တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 32, April 19, 2024)

၁။  မြဝတီမြို့သို့ ချီတက်နေသည့်စစ်ကောင်စီစစ်ကြောင်းကို KNLA ဖြတ်တောက်ထားနိုင်ဆဲ
  April 18, 2024
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ် ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက်ထားနိုင်ဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ထုတ်ပြန်လာသည်။  KNLA အပါအဝင် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီတက်လာသည့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက် ဖြတ်တောက်မှုများ ပြုလုပ်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးပြီး စစ်ယာဉ်တချို့ပျက်စီးခြင်းကြောင့် ဒေါန တောင်တန်း အနောက်ဘက် တောင်ခြေတွင် ရပ်တန့်နေကြောင်း ကေအဲန်ယူက ဆိုသည်။
မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင် နေခြင်းဖြစ်ကြောင်း သံချပ်ကာယာဉ်များ၊ စစ်တပ်သုံးယာဉ်များဖြင့် ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များပါ ဝင်၍ စစ်ကြောင်းထိုးတက် နေခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက် ခံနေရခြင်းလည်းဖြစ်သည်။  ထိုသို့ ကြားဖြတ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို လေကြောင်းတိုက်ခိုက်မှုကိုပါအသုံးပြု၍ လမ်းကြောင်း ရှင်းလင်းနေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု များရှိသလို အရပ်သားပိုင် ပစ္စည်းဥစ္စာများလည်း ထိခိုက် ပျက်စီးမှုရှိသည်ဟု ကေအဲန်ယူက ဆိုထားသည်။ မြဝတီမြို့စောင့်တပ် ဖြစ်သည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၂၇၅) ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်က မြို့ကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသလို စစ်ကောင်စီဘက်ကလည်းမြို့ကိုပြန်လည်ရရှိရန်အပြင်အထန်းကြိုးပမ်း နေလျက်ရှိသည်။ Read ni full
၂။ မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေကို ပူးတွဲလုပ်ဆောင်ဖို့ NMSP-AD ခေါင်းဆောင် ဖိတ်ခေါ်
 April 18, 2024
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက် ဖျက်ရေးအဖွဲ့ NMSP-AD နဲ့ ပူးတွဲလုပ်ဆောင်ကြဖို့ AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက ဖိတ်ခေါ်လိုက်ပါတယ်။ NMSP-AD အဖွဲ့ ခေါင်းဆောင် နိုင်ဇေယျက သူ့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ အဲ့ဒီဖိတ်ခေါ်ချက်ကိုထည့်သွင်းပြောဆိုခဲ့တာပါ။ စစ်အာဏာရှင်ကို တော်လှန် နေတဲ့ မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေဟာ မွန်လူမျိုးတို့ရဲ့အင်အားတရပ်ဖြစ်ဖို့ ရှေးရှုပြီး တူညီတဲ့အလုပ်တွေကို ပူးတွဲလုပ်ဆောင် သွားကြဖို့နဲ့ မတူညီတာတွေကို ခဏချန်ထားကာ အတူတကွ အလုပ်လုပ်သွားကြဖို့လည်း တိုက်တွန်းပြော ဆိုထားပါတယ်။“သံဃာတော်တွေ၊ ပညာရှင်တွေ၊ မွန်လူမျိုးအားလုံး၊ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင် အသစ် အဟောင်း၊ ပြည်တွင်းရှိ နိုင်ငံရေး ပါတီဝင်တွေ၊ မွန်ပြည်သစ်ပါတီ (AD) မှာ ဝင်ရောက်ပူးတွဲလုပ်ဆောင်ကြပါစို့။ လူမျိုးအင်အား စုစည်းညီညွတ်မှုနဲ့ ကျနော်တို့နဲ့ အတူ တိုက်ပွဲဝင်ကြပါစို့” လို့ NMSP-AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက ပြောပါတယ်။

ကိုယ့်လူမျိုးကို ကာကွယ်ဖို့၊ ရန်သူကို ကိုယ်နယ်မြေထဲကနေ မောင်းထုတ်ဖို့ လူငယ်အင်အားတွေဟာ အင်မတန်အရေး ကြီးနေပြီး စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်တဲ့နည်းလမ်းသာရှိတာကြောင့် မွန်လူမျိုးလွတ် မြောက်ရေးတပ်တွေမှာ အင်အားဖြည့်ကြဖို့ကိုလည်း နိုင်ဇေယျက ပြောပါတယ်။ ပြည်ပရောက်မွန်တွေအနေနဲ့ NMSP-AD ကို ဝိုင်းဝန်ထောက်ပံ့ကြဖို့အပြင် နိုင်ငံတကာ သံတမန်စာမျက်နှာတွေဟာလည်း အရေးကြီးတာကြောင့် အဆိုပါနေရာတွေမှာ လည်း တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ မွန်လူမျိုးရဲ့ အင်အားဟာ မွန်လူမျိုးမှာသာ တည်ရှိတယ်လို့ ယုံကြည်ပြီး စစ်အာဏာရှင်ပြိုကျသွားသည်အထိ၊ မွန်တို့ ကြမ္မာ မွန် တို့ ဖန်တီးခွင့်ရသည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးကြောင်းနဲ့ အချင်းချင်းကြား ဝိုင်းဝန်းထောက်ပံ့ကြဖို့ကိုလည်း အဖွဲ့ ခေါင်းဆောင်က တိုက်တွန်းပြောဆိုပါတယ်။ Read ni full
၃။  မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှု ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဥ်းသားလေးဦး သေဆုံး
 April 18, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာမျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြနေစဥ် ညနေပိုင်းမှာတော့ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းမှု တွေ လုပ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။“ဆူနေတာက နေ့လယ်လောက်ကတည်းက ဖြစ်နေပြီ။ ညနေ လေးနာရီက စပြီး နှိမ်နှင်းတာပေါ့။ အကျဥ်းသား လေးဦးသေတယ်။ ရှစ်ဦးဒဏ်ရာရရတယ်။ သေတဲ့သူ ဘယ်သူတွေလဲတော့ မသိဘူး။ တွေ့ တော့ တွေ့လိုက်တယ်။ ဆေးရုံလူနာတင်ယာဥ်၊ ကြက်ခြေနီနဲ့ ထောင်က လူနာတင်ယာဥ်တွေနဲ့ ခေါ်ထုတ်သွားတာ။ မနေ့က ည ရှစ်နာရီလောက်မှာ ပြန်ငြိမ်သွားတယ်” သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားဆေးရုံကြီးကို ခေါ်သွားကြပြီး ဆေးရုံမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးယူထားတယ်လို့ သူကဆိုပါတယ်။

အကျဥ်းသားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကလည်း မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှုကို စစ်သား၊ ရဲနဲ့ အကျဥ်းဦးစီးဘက်က အကြိမ်ရေများစွာ သေနတ်ပစ်ခတ်မှုများ လုပ်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စုံစမ်း နေတယ်လို့ ထုတ်ပြန်ပါတယ်။ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်း ထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေး ပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးသွားပါတယ်။ Read ni full
၄။  ပင်လောင်းတောင်ဘက် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ရာ မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေ
 April 18, 2024
ပင်လောင်းတောင်ဖက်ရှိကျေးရွာအချို့တွင် PNO ပြည်သူ့စစ်ကဆက်ကြေးကောက်နေပြီး မပေးဆောင်နိုင်သူအချို့ ခြိမ်း ခြောက် ခံနေရကြောင်း ဒေသခံထံက သိရသည်။ ဆက်ကြေးကောက်ရာတွင် PNO ပြည်သူ့စစ်က ရွာသူကြီးမှတစ်ဆင့် ကောက်ခိုင်းကာ မပေးလျှင် အထက်လူကြီးတိုင်ပြီး လာရောက်ဖြေရှင်းခိုင်းမည်ဟုဆိုကာ ဆက်ကြေးအတွက် သတ်မှတ်ထား သည့် နှုန်းအတိုင်း မပေးမနေရဟုခြိမ်းခြောက်မှုရှိနေသည်။
“သူတို့ကောက်ရင်ကောက်တဲ့အတိုင်း တစ်သိန်းဆိုရင်လည်း တစ်သိန်း အဲလိုပေါ့ မပေးမနေရပေးရမယ်တဲ့ ကျွန်မတို့ဆို မရှိဘူးလေ အရမ်းအခက်အခဲဖြစ်တယ် ကုန်စျေးနှုန်းတွေက စျေးကြီးရတဲ့ကြား အမျိုးမျိုးပဲ မပေးရင် ရွာသူကြီးတွေက အထက် လူကြီးကိုတိုင်မယ်ဘာညာ သူတို့အိမ်ထိလာဖြေရှင်းလိုက်မယ်တဲ့ အဲလိုပြောတာတွေလည်းရှိတယ် ကြောက်တော့လည်း မရှိ လည်း ရှာပြီးပေးရတာပေါ့ “ဟုအမည်မဖော်လိုသူတစ်ဦးက ပြောသည်။ ပင်လောင်းဒေသတွင် PNO ပြည်သူ့စစ်အတွက်ဆိုပြီး ဆက်ကြေးအပြင် ဆန်၊ဆီ၊ထင်း အစရှိသည်ကိုလည်း ကောက်ခံမှုများပြုလုပ်နေကြောင်း သူကဆက်ပြောသည်။ ပအိုဝ်းဒေသ အများစုတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုကာ ငွေများအတင်းအဓမ္မကောက်ခံမှုများပြုလုပ်လျက်ရှိနေသည့်အတွက် ပအရပ်သားရွာခံများ အခက်အခဲကြုံတွေ့နေရကြရသည်။ Read ni full
၅။ တိုက်ပွဲမရှိဘဲ မင်းတပ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြန်
 April 18, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်နေရာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြု လုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။ ဧပြီ ၁၇ ရက် ညပိုင်းတွင် တံတားဦးလေတပ်မှ တိုက်လေယာဉ် ၂ စီးသည် မင်းတပ်မြို့ နယ် အမှတ် (၁၃) ဒိုင်နယ်တစ်နေရာကို အကြောင်းမဲ့ လေးကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ “ထိခိုက်ပျက်ဆီး မှုအသေးစိပ်ကိုမသိရသေးဘူးဗျ။ ဆက်သွယ်နေတုန်းအဲဒီဘက်ကဆက်သွယ်မှုခက်တယ်။ ပလက်၀နဲ့လည်းနီးတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲမရှိဘဲမည်သည့်အတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည် ကို မခန့်မှန်းတက်ဟုလည်း မင်းတပ်ဒေသခံကပြောသည်။ “ဘာတိုက်ပွဲမှာမရှိဘဲပစ်နေတာပါ။ အရပ်သားထိခိုက်တာရှိပါတယ်။ နေအိမ်တွေပျက်စီးတာလည်းရှိတယ်။ အခုလည်း လေယာဉ်လာနေလို့ ပုန်းရအုံးမယ်”ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။

ထို့အပြင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)က ဧပြီ ၁၇ ရက်နေ့က လက်နက်ကြီးဆယ်ကြိမ်ထက်မနက်ပစ်ခတ်ခဲ့ရာ စံပြရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချုပ်လက်နက်ကြီးစထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးဒဏ်ရာရခဲ့ပြီး စိတ်ကူးသမှုခံယူနေရကြောင်း မြို့ခံများကပြောသည်။ ည ၉ နာရီခန့်တွင် မင်းတပ်မြို့နယ် အမှတ် (၁၃) ဒိုင်နယ် တစ်နေရာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုမှုကိုမသိရှိရ သေးပေ။ မင်းတပ်မြို့တွင် ဧပြီလ ၁၆ ရက်က ပစ်ခတ်မှုအချို့ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူများအားပစ်မှတ် ထား၍ ရမ်းသမ်းပစ်ခတ်နေခြင်းဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ Read ni full

၆။ BGF အသွင်ပြောင်း KNA မှာ မပူးပေါင်းလိုတဲ့ တပ်ဖွဲ့ဝင်တွေ ရှိနေကြောင်း သတင်းထွက်
 April 19, 2024
ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းလိုက်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) မှာ မပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNA တာဝန်ရှိသူတွေကြား သဘောထား ကွဲလွဲနေတယ်လို့ ဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။ အရင် BGF တပ်ရင်းတွေမှာ ရုံးလုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တွဲဖက် လုပ်ကိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNA ပြောင်းလဲဖွဲ့စည်းတာလို့ သဘောမကျဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိ မြဝတီမြို့မှာ လုံခြုံရေးကင်းလှည့်နေတဲ့ KNA တပ်ဖွဲ့ဝင်တွေဟာ အရင် BGF တပ်ရင်းတွေမှာ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ မြို့ပေါ်က အောင်ဇမ္ဗူလင်း ဟိုတယ်ခြံ ဝင်းထဲမှာ အတူနေထိုင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီဟိုတယ်ဝင်းထဲမှာ အင်အားစုစုပေါင်း ၃ဝဝ ကျော် နေထိုင် နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြဝတီမြို့ အနီးဝန်းကျင်က မဲကနယ်၊ ဇရပ်ဖြူကုန်း၊ ကော့ကော်၊ ကုက္ကိုလ် ကျေးရွာတွေမှာရှိတဲ့ အရင် BGF တပ်ရင်းစခန်း ၅ ခုမှာ လည်း စစ်ကောင်စီတပ်ဘက်က အရာရှိတချို့နဲ့ သူတို့မိသားစုဝင်တွေ ဆက်ရှိနေဆဲပဲလို့ အမည်မဖော်လို တဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။ မြဝတီမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပေမဲ့ အပြင် မထွက်ဘဲ သူတို့ရုံးတွေထဲမှာပဲ ရှိနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။ “မြို့မှာကတော့ ခြောက်ကပ်နေတာပေါ့၊ မြို့ထဲမှာကတော့ သိပ်ပြီး စည်စည်ကားကားမရှိပါဘူး၊ နောက်တစ်ခုကတော့ လုံခြုံရေး အနေနဲ့ ကြည့်ရင် ဘာမှမရှိဘူး လုံခြုံရေးက၊ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) အပြင်ကို မထွက်ရဲကြဘူး၊ ရှေ့တန်းရုံးတို့ ဘာတို့ ထဲမှာရှိနေတယ်၊ အင်အားဘယ်လောက်မှ သိပ်မရှိဘူးတဲ့၊ ၃၀ လောက်ပဲ ရှိတယ်တဲ့”  စစ်တပ်နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီပေးတဲ့ လစာနဲ့ ရိက္ခာတွေ မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လဆန်းမှာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ တာပါ။ Read ni full

၇။ ဝန်ထမ်းများနှင့် ပြည်သူများ လွိုင်ကော်မြို့သို့ ပြန်လာရန် စစ်ကောင်စီ မက်လုံးပေးခေါ်နေ
  April 18, 2024
ထွက်ပြေးတိမ်ရှောင်နေရသည့် ဝန်ထမ်းများနှင့် ပြည်သူများအား လွိုင်ကော်မြို့သို့ ပြန်လာစေရန် စစ်ကောင်စီက မက်လုံးပေးခေါ်မှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ပြန်လာမည့်သူများကို ဆန်၊ ရိက္ခာများအပါ အဝင် ဖုန်းနှင့် မီးလိုင်းများရရှိစေရမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟုလည်း ဆိုသည်။ “၅ လပိုင်းနောက်ဆုံးထား ပြီး ဝန်ထမ်းအကုန်ခေါ်ထားတယ်။ လူကြီးပိုင်းကတော့ ဒကစ(လွိုင်ကော် ဒေသကွပ်ကဲစစ်ဆင်ရေးဌာနချုပ်)မှာနေရတယ်တဲ့။ ကျန်တဲ့သက်ဆိုင်ရာဝန်ထမ်းတွေကတော့ သူ့ရုံးအလိုက်နေရမယ်လို့ပဲ သိထားတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
ကရင်နီပြည်နယ် ‘၁၁၁၁ စစ်ဆင်ရေး’နှင့်အတူ တော်လှန်ရေးအင်အားစုများက လွိုင်ကော်မြို့ကို သိမ်းပိုက်ရန် ကြိုပမ်း နေဆဲဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့အခြေစိုက်တပ်စွဲထားသည့် နေရာ အနီးရှိ ပြည်သူများ​၏ နေအိမ်များကို မီးရှို့ ရှင်းလင်းခြင်း နှင့် လွိုကော်မြို့တွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် နေအိမ်များ ထိခိုက်မှုများစွာရှိခဲ့သည်။ “လွိုင်ကော်မြို့က စစ်မြေပြင် ဖြစ်နေတာ။ပြန်လာဖို့မလွယ်ပါဘူး။ပြန်လာလို့ရရင်တောင် စစ်ကောင်စီဘက်က လေယာဥ်နဲ့ တိုက်ခိုက်တာ၊လက်နက်ကြီး နဲ့ ပစ်ခတ်တာ ရှိတဲ့အနေအထားတွေကြောင့် ပြန်နေထိုင်ဖို့ဆိုတာ မဖြသ်နိုင်တဲ့ အနေအထားဖြစ်ပါတယ်”ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။ ကရင်နီပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူ ၂၈၀,၀၀၀ ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ လွိုင်ကော်မြို့မှ ဖြစ်သည်။ Read ni full

၈။ ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
 April 19, 2024
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက် အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာ အတွင်း သတင်းအချက်အလက် များကို အခြားသူများသို့ ပို့ဆောင်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ဧပြီလ (၁၄) ရက်၌ နေအိမ် အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “အခုညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ မိသားစု ဝင် တွေတော့ တွေ့ခွင့်ပေးတယ်ပြောတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့ကျရင် ရုံးချိန်းမယ်လို့တော့ ပြောတယ်” ဟု ဖမ်းဆီးခံရ သူ နှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် မမြင့်ကြည်သည် မွေးရာပါ ဦးနှောက်အနည်းငယ်ချို့ယွင်းနေသူဖြစ်ပြီး ဘေးပတ်ဝန်းကျင်၏ ပြောပြ ချက်အရ ဆင်းရဲချို့တဲ့သူတစ်ယောက်ဖြစ်သကဲ့သို့ ကျေးရွာအတွင်း စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးငွေ ကောက်ခံရာတွင် လည်း မမြင့်ကြည်အနေဖြင့် ထည့်ဝင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အင်းလေးဒေသ လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Justic Movement For Community-Innlay (JMC-Innlay) က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဧပြီလ ၁၈ ရက်၌ ထုတ်ပြန်ထားသည်။ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့သည် မည်သူနှင့်မျှ အဆက်အသွယ်မရှိ၊ သတင်းပေးပို့ခြင်းမရှိဘဲ။ မတရားစွပ်စွဲအမှုဆင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ပြစ်မှုတစ်စုံတစ်ရာ တိတိ ကျကျ မပြနိုင်ပါဘဲ ထို နှစ်ဦးကို လာရောက်ဖမ်းဆီးသွားခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးပြန်လွတ် ပေးစေလိုကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။ Read ni full
၉။  ဆီဆိုင်မြို့ကနေ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူ ၃၀၀ ကျော် ရိက္ခာအရေးပေါ် လိုအပ်နေ
 April 18, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေ ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဆီဆိုင်မြို့ပေါ် ရပ်ကွက် ဖြစ်တဲ့ ဟိုခဲရပ်ကွက်က ၁၅၀ ဦးခန့်နဲ့ နောင်ထော်ရေလယ်ကျွန်းက ၁၅၀ ခန့် စုစုပေါင်း ၃၀၀ လောက်ဟာ တောတောင်ထဲ စစ်ဘေးရှောင်ရင်း ရက်ကြာလတာနဲ့အမျှ ရိက္ခာတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “ရက်ကြာလာတော့ ဝင်ငွေမရှိ စားစရာကလည်း အိမ်ပြန်ယူရင်တောင်မရှိတော့သလို ရှာဖွေစားသောက်ဖို့တောင် ခက်ခဲလာ တယ်၊ တနေ့ လုပ်တနေ့စားဖို့တောင်အနိုင်နိုင်ဖြစ်နေကြပြီ၊ ကျမညီမဆို ခဏပဲစစ်ရှောင်တာဆိုပြီး ဘာမှ မပါခဲ့ဘူး၊ နေဖို့က လည်း တဲထိုးဖို့တောင် ပိုက်ဆံမရှိလို့ ကျမနဲ့ကပ်နေရတာ၊ မိသားစုများရင်ပိုခက်ခဲကြတယ်၊ အဝတ်အစားကတော့ ဖြစ်သလိုနေ လို့ ရသေးတယ်၊ စားစရာက အရေးကြီး အရမ်းကိုလိုနေပြီ၊ ပြန်စရာအိမ်ကလည်း မီးလောင်ပြာကျသွားတော့ နေစရာလဲ မိုး မကျမီ လိုအပ်လာကြပြီ၊ အရမ်းခက်ခဲနေကြတယ်” လို့ ပြောပါတယ်။

မီးဖွားတော့မယ် ကိုယ်ဝန်ဆောင် ၁ ဦးမှာလည်း အခက်အခဲတွေရှိနေသလို နို့စို့အရွယ်လသား ၂ ဦးနဲ့နို့တိုက်မိခင်တွေ၊ မသန်စွမ်းသက်ကြီးရွယ်အိုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။“ရေလယ်ကျွန်းက ဦးရေ ၁၅၀ လောက်မှာ လေဖြတ်သူ ၁ ဦး ရှိနေတယ်၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ၊ ကလေးသူငယ်တွေ အများအပြားလဲရှိနေတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။ ဖျားနေတဲ့သူ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေနဲ့ ယားနာပေါက်နေတဲ့ကလေးတွေ အများအပြားရှိနေ သလို ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိတာဖြစ်လို့ မဖြစ်မနေ အရေးပေါ်အကူအညီတောင်းရတာလို့ ပြောပါတယ်။ https:// www.facebook.com/photo/?fbid=455240850195698&set=pcb.455241216862328

၁၀။ မော်လမြိုင်၊ မုပွန်ရဲစခန်းမှ အချုပ်သားတချို့ လက်နက် ယူဆောင် ထွက်ပြေး
 April 18, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊  မုပွန်နယ်မြေ ရဲစခန်းမှ အချုပ်သားတချို့  ယမန်နေ့တွင် သေနတ် ၁ လက် ယူဆောင် ထွက်ပြေးသွားပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။ မော်လမြိုင်မြို့ ဒေသခံတဦးက “ဖြစ်စဉ် ကတော့ ဟုတ်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်သံတွေလည်း ကြားလိုက် တယ်”ဟု ပြောသည်။
မုပွန်ရဲစခန်း၌ ချုပ်နှောင်ထားသော အချုပ်သား ၄ ဦးသည် အချုပ်ခန်းအမိုးကို ဖောက်ကာ လုံခြုံရေးတာဝန်ကျ ရဲတပ် သားထံမှ သေနတ်အား လုယူ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ သေနတ်လုသွားသောအချုပ်သားက တာဝန်ကျရဲတပ်ကြပ်ကြီး ထွန်းရှိန် ကို ပစ်ခတ်ခဲ့သောကြောင့် နဖူးသို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်ရေးသားထားသည်။ ယင်းအချုပ်သား ၄ ဦးအနက် တဦးကို ပြန်လည်ဖမ်းမိခဲ့ပြီး ကျန် ၃ ဦးမှာ လွတ် မြောက်နေဆဲဖြစ် ကာ ၎င်းတို့ထံတွင် M-16 သေနတ် ၁ လက် ပါသွားကြောင်း သိရသည်။ Read ni full
၁၁။ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးအပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀ ယောက် စစ်တွေထောင်မှလွတ်မြောက်
April 18, 2024
အကြမ်းဖက်စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဌ ဒေါ်ညိုအေး နှင့် နိုင်ငံရေးအကျဥ်းသား ၁၀ ယောက်ခန့် အပါအဝင် စစ်တွေထောင်မှအကျဥ်းသား ၃၆ ဦး လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည်  ၂၀၂၃ ခုနှစ်က စစ်တွေဆန်ပြသနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား တက်ရောက်မှုကြောင့် မတရားဖမ်းဆီးကာ ပုဒ်မ ၅၀၅(ခ) ဖြင့်တရားစွဲဆိုခံရပြီး ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၃၆ ဦး လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာပြီး ယင်းအထဲတွင် ဒေါ်ညိုအေး အပါ အဝင် နိုင်ငံရေးအကျဥ်းသား ၁၀ ဦး ပါဝင်ကြောင်း ရခိုင်ရှိဒေသခံ မိသားစုဝင် တစ်ဦးကပြောသည်။ ဒေါ်ညိုအေးသည် လွတ် မြောက်လာချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ၎င်း၏မိသားစုဝင်ထံမှသိရသည်။ Read ni full
၁၂။ ပလက်ဝတွင် မိုင်းနင်းမိပြီး စစ်ရှောင်လူငယ်တစ်ဦးခြေထောက်တစ်ဖက် ပြတ်ထွက်သွား
 April 18, 2024
ချင်းပြည်နယ်၊ ပလက်ဝတွင် မိုင်းနင်းမိပြီး စစ်ဘေးရှောင်လူငယ်တစ်ဦး၏ ဘယ်ဖက် ခြေထောက် ဒူးအောက်ပိုင်းမှ ပြတ် ထွက်သွားကြောင်းသတင်းရရှိသည်။ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်ထွက်သွားသူမှာ ကျောက်တော်မြို့၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ မောင်သိန်းစိုး (၁၈ နှစ်) ဖြစ်ကြောင်းသိရသည်။ ၎င်းသည် ဧပြီလ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် စစ်ဘေး ရှောင်စခန်းမှ နေရပ်ပြန်နေရန် ပလက်ဝမြို့နယ်၊ လိပ်ခေါင်းဗျူဟာအနီးရှိ မိမိပိုင် ဥယျာဥ်ခြံမြေကို ရှင်းစဥ် မိုင်းနင်းမိကာ ထိခိုက် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းသိရသည်။

မိသားစုဝင်တစ်ဦးက”စစ်ရှောင်စခန်းမှာနေရတာက အရမ်းအခက်အခဲ ဖြစ်ကြတော့ အခု ပလက်ဝကို သိမ်းပြီးချိန်မှာ နေရပ်ပြန်ဖို့အတွက်  ခြံရှင်းရင်း မိုင်းပေါက်ကွဲတာပါ။ အေအေကတော့ အရှေ့ပိုင်းလောက်ပဲ ရှင်းရသေးလို့ ခြံအနောက်ပိုင်းတွေ ကို မသွားလာဖို့ ပြောဆိုထားပေမယ့် စားဝတ်နေရေးအတွက် စိတ်လောပြီး အခုလိုပဲ ဖြစ်သွားရတာပါ”ဟု ပြောသည်။ လက်ရှိ တွင် မောင်သိန်းစိုးကို ကျောက်တော်မြို့နယ်အတွင်းမှ ဆေးခန်းတစ်ခုတွင် ဆေးကုသထားကြောင်း သိရသည်။ ပလက်ဝမြို့နယ် အတွင်းမှ စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် ပလက်ဝမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသော်လည်း မိုင်းရှင်း လင်းရေးလုပ်ငန်းများ အပြည့်အဝ မလုပ်ဆောင်နိုင်သည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများကပြောသည်။ Read ni full
၁၃။ ပလောက်မြို့တံတားအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်
 April 18, 2024
ပုလောမြို့နယ် ပလောက်မြို့ရှိ တံတားအနီးရှိ စစ်ကောင်စီတပ်စစ်ဆေးရးဂိတ်တွင် ဧပြီလ ၁၇ ရက်နေ့က တစ်နာရီနီး ပါးကြာ တိုက်ပွဲဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီ တပ်သား ၃၀ ခန့် တပ်စွဲထားသည့် အဆိုပါစစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက မွန်းလွဲ ၁ နာရီဝန်း ကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီး ပါးကြာချိန်တွင် စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ကျော် စစ်ကူထပ်ရောက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာလာရ ကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့ဘက်က စစချင်း ၄၀ မမရော၊ RPG‌ ရော ဂိတ်က ဘန်ကာကို ပစ်ခဲ့တာပေါ့။ သူတို့ (စကစ) ဘက်က အထိအခိုက် များတယ်လို့ ဒေသခံတွေဆီက သိထားရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လေးဦးထိခိုက်သေဆုံးခဲ့သည်ကို မျက်မြင်အရသိရပြီး ပလောက်မြို့ အနောက်ကမ်း အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက  ထုတ်ပြန်ထားသည်။“အဲဒီအုပ် ချုပ်ရေးမှူးက စစ်ကောင်စီတပ်တွေကို တပ်စွဲခွင့်ပေးတာတွေရှိတယ်။ သူကိုယ်တိုင်လည်း ပလောက် ပျုစောထီး ခေါင်းဆောင် တစ်ဦးပေါ့။ မီးရှို့တုန်းကတော့ သူရော၊ သူ့မိသားစုရော မရှိဘူး။ နေအိမ်ကတော့ ထက်ဝက်ပျက်စီးသွားတယ်” ဟု အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်း က ဆက်လက်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် ပုလောစစ်ကြောင်း-၁၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ http://www.daweiwatch.com/2024/04/18/news/myeik/73707/

၁၄။  ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်း လက်ဖက်ရည်ဆိုင်ထွက်ထိုင်စဉ်ပစ်ခတ်ခံရပြီးသေဆုံး
April 18, 2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သား စုဆောင်းနေသော  နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင်ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည် သူများက ပြောဆိုသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်း က စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ် စုဆောင်းရေးအတွက် လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သူ့လက်အောက်ငယ်သား ရာအိမ်မှူးများကို ပြောဆိုခိုင်းစေနေစဉ် တော်လှန်ရေးတပ်သားတချို့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ချက်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဘီးလင်းမြို့နယ်မှ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် လုပ်ကြံခံရမည်ကိုစိုးရိမ်၍ ညတိုင်း စစ်တပ်ထဲ တွင် သွားရောက် ညအိပ်ကြောင်း၊ မနက်ပိုင်းမှ တပ်ပြင်ထွက်၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့် စစ်သားစုဆောင်းရေးလုပ်ကိုင်သူဖြစ် ကြောင်း သိရှိရသည်။ “မွန်ပြည်နယ် ဘီးလင်းမြို့ နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဒီမနက် ၆ နာရီခွဲမှာ အပစ်ခံရတယ်။ သေနတ် နဲ့ ၆ ချက် ပစ်သွားတာ။  သူက လူမုန်းလည်း တော်တော်များတဲ့အုပ်ကြီး။ ပြည်သူတွေဆီက  ပိုက်ဆံတအားကောက်လို့ သူ့ကို မုန်းကြတာ။ သူက သေမှာကြောက်လို့ ညဆို တပ်ထဲမှာ ပဲညအိပ်တာ။ အခု ဒီမနက် တပ်ထဲက ထွက်ပြီး လက်ဖက်ရည်ထွက် သောက်တာမှာ ပစ်ခံထိတာ။အခု နတ်ကြီး တစ်ရွာလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် သေဆုံးချိန်တွင် အသက် ၅၉ နှစ်ရှိနေပြီဖြစ်ပြီး ဇနီးနှင့်သားသမီး မြေးများ ကျန်ရစ်ကြောင်း သိရှိရသည်။ https://www.facebook.com/photo/?fbid=789386859955589&set=a.568142278 746716

၁၅။  ဒိန်ဆင်းပါ မြေရှားတူးဖော်တဲ့စီမံကိန်းရပ်တန့်တာ တစ်နှစ်ရှိပြီး ဒေသခံများကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေရပြီ
April 18, 2024
ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့် ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ မံစီမြို့အနီး ဒိန်ဆင်းပါ ဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မိုင်ဂျာယန် ဒေသခံလူထု ၁၆၀၀ ကျော်နဲ့ တွေ့ဆုံစဉ် ကန့်ကွက်တဲ့ စီမံကိန်းအားလုံးကိုရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံလူထုအသံကို အလေးနက်ထားတဲ့ KIO ခေါင်းဆောင် တွေကို ကျေးဇူးတင်တဲ့အကြောင်း ဒေသခံအားလုံး ကိုယ်စား အမျိုးသမီးတစ်ဦးက အခုလို ပြောဆိုပါတယ်။“၂၀၂၃ ဧပြီ ၁၅ ရက် နေ့ကဆိုရင် ကျမတို့ KIO အစိုးရခေါင်းဆောင်အနေနဲ့ ဒိန်ဆင်းပါဒေသမှာ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းကို ရပ်တန့်ပေးခဲ့ တာ မနေ့က ဆိုရင် ၁ နှစ်ပြည့်ပြီ။ ဒီနေ့ထိ လုံး၀ တူးဖော်ခြင်း မရှိဘူး။ ဒါကြောင့် ကျမတို့ KIO ခေါင်းဆောင်ကိုလည်း ကျေးဇူး တင်တယ်။ ဒီလိုပဲ မြေရှားမတူးဖို့ ဒေသခံတွေနဲ့အတူ ရပ်တည်ပြီး သတင်းတွေရေးသား ဖော်ပြခဲ့တာကြောင့် ဒေသခံတွေအားလုံး ကျေးဇူးတင်ရှိကြောင်း အကြောင်းကြားပြောလိုခြင်းဖြစ်ပါတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒိန်ဆင်းပါဒေသမှာ မြေရှားသတ္တု မတူးဖော်တော့တဲ့အတွက် ဒေသခံတွေရဲ့ အနာဂတ် ကျန်းမာရေး၊ ပညာရေး၊ စားဝတ် နေရေးအတွက် စိုးရိမ်မှုမရှိတော့ဘူးလို့ သူမကဆက်ပြောပါတယ်။“ဒီမြေရှားသတ္တုတူးဖော် ခြင်းရပ်ပေးလိုက်ခြင်းကြောင့် ရွာသားတွေ စိတ်အေးချမ်းမှုရတယ်။ မဟုတ်ရင်တော့ မြေရှားတူးဖော်ခြင်းကြောင့် ကျမတို့ဆီမှာ ကြုံတွေ့လာနိုင်တဲ့ ကျန်းမာ ရေး ဆိုးကျိုး၊ လေကောင်းလေသန့်မရရှိတော့ဘူး။ ရေမသန့်တော့ဘူး။ အမျိုးသမီးတွေအတွက် ဘေးထွက်ဆိုးကျိုးတော်တော်ရှိ လာမယ်။ ဒါတွေကြောင့် ဒေသခံတွေ ကန့်ကွက်တဲ့အပေါ် KIO ခေါင်းဆောင်အနေနဲ့ ဒေသခံအသံကိုနားညောင်းပြီး ရပ်တန့်ပေး လိုက်တာကြောင့် ကျေးဇူးတင်ကြောင်းပြောချင်တာဖြစ်တယ်”လို့သူမက ပြောပါတယ်။ ဒေသခံပြည်သူတွေနည်းမျိုးစုံနဲ့ စီမံကိန်း ကို ကန့်ကွက်ခဲ့ပြီးနောက် ၅ လခန့်အကြာမှာတော့ မံစီမြို့နယ်ရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ ဒိန်ဆင်းဘွမ်၊ ကျိန်းလပ်ပါ၊ ခပရာ၊ ဒရောန်း၊ ဖိုင်းဒန်း၊ ခအူ စတဲ့ ကျေးရွာဒေသတွေမှာရှိတဲ့ စီမံကိန်းအားလုံးကို KIO ဥက္ကဋ္ဌ အမိန့်နဲ့ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။ Read ni full

၁၆။ ကရင်နီဟာ စစ်ပွဲဇုံဖြစ်နေတဲ့အတွက် ချိတ်ဆက်လုပ်ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း IEC ပြော
April 19, 2024
ပြီးခဲ့တဲ့ ဧပြီ လ ၁၆ ရက်နေ့က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကနေ ကရင်နီပြည်ကို ရောက်ရှိ လာကြတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအပါအဝင် အလွတ်တန်းသတင်းထောက်များအတွက် လိုက်နာဆောင် ရွက်ရ မယ့် မီဒီယာနဲ့ စပ်ဆိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် ၈ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ညွှန်ကြားချက်ထဲမှာ ကရင်နီပြည်တွင်း ရောက်လာတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ သတင်းဌာနရဲ့ ထောက်ခံစာနဲ့ တကွ IEC ထံ အကြောင်း ကြားရန် နှင့် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်အပြင် တော်လှန်ရေးကာလမှာ တရား မဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်တာဟာ စစ်ဇုံဖြစ်နေတဲ့ကရင်နီပြည်မှာ လုံခြုံရေးနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်လုပ် ဆောင်ဖို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြန်လည်ဖြေကြားထားပါတယ်။

“သေချာတယ် သတင်းယူဖို့ကအရေးကြီးတယ်။ သတင်းယူချင်တိုင်းယူ ထွက်ချင်တိုင်းထွက် ဝင်ချင်တိုင်းဝင်ရအောင် လည်း နိုင်ငံတကာမှာ မရှိဘူးပေါ့လေနော်။ နိုင်ငံတကာသွားရင်တောင်မှ ဗီဇာလျှောက်ပြီးသွားရတာပေါ့နော်။ ဗီဇာတောင်မှ ငါဘာကိစ္စနဲ့သွားလဲ အလည်လား သတင်းလား သတင်းထောက်လား အဲ့ဒီမှတ်ချက်တွေပါတာပေါ့လေနော်။ အဲ့ဒီမှတ်ချက် ဗီဇာနဲ့ နိုင်ငံတကာကို ထွက်လို့ရတယ်။ အဲ့ဒီ စစ်ဇုန်ဖြစ်ပြီဆိုရင် စစ်ပွဲဖြစ်တဲ့ ဧရိယာထဲကို သွားမယ်ဆိုရင် သက်ဆိုင်ရာ အာဏာ ပိုင် တွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး‌တော့ သွားသင့်တဲ့ နေရာလောက်ပဲ သူတို့ပေးသွားတာပေါ့နော်။ အဲ့ဒီဟာကအရမ်းအရေးကြီးတယ်။” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ ဥက္ကဌဖြစ်တဲ့ နန်းဖော့ဂေ ကတော့ IEC ကထုတ်ပြန်လိုက်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက် ဟာ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့် ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ မီဒီယာကျင့်ဝတ် ဟာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ မီဒီယာကောင်စီ ကသာ ထုတ်ပြန်ရမယ့် တာဝန်ရှိတယ်လို့ နန့်ဖောဂေ က ဆိုပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေ အနေတွေအရ သတင်းသမားတွေဟာ သတင်းသမားယူနီဖောင်း၊ ဝန်ထမ်းကဒ်တွေကို ထုတ်ဖော်ပြတဲ့နေရာမှာ လုံခြုံမှုမရှိနိုင် ဘူးလို့ ဆိုထားပါတယ်။ Read ni full
၁၇။ စစ်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ဟောင်းရွာဆရာတော် ပျံလွန် တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရ
 April 18, 2024
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ ကျေးရွာအုပ်စု၊ မြို့ဟောင်း ကျေးရွာတွင် ယနေ့နေ့လည်က စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော် မူပြီး ရွာသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်နေသည့်ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်ရာတွင် ယနေ့နေ့လည်ကမြို့ဟောင်းကျေးရွာထဲသို့ လေယာဉ်ဗုံးသီး ၅ လုံး ကျ‌ရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်း ထိုင် ဆရာတော်အပါအဝင် ရွာသားများ ထိခိုက်သေဆုံးခဲ့ရသည်ဟု မြို့ဟောင်းရွာသားတစ်ဦးက ယခုလိုပြောသည်။

“ယခုရက်ပိုင်း ကော့ကရိတ်မြို့အာရှလမ်းမှာတိုက်ပွဲပြင်းထန်တော့ လေယာဉ်ကတစ်နေကုန် ပတ်ပြီးပစ်နေတယ်။ တခြားရက်တွေက ဗုံးကြဲချတာရွာနဲ့ဝေးတယ်။ ဒီနေ့က ရွာထဲမှာပဲ ၅ လုံးကြဲချတော့ ၁ လုံးက ဘုန်းကြီးကျောင်းပေါ် တည့်တည့် ကျကွဲတဲ့အတွက် ကျောင်းထိုင်ဆရာတော် ပွဲချင်းပြီးပျံလွန် တော်မူသွားတယ်။ ရွာသားလည်း ၃ ဦးထိတာ ၁ ဦးက ဒဏ်ရာပြင်း ထန်တယ်”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တော် (၈၇)နှစ်၊ ဝါတော် (၆၇) ဝါရှိ လေဖြတ်ထားသူ မြို့ဟောင်းကျောင်းထိုင်း ဆရာတော်ပျံလွန်တော်မူသွားပြီး ဦးဖာဒေး( ၄၃)နှစ်၊ ဦးမောင်နီး (၅၀)နှစ်နှင့် စောဖီအဲ့ဂေါ် (၂၃)တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကာ တစ်ဦးမှာ ဦးခေါင်း ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည်ဟု သိရသည်။ Read ni full

၁၈။ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်ပွဲ မြန်မာစစ်တပ် သဝဏ်လွှာပင် မပို့
 April 19, 2024
 ‘ဝ’ ပြည်နယ်မှ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ နှစ်ပေါင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ‘ဝ’ပြည်နယ် မြို့တော် ပန်ဆန်းမှာ ဧပြီလ ၁၇ ရက်က ကျင်းပပါတယ်။ အခမ်းအနားကို အကျဉ်းရုံးပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ UWSA နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။“အကျဉ်းရုံးပြီးလုပ်တာ ပဲ။ ဗမာ (မြန်မာစစ်တပ်) ဘက်ကတော့ ဘယ်သူမှလည်း မလာဘူး။ သဝဏ်လွှာလည်းမပို့ဘူး” လို့ သူက ပြောပါတယ်။‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅နှစ်ပြည့် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကတော့ ၃နှစ်ဆက် သဝဏ်လွှာပေးပို့တာကို တွေ့ရပါတယ်။

‘ဝ’ပြည်နယ်ရဲ့ ပြန်ကြာရေးချန်နယ်ဖြစ်တဲ့ WSTV ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အခမ်းအနားဓာတ်ပုံ တွေအရ UWSA ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ကျောက်ကျုံးသန်း နဲ့ ကျောက်ကျုံးအမ်း တက်ရောက်မိန့်ခွန်းပြောထဲကို တွေ့ရပါ တယ်။ ဥက္ကဌဖြစ်သူ ပေါက်ယူချမ်းကတော့ အခမ်းအနားကို တက်ရောက်လာတာ မတွေ့ရပါဘူး။ WSTV က ထုတ်ပြန်တဲ့ ဓာတ်ပုံ တွေအရ ၃၅ နှစ်ပြည့် ငြိမ်းချမ်းရေးပွဲမှာ ချီတက်ပြသခဲ့တဲ့ စစ်သည်အင်အားအရေအတွက်ဟာ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ချီတက်ပြသခဲ့တဲ့ စစ်သည်အင်အားရဲ့ ၅ ပုံ ၁ပုံခန့်သာရှိတာကို တွေ့ရပါတယ်။‘ဝ’ဒေသဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်မှာ မြန်မာစစ်အစိုးရနဲ့ UWSA တပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေးရယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ဒီနေ့အထိ တိုက်ပွဲပြန်လည်ဖြစ် ပွားခြင်း မရှိတာ ဖြစ်ပါတယ်။ Read ni full

၁၉။ ဘူးသီးတောင်တွင် စစ်တပ်က မြို့ပေါ်တွင် မီးရှို့မှုများ လုပ်ဆောင်နေဟုဆို
  April 18, 2024
ရခိုင်ပြည်၊  ဘူးသီးတောင်မြို့ပေါ် တွင် စစ်တပ်က  မြို့ပေါ်တွင် မီးရှို့မှုများ လုပ် ဆောင်နေကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။ ဘူးသီးတောင်မြို့ပေါ်တွင် စစ်တပ်ကဖောက်ထွင်းမှုများလုပ်ဆောင်လာကြောင်း၊  အကြမ်းဖက်မှုများ လုပ်ဆောင်လာပြီး  မြို့ပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားနေအိမ်တချို့နှင့် နယ်စည်းမခြား ဆရာ ဝန်များအဖွဲ့ MSF ၏ဆေးခန်းကို မီးတင်ရှို့လိုက်ကြောင်း၊ လက်ရှိတွင် ဒေသပြည်သူထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ကောင်စီက မြို့ပေါ်မှာ မီးရှို့တာတွေလည်း လုပ်နေတယ်။ ကျနော်တို့ကတော့ အခုပြေးနေရပြီ။ သူတို့ကို စစ်တပ်က မြှောက်ပေးထားတာ။ စစ်တပ်က မြို့ကို လက်လွှတ်ရတော့မှာဆိုတော့ အခု ဘာသာမရွေး၊ လူမျိုးမရွေး အကုန်ပြေးရတာ။ တမင်ကြီးကို အကြမ်းဖက်ခံနေရတာ” ဟု ဘူးသီးတောင်မှ မွတ်စ လင်ပြည်သူတစ်ဦးက ပြောဆိုသည်။ စစ်တပ်က ၎င်းတို့ လက်လွှတ်တော့ရမည့် ရခိုင်ပြည်တွင် ပဋိပက္ခနှင့် လူမျိုး ရေး အဓိက ရုဏ်းများ ဖြစ်ပွားစေရန် စနစ်တကျ လှုံ့ဆော်နေကြောင်း ဘူးသီးတောင် ဒေသပြည်သူများက သုံးသပ်ကြသည်။ Read ni full

၂၀။ လက်နက်များ ပြန်အပ်ရန် BGF ကို စစ်ကောင်စီ သတိပေး
 April 18, 2024
ထောက်ပံ့ပေးထားတဲ့ လက်နက်တွေအားလုံး ပြန်အပ်ဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားကာ ကွယ်ရေးတပ် (KNA) အဖြစ် အသွင်ပြောင်းထားတဲ့တပ်ကို စစ်ကောင်စီက သတိပေးလိုက်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြ ပါတယ်။ စစ်ကောင်စီဘက်က ကိုယ်စားလှယ်လွှတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို သတိပေးခဲ့တာလို့ ဧပြီ ၁၈ ရက် ThaiPBS North သတင်းမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး  ဗိုလ်မှူးကြီးစောချုပ်သူကို ဆက်သွယ်မေးမြန်းရာမှာ “သတင်း မီဒီယာတွေ ကျနော် ဟိုဟာပေါ့နော်၊ စကားပြောတဲ့ အချိန်မရောက်သေးဘူး။ ခဏနေဦးနော်” လို့ ပြောပါတယ်။

ထိုင်းသတင်းမှာတော့ လက်နက်ခဲယမ်းတွေ ပြန်မပေးရင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က လောင်းကစားခန်းမတွေ၊ ကာစီနိုတွေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ BGF က ဗိုလ်မှူးကြီးစောချစ်သူနဲ့ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဖားအံမှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ နီးပါးလက်တွဲလာခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က အချင်းချင်းမတိုက်ချင် ကြောင်း နဲ့ ရိက္ခာလစာကို ထပ်မယူတော့ဘူးလို့ပြောခဲ့ပြီးတဲ့နောက် အခုလို သတိပေးစာထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် လို့ စစ်ကောင်စီဘက်ကရော၊ BGF အသွင်ပြောင်း KNA ဘက်ကပါ ဧပြီ ၁၈ ရက်၊ ညနေပိုင်းအထိ အတည်ပြုထုတ်ပြန်တာ မရှိ သေးပါဘူး။ Read ni full
၂၁။ နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ
April 19, 2024
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင် လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှသိရပါတယ်။ ကျေးရွာအုပ်စုအလိုက် ပြည်သူစစ်နယ်မြေတွေ သတ်မှတ်ခွဲထားတာ ကြောင့် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်သူတွေ ပြည်သူ့စစ်ထဲ ဝင်နိုင်တယ်လို့ဆိုပါတယ်။“မြို့ထဲက လူတစ်ချို့က စစ်ကောင်စီစစ်မှုမထမ်းချင်လို့ ပြည်သူစစ်ထဲဝင်တဲ့ သူတွေတစ်ချို့ရှိတယ်။ တစ်ချို့ပြည်သူစစ်တပ်ဖွဲ့တွေက စစ်သင် တန်းပေး နေပြီး ကျေးရွာ အုပ်စုတစ်ချို့ကတော့ ပြည်သူစစ်တွေအတွက် ငွေကြေးထောက်ပံပေးတယ်။ ပိုက်ဆံပေးတဲ့ကျေးရွာတွေက စစ်မှုထမ်းဖို့မလိုဘူး” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် နမ့်စန်မြို့က ပြည်သူစစ်တွေအတွက် အခွင့်အရေး ဖန်းတီးပေးသလိုဖြစ်ပြီး နမ့်စန်မြို့ လူငယ် တစ်ချို့တွေလည်း ကျေးရွာပြန်လာနေကြတယ်လို့ သူကဆိုပါတယ်။ အဆိုပါ မက်ကျန်းပြည်သူစစ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ နမ့်စန်မြို့ မက်ကျန်းပြည်သူစစ်ဌာနမှာ စစ်သင်တန်းပေးထားတဲ့သူတွေကို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ နမ့်စန်မြို့ နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့ဖြစ်တဲ့ (SSS) မဟာဂျာတပ်ဖွဲ့၊ မက်ကျန်းပြည်သူစစ် ၊ နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့တို့ ကျေးရွာအုပ်စုအလိုက် လှုပ်ရှားနေပြီး နမ့်စန်နဲ့ ခိုလမ်ကြားက ကျေးရွာတွေမှာ RCSS က စစ်ရေးလှုပ်ရှား နေပါတယ်။ Read ni full

၂၂။ KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်
April 19, 2024
ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည် ဖြစ်ပွား တာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ စစ်တပ်က နန့်ယားကျေးရွာနဲ့ ၇ မိုင်အကွာမှာရှိတဲ့ ဆွတ်ကြိုင်မှော်(Sut Chyai Maw) ဘက်ကို ဧပြီလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်  Y – 12 လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နန့်ယားဒေသခံတစ်ယောက်က ပြောပါတယ်။“အခုဗုံးလာကြဲသွားတဲ့ နေရာက ခါချင်မှော်လို့လည်းခေါ်သလို ဆွတ်ကြိုင်မှော် လို့လည်းခေါ်ကြတယ်။ အဲဒီတဝိုက်ကို လာပစ်သွားတာ။ ဒီကနေနည်းနည်းတော့လှမ်းတယ်။ သူက နန့်ယား ကျေးရွာနယ် နိမိတ် ပတ်ပတ်လည်လို့ပြောလို့ရမယ်။ ၉ နာရီခွဲလောက်မှာ လာပစ်ပြီး ပြန်ခေါက်သွားပြီ”လို့ပြောပါတယ်။

ခုလို တိုက်ပွဲနယ်မြေမဟုတ်နေရာဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အပေါ်မှာ နန့်ယားစစ်တပ်စခန်းကို KIA က သိမ်းပိုက် ထားတာကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နန့်ယားတပ် စခန်းကို KIA သိမ်းလိုက်ပြီးကတည်းက ငြိမ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် အခုလို လာပစ်နေတာက နန့်ယားတပ်စခန်းကို သိမ်းလိုက်လို့ အဲဒီတဝိုက်မှာ KIA တွေရှိနိုင်တယ်ဆိုပြီး လာပစ်တယ်လို့ပဲအား လုံးလည်း အဲလိုထင်ကြတယ်။ ပြီးရင် နေ့လည်းလာပစ်တာမျိုးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးကတည်းက ၂ ကြိမ်ရှိပြီလာပစ် တာ”လို့ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဘက်မှာ ထိခိုက်ပျက်စီးမှုရှိမရှိအသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။ နန့်ယားကျေးရွာမှာ ၁၀ စုနှစ်တစ်ခုအကြာ စစ်တပ်ဂိတ်အပါ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ နန့်ယားကျေးရွာကို KIA က အုပ်ချုပ်ရေးစနစ်နဲ့ ထိန်းချုပ်ထား တာလည်းဖြစ်ပါတယ်။ Read ni full
၂၃။ လားရှိုးစစ်ဘေးရှောင် ရှစ်ရာကျော် စားနပ်ရိက္ခာလိုအပ်
 April 18, 2024
သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ရှစ်ရာ (၈၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိ ရသည်။ သိန္နီမြို့မှ လားရှိုးမြို့ ဘုန်းကြီးကျောင်းများသို့ ၂၀၂၃ နိုဝင်ဘာလ မှစ၍ ယခုအချိန် ၅ လ အတွင်း စစ်ဘေးတိမ်းရှောင် လာသူ ရှစ်ရာကျော်အတွက် အလှူရှင်နည်းပါးလာသဖြင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသား တစ်ဦးကပြောသည်။“တစ်ရက်ကို ဆန်က ၄ အိတ်လောက်ကုန်တယ်။ ဟင်းဖိုးကျတော့ ကုန်ကျစာရိတ်က ၇ သိန်းကျော် လောက်ပေါ့။ ၃ နပ်ဆိုရင် ၃၁ သိန်းလောက်ပေါ့။လူ ထောင်ချီတုန်းကဆိုရင် တရက်ကို ဆန် ၁၈ အိတ်။ ၃ နပ်စာ ဆိုရင် သိန်း ၅၀ ကျော်တယ်။အခုကျတော့ ရေရှည်ဆိုတော့ အလှူရှင်တွေကလည်း သိပ်မရှိတော့ဘူး။ စားနပ် ရိက္ခာတွေ လည်းလိုနေတာပေါ့ ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင် ရှစ်ရာကျော်သည် လားရှိုးမြို့ ကန်မိန်းကျောင်းတွင် စစ်ဘေးရှောင် လူဦးရေ ၃၀၀ ကျော် ၊ မန်ဆူရှမ်း ကျောင်းတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော် အထိ ကျန်ရှိနေကြာင်းသိရသည်။ ထိုပြင် တိုက်ပွဲများ ငြိမ်းသွားသော်လည်း စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြကာ အများစုသည် နေရပ်ပြန်ရန် ခက်ခဲနေခြင်း၊ နေအိမ်များ မီးလောင်ပျက်စီး ဆုံးရှုံးမှုကြောင့် နေရပ်ကို မပြန်နိုင်ကြကြောင်း သိရသည်။ ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့ သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ ၁၀ ရွာကျော်မှ ဘာသာ‌ရေး အဆောက်အဦးနှင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီးခဲ့သည်။ Read ni full

၂၄။ ဟားခါးမြို့က စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူ CDF-Hakha ထံ အလင်းဝင်
 April 18, 2024
ချင်းပြည်နယ် ဟားခါးမြို့ ရုန်းတောင်တပ်စခန်းက စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူ CDF-Hakha တပ်ဖွဲ့ ထံ အလင်းဝင်လာကြသည်ဟု သိရသည်။ ရုန်းတောင်တွင် တပ်စွဲထားသော တပ်စခန်းမှ စစ်ကောင်စီတပ်သား ၃ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သည့်အတွက် CDF-Hakha ထံ အလင်းဝင်လာကြပြီး ၎င်းတို့ နှင့်အတူ MA1 သေနတ် ၂ လက်၊ MA2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကျည်ဆံ ၁၀၀၀ ပါလာကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။

၎င်းတို့ ၃ ဦးကို ဆုကြေးငွေ ကျပ်သိန်း ၅၀ စီချီးမြင့်ကာ လုံခြုံသည့်နေရာသို့ပို့ဆောင်ထားပြီဟုဆိုသည်။ ပြည်သူ့ရင်ခွင့် သို့ ခိုလုံလိုသော စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့ထံသို့ အချိန်မရွှေး ဆက်သွယ်လာနိုင်ပြီး အမြဲကြို ဆိုကြောင်း CDF-Hakha တပ်ဖွဲ့ ထုတ်ပြန်ထားသည်။ Read ni full

၂၅။ စစ်ကောင်စီတပ်သားတစ်ဦး KNU တပ်မဟာ(၄)ထံ လက်နက်နှင့် အလင်းဝင်
April 18, 2024
စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ် ခရိုင်အတွင်းရေးမှူး  ပဒိုစောအယ်နား က ပြောသည်။ ” ၁၇ ရက်က အလင်းဝင်တာ။ မောထာ တပ်ရင်း ခလရ(၁၇)က။ သေနတ် တစ်လက်ပါတယ်”ဟု ၎င်းက ပြောသည်။ KNU တပ်မဟာ(၄)နယ်မြေတွင် ယခုနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများ အပါအဝင် စစ်ရေးပြင်းထန်လာခဲ့ပြီး တစ်ဦးချင်းအလိုက် အလင်းဝင်ခြင်းအပြင် တပ်ရင်းအလိုက်လက်နက်ချသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဧပြီ ၁၅ ရက်က စစ်ကောင်စီ၏ ခလရ(၁၀၃)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့ရာ လက်နက်မျိုးစုံ ၆၇လက်ကို KNU တပ်မဟာ(၄)က သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ တပ်ရင်းသည် မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်စခန်းမှ ဆုတ်ခွာလာစဉ် တပ်မဟာ(၄)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ သေဆုံးထိခိုက်ရှိလာသည့် အခြေအနေ တွင် တပ်ရင်းအလိုက် လက်နက်ချခဲ့ခြင်းဖြစ်သည်။ Read ni full

၂၆။ ဖားကန့် လွယ်ဆိုင်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွား၍ ကျည်နှင့်ခဲယမ်းများကို  KIA ရရှိ
April 18, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လွယ်ဆိုင်ကျေး ရွာရှိ လွယ်ဆိုင်တာဝါတိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ လွယ်ဆိုင် တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများသည် ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စခန်းစွန့် ခွာထွက်ပြေးသွားသည့်အတွက် ကားနှစ်စီးတိုက်ခန့်ရှိသည့် ကျည်နှင့်ခဲယမ်း အများအပြားကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းဆည်းရမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ဖားကန့်ပတ်ချာ လည်က တပ်စခန်းတွေကလည်း အသိမ်းခံထားရတော့ လွယ်ဆိုင်ထဲမှာ အင်အားကနည်းနေတာနဲ့ ကာမိုင်းကိုသွားပူးပေါင်းတယ် လို့ သိရတယ်။ သယ်လို့ရတဲ့ လက်နက်တွေယူသွားပြီး ကျည် တွေကျန်ခဲ့တာ။ ဖောကားနဲ့ နှစ်ခါတိုက်ယူရတယ်။ တိုက်ပွဲ ကမဖြစ် လိုက်ရဘူး” ဟု ကချင်စစ်ရေးသတင်းရင်း မြစ်က ပြောသည်။

လွယ်ဆိုင်တာ၀ါတိုင်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကာမိုင်းဗျူဟာတပ် စခန်းသို့ သွား ရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ စခန်းစွန့်ခွာထွက်ပြေးသွားကြသည့်အတွက် KIA က စခန်းကိုဝင်ရောက် ရှင်းလင်း သိမ်းဆည်းခဲ့ရာ ခဲယမ်းနှင့်ကျည်များကို ဖောကားတစ်စီးဖြင့် နှစ်ကြိမ် သိမ်းဆည်းခဲ့ရ ကြောင်းသိရသည်။ အလားတူ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ကလည်း ကချင် ပြည်နယ်၊ တနိုင်းမြို့ အင်ဂါးဂါး ကျေးရွာအနီး နွယ်ဂျဲဘွမ်ရှိ စစ်ကောင်စီ၏ ခလရ ၂၉၇ တပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်နိုင်ခဲ့သည်။ Read ni full
၂၇။ ထားဝယ်အရှေ့တောက စစ်ဘေးရှောင်တွေနှစ်လကျော်ကြာတဲ့အထိနေရပ်မပြန်နိုင်သေး
 April 18, 2024
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာရှိတဲ့ မေတ္တာမြို့နဲ့ကျေးရွာသုံးရွာက စစ်ဘေးရှောင်တွေဟာ နှစ်လကျော်ကြာမြင့် တဲ့အထိ နေရပ်ပြန်ခွင့်မရသေးဘူးလို့ ကာယကံရှင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့လောက်ကစလို့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မေတ္တာမြို့၊ ကျောက်မဲတောင်၊ ကထောင်းနီ၊ ပျဥ်သား တော၊ ဝကုန်း၊ တောင်သုံးလုံး၊ ရွှေချောင်းအပါအဝင် ကျေးရွာ ၁၂ ရွာလောက်က ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပါ တယ်။ အခုနှစ်လကျော် ကြာမြင့်လာချိန်မှာတော့ ကျေးရွာအများစုကဒေသခံတွေ နေအိမ်တွေမှာပြန်လည်နေထိုင်ကြပေမဲ့ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာ၊ ရွှေချောင်းကျေးရွာနဲ့ ကျောက်မဲတောင်ကျေးရွာတွေကတော့ ရွာလုံးကျွတ် စစ်ဘေးရှောင် နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရွာမှာတော့ တစ်ယောက်မှကိုဝင်မနေကြသေးဘူး။ အဓိကကတော့ ပြန်နေ လို့မရဲသေးတာပါ။ ကျမ အိမ်တွေမှာလည်း မွှေနှောက်ထားတာဘာမှမကျန်ဘူးတဲ့။ ဝင်မကြည့်ရဲတော့ဘာတွေဖြစ်ကုန်မှန်းမသိ ဘူး” လို့ တောင်သုံးလုံးရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီနေရာတွေမှာ လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေသွားလာလှုပ်ရှားတာရှိသလို သူခိုး တွေကလည်း နေအိမ်တွေမှာတိတ်တဆိတ်ဖောက်ထွင်းခိုးယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အချိန်နှစ်လ ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကတော့ စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအခက်အခဲတွေကြောင့် အမြန်ဆုံး အိမ်ပြန် ချင်နေကြတယ်လို့ ဆိုပါတယ်။ “အရမ်းပြန်ချင်တာပေါ့။ မပြန်ချင်တဲ့သူဘယ်ရှိမလဲ။ သူများနေရာမှာ နေရတာအရမ်း အခက်အခဲဖြစ်တယ်။ အလုပ်တွေလည်းမရှိတော့ ဒုက္ခအရမ်းရောက်တယ်” လို့တောင်သုံးလုံးရွာခံ အမျိုးသားတစ်ဦးက ပြောပါ တယ်။ အရှေ့တောဒေသမှာ စစ်ဘေးဘေးရှောင်နေရဆဲ ဒေသခံအရေအတွက်အတိအကျကိုမသိရသေးပေမဲ့ စစ်ဘေးရှောင်တွေ ကို ကူညီပေးနေသူတစ်ဦးကတော့ မူလစစ်ဘေးရှောင်ခဲ့ရတဲ့ လူဦးရေခုနစ်ထောင်ကျော်ထဲက တစ်ဝက်လောက်ဟာ နေရပ်မပြန် နိုင်ကြသေးဘူးလို့ ဆိုပါတယ်။ Read ni full

၂၈။ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှုကြောင့် ဒေသခံတွေ အခက်ကြုံ
 April 19, 2024
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒေသခံတွေကို အသွားအလာ ပိတ်ပင်ကန့်သတ်ခံထားရ တာကြောင့် အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်နေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ဧပြီလ ၁၉ ရက်မှာ ပြောပါတယ်။ အမ်းမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က ဒေသခံတွေ အဓိက အခက်အခဲကြုံနေရတာဖြစ်ပြီး စစ်တပ်က အကန့် အသတ်နဲ့ ရောင်းချပေးနေတဲ့ ဆန်တစ်ပြည်ကို တစ်သောင်းနီးပါးနဲ့ ဝယ်စားနေရတယ်လို့ အမ်းမြို့ခံတစ်ဦးက ပြောပါတယ်။“အခုစားဝတ်နေရေးက လုံးဝအဆင်မပြေဘူး။ ဆန်ကတော့ သူတို့စစ်တပ်ကရောင်းနေတာ။ တစ်အိမ်ကိုတစ်ပြည်လောက်ပဲ ဝယ် လို့ရတယ်။ မိသားစုများတဲ့သူတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေဘူး” အမ်းမြို့နယ်အတွက် အဓိက ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်တဲ့ အမ်း-ပဒါန်းကားလမ်းကိုလည်း အသုံးမပြုကြဖို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ကတော့ မြို့အဝင်အထွက်ကို ပိတ်ဆို့ထားတာလို့ သူက ဆိုပါတယ်။

မြို့တွင်းမှာတော့ ဆန်အပြင် အခြေခံစားကုန်တွေဖြစ်တဲ့ ဆီ၊ ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေပါ ပြတ်လပ်လာပြီလို့ အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မြို့ထဲမှာ အခြေအနေ ဆိုးပါတယ်။ ဆန်မဝယ်နိုင်တဲ့သူတွေ ကန်စွန်းဥ ပြုတ်စားနေကြရတယ်။ ရှိတဲ့ဆန်နည်းနည်းလေးကို ကြိုသောက်နေကြရတယ်။ မြို့ထဲကို လုံးဝ ဝင်လို့မရတာပါ။ လုံးရွာဘက်ကို ဆင်းလို့ ရ၊ မရတော့ မသိဘူး။ အဲဒီလမ်းမှာလည်း စစ်တပ်က မိုင်းထောင်ထားကြတယ်” AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်းမြို့နယ်၊ ကဇုကိုင်းရွာအနီးက တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲဟာ ဧပြီလ ၁၉ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး တပ်စခန်းမကျစေရေး စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read ni full

၂၉။ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
April 19, 2024
မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှသည် ရေရှည်ခိုင်မြဲပြီး ပြည့်စုံကျယ်ပြန့်တဲ့ နိုင်ငံရေး အဖြေရှာဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် ပဋိပက္ခတွေ မြင့်တက်လာတာကို စိုးရိမ်ပူပန်မိကြောင်းနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်း ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်းလည်း အာဆီယံ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။ အပြည်ပြည်ဆိုင်ရာလူသာချင်းစာနာမှု ဥပဒေတွေလိုက်နာဖို့၊ နိုင်ငံခြားသားတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသား တွေ အပါအဝင် အရပ်သားအားလုံး ဘေးကင်းလုံခြုံရေး ကာကွယ်ပေးဖို့ကိုလည်း ဧပြီ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသူ အားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ အရပ်သားတွေအပေါ် ပဋိပက္ခရဲ့ သက်ရောက်မှုတွေ လျော့ပါးစေဖို့ လျင်လျင်မြန်မြန် ကိုင်တွယ်ကြဖို့ကိုလည်း ထုံးစံအတိုင်း တိုက်တွန်းထားပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကိုက်ညီတဲ့ AHA စင်တာနဲ့ ထိုင်းရဲ့ နယ်စပ်ဖြတ်ကျော် အကူ အညီပေးရေး အစီအစဉ်တွေကို ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။ ဘုံသဘောတူညီချက်ကို အလုံးစုံ လျင်လျင်မြန် မြန် အကောင်အထည်ဖော်ခြင်းအားဖြင့် အထောက်အကူဖြစ်စေတဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ ကူညီပေးခြင်းအားဖြင့် မြန်မာနိုင်ငံ မှာ အဖြေရှာနိုင်ရေး ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။ Read ni full

၃၀။ မိုင်းတုံမှာ စစ်တပ်က ကျားဖြန့်၊ သတ္တုတူးခြင်းနဲ့ ရွှေဖောင်တွေကို ငွေယူပြီး ကာကွယ်ပေးနေ
 April 18, 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ စစ်ကောင်စီရဲ့ စစ်ဗျူဟာမှူးဟာ ကျားဖြန့်တရုတ်တွေ ဝင်ရောက်နေမှုတွေ၊ တရားမဝင် သတ္တုတူးဖော် နေတာတွေ၊ လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးနေတာတွေ နဲ့ သံလွင်မြစ်ထဲက တရားမဝင်ရွှေဖောင်တွေကို အခကြေးငွေယူပြီး အကာအကွယ်ပေးနေတယ်လို့ စစ်ကောင်စီအသိုင်းအဝန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါ တယ်။ လက်ရှိ စစ်ဗျူဟာမှူးကျော်ထင်ဟာ သူ့လက်အောက် ဗိုလ်ကြီးသန်းမြတ်စိုး ဆိုသူကိုလည်း တရားမဝင်လုပ်ငန်းတွေလုပ် ခိုင်းပြီး ပိုက်ဆံရှာခိုင်းနေတာ ၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ တပ်ထိန်းတွေနဲ့ ပိုက်ဆံတောင်းနေတာတွေ ပြုလုပ်နေတယ်လို့လဲ ဆိုပါတယ်။“ကျားဖြန့်တရုတ်တွေက မိုင်းဆတ် လွယ်ဆန်ဆွန်က ဖြတ်ဆင်းပြီး မိုင်းတုံ ထိုင်းနယ်စပ်က မုန်းကျွတ်ကိုသွား နေကြတာလေ၊ အဲမှာက ထိုင်းဘက်က ဆက်သွယ်ရေးတိုင်နီးတယ်။ ပိုက်ဆံယူတာ မယူတာတော့မသိဘူး၊ အဲဖက်က ၀ နဲ့လဲ ဆိုင်တယ်” လို့ မိုင်းတုံမြို့နယ်အကြောင်းသိသူ နယ်ခံတစ်ဦးက ပြောပါတယ်။

မိုင်းတုံ နဲ့ မိုင်းဆတ်ကြားက ခဲမဖြူထွက်တဲ့နေရာတွေနဲ့ မိုင်းကန်အုပ်စုဘက်မှာ ထွက်တဲ့ အဖြိုက်နက်သတ္တုတွေကို တော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက တရားမဝင်တူးဖော်နေကြတယ်လို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။“အရင်က ကုမ္ပဏီတွေ လာကြသေးတယ်၊ မကိုက်လို့ပြန်ကုန်ကြတာ၊ ဒေသခံတွေကတော့ ထမင်းစားဖို့ တူးရောင်းနေကြတာပါ၊ နို့ဆီဗူး ၁ ဗူးကို ၁ သောင်းကနေ ၂ သောင်းကြား ကောင်းရင်ကောင်းသလို ရကြတော့ ရွာတွေက ဘိန်းအစား တူးရောင်းနေကြတာ၊ တပ်ကိုပေးရတာတော့မရှိပေမယ့် အုပ်ချုပ်ရေးပိုင်းကတော့ အခွန်ကောက်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဒီမှာက လောင်း ကစားကို စီးပွားရေးအရ လုပ်နေကြတဲ့ ဒေသခံတွေရှိကြတယ်၊ သူတို့ကိုယ်တိုင်က လောင်းကစားလုပ်ချင်ကြတာ၊ ဘယ်ပွဲမဆို ထည့်ကြတယ်။ ပါမှလဲ ပွဲစည်တာလေ၊ အခြားအလုပ်လဲ မရှိကြတော့ လောင်းကစားလုပ်သူများတယ်၊ တချို့ကလဲ အပျော်ပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ သံလွင်မြစ်ထဲက ဖောင်နဲ့ တရားမဝင်ရွှေတူးနေတာကတော့ အများစုက တရုတ်နိုင်ငံသား တွေဖြစ်ပြီး အခွန်ငွေကိုတော့ စစ်တပ်ရော လက်နက်ကိုင်အဖွဲ့တွေပါ ယူကြတယ်လို့ သိရပါတယ်။ မိုင်းတုံမြို့ဟာ ရှမ်းအရှေ့မှာ တောင်ဘက်အကျဆုံးမြို့ဖြစ်ပြီး ရှမ်းတောင် မိုင်းပန်၊ ရှမ်းအရှေ့ မိုင်းဆတ်နဲ့ ထိုင်းနိုင်ငံနယ်စပ် ၄၆ မိုင်ကျော်ထိစပ်နေပြီး “၀” စစ်ဒေသ ၁၇၁ အခြေပြုရာ နယ်စပ်မြို့လဲဖြစ်ကာ RCSS ရဲ့ ဌာနချုပ်လွယ်တိုင်းလျန်းနဲ့လဲ နီးစပ်တဲ့ ပထဝီအနေအထားရှိပါ တယ်။ Read ni full

၃၁။  ရှေ့တန်းရဲဘော်တွေကို အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ပေးနိုင်ဖို့ ဆေးတပ်သားသင်တန်း ပြုလုပ်ခဲ့
 April 19, 2024
ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းဖြစ်တဲ့ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းဟာ ရှေ့တန်းရဲဘော် တွေကို အထိခိုက်နည်းပြီး အရေးပေါ် ကယ်ဆယ်‌ရေးပြုလုပ်ပေးနိုင်ဖို့အတွက် တခြားမဟာမိတ်တပ်ရင်းနဲ့အတူ ဆေးတပ်သား သင်တန်း ကို ပြုလုပ်ခဲ့တယ်လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကို ပြောပါတယ်။ “အဓိကကတော့ အဲ့လို မြေပြင်လိုအပ်ချက်ဖြစ်တဲ့ ရှေ့တန်းမှာရဲဘော်တွေ ထိခိုက်မှုနည်းဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ပေါ့။”လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သင်တန်းကို တခြားမဟာမိတ်တပ်ရင်းဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ပူးပေါင်းလုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကနေ မတ်လ ၂၈ ရက်နေ့အထိ နှစ်ပတ်တိတိ ပြုလုပ်ခဲ့ပြီး ရဲဘော်၊ ရဲမေ စုစု ပေါင်း ၃၀ ဦး တက်ရောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ “လူဦးရေ ကန့်သတ်ထားတာမျိုး မရှိပါဘူးပေါ့နော်။ မြေပြင်လို အပ်ချက် အရ သင်တန်းလုပ်တာဖြစ်တဲ့အတွက် မြေပြင်ကယ်ဆယ်ရေး စိတ်ဝင်စားသူ ရဲဘော်၊ ရဲမေ အများစုကလာတက်ကြပါတယ်။ ရဲမေ က ၁၃ ဦး ၊ ရဲဘော်က ၁၇ ဦး တက်ခဲ့တယ်။”လို့ အဆိုပါတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိမှာလည်း သင်တန်းပြီးမြောက်သွားတဲ့ ရဲဘော်၊ ရဲမေတွေဟာ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြပြီလို့ သိရပါတယ်။ ရှေ့တန်း ဆေးတပ် သားတွေအတွက် ဆေးအိတ် နဲ့ ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ထောက်ပံ့ကူညီ ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ Read ni full

၃၂။ ကော့ကရိတ်မြို့ပေါ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေဟု ကျားဖြူစစ်ကြောင်းပြော
 April 18, 2024
ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေ ကြောင်း စစ်ကောင်စီတပ်အား ရင်ဆိုင်တိုက်ခိုက်နေသော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြော သည်။ (ဧပြီ ၁၈ ရက်) နံနက် ၁၁ နာရီကစ၍ ညနေ ၄ နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ၃၀ ခန့် သေဆုံးမှု ရှိကာ ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရထားသည်ဟု ဗိုလ်မှူးကျော်ဟိန်းက အသိပေးသည်။  ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင် ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။ “ရဲဘော် တွေ မူးလဲတာတွေ၊ အော့အန်တာတွေရှိတယ်။ သူတို့ကို နောက်တန်းပို့ထားရတယ်”ဟု  ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်း ကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည် ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အမှတ် (၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ် ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂ စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန် ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေရာယူထားသည့်နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။ ကော့က ရိတ်မြို့ မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရ ကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုး ထားသည်ဟု ဆိုသည်။  https://www.facebook.com/photo/?fbid=764822 849049843&set=pcb.764823015716493

၃၃။ ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း
 April 18, 2024
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ စတင်ပြီးတဲ့နောက်မှာ RCSS ဘက်ကလည်း အပြိုင် အဆိုင် အကောင်အထည် ဖော်လာတာဖြစ်ပြီး စစ်မှုထမ်း မလိုက်နိုင်သူတွေကို ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက “ကားရှိရင် ရှိသလို စက်ရှိရင် ရှိသလို ကောက်ပါတယ်။ အဲဒါကို စစ်တပ်ကလည်း သိပါတယ်။ စစ်တပ်က မတားတဲ့အပြင် အလိုတူ အလိုပါ ဖြစ်နေတာပါ။ နားမလည်တဲ့ ရွာသားတွေက ကြောက်ပြီး ပေးကြပါ တယ်” လို့ ပြောပါတယ်။ အရင်က တစ်ရွာကို တစ်ဦးနှုန်းနဲ့ ၂ နှစ်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထား ပေမယ့် ဧပြီလအကုန်ကစပြီး ရွာအနေအထားလိုက် တစ်ရွာကို လူအယောက် ၂၀ ကနေ ၇၀ အထိ ခေါ်ယူသွားမယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

RCSS  အနေနဲ့ လက်ရှိ စစ်မှုထမ်းခေါ်ယူနေတဲ့အထဲမှာ ရှမ်းလူမျိုးတွေပဲ ပါဝင်ပြီး လူမျိုးခြားတွေကိုတော့ သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။ ဗထူးတပ်မြို့ တိုက်ခိုက်ရေးကျောင်း အနီးမှာ နေထိုင်သူ တစ်ဦးက “စစ်တပ်နဲ့ RCSS ဆိုတာ ကျောချင်းကပ်နေတာ သူတို့ ဘာသာပူးပေါင်းလည်း သူတို့ နယ်မြေ သေချာသတ်မှတ်ခိုင်းပီး လုပ်စားကြပါလား။ ဟိုးအရင်တွေ ကလည်း အဲ့လိုပဲ သူတို့ဘာသာနေနေတာကို စစ်တပ်ပေါင်းလိုက်မှ အရမ်း ရဲတင်းလာကြတာပါ။ RCSS ထဲမှာ ကာလကြာမြင့် တာရော လူဦးရေ အရမ်းများတာရောကြောင့် လူတိုင်းမိဘတိုင်း စိတ်ဆင်းရဲနေကြရပါတယ်။ RCSS တွေ ဒီလောက် ဆိုးသွမ်း နယ်ကျွံ ပြည်သူတွေ အတင်းခေါ်ပြီး ပိုက်ဆံတွေ ကောက်နေတာကို စစ်တပ်‌ကြီး ရှိရက်နဲ့ ဘာမှ မကာကွယ်ပေးနိုင်တာတော့ ရှက်မိတယ်” လို့ ပြောပါတယ်။ ရပ်စောက်မြို့နယ်အတွင်းက ‌နောင်ခမ်း၊ မယ်ဇလီ၊ ဖောင်းတော၊ လွယ်ကိုး၊ ဇလဲ၊ နားခဲလေး၊ နားခဲကြီး၊ လွယ်ဆင်၊ ကျိုင်းခန်းစတဲ့ ကျေးရွာတွေမှာလည်း RCSS က လစဉ် တစ်အိမ် တစ်သောင်းကျပ်နှုန်းနဲ့ စစ်အသုံးစရိတ် ကောက်ခံနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ Read ni full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button