွေးနွေးခဲ့သည်။ တူညီသော ယုံကြည်ချက်များ၊ စံနှုန်းများ၊ တန်ဖိုးများနှင့် လူနေမှုပုံစံများအဖြစ် မှတ်ယူသည့် ယဉ်ကျေးမှုသည် မူဝါဒရလဒ်များကို သိသာထင်ရှားစွာ ပုံဖော်ပေးသည်။

ဒီမိုကရေစီသည် အုပ်ချုပ်ရေးတွင် တရားမျှတမှုနှင့် သာတူညီမျှမှု၏ သင်္ကေတအဖြစ် မကြာခဏ ချီးကျူးခံရသလို ရံဖန်ရံခါ ယုံကြည်ကိုးကွယ်ခြင်းကိုလည်း ခံရပါသည်။ အကြောင်းမှာ အတွေးအမြင်ရှိသည့် လူတစ်ဦးချင်းစီ၏ အသံကို ထည့်သွင်းနိုင်သည့် “အားလုံးပါဝင်နိုင်သော သဘောသဘာဝ” ကြောင့်ပင် ဖြစ်သည်။

ယဉ်ကျေးမှုသည် လေထဲမှ ကျလာခြင်းမဟုတ်ပေ။ မျိုးဆက်များစွာတည်ဆောက်ခဲ့သော သတင်းအချက်အလက် အစုအပုံများကို မျှဝေပေးသည့် စနစ်တမျိုးဖြစ်သည်။ ယဉ်ကျေးမှုတွင် ဘဝနေနည်း၊ လောကအမြင်နှင့် ယဉ်ကျေးမှု ထုတ်ကုန်ဟူ၍ ခွဲမြင်ရန်လိုသည်။ အက အဆို အတီးများသည်သာလျှင် ယဉ်ကျေးမှုမဟုတ်ပေ။ လောကအမြင်များသည် ယဉ်ကျေးမှုတွင် ပါဝင်သည်။

အသေးစိတ်ခွဲကြည့်ပါက မိသားစုတခုတွင်ပင် အမြင်တူရန် ခက်ခဲပါသော်လည်း ဘဝနေနည်းများကို ကွန်ပြူတာစကားနဲ့ပြောရလျှင် ပရိုဂရမ် Code သို့မဟုတ် Algorithm အဖြစ် မြင်နိုင်သည်။ ဟင်းချက်သည့်စကားနှင့် ပြောရလျှင် ဟင်းကောင်းချက်ရန် ဟင်းချက်နည်းများနှင့် အလားသဏ္ဍာန်တူသည်။

လူ့အသိုင်းအဝိုင်းအတွင်း ကောင်းမွန်သော ပူးပေါင်းမှုရရန် ဖြစ်လာခြင်းဖြစ်သည်။ ခေတ်မမီသော လောကအမြင် ဘဝနေနည်းတို့ကို ပြောင်းရမည်မှန်သည်၊ အပြင်ကလူများက သွတ်သွင်းသော ပြောင်းခြင်းမျိုးထက် ကိုယ့်အသိုက်အမြုံအတွင်း ညှိနှိုင်းပြောင်းလဲမှသာ လူ့အသိုက်အမြုံ အစည်းမပြေပဲ ညီညွတ်မည်ဖြစ်သည်။ အာဏာရှင်တို့ကတော့ ဒါကို အလေးထားမည်မဟုတ်ပေ။ ဗဟိုနိုင်ငံရေးအာဏာကို သစ္စာရှိရင် ပြီးရောဟု တွေးကြမည်မဟုတ်လား။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီဟူသည်ကို သတ်မှတ် ဖွင့်ဆိုထားသည့် အခြေခံမူများအပါအဝင် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ တဦးတဖွဲ့ တနိုင်ငံစီတွင် မတူကွဲပြားသော နားလည်မှုများစွာ ရှိနေပါသည်။ တနည်းကြည့်လျှင် ယဉ်ကျေးမှုအခြေခံ ရှုထောင့်အမြင်တွင် ဒီမိုကရေစီ၏ တန်ဖိုးများနှင့် ရည်ရွယ်ချက်များသည် ယင်းစနစ်ကိုကျင့်သုံးသော လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု ဘဝနေနည်း    ဓလေ့ထုံးတမ်းအရ ပုံဖော်ထားတတ်သည်ဟု ရှုမြင်သည်။

ယဉ်ကျေးမှုဝါဒီတို့အတွက် ဒီမိုကရေစီကို နားလည်ကြည့်သောအခါတွင်လည်း စိန်ခေါ်မှုအချို့ ကြုံတွေ့ရနိုင်သည်။ တဘက်ကလည်း ယဉ်ကျေးမှုများသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည်ကို သတိပြုရန် အရေးကြီးပါသည်။ တနည်းအားဖြင့် ဆိုရသော် အချိန်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီတန်ဖိုးများနှင့် ရည်ရွယ်ချက်များလည်း ပြောင်းလဲလာနိုင်သည်။ အမေရိကန်ပြည်ထောင်စုကိုကြည့်လျှင် ထိုကဲ့သို့ လူမှုရေး စံနှုန်းများ ပြောင်းလဲခြင်းက နိုင်ငံရေးတန်ဖိုးထားမှုများအပေါ် သက်ရောက်စေသည့် အရွေ့ကိုမြင်သာရန် ဥပမာကောင်းဖြစ်သည်။

ထို့အပြင်၊ ယဉ်ကျေးမှုဆိုသည်ကို တစ်ကမ္ဘာလုံးက လက်ခံသည့် စံပြုစည်းဘောင် မရှိခြင်းကလည်း တသားတည်း တပုံတည်းသော ဒီမိုကရေစီ သတ်မှတ်ချက်အတွက် အတားဆီးတခုဖြစ်သည်။ ထို့ကြောင့်၊ သီးခြားယဉ်ကျေးမှုတခုအတွင်း “ထင်ရှားသော တန်ဖိုးများနှင့် ရည်မှန်းချက်များ” ကိုအခြေခံကာ မူဝါဒအတွက် ဘောင်များကို ဖော်ထုတ်ခြင်းသည် ခက်ခဲသောအလုပ်ပင် ဖြစ်သည်။

အောက်ပါတို့တွင် ဒီမိုကရေစီတန်ဖိုးများနှင့် စုဖွဲ့မှု၏ ရည်မှန်းချက်များအပေါ် လွှမ်းမိုးနိုင်စေသည့် ယဉ်ကျေးမှုစံများကို ဥပမာတွေ့ရပါမည်။

  • တသီးပုဂ္ဂလဝါဒကို တန်ဖိုးထားသော ယဉ်ကျေးမှုတွင် ဒီမိုကရေစီသည် တစ်ဦးချင်း အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
  • တန်းတူညီမျှမှုကို တန်ဖိုးထားသော ယဉ်ကျေးမှုတစ်ရပ်တွင် ဒီမိုကရေစီသည် နိုင်ငံသားများကြား တန်းတူညီမျှမှုကို မြှင့်တင်ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
  • သည်းခံမှုကို တန်ဖိုးထားသော ယဉ်ကျေးမှုတွင် ဒီမိုကရေစီသည် မတူညီသော အမြင်များကို လိုက်လျောညီထွေ ဖြစ်စေနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

မြန်မာနိုင်ငံတွင် သမိုင်းတလျှောက် နိုင်ငံရေးယဉ်ကျေးမှုမှာ နိုင်သူအကုန်ရသည့် ယဉ်ကျေးမှုဖြစ်ခဲ့ရာ လက်တွေ့တွင်လည်း “ဒီမိုကရေစီ” ဟူသောစနစ်သည် အနိုင်အရှုံးကို ဆုံးဖြတ်သည့်နည်းနာ၊ သို့မဟုတ် မိမိနှင့် မတူသောအမြင်များကို ကျော်လွှားရန် အသုံးချနိုင်သည့် ကိရိယာတခုသဖွယ် အသုံးပြုသည်ကို တွေ့ရတတ်သည်။ မဲများလျှင် နိုင်မည်ပေါ့။ ထိုအယူအဆကိုလည်း “လူများ၊ တရားနိုင်” “အများညီက ဤကိုကျွဲဟုဖတ်ပါ” ဟူသည့် မြန်မာစကားပုံများပင် ရှိလေသည်။

တန်ဖိုးထားမှုများနှင့် ယဉ်ကျေးမှုတို့ကြား အပြန်အလှန်ဆက်စပ်မှုသည် နိုင်ငံရေးစနစ်၏ ပုံသဏ္ဍာန်ပုံစံများကို ပုံဖော်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဤအရွေ့သဘောဖြစ်သည့် တရားသောမဖြစ်နိုင်သော ချိတ်ဆက်မှုသည် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် လူတဦးချင်းစီ၏ သိမြင်မှုဆိုင်ရာမူဘောင်ကို လည်းကောင်း၊ နိုင်ငံရေးနယ်ပယ်အတွင်း မိမိတို့၏ ပါဝင်ပတ်သက်ခြင်းကို လည်းကောင်း၊ အစိုးရ၏ အခန်းကဏ္ဍအပေါ် အမြင်များဖြစ်ပေါ်ခြင်းတို့ကို လည်းကောင်း သိသိသာသာ ထင်ရှားစွာပုံဖော်ပေးပါသည်။

ထို့ကြောင့် ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများသည် နိုင်ငံရေးတရားဝင်မှုအား ပီပြင်စွာ ပိုင်းခြားထင်ရှားသော အကျိုးသက်ရောက်မှုလည်း ရှိပေသည်။ အချို့သော ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများတွင် တရားဝင်မှုသည် “လူထု၏ သဘော ဆန္ဒမှဖြစ်တည်မှု” အနှစ်သာရကို ဆွဲထုတ်သည်၊ သို့သော် အခြားယဉ်ကျေးမှုဘောင်များတွင်၊ တရားဝင်မှုသည် ဂုဏ်တင်သော ထုံးတမ်းစဉ်လာများ သို့မဟုတ် ဘာသာရေးဆိုင်ရာ အခွင့်အာဏာများတွင် အခြေတည်သည်ကို တွေ့ရှိသည်။

ယဉ်ကျေးမှုနှင့် တန်ဖိုးများသည် အစိုးရ၏ အခန်းကဏ္ဍကိုလည်း သက်ရောက်ပါသည်။ အချို့သော ယဉ်ကျေးမှုများတွင် အစိုးရများသည် နိုင်ငံတော်စနစ်ကျနမှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သော မရှိမဖြစ်မို့သာထားရသည့် အန္တရာယ်တခုအဖြစ် ရှုမြင်၏။ အချို့ယဉ်ကျေးမှုတွင်မူ အစိုးရမင်းဟူသည် နိုင်ငံသားများကို ဂရုစိုက်သည့် ရက်ရောသော အဖွဲ့အစည်းတခု ဖြစ်လာသင့်သည်ဟူ၍ မျှော်လင့်ကြသည်။

နိုင်ငံရေး ထိတွေ့ဆက်ဆံမှု၏ စရိုက်လက္ခဏာကိုလည်း ယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများမှ ကွဲပြားစွာ ပုံဖော်နိုင်သည်။ ယဉ်ကျေးမှုအမျိုးမျိုးအတွင်း နိုင်ငံရေးတွင်ပါဝင်ခြင်း လုပ်ရပ်ကို ပုံစံမျိုးစုံကွဲပြားစွာ ရှုမြင်ပါသည်။ အချို့နေရာတွင်၊ ပြည်သူ့တာဝန်အဖြစ် ခံယူထားသော်လည်း အချို့မှာမူ အခွင့်ထူးတခုဟု မှတ်ယူသည်။

ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများသာမက နိုင်ငံတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အကြားတွင် ရှုပ်ထွေးပွေလီသော အပြန်အလှန်ဆက်စပ်မှုသည်လည်း အလွန်အရေးကြီးပေသည်။ ကမ္ဘာတစ်ဝှမ်းရှိ ယဉ်ကျေးမှုများတွင် ဤဆက်နွယ်မှုအပေါ် ကွဲပြားသော ရှုမြင်သုံးသပ်ချက်များကို တွေ့ရသည်။

အချို့က နိုင်ငံတော်အား သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် သဘောထားကာ လူထုအခြေခံသည့် ပိုမိုကျယ်ပြန့်သော အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ခွဲထုတ်ရှုမြင်ပြီး အချို့က နိုင်ငံတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့ နီးကပ်စွာ ဆက်စပ်နေသည့် ရှုထောင့်ကို ကြည့်ကြသည်။

အိန္ဒိယနှင့် တရုတ်တို့ကို ဆန်းစစ်သောအခါ ဤခြားနားမှုသည် အထူးထင်ရှားလာကာ နှိုင်းယှဉ်ရှုမြင်ရ ပိုလွယ်စေသည်။ တရုတ်နိုင်ငံပုံစံတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ သဏ္ဍာန်များကို နိုင်ငံတော်၏ လွှမ်းခြုံမှုအတွင်း သွတ်သွင်းထားပြီး အိန္ဒိယတွင် နိုင်ငံတော်၏ အနှစ်သာရကို လွှမ်းမိုးနေသော လူမှုအဖွဲ့အစည်းများ၏ ကျင့်ဝတ်များမှ သိမ်းသွင်းငုံယူထားသည်။

ယဉ်ကျေးမှုက နိုင်ငံရေးအပေါ် အောက်ပါပုံစံများဖြင့်လည်း သက်ရောက်နိုင်သည်။

  • မူဝါဒများအပေါ် လူထုအမြင်၊ လက်ခံမှုနှင့် ရလဒ်များကို သက်ရောက်ခြင်း
  • မဲပေးသည့် အပြုအမူနှင့် ဆုံးဖြတ်ချက်အပေါ် သက်ရောက်ခြင်း
  • နိုင်ငံရေးအရ “တာဝန်ခံမှု” အပေါ် အမြင်များနှင့် သက်ရောက်ခြင်း
  • လက်တွေ့လုပ်ဆောင်အုပ်ချုပ်မှုအပေါ် သက်ရောက်ခြင်း
  • နိုင်ငံရေးအရ တရားဝင်မှုအပေါ်တွင် သက်ရောက်ခြင်း

နိုင်ငံရေးနှင့် ယဉ်ကျေးမှု၏ ချိတ်ဆက်မှုသည် အစဉ်အမြဲ ပြောင်းလဲနေသည်။ ယဉ်ကျေးမှုများသည် ဖွံ့ဖြိုးပြောင်းလဲကြသည်ဖြစ်ရာ နိုင်ငံရေးအမြင်များလည်း ပြောင်းလဲကြသည်။ ယနေ့ နိုင်ငံရေးအမြင်များလည်း ပြောင်းလဲကြဦးမည်သာ ဖြစ်သည်။

မတူညီသော ယဉ်ကျေးမှုများ အပြန်အလှန်ကူးလူးဆက်ဆံသည့်အခါ အသစ်ဖြစ်သည့် နိုင်ငံရေးစံနှုန်းများလည်း ပေါ်လာနိုင်သည်။ ဥပမာကြည့်ပါလျှင် အမေရိကန်နိုင်ငံ၏ နိုင်ငံရေး သဘာဝသည် ဗြိတိသျှ၊ ပြင်သစ် နှင့် ဌာနေအမေရိကတိုင်းရင်းသား ယဉ်ကျေးမှုစနစ်တို့၏ အငွေ့အသက်များကို တွေ့ရမည်ဖြစ်သည်။

ဥပဒေနှင့် ယဉ်ကျေးမှုများ

ဥပဒေဆိုသည်မှာ လူမှုအသိုင်းအဝိုင်း၏ ချိန်ညှိရေး ကျောရိုးဖြစ်ပြီး တရားသေမပြောင်းလဲသည့် အယူအဆမဟုတ်ပေ။ ထိုအစား ယဉ်ကျေးမှု၊ ထုံးတမ်းတို့နှင့် တပြေးညီ ပြောင်းလဲနေသည်ကို တွေ့ရမည်။ သမိုင်းစဉ်တလျှောက် ဖြတ်သန်းခဲ့သောအတွေ့ကြုံ၊ ထုံးတမ်းနှင့် လူမှုရေးစံနှုန်းတို့မှတဆင့် ဥပဒေသည် လူမှုအသိုင်းဝိုင်း၏ တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကို ရောင်ပြန်ဟပ်ပါသည်။

တနည်းဆိုရသော် ယဉ်ကျေးမှုသည် ဥပဒေကိုတည်ဆောက်ရာတွင် အခြေခံထောက်တိုင်အဖြစ် အသုံးတော်ခံသည်။ ယဉ်ကျေးမှုသည် လူ့အဖွဲ့အစည်းတစ်ခု၏ တူညီသောယုံကြည်မှု၊ ထုံးတမ်းများ၊ ဓလေ့များ၊ ဘာသာစကားနှင့် တန်ဖိုးများကို လွှမ်းခြုံထားသည်။ မူလအားဖြင့် ဥပဒေအများအပြားသည် ယဉ်ကျေးမှုစံနှုန်းများမှ ထွက်ပေါ်လာပြီး အဆိုပါစံနှုန်းများကို လိုက်နာရန် အားပေးဖို့ အစီအမံဖြစ်ကြသည်။

ယဉ်ကျေးမှုတန်ဖိုးများသည် လက်ခံနိုင်လောက်သော အပြုအမူဟု ယူဆသည့်အရာနှင့် လက်ခံနိုင်သော အပြုအမူ မဟုတ်သည်ကို ညွှန်ပြသည်။ ဥပမာအားဖြင့်၊ မိသားစုကို အလွန်တန်ဖိုးထားသော လူ့အဖွဲ့အစည်းများတွင် ဥပဒေများသည် အမွေဆက်ခံခွင့်နှင့် မိသားစုစည်းလုံးညီညွတ်မှုကို အလေးပေးပေမည်။ အခြားတစ်ဖက်တွင်၊ တစ်သီးပုဂ္ဂလဝါဒကို ဦးစားပေးသော ယဉ်ကျေးမှုများသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများနှင့် လွတ်လပ်မှုများကို အလေးပေးသည့် ဥပဒေများကို ပုံဖော်ကြလိမ့်မည်။

ဥပဒေစည်းမျဉ်းနှင့် ယဉ်ကျေးမှုစည်းမျဉ်းများ ပေါ်ပေါက်လာပုံကတော့ မတူညီကြပေ။ ဥပဒေဘောင်အတွင်း၌ စည်းမျဉ်းများဖန်တီးရာတွင် တရားဝင်ဥပဒေပြုရေး လုပ်ငန်းစဉ်များ၊ အချေအတင် ဆွေးနွေးမှုများ၊ မဲခွဲဆုံးဖြတ်ခြင်းနှင့် ဥပဒေကြောင်းအရ စိစစ်ခြင်းများကဲ့သို့ လူတို့စနစ်ကျကျ သတ်မှတ်ထားသော ဖြစ်စဉ်များပါဝင်လေ့ရှိသည်။

ယဉ်ကျေးမှု စည်းမျဉ်းများမှာမူ အချိန်ကြာလာသည်နှင့်အမျှ နယ်ပယ်အသီးသီးမှ လူသားတို့၏ အပြန်အလှန်ဆက်ဆံမှုများမှ သဘာဝကျကျ ဆင့်ကဲပြောင်းလဲလာသည်။ မည်သို့ပင်ဆိုကာမူ စည်းမျဉ်းများကို တည်ဆောက်သည့် ဖြစ်စဉ်များသည် ဥပဒေများပြဋ္ဌာန်းသည့် လူတို့သတ်မှတ်ထားသော စနစ်ဖြစ်စဉ်များဖြစ်စေ သို့မဟုတ် ယဉ်ကျေးမှုစံနှုန်းများကိုပုံဖော်သည့် သိမ်မွေ့သော လူမှုဆက်ဆံရေး အချက်များ ဖြစ်စေ၊ မတူညီသောလူ့အသိုင်းအဝိုင်းအလိုက် ထူးခြားသော လက္ခဏာများ ရှိနေသည်ကတော့ အမှန်ပင်။

ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းများစွာတို့တွင် ဥပဒေဆိုင်ရာ အခြေခံမူများသည် ၎င်းတို့၏ ယဉ်ကျေးမှု အမွေအနှစ်များတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေ၏။ ဤလူ့အဖွဲ့အစည်းများသည် အများအားဖြင့် လူမျိုးစုဆိုင်ရာ အလေ့အထများ၊ အစဉ်အလာများမှ ဆင်းသက်လာသော ဓလေ့ထုံးတမ်းဥပဒေအပေါ် မှီခိုအားထားလေ့ရှိသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်း တခုတည်း သို့မဟုတ် ပထဝီဒေသတခုအတွင်း တရားဥပဒေစနစ် တခုတည်းထက်ပိုရှိသည့် ဗဟုဥပဒေစနစ် (Legal Pluralism) ဟု သတ်မှတ်ရသည်။ ဗဟုဥပဒေစနစ်များ ပေါ်ပေါက်လာခြင်းကို (အထူးသဖြင့်) ယခင်ကိုလိုနီနယ်မြေများတွင် တွေ့ရလေ့ရှိပြီး ကိုလိုနီဥပဒေသည် ဓလေ့ရိုးရာဥပဒေစနစ်နှင့် အတူတကွတည်ရှိနိုင်သည်။

မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသော သင်ခန်းစာနှင့် အစဉ်အလာများသည် ဥပဒေစံနှုန်းနှင့် တရားစီရင်ရေးအမြင်ကို ပုံဖော်နိုင်သောအစွမ်း ရှိပါသည်။ တနည်းဆိုရလျှင် ဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် နားလည်မှုများသည် သမိုင်းစဉ်ဆက် အလေ့အထများနှင့် ဓလေ့ထုံးတမ်း စံနှုန်းများမှ ထွက်ပေါ်လာသည်လည်း ရှိနိုင်သည်။ ထိုအခြေခိုင်ပြီးသော စံနှုန်းများသည် ခေတ်ပြိုင်ဥပဒေရေးရာ ဆုံးဖြတ်မှုများတွင် ရည်ညွှန်းစရာ အချက်များအဖြစ် ရပ်တည်နိုင်သည်။

ဤနည်းဖြင့် ထုံးတမ်းများသည် နှောင်းလူများဖြစ်သည့် တရားသူကြီးများနှင့် ဥပဒေသမားတို့အတွက် ဥပဒေအဆုံးအဖြတ်များပြုကြရာတွင် အသိပညာများကို ဆင့်ကဲပေးဝေသည်။ သာဓကကောင်း တခုမှာ နိုင်ငံများစွာရှိ တရားရေးစနစ်များ၏ အခြေခံပုံစံဖြစ်သော ဗြိတိသျှ Common Law ဥပဒေစနစ်သည် သမိုင်းစဉ်တလျှောက် ဖြတ်ထုံးများ၏ ဆင်းသက်လာမှုများတွင် အမြစ်တွယ်လျက်ရှိသည်။ ရာစုနှစ်များစွာတလျှောက် အင်္ဂလိပ်ဥပဒေ၏ အစဉ်လာများနှင့် အလေ့အထများဖြင့် ပုံဖော်ထားသော ယင်းဆင်းသက်ချက်များသည် ယနေ့ခေတ်ဥပဒေ၏ ရလဒ်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဆက်လက်လွှမ်းမိုးနေပါသေးသည်။

တရားမျှတမှုနှင့် ကျင့်ဝတ်ဟု ယူဆသည့်အမြင်တို့သည် ယဉ်ကျေးမှုများတစ်လျှောက် ကွဲပြားပြီး ဥပဒေများကို သတ်မှတ် ကျင့်သုံးပုံအပေါ် လွှမ်းမိုးထားသည်။

ဤနှိုင်းရသဘောသည် ရာဇ၀တ်ဆိုင်ရာ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ထုံးတမ်းဥပဒေများကဲ့သို့သော နယ်ပယ်များတွင် ပိုမိုသိသာသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး၊ ပြစ်ဒဏ်ပေးခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့နှင့် သက်ဆိုင်သော အယူအဆများသည် ယဉ်ကျေးမှုတခုနှင့် ယဉ်ကျေးမှုတခုကြား သိသာထင်ရှားစွာ ကွဲပြားကြသည်ဖြစ်ရာ ဥပဒေ၏ ချဉ်းကပ်ပုံ မတူကြပေ။

အချို့သောအခြေအနေများတွင်၊ ယဉ်ကျေးမှုမတူညီချက်တို့က ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းများဆီသို့ ဦးတည်သွားစေနိုင်သည်။ လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှု အလေ့အထများကြား ဟန်ချက်ညီအောင် ချိန်ခွင်လျှာညှိခြင်းသည် ခက်ခဲနိုင်သည်။ ဥပမာအားဖြင့် အရှေ့တိုင်းယဉ်ကျေးမှုများနှင့် အနောက်တိုင်းယဉ်ကျေးမှုတို့တွင် အပြစ်ဒဏ်ပေးသည့်ပုံစံများ တူညီခြင်းမရှိပေ။

တရားရေးစနစ်သည် ယဉ်ကျေးမှုများ ခေတ်အလျောက်ပြောင်းလဲခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲတိုးတက်နိုင်သည်။ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများသည်လည်း ကာလအလျောက် ပြောင်းလဲကြရသည်ဖြစ်ပြီး တရားသေတည်ငြိမ်ခြင်းမရှိပါ။

ယဉ်ကျေးမှုများ ပြောင်းလဲလာသည်နှင့်အမျှ တရားရေးစနစ်များသည် ပြောင်းလဲလာသော လူမှုစံနှုန်းများကို လိုက်လျောညီထွေဖြစ်စေရန် ညှိယူရသည်။ သမိုင်းကိုပြန်ကြည့်လျှင်တော့၊ လွတ်လပ်ခြင်းကို အခြေပြုသည့် ယဉ်ကျေးမှု ထွန်းကာလာသောကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားခြင်း ဖြစ်လာသလို၊ သေနတ်ကိုင်ခွင့်လည်း ရလာခဲ့သည် မဟုတ်လား။ ကျွန်စနစ်ကိုလည်း ပယ်ဖျက်ရာ ပြည်တွင်းစစ် ဖြစ်ခဲ့သေးသည်။

ထို့ကြောင့် ဥပဒေသည် ယဉ်ကျေးမှုသဘောထားများ၊ ယုံကြည်ချက်များနှင့် အလေ့အကျင့်များ ဆင့်ကဲပြောင်းလဲလာမှု၏ ရောင်ပြန်ဟပ်မှုတစ်ခုကြောင်း မြင်ရမည်။ ဂျန်ဒါအခန်းကဏ္ဍ၊ မိသားစုဖွဲ့စည်းပုံ၊ နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှုများမှတဆင့် ဥပဒေမူဘောင်ကို လွှမ်းမိုးသည်ဖြစ်ရာ လိုက်လျောညီထွေဖြစ်စေဖို့နှင့် ထိရောက်ကောင်းမွန်စေဖို့ အစဉ်အမြဲ ညှိယူကြရသည်။

ယဉ်ကျေးမှုများသည့် အရင်ကာလများလောက် ရိုးရှင်းမှုမရှိတော့ချေ။ ပြောင်းလဲလာသော ယဉ်ကျေးမှုများ၏ ရှုပ်ထွေးမှုများသည်လည်း ခေတ်ပြိုင်တရားရေး စနစ်တွင် ဝိရောဓိနှင့် တင်းမာမှုများကို ဖြစ်စေနိုင်သေးသည်။

စည်းမျဥ်းဥပဒေစိုးမိုးရေး ယန္တရားများသည်လည်း ဖိအားပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်းမှသည် ဆုလာဘ်ပေးခြင်းနှင့် ပညာပေးလုပ်ငန်းအထိ ကျယ်ပြန့်စွာ ကွဲပြားနိုင်ပါသည်။ စိုးမိုးရေးအသက်ဝင်စေသူများနှင့် လူထုအကြား ပါဝါဒိုင်းနမစ်များသည် ဤယန္တရားများ၏ ထိရောက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

အင်အားသုံးခြင်းသည် နာခံမှုကို ထိထိရောက်ရောက် ဖန်တီးပေးနိုင်သော်လည်း ကိုးကွယ်ရာ ဘာသာရေးခေါင်းဆောင်များမှ ညှိနှိုင်းမှုကဲ့သို့သော ပျော့ပျောင်းသည့် ချဉ်းကပ်မှုများကလည်း အပြုအမူများကို ပုံသွင်းနိုင်ကာ ယဉ်ကျေးမှု စံနှုန်းများကို ဆက်လက်တည်ငြိမ်ပြီး ခိုင်မြဲစေနိုင်သည်။ ဆိုလိုသည်က အမြဲတမ်း အကြမ်းနည်းသုံးရန် မလိုပေ။

မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ လက်နက်ကိုင်တော်လှန်ခဲ့သော လူမျိုးစု အမျိုးသားလူထုများ၏ သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများကို လျစ်လျူရှုပြီး မြန်မာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများမှ တရားရေးစနစ်ကို လွှမ်းမိုးထားပါသည်။ လူမျိုးလူထုလွတ်မြောက်ရန်လုပ်နေသည့် တော်လှန်ရေးများကို ဆန့်ကျင်သည့် အပြောအဟောများစွာတွင် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများအပေါ် ခေတ်တိုးတက်မှုကို ဆန့်ကျင်ပြီး ရှေးရိုးအစဉ်အလာများအား တင်းကြပ်စွာထိန်းသိမ်းသူများအဖြစ် ပုံဖော်တတ်သည်ကို တွေ့ရှိရပေသည်။

လူမျိုးစုအဖွဲ့အစည်းတိုင်းသည် ၎င်းတို့၏ထုံးတမ်းစနစ်များအား တင်းကြပ်စွာ ဖက်တွယ်ရန်သာ လိုလားသည် ဆိုသည်မှာ အမှန်မဟုတ်ချေ။ အမြဲတမ်း ဗဟိုအစုအဖွဲ့ ဗဟိုလူနေမှုကို သွတ်သွင်းခြင်း Centralized Change မှာလည်း သီလနှင့် မညီပေ။ ယင်းအစား၊ စစ်မှန်သောပုစ္ဆာမှာ မိမိတို့တရားစီရင်ရေးစနစ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်ပေသည်။

လူမျိုးလူထုတော်လှန်ရေး အုပ်ချုပ်မှုအဖွဲ့များနှင့် အစိုးရများသည် ၎င်းတို့၏ ကိုယ်ပိုင် တရားရေးစနစ်များ ရှိကြသည်ဖြစ်ရာ ဗမာ့ယဉ်ကျေးမှု၏ လွှမ်းမိုးမှုမရှိဘဲ၊ ခေတ်မီတိုးတက် ပြောင်းလဲမှုများနှင့်အညီ ၎င်းတို့၏ တရားစီရင်ရေးစနစ်များ ဆင့်ကဲပြောင်းလဲလာမှုကို လမ်းကြောင်းလိုသည့် ဆန္ဒရှိကြောင်း တလျှောက်လုံး ပြသခဲ့ကြပါသည်။ များစွာလည်း ပြောင်းလဲခဲ့ကြပါသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရကို ဆန့်ကျင်သည့် “သူပုန်” ဘဝနေနည်းကို နှစ် ၇၀ မျှ ယူထားရသည်ကိုလည်း မမေ့သင့်ပေ။

ယဉ်ကျေးမှုများအကြား ကွဲပြားမှုများ

ယဉ်ကျေးမှုများအကြား ခြားနားချက်ကို ရှုထောင့်အမျိုးမျိုးမှ ရှုမြင်နိုင်ရာ ကွဲပြားမှုပုံစံကို သတ်မှတ်ရန် အသုံးများသောနည်းလမ်းများကို အောက်တွင်ဖော်ပြပါမည်။

  • နိုင်ငံရေးတန်ဖိုးများကို နှိုင်းယှဉ်ခြင်း – သာဓကအားဖြင့် ယဉ်ကျေးမှုတခုသည် လူတဦးချင်းစီ၏ လွတ်လပ်မှုအပေါ် အကြီးဆုံးတန်ဖိုးကြီးအဖြစ် သတ်မှတ်နိုင်သော်လည်း အခြားယဉ်ကျေးမှု တခုက အသိုက်အဝန်း သို့မဟုတ် မိသားစုအပေါ် ပိုမိုတန်ဖိုးထားနိုင်သည်။
  • နိုင်ငံရေး အင်စတီကျူးရှင်းများကို ခွဲခြမ်းစိတ်ဖြာခြင်း – သာဓကအားဖြင့် ခိုင်မာသော ဗဟိုအစိုးရကို လိုလားသော ယဉ်ကျေးမှုများ ရှိသလို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တည်ဆောက်ထားသောပုံစံကို ပိုနှစ်သက်သော ယဉ်ကျေးမှုများ ရှိပါသည်။
  • နိုင်ငံရေးအမူအကျင့်များကို ပိုင်းခြားစိတ်ဖြာခြင်း – အချို့သောယဉ်ကျေးမှုများက နိုင်ငံရေးကို ၎င်းတို့ လူမှုဘဝ၏ အရေးပါသောအစိတ်အပိုင်းတခုအဖြစ် ရှုမြင်ကြပြီး အချို့က နိုင်ငံရေးတွင် အမြဲပါဝင်နေ ဘဝ၏ပဓာနအစိတ်အပိုင်းမဟုတ်ဟု ယုံကြည်ကြပေမည်။
  • သမိုင်းဆိုင်ရာပုံစံများကို ဆန်းစစ်ခြင်း – အချို့သောယဉ်ကျေးမှုများသည် သမိုင်းအရ နိုင်ငံရေး မတည်ငြိမ်မှုနှင့် အသားကျသွားသည့်နှယ် ရှိနိုင်သော်လည်း အချို့ယဉ်ကျေးမှုများတွင် ဖြတ်သန်းရာ သမိုင်းတလျှောက် ပိုမိုတည်ငြိမ်သော နိုင်ငံရေးစနစ်များရှိခဲ့နိုင်သည်။

အောက်ဖော်ပြပါအချက်များသည် နိုင်ငံရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်ဖွယ်ရှိသည့် ယဉ်ကျေးမှုကွဲပြားချက်များ၏ နမူနာအချို့ဖြစ်သည်။

  • အစိုးရ၏အခန်းကဏ္ဍ
  • အာဏာအပေါ် သဘောတရားအမြင်
  • နိုင်ငံတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းကြား ဆက်ဆံရေး
  • နိုင်ငံရေးတွင်ပါဝင်မှု၏ သဘောသဘာဝ
  • ဆုံးဖြတ်ချက်ချသည့်ပုံစံအပေါ် သဘောထား
  • နိုင်ငံရေးတွင် ဘာသာရေး၏အခန်းကဏ္ဍ
  • ကျား၊မ ဂျန်ဒါ သဘောတရား
  • နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ
  • ပဋိပက္ခအပေါ်သဘောထား
  • အချိန်နှင့် နေရာလစ်လပ်ခြင်း သဘောတရား
  • ပုဂ္ဂိုလ်တဦးချင်း၏အခန်းကဏ္ဍ
  • မိသားစု၏အခန်းကဏ္ဍ
  • သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍ
  • ကလေးများ၏အခန်းကဏ္ဍ
  • ပညာရေးအပေါ်သဘောထား
  • အလုပ်အပေါ် သဘောထားနှင့် ကျွမ်းကျင်ပိုင်နိုင်မှုအမြင်
  • အပန်းဖြေခြင်းနှင့် အနားယူခြင်းအပေါ် သဘောထား
  • ပတ်ဝန်းကျင်အပေါ်သဘောထား
  • သေခြင်းနှင့် တမလွန်အပေါ် သဘောထား

အထက်ပါအချက်များသည် ယဉ်ကျေးမှုများကြားတွင် နိုင်ငံရေးအရ သိသာထင်ရှားသော ခြားနားမှုများ၏ ဥပမာအနည်းငယ်မျှသာဖြစ်သည်။ ဤအရာများသည် ယေဘုယျသဘောမျှသာဖြစ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ အခြေအနေကိုလိုက်ပြီး ရှုကြည့်ရန် လိုသည်။

ယဉ်ကျေးမှုများ၏ အတွင်း၌ပင် ကွဲလွဲမှုများစွာရှိပြီး ယဉ်ကျေးမှုတစ်ခုအတွင်း ပါဝင်ကြသူအားလုံးသည် တလုံးတဝတည်း တူညီသောတန်ဖိုးများ သို့မဟုတ် ယုံကြည်ချက်များကို မျှဝေလက်ခံကြမည်မဟုတ်ပေ။

သို့သော်လည်း ယေဘုယျအားဖြင့် မတူညီသော စံနှုန်းများသည် လူအချင်းချင်း အပြန်အလှန် ဆက်ဆံပုံနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့် နည်းလမ်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိနိုင်သည်။ ဤကွဲပြားမှုများကို နားလည်ခြင်းဖြင့် ကျွန်ုပ်တို့သည် နိုင်ငံရေးလုပ်ငန်းစဉ်များကို ပိုမိုနားလည်နိုင်ပြီး ပိုမိုထိရောက်သော မူဝါဒများကို ဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။

Related Articles

Back to top button