တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 29, April 9, 2024)

၁။ စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ ပြန်လွှဲပေးမည် မဟုတ်ကြောင်း KNU ပြော
    April 8, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာတိုက်ပွဲတွင် လက်နက်ချခဲ့သော ရာနှင့်ချီသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNU က ထိန်းသိမ်းထားရာ ထိုစစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက် ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို သိမ်းပိုက်ချိန် ဦးဆောင်လက်နက်ချအညံ့ခံခဲ့သော ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ် အပါအဝင် စစ်သည်များနှင့် တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦးကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းကြောင်း လည်း ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင် သုံ့ပန်းများ၏ သဘောဆန္ဒအရ ပြန်ချင်သူများကို ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်မလုပ်ဘဲ ပြန်ပို့ပေးသွားမည်ဟု KNU က ပြောသည်။

“ဒီလူတွေ ဆန္ဒမပါဘဲ ပြန်ပို့တယ်ဆိုတာ ကျွန်တော်တို့လုံးဝ မလုပ်ဘူး၊ သူတို့ဆန္ဒမပါဘူးဆိုရင် သူတို့မပြန်ချင်ဘူးဆိုရင် ကျွန်တော်တို့ အတင်းပေးမပြန်ဘူး၊ ဒါပေမယ့် သူတို့ပြန်ချင်တယ်ဆိုရင်လည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်မလုပ်ပါဘူး၊ သူတို့ကို ပေးပြန်မှာပါ” ဟု KNU ‌ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောသည်။ “ကျွန်တော်တို့မှာ COC ကို လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတဲ့အပေါ်မှာ တသွေမတိမ်း လိုက်နာတယ်၊ နောက်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို လည်း ကျွန်တော်တို့ လိုက်နာတယ်၊ ဒီလိုလက်နက်ချ အရှုံးပေးလာတဲ့သူတွေကို လူသားဆန်ဆန် ဆက်ဆံရမယ်ဆိုတဲ့အပေါ်မှာ ဒီလူတွေကို လုံလုံခြုံခြုံနဲ့ ထိန်းသိမ်းထားတယ်” ဟုလည်း ပဒိုစောတောနီးက ဆက်ပြောသည်။ စစ်ကောင်စီကို ထောက်ခံသူများ ဘက်က ပြောဆိုနေသကဲ့သို့ ဖမ်းဆီးရမိသူများကို ထိန်းသိမ်းပြီး ပေးမပြန်ဘူးဆိုသည့် စွပ်စွဲချက်များမှာ မမှန်ကန်ဘဲ  စစ်သုံ့ပန်း များ၏ ဆန္ဒအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ပြောသည်။ အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး စုစု ပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၁၄၀ ဦးလည်း  လက်နက်ချခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ Read ni full
၂။  မိုးဗြဲ ခမရ ၄၂၂ အနီးတဝိုက် စစ်ကောင်စီစခန်းကုန်း ၅ကုန်းကို ကာကွယ်ရေးတပ်တွေသိမ်းထား
  April 8, 2024
ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ ယာယီတပ်စခန်းကုန်း  ၅ ကုန်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဧပြီလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အဲဒီအနီးတဝိုက်က ယာယီ စခန်းကုန်းတွေကို သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။ “ခွေး( စစ်ကောင်စီတပ်) စခန်းကုန်း တွေအားလုံးတော့ သိမ်းပြီးပြီ၊ ၄၂၂ ကိုတိုက်နေတယ်။ ရေကာတာမှာရှိတဲ့ ပြည်သူတချို့ပိတ်မိတာတွေရှိတယ်။ ကြိုရှောင်ခိုင်း ထားတာလည်းရှိတယ်။လေယာဥ်ကတော့ နေ့တိုင်းလာလာကြဲနေတာပဲ” လို့ သတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။
မြေပြင်စစ်ကောင်စီတပ်က အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ၁၁၁၁ စစ်ဆင်ရေးအနေနဲ့ လွိုင်ကော်မြို့အပါအဝင် မိုးဗြဲမြို့မှာပါ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာပါ။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်လို့ ၂ ဖက် ထိခိုက်မှုတွေနဲ့ ကျဆုံးမှုတွေကိုတော့ မသိရသေးဘဲ တိုက်ပွဲ အခြေအနေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာက ထုတ်ပြန်ထားတာမရှိသေးပါဘူး။ Read ni full

၃။  ကျိုက်မရောတွင် စစ်ရှောင်နေအိမ်များကို စစ်သားများဖောက်ထွင်းပြီး ပစ္စည်းများယူ‌ဆောင်
April 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တရွာလုံး စစ်ဘေးရှောင်နေရတဲ့ ဓမ္မသရွာ အပါအဝင် အနီးနားရှိ ကျေးရွာ‌တွေကို စစ်ကောင်စီကတပ်စွဲပြီး နေအိမ်တွေဖောက်ထွင်းကာ ပစ္စည်းတွေယူဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျိုက်မ ရောမြို့နယ်၊ ဓမ္မသရွာကို စစ်ကောင်စီ လေကြောင်း၊ ရေတပ်စစ်သင်္ဘောတို့က မတ် ၂၇ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာကြောင့် နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၆,၀၀၀ ကျော် စစ်ဘေးရှောင်နေရတဲ့အပြင် အနီးအနားရှိ ကျေးရွာ တွေလည်း စစ်ဘေးရှောင်နေရပါတယ်။ တရွာလုံး စစ်ဘေးရှောင်နေရတဲ့ ဓမ္မသရွာနဲ့ အနီးအနား ကျေးရွာတွေကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်တပ်စွဲထားပြီး စိတ်ကြိုက် မွှေနှောက် စားသောက်နေတယ်လို့ ဓမ္မသရွာသား‌တဦးက ပြောပါတယ်။
“အခု ရွာထဲမှာကော အနီးနားက ရွာတွေမှာပါ သူတို့ တပ်စွဲပြီး အိမ်တွေကိုတက်ပြီး ပစ္စည်းတွေ ယူတယ်။ ဆိုင်တွေကို လည်း ဖောက်ပြီး စိတ်ကြိုက်မွှေနှောက် စားသောက်နေတာ။ စစ်လည်း ရှောင်နေရတယ်၊ အိမ်ကိုလည်း စိတ်ပူနေရတယ်။ မီးပဲ ထပ်လောင်မလား၊ ပစ္စည်းတွေပဲ ယူသွားမလား စိတ်ပူနေရတယ်။” စစ်ကောင်စီတပ်သားတွေဟာ ဓမ္မသရရွာမှာ တပ်စွဲထားပြီး ရွာသားတွေကို ရွာထဲ ဝင်ခွင့်မပြုဘဲ စိတ်ကြိုက်ဖျက်ဆီးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားစာနာနဲ့ ကယ်ဆယ်ရေး ဌာန တာဝန်ခံ မိဆုတဂျိုက ပြောပါတယ်။“စစ်ကောင်စီတပ်ချထားပြီး ဓမ္မသရရွာထဲကို ဘယ်သူမှပေးမဝင်ဘူး။ ရွာသားတွေကို ပစ္စည်းယူခွင့်တောင် မပေးဘူး။ ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ယူဖျက်ဆီး စားသုံးနေပါတယ်။ ရွာသားတွေကို ပစ္စည်းပြန်ယူဖို့ ဆိုပြီး ဖွင့်ပေးတာလည်း မရှိပါဘူး။” စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဓမ္မသရွာ အပါအဝင် အနီးနား ရွာတွေက ဒေသခံ ၅၀,၀၀၀ နီးပါး‌ စစ်ဘေးရှောင်နေရတယ်လို့ ‌မွန်ပြည်ဖက်ဒရယ်ကောင်စီက ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ Read ni full

၄။  ဘူးသီးတောင် ခမရ ၅၆၄ ဒုတပ်ရင်းမှူးကို AA ဖမ်းမိ
April 8, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခြေ မြန်တပ်ရင်း ခမရ-၅၆၄ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်းထွက်ပြေးသွားသည့် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်အား ဧပြီ ၅ ရက်တွင် ဘဒနာကျေးရွာ အနီး ၌ အရှင်ဖမ်းမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်း ထုတ်ပြန်သည်။ ဗိုလ်မှူး ဇော်ဇော်အောင် သည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ဖမ်းမိစဉ်ရရှိထားသည့် ဒဏ်ရာများကိုလည်း လူသားချင်းစာနာစွာဖြင့် ကုသပေးလျက်ရှိ ကြောင်း AA က ဆိုသည်။ ဘူးသီးတောင်အခြေစိုက် ခမရ-၅၆၄ တပ်ရင်းဌာနချုပ်ကို AA က ဧပြီ ၁ ရက်က စတင်ထိုးစစ်ဆင်ပြီး နောက် ဧပြီ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားလက်နက်ချ အညံ့မခံဘဲ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် လိုက်လံချေမှုန်းလျက်ရှိရာ ဧပြီ ၇ ရက်အထိ စစ်သား ၁၀ ဦးကျော်ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးသူ များကိုလည်း ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း AA က ပြောထားသည်။ ခမရ ၅၆၄ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်အား သုတ်သင်နိုင်ခဲ့သကဲ့သို့ AA တပ်ဖွဲ့ဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ ကြောင်း ဆိုထားသည်။ လက်ရှိတွင် ဘူးသီးတောင်မြို့နယ်အတွင်း ကျန်ရှိသည့် တပ်စခန်းများအား AA ဆက်လက်ထိုးစစ်ဆင် နေသကဲ့သို့ မောင်တောမြို့နယ်၊ ကြိမ်ချောင်းတပ်ရင်းဌာနချုပ်ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။ Read ni full
၅။  ပလက်ဝမြို့တွင်း တိုက်ပွဲကြောင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံအများစု နေရပ်မပြန်ကြသေး
  April 8, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံအများစုဟာ ယနေ့ အထိ နေရပ်မပြန်ကြသေးဘဲ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။ ရက္ခိုင့်တပ်တော် (AA)က တိုက်ပွဲ တွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေကို မတ်လတွင်း နေရပ်ပြန်လာကြဖို့ပြောဆိုထားပေမယ့် ဒေသခံအများ စုဟာ နေရပ်ပြန်လာခဲ့ခြင်းမရှိဘဲ ၎င်းတို့ စစ်ဘေးရှောင်နေကြတဲ့ နယ်ကျေးရွာမှာ ရှိနေဆဲဟု သိရပါတယ်။ “ပလက်ဝမြို့ထဲ တိုက်ပွဲမရှိတော့ပါဘူး။ အရင်ကတော့ လေကြောင်းတိုက်ခိုက်မှုရှိပေမယ့် အခုမရှိတော့ဘူး။ AA ကလည်းပြန်လာကြဖို့ခေါ် တယ်။ ဒါပေမယ့် ဒေသခံတွေက မပြန်လာကြသေးဘူး။ စစ်ဘေးရှောင်တဲ့ ရွာတွေမှာ ရှိနေကြသေးတယ်” ဟု ပလက်ဝဒေသခံ တစ်ဦးက ဆိုပါတယ်။
ပလက်ဝမြို့တွင်း တိုက်ပွဲမရှိတာဟာ သုံးလကျော်ကြာခဲ့ပေမယ့် ဒေသခံအများစုဟာ နေရပ်မပြန်ကြသေးဘဲ AA က ပြီး ခဲ့တဲ့ မတ်လ တတိယအပတ်က ဒေသခံတွေကို ၎င်းတို့ နေရပ် ပြန်လာကြဖို့ ပြောဆိုခဲ့ပေမယ့် ဒေသခံတွေဟာ ပြန်လာခဲ့ခြင်းမရှိ ဘဲ အကြောင်းအမျိုးကြောင့်သာ ပြန်လာကြတဲ့ လူနည်းစုသာ ရှိသေးတယ်လို့ ဆိုပါတယ်။ ပလက်ဝမြို့ရဲ့ အဝင်/အထွက်ကို AA က ဂိတ်ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေဟာ ၎င်းတို့ရဲ့ ဂိတ်တွေမှာ မှတ်ပုံတင်၊ ကိုယ်ရေးအချက်လက်တွေ ဖြည့်ရသလို လက်မှတ် တွေ ထိုးပြီးမှ မြို့အဝင်/အထွက် လုပ်ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။ “ကျွန်တော်တို့ မြို့ထဲ တခါဝင်ဖို့အရေး လက်မှတ် ထိုး၊ မှတ်တင်ပြ၊ အစစ်ဆေးခံရတယ်။ ပြီးတော့ မြို့ထဲမှာ AA ရဲဘော်တွေက သေနတ်တွေဘာတွေနဲ့ဆိုတော့ ဒေသခံတွေက ကြောက်တာလည်း ပါမယ်။ AA နဲ့ ဒေသခံတွေက ရင်းနှီးမှုလည်း မရှိဘူးသလို လူမျိုး ခြားလည်း ဖြစ်နေတော့ အကြောက် တရား က ရှိတာနေမယ်။ AA ကလည်း အစစ်ဆေးတွေ ဆက်တိုက်လုပ်​နေတယ်” ဟု ပလက်ဝဒေသခံ တစ်ဦးဆက်ဆိုပါတယ်။ Read ni full
၆။ ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်
April 8, 2024
မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စု လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး နယ်မြေလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံမှ သိရသည်။ အဆိုပါ လမ်းပိုင်း စစ်ဆေးမှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက် ဒေသ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ-(၃)၊ Ye Air Force(YAF)စသည့် မဟာမိတ်ပူးပေါင်းတပ်များကပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိလမ်းပိုင်းကို ထိန်းချုပ်စိုးမိုးထားကြောင်း သိရှိရသည်။
အမှတ်-၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခရီးသွား ပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ်တွေ့ဆုံ စစ်ဆေးလျှက်ရှိကြောင်း၊ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို မတ်လ ၁၉ ရက် နေ့မှစ၍ တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်ကြောင်း သိရသည်။  မတ်လ ၂၉ ရက်နေ့တွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ် စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကျဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ ရန်သူ စစ်ကောင်စီမှ K-8W Jet Fighter ၂ စီးနှင့် ရဟတ်ယာဉ် ၁ စီး ဖြင့် ရေဖြူမြို့နယ်ရှိ ကလော့သိုင်းကျေးရွာ၊ ရာဖူးကျေးရွာ၊ အလယ် စခန်းကျေးရွာနှင့် ကျွဲတလင်းကျေးရွာတို့ကို ဗုံးသီး ၄၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ Read ni full
၇။ စစ်ရေးအခြေအနေတွေကြောင့် ဝူယန်ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေ နီးစပ်ရာတိမ်းရှောင်
  April 8, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စုအတွင်းက ပြည်သူ့စစ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် ဒေသခံပြည်သူအချို့ ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ဝူယန်ပြည်သူ့စစ်ဂိတ်ဘက်ကို  KIA တပ်သားတွေကနေ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ပြည်သူ့စစ် တပ်သားတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့အတွက် မုတ်ကျိတ်ရွာအနီးက ဓမ္မကျမ်းစာကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  ဒါ့အပြင် ဧပြီလ ၅ ရက်နေ့က ဝူယန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ် မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်တပ်သားတွေကလည်း ဝူယန်ကျေးရွာအတွင်းက KIA တပ်သားတွေရဲ့ မိသားစုဝင်တွေနေထိုင်တဲ့ နေအိမ်သုံးလုံးကို မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။
အဲဒီလို နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဝူယန်ကျေးရွာအုပ်စုအတွင်းက ဝေယင်၊ လမြန်၊ ဝူယန်ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့ဟာ နီးစပ်ရာဆွေမျိုးတွေဆီနဲ့ ဘုရားကျောင်းတွေဘက် မနေ့က ၇ ရက်နေ့က စပြီး စတင်ထွက်ပြေး တိမ်းရှောင်နေကြပြီလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။ ” အခုက ပြည်သူတွေကတော့ ကြောက်လို့ ရှောင်ကြတာပေါ့။ ဝူယန်ကလူ တွေကတော့ ဆန်တွေ သယ်ထုတ်တဲ့သူတွေက ထုတ် နေတယ်”လို့ ဆိုပါတယ်။ အသင်းတော်ကျောင်းဝင်းတွေမှာသာမက နောင်းချိန်း၊ ဝါရှောင်အစရှိတဲ့ ကျေးရွာဘက် ထွက်ပြေးသူ တွေပါရှိပြီး လမြန်ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၃၀ က လူဦးရေ ၁၀၀၊ ဝေယင်ကျေးရွာ အိမ်ထောင်စု ၁၁ စုက လူဦးရေ ၅၀ နဲ့ ဝူယန် က အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁၆၀ လောက်ကတော့ ဝိုင်းမော် လော်ဝေါ်နှစ်ခြင်းအသင်းတော်ကျောင်းဝင်းထဲ မနေ့က ရောက် ရှိနေပြီး ဒီကနေ့မနက်မှာလည်း အဲဒီကျေးရွာသုံးခုက အိမ်ခြေ ၅၀ လောက် ထပ်မံရောက်ရှိခဲ့တယ်လို့ နောက်ထပ် ဒေသခံပြည်သူ တစ်ဦးကအခုလိုပြောပါတယ်။ “လမြန်၊ ဝူယန်ဘက်ပစ်ခတ်လာကြတဲ့အတွက်ထွက်ပြေးလာကြတာပေါ့။ ဒီနေ့တောင် ထွက်ပြေး လာတဲ့သူတွေ ရှိတယ်။ တစ်ချို့ကတော့ ထွက်မပြေးသေးဘူး။ တစ်ချို့က နောင်းချိန်းဘက် ရောက်နေတယ်။ ဒီနေ့က လမ်းတွေ ပြန်ဖွင့်ပြီလို့ ပြောနေကြတယ်။ ဒါပေမဲ့ ဒေသခံတွေတော့ မပြန်ရဲသေးဘူးပေါ”လို့ ဆိုပါတယ်။ Read ni full
၈။  ဆီဆိုင်မှာ ရွာထဲရေပြန်ယူတဲ့ စစ်ရှောင်ကျောင်းသူ ၃ ဦး လက်နက်ကြီးထိမှန်ပြီး တစ်ဦးသေဆုံး
  April 8, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ရှောင်ကျောင်းသူ ၃ ဦး လက်နက်ကြီးထိမှန်ကာ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါ တယ်။ ဧပြီ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်က တွေပူးရွာကနေ တောထဲစစ်ရှောင်နေရာကနေ သောက်သုံးရေပြန်ယူစဥ် လက်နက် ကြီးထိမှန်ပြီး အတူသွားတဲ့ ကျောင်းသူ ၃ ဦးလုံး ထိမှန်ပြီး တစ်ဦးကတော့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။“ မနေ့ ည စပစ်တာမနေ့ညက နွားလေးကောင်သေတယ်။ ဒီမနက်က မိန်းခလေးသုံးယောက်မှာ တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာ ရတယ်။ တောထဲရှောင်ပြီးပြီ အဲ့တာကိုရွာထဲ ရေပြန်ယူလို့တဲ့။ တွေပူးရွာကရေလည်းရှားလို့လေ။ သုံးယောက်သွားကြတာ။ ဆယ်တန်းကျောင်းသူတွေ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီကျောင်းသူ၃ ဦးအပါအဝင် တွေပူးတရွာလုံး မနေ့ကမှ တောထဲစစ်ရှောင်ခဲ့ရတာလို့ ဆိုပါတယ်။ ဒဏ်ရာရတဲ့ ကျောင်းသူ ၂ ဦးကိုတော့ ဆေးကုသပေးဖို့ ရွာသားတွေအကူအညီနဲ့ ဘေးကင်းရာကို ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တွေပူးရွာ ခံတွေအကုန် တိုက်ပွဲဖြစ်ရင် ဖြစ်သလို ရွာမှာမနေရ၊ အလုပ်မရှိဘဲ တောထဲစစ်ရှောင်နေရပေမယ့် PNO က တအိမ် ၅ သောင်းနှုန်း နဲ့ ဆက်ကြေးမကြာခဏ ကောက်လေ့လည်းရှိတယ်လို့ သိရပါတယ်။ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းပြည်သူ့စစ်(PNA) တပ်ရင်း(၄) တပ်ရင်းမှူး နေဝင်းထွန်း ဦးဆောင်ကာ စစ်ကောင်စီတွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နဲ့ မဟာမိတ် PDF တွေအကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ Read ni full
၉။  အမ်းမြို့တွင် ရိက္ခာပြတ်လပ်နေပြီး တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်သာဝယ်ယူနိုင်
 April 8, 2024
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံများအနေဖြင့် တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်နှုန်းဖြင့်သာ ဝယ်ယူရရှိနေကြောင်း ဒေသခံများထံမှ သိရ သည်။ စစ်ကောင်စီတပ်က အမ်းမြို့အဝင်၊ အထွက်နေရာများကိုပိတ်ဆို့ထားသည့်အပြင် ကုန်ပစ္စည်းသယ်ယူခွင့်များပါ ပိတ်ပင် ထားခြင်းကြောင့် ဒေသအတွင်း ဆန်အပါအဝင် ဆေးဝါးရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ “ဆန်ကတန်းစီပြီးကို ဝယ်နေရတာ ၊အကန့်အသတ်နဲ့ကိုရောင်းနေတာ၊ တချို့နေရာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ မဲနှိုက်ပြီးဝယ်နေရတာ ပေါ့။  စျေးတွေလဲတက်တယ် တစ်ပြည်ကို ၄၀၀၀၊  ၅၀၀၀ လောက်ရှိတယ်” ဟု အသက် ၃၀ ဝန်းကျင်ရှိ အမ်းမြို့ခံအမျိုးသား တစ်ဦးကရှင်းပြသည်။
ရိက္ခာပြတ်တောက်ပြီး ဆန်ဝယ်ယူရခက်ခဲမှုကြောင့် အချို့သောအိမ်ထောင်စုများတွင် ချက်ပြုပ်စားသောက်ရန် ဆန်မရှိ တော့သည့် အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းကဆက်လက်ပြောသည်။ “ဒီမှာက တစ်ခါတန်းစီရင်လူတန်းက အရှည်ကြီးပဲ၊ နှစ်ပြည်ဆိုတာဘယ်လိုမှ အဆင်မပြေဘူးလေ၊ တချို့မိသားစုတွေဆို ဝယ်မရလို့ ထမင်းမစားရတာတွေပါရှိတယ်” ဟု ၎င်းကဆိုသည်။ “အခုကတော့ကျီးလန့်စာစားနေရတာပေါ့၊ နေ့တိုင်း တိုက်လေယာဥ်နဲ့ မပစ်ရင် နေဗီကနေပစ်နေတာပဲ၊ နေရ ထိုင်ရတာတော့ တကယ်ကိုမလုံခြုံဘူး”ဟု အမ်းမြို့အနီးတွင်နေထိုင်သူတစ်ဦးက ဆိုသည်။ ထို့အတူ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ကုန်စည်သယ်ယူရေးလမ်းကြောင်းများပိတ်ဆို့ထားခြင်းကြောင့် မြို့နေပြည်သူများအနေ ဖြင့်  ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေရသည်။ Read ni full

၁၀။ နောင်ချိုရဲစခန်းတွင် မူးယစ်ဆေးဝါးမှုဖြင့် အချုပ်ကျနေသည့် အကျဉ်းသားအချို့ ကျပ်သိန်း ၃၀၀ ဖြင့် ပြန်လွှတ်ပေး
 April 8, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် အချုပ်ကျနေသည့် အကျဉ်းသားအချို့သည် ရဲစခန်းတာဝန်ရှိသူများနှင့် တရားသူကြီးများကို လာဘ်ငွေ ကျပ်သိန်း ၃၀၀ ပေးပါက ပြန်လွှတ်ပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဧပြီ ၆ ရက်တွင် မူးယစ်မှုဖြင့် နောင်ချိုရဲစခန်း၌ အချုပ်ကျနေသူတစ်ဦး ပြန်လွတ်နိုင်ရန်အတွက် မိသားစုဝင် များက ရဲစခန်းရှိတာဝန်ရှိသူများကို လာဘ်ငွေပေးခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ “မတရားဘူးလို့ပဲပြော ချင်တယ်။ ငွေပေးနိုင်မှ လွှတ်ပေးမယ်ဆိုတဲ့အရာက မဖြစ်သင့်ဘူး။‌ ငွေမပေးနိုင်တဲ့သူဆို ရင်ကော ဘယ်လိုလုပ်မှာလဲ၊ တချို့က စွပ်စွဲခံရလို့ ထောင်ကျသွားတာတွေရှိတယ်။ လက်ရှိ လာဘ်ငွေယူပြီး ပြန်လွှတ်ပေးတာကလဲ မူးယစ်မှုဘဲ အခြားအမှုတွေမပါဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် နောင်ချိုမြို့တွင် ရဲ၊ ရှေနေနှင့် တရားသူကြီးများ ပူးပေါင်းကာ ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများထံမှ လာဘ်ငွေရရှိရန် အကြောင်းအမျိုးမျိုးဖြင့်တောင်းခံနေပြီး ငွေကြေးမတတ်နိုင်သည့် သူများကို အမိန့်ချမှတ်လျက်ရှိနေကြောင်း ဒေသခံများကဆိုသည်။ “ရဲနဲ့ခင်တဲ့သူ တချို့ပြောတာကတော့ သူတို့ မကျွေးနိုင်တော့လို့တဲ့၊ ကုန်ကျစရိတ်လည်းများတယ်။ အဲ့ဒါကြောင့် အမှုအချို့ဆိုရင် မစစ်ဆေးဘဲနဲ့ ဒီတိုင်းပစ်ထားတယ်။ ဟိုရက်ချိန်းလိုက်၊ ဒီရက်ရွှေံလိုက် လုပ်နေတယ်”ဟု နောင်ချို မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိ နောင်ချိုရဲစခန်း၌ အကျဉ်းကျနေသည့် အကျဉ်းသား စုစုပေါင်း ၁၀၀ ကျော်ရှိပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် အခြားမြို့နယ်များမှ ဒေသခံအချို့ဖမ်းဆီးခံထားရကာ ၎င်းတို့အနက် ၂၀ ကျော်သည် လာဘ်ငွေပေးကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။  Read ni full

၁၁။ ဒုစစ်ခေါင်းဆောင်နှင့်အဖွဲ့ မော်လမြိုင်၌ အစည်းအဝေးထိုင်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
April 9, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မှာရှိတဲ့ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဝင်းအတွင်းမှာ စစ်ကောင်စီ ဒုခေါင်း ဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့ အစည်းအဝေးထိုင်နေချိန် ဧပြီ ၈ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့  ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေ ၅ နာရီ ၁၀ မိနစ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း  စစ်ကောင်စီ ဒုခေါင်းဆောင်နဲ့အဖွဲ့ အစည်းအဝေးလုပ်နေချိန် ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Alpha bats တပ်ဖွဲ့က မြေပြင်လုံခြုံ ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး Fixed Wing Drone နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးနောက် ဖော်ကာနဲ့ ဂျက်လေယာဉ် နှစ်စီး လည်း ချက်ချင်းပြန်တက်သွားခဲ့တယ်လို့ ‌ဆိုပါတယ်။
Alpha Bats Drone Force တာဝန်ရှိသူတဦးက “ရတခထဲကို ကာမီကာဇေလို့ခေါ်တဲ့ Fixed Wing Drone တွေ အသုံးပြု ပြီးတိုက်ခိုက်ခဲ့တာပါ။ ရတခထဲကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ အရှေ့ တိုင်းစစ်ဌာနချုပ်ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်က မော်လမြိုင်မြို့အတွင်း လေယာဉ်ပျံသန်းမှုရှိနေသလို လက် နက်ကြီး ပစ်ခတ်မှုလည်းရှိတယ်လို့ မော်လမြိုင်မြို့ခံတဦးကပြောပါတယ်။ “သူတို့တိုက်ခိုက်ခံရပြီးထဲက လက်နက်ကြီးနဲ့ ပစ်တာ အိမ်ပါတုန်တယ်။ လေယာဉ်တွေလည်း မြို့ထဲမှာ တောက်လျောက်ဝဲနေတာ။”  စစ်ကောင်စီတပ်သားတွေက မော်တော် ကား တွေနဲ့ ည ၇ နာရီကျော်ကစပြီး မော်လမြိုင်မြို့အတွင်း ကင်းလှည့် နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ Read ni full

၁၂။  ခလရ(၁၄၂)တပ်ရင်းကို KIA သိမ်းပိုက်ပြီး လွယ်ဂျယ်မြို့ကို အလုံးစုံထိန်းချုပ်
 April 9, 2024
ကချင်ပြည်နယ် လွယ်ဂျယ်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ မတ်လ ၂၇ ရက်မှ ဧပြီ ၁ ရက်အတွင်း လွယ်ဂျယ်-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်၏ ယောယုံဗျူဟာနှင့် စိန်လုံဗျူဟာစခန်းများအပါအဝင် တပ်စခန်းအားလုံးကို KIA က သိမ်းပိုက်ပြီး မြို့ကိုဝိုင်းပတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်ကတည်းက KIAက လွယ်ဂျယ်မြို့ကို ဝိုင်းရံကာ မြို့ ပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီ ဝန်ထမ်းများ ထွက်ခွာရန် အချိန်ပေးထားခဲ့ခြင်းဖြစ်သည်။ တရုတ်နယ်စပ်မြို့ ဖြစ်၍ လွယ်ဂျယ်အား တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် တရုတ်နိုင်ငံဘက်က ဖိအားပေးနေသည့် အခြေအနေတွင် KIA တပ်များ က ကျန်နေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခြင်းမပြုဘဲ မြို့တွင်း ဝင်ရောက်နေရာယူကာ ပိတ်ဆို့ထားခဲ့ရာ ယနေ့ (ဧပြီ ၉ ရက်)တွင် စစ်ကောင်စီတပ်များ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ပြောပြသည်။

” လွယ်ဂျယ်ကို အလုံးစုံသိမ်းပိုက်လိုက်ပြီ။ စစ်ကောင်စီတွေ တရုတ်ဘက် အကုန်ထွက်ပြေးသွားတယ်။ ဒီမနက် စခန်းကို ရှင်းလင်းလိုက်ပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ ခမရ(၁၄၂)တပ်ရင်းသို့  KIA တပ်ဖွဲ့ဝင်များ ရောက်ရှိမှု ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများလည်း လူမှုကွန်ရက်၌ တွေ့ရသည်။ အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်က အင်အား ၆၀ခန့် တရုတ်နိုင်ငံဘက်သို့ ပြေးဝင်သွား၍ KIA က အပြီးသတ် သိမ်းပြီးဖြစ်ကြောင်း ပြောပြသည်။ KIA သည် မတ်လ ၇ရက်မှစ၍ ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တစ်လအတွင်း လွယ်ဂျယ်ဒေသ ၊ လိုင်ဇာဒေသ၊ ဝိုင်းမော်၊ မိုးမောက်မြို့နယ်များ ရှိ စစ်ကောင်စီတပ်စခန်း ၇၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဗန်းမော်- လွယ်ဂျယ်လမ်းများကို ထိန်းချုပ်ထားသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး အဆင့်အပါအဝင် အရာရှိ၊ စစ်သည်များစွာ သေဆုံးကာ ဖမ်းဆီးခံရသူ ရာချီရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားကို KIA က သိမ်းပိုက်ရရှိခဲ့သည်။ Read ni full

၁၃။ မိုးဗြဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
 April 9, 2024
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီ ကာကွယ်ရေးပူးပေါင်း တပ်တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်ပတ်ခန့် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီပူးပေါင်းတပ်တွေက မိုးဗြဲတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်ရှိနေတဲ့ ခမရ-၄၂၂ တပ်ရင်းကို တိုက်ခိုက် နေတာလို့ တိုက်ပွဲအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။“မိုးဗြဲ စစ်တပ်နားမှာပဲ ဖြစ်နေတာ။ မြို့ခံတွေက ရှောင်နေကြတာကြာပြီ။ စစ်တပ်ကို ဝိုင်းတိုက်နေတဲ့ ပုံစံဖြစ်နေတာအခုက” ကရင်နီ အမျိုးသားများကာကွယ်ရေး တပ်မတော် KNDF ကတော့ မိုးဗြဲမြို့နဲ့ ကယားပြည်နယ် ဖားဆောင်းမြို့က တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေး တပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့ KNDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
“မိုးဗြဲမှာဆိုရင်တော့ ကျွန်တော်တို့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ၄၂၂ တပ်ကို တိုက်ခိုက်နေရတုန်းပဲ၊ စစ်ဆင်ရေးတွေ လုပ်နေတုန်းပဲဗျ။ မပြီးပြတ်သေးဘူးဗျ” ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင် ရေးအတွင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီ ပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ Read ni full

၁၄။ ထားဝယ်အထူးစီးပွားရေဇုန်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး
  April 8, 2024
ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသည့် အတွက် ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ စစ်ကောင်စီတပ်သည် ကားနှစ်စီးဖြင့် ဝက်ချောင်းရွာသို့ က‌နဦး ရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးကာ ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။ ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ဝက်ချောင်းရွာမှာတစ်ဆင့် ခမောင်းချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာပြီး နေ့လယ်ပိုင်းတွင် ဧကနိရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။ “ပစ်တာတော့မရှိသေးဘူး ရွာထဲမှာတော့ ခွေးဟောင်နေတယ်။  သူတို့ရှိနေပုံရတယ်”ဟု ဧကနိရွာခံ အမျိုးသားတစ်ဦးကပြောသည်။
စစ်ကြောင်းဝင်လာသည့်အတွက် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသည့် ကျေးရွာများမှဒေသခံများ ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ ခြောက်လ ခန့်အတွင်း ပထမဆုံး ပြန်လည်စစ်ကြောင်းထိုးခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး ရုရှားနိုင်ငံကလည်း ယင်းစီမံကိန်းကို စိတ်ဝင်စားမှုရှိနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။  Read ni full

၁၅။ ကျိုက်ထိုရှိ စစ်ကောင်စီ စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ  တပ်ဖွဲ့ဝင် ၅  ဦးသေဆုံး၍ ၁၀ ဦးနှင့် အထက်ဒဏ်ရာရ
 April 8, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်နှင့် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲ ထားသည့် စခန်း လေးခုကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားနှင့် ရဲ တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ပထမဦးစွာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရွှေစေတီ၊ ငွေစေတီဘုရား ကုန်းနှင့် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဒရုန်းများ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မုပ္ပလင် လမ်းဆုံဂိတ်မှ ရဲ သုံး ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဘုရားကုန်းမှ တပ်သား နှစ်ဦးသေဆုံးကာ စုစုပေါင်း ငါးဦးထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို သုံးရက်အတွင်း နှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက် ခိုက်မှုအတွင်း ရဲကားနှစ်စီး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“အဲဒီနေရာတွေက တပ်စခန်းချထားတဲ့နေရာတွေဖြစ်တယ် မုပ္ပလင်လမ်းဆုံဂိတ်ဆိုရင် ဘန်ကာအကြီးအသေးတွေနဲ့ အခိုင်အမာကိုတည်ဆောက်ထားတဲ့ စစ်ဆေးရေးဂိတ် စခန်းဖြစ်ပါတယ်။ ဘေးကဘုရားပေါ်မှာလည်း တပ်စခန်းရှိတယ်။ အဲ့တာ ကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ရခြင်းဖြစ်တယ်။ လက်ပံပင် သုသာန်ကတော့ မုပ္ပလင်စခန်းနဲ့ လေးမိုင်လောက်ကွာ တယ်”ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။ ထို့ပြင် လက်ပံပင်သင်္ချိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် အင်္ဂဘို တာဝါတိုင်တို့ကိုလည်း စစ်ရေးပစ်မှတ်အနေဖြင့် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ လက်ပံပင် သုသာန်မှ အရာရှိခွဲမှူး တစ်ဦးနှင့် တပ်သားလေး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)၊ KNU/KNLA၊ YEF၊ တပ်မဟာ-၁ PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နှင့် ကျိုက်ထို-ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Read ni full

၁၆။ နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်နေ
 April 9, 2024
ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။ မြစ်ကြီးနား – ဖားကန့်လမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဖားကန့်အဆင်းကားများကိုလည်း ပိတ်ထားသည်ဟု KIA သတင်းရင်း မြစ်တစ်ဦးကပြောသည်။“ဒီမနက်အစောကြီးကနေ နန့်ယားဂိတ်လေ စခန်းအကြီးကြီးလည်းဟုတ်တယ် အဲ့မှာသွားတိုက်နေ တာ။ လမ်းတွေလည်းရက်ပိုင်းပိတ်ထားမယ် အရင်တစ်ခါလို ပြည်သူတွေပိတ်မိပြီး အန္တာရာယ်ဖြစ်ရင် ကျွန်တော်တို့ အလုပ်လုပ် ရင်လည်း အနောက်အယှက်ဖြစ်တယ်လေ။ အဲ့ဒါကြောင့် လမ်းပိတ်ထားတယ် မသွားကြဖို့လည်း ပြောချင်တယ်” ဟုပြောသည်။ မီးကြိုးထိခိုက်ပျက်စီးမှုများရှိသောကြောင့် ဖားကန့်မြို့ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများထိခိုက်နိုင်ကြောင်း သူက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သွားကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “တိုက်ပွဲကပြင်းထန်နေဆဲ ဂျက်လေယာဉ်နဲ့လာပစ်တာနှစ်ခါရှိပြီ အခုလည်းအပေါ်မှာ ဝဲနေ တုန်းပဲ ကျွန်တော်တို့ တောင်သတိထားနေရတယ်။ ရွာသားတွေတော့ နီးစပ်ရာကို တိမ်းရှောင်ထားတာ တစ်လလောက်ရှိပြီ ဆို တော့ ရွာထဲမှာတော့ လူမရှိသလောက်ပဲ” ဟု ပြောသည်။ ဖားကန့်မြို့၊ နန့်ယားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ် မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှစ်ဖက်လုံးက စစ်ရေးလှုပ်ရှားမှုများ ရှိနေသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ် သဖြင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုကို KIA ပူးပေါင်းတပ်များက ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသော်လည်း ကျန်ရှိစစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ကျေးရွား များတွင် ဆက်လက်စစ်ရေးတင်းမာလျက်ရှိသည်။ Read ni full

၁၇။ ပလမြို့တွင် စစ်တပ်နှင့် ပုလော PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ
April 9, 2024
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပုလော PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။ ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပလမြို့၊ ဝါးကျောင်းအနီး လှုပ်ရှားနေသည့် အင်အား ၂၈ ဦးပါ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက လက်ဦးမှုယူကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ၄၅ မိနစ်ခန့် အပြင်းအထန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ကူ အမြောက်အမြား အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ ထိတွေ့ ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ် ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၂ ဦးစလုံး စိုးရိမ်ရသည့်အနေအထားတွင် ရှိကြောင်းသိရှိရသည်။  “ပုလောမြို့နယ်ထဲက ပြည်သူတွေက ဗုံးခိုကျင်းတူးတာနဲ့ ပတ်သက်ရင် တော်တော်အားနည်းတယ်။ အချို့ဆို ‌တူးတောင် မတူး ထားကြဘူး။ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာရင် ပြည်သူတွေကို အန္တရာယ်ကင်းစေမှာက ဗုံးခိုကျင်းပဲပေါ့နော်။ ဗုံးခိုကျင်း ကို မဖြစ်မနေတူးစေချင်တယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ Read ni full

၁၈။ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးဗြဲစစ်ရှောင်အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာလိုအပ်နေ
 April 9, 2024
မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးဗြဲ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ “လိုအပ်ချက်တွေ ပြောရ မယ်ဆိုတော့ အများကြီးပေါ့။ ဆန်ဆိုလဲ မယူသွားနိုင်ဘူး။ ဟင်းချက်စရာ ဘာညာပေါ့ အကုန်လုံးပဲ တစ်ခုမှ မယူသွားနိုင်ဘူးလေ” လို့ မိုးဗြဲစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မိုးဗြဲစစ်ရှောင်တွေဟာ ဝါရီဆူးပလိုင်နဲ့ လွယ်ရင်း ကျေးရွာကဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာအနီးအနားမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးကျရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ထွက်လာတဲ့အချိန်မှာ လေယာဉ်လာချတာတော့ တိတ်သွားပြီ လေယာဉ်တော့ပြန်သွားပြီ။ ဒါမဲ့လက်နက်ကြီးသံတော့ကြား တယ်။ “ဒုတ် ဒုတ်” ဆိုပြီး အသံလေးတွေလည်း ကြားတယ်ပေါ့နော။ အဲ့ချိန် လေယာဉ်မလာတော့ ထွက်မယ်ဆိုပြီး ထွက် လာတာပေါ့။ ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ လက်ရှိမှာ ဆွေမျိုးနီးစပ်သူတွေထံ သွားရောက်ခိုလှုံနေထိုင်ကြပြီး တချို့မှာတော့ လယ်တွေထဲ တဲထိုးနေ ထိုင်ကြတယ် လို့သိရပါတယ်။ လက်ရှိမှာ မိုးဗြဲစစ်ရှောင် လူဦးရေ ၃၀ ဝန်းကျင်ရှိနေပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် စားနပ်ရိက္ခာ၊နေရာထိုင်ခင်း၊ အမိုးအကာလိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ Read ni full

၁၉။ TNLA  က ဆေးရုံ ၃ ရုံအထိ ပြန်လည်ဖွင့်လှစ်ထားနိုင်
April 8, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ဆေးရုံ ၃ရုံအထိ ပြန်လည် ဖွင့်လှစ်လည်ပတ်နိုင်ပြီဖြစ်သည်ဟု TNLA နှင့် နီးစပ်သူများထံက သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မြို့ပေါင်း ၇ မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန် စသည့် ၃ မြို့နယ်တွင် ဆေးရုံများ ပြန် လည်ဖွင့်လှစ် ထားနိုင်ခြင်းဖြစ်သည်။ အဆိုပါ ဆေးရုံများကို CDM ကျန်းမာရေးဝန်ထမ်းများ၊ TNLA ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ် နေသည်ဟု TNLA ရုံးပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ပြောသည်။ ၎င်းက “ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ဆေးရုံ ၁ ရုံပြန်လည်ပတ်ဖို့ဆိုတာ ဝန်ထမ်းတွေအများ ကြီးလိုအပ်တယ်။ တတ်သိတဲ့ဆေးပညာတွေအများကြီးလိုအပ်တယ်။ လာဆက်သွယ်တဲ့သူတွေကိုလည်း ကျွမ်း ကျင်ရာနေရာတွေမှာ နေရာချထားပေးတာမျိုးရှိတယ်” ဟုပြောသည်။
ကျန်သည့် မြို့နယ်များတွင်လည်း ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး ဝန်ထမ်းလိုအပ်ချက်နှင့် အခြား အခက် အခဲများလည်းရှိနေသည်ဟု လွေးယေဦး က ဆက်ပြောသည်။ ၎င်းက “တိုက်ပွဲအပြီးမှာ ကျန်းမာရေးဆေးရုံတွေကို ပြန်လည် ပတ်ဖို့ပြင်ဆင်နေတယ်။ မဖွင့်နိုင်သေးတဲ့ဆေးရုံတွေ ကတော့ အဆောက်အအုံတွေပြင်ဆင်တာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ် ယူထည့်သွင်းနေတာမျိုးတွေကြောင့် အချိန်ကြန့်ကြာနေတာဖြစ်ပါတယ်။ ဆေးရုံကဝန်ထမ်းတွေနည်းပါးသေးတယ်။ အဆောက် အအုံတွေပျက်စီးသွားတယ်။ အသုံးအဆောင်ပစ္စည်းတွေ ပျောက်ဆုံးသွားတာမျိုး၊ လိုအပ်တာတွေပြန်ရှာပြီး ဆောင်ရွက်နေတာ ရှိတယ်” ဟုဆိုသည်။ နမ္မတူဆေးရုံကို ပြီးခဲ့သည့် မတ်လကစ၍ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ထမ်း ၁၈ ဦးဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။ နမ့်ဆန်မြို့နယ်ဆေးရုံကို ဧပြီ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်း များလည်း လုပ်ဆောင်ပေးနေသည်ဟု TNLA ထံက သိရသည်။ Read ni full

၂၀။ မာန်အောင် သစ်ပုံရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ လူငယ်များကို အတင်းခေါ်ယူနေ
 April 9, 2024
ရခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာက လူငယ် ၁၀၀ ကျော်မှာ စစ်ကောင်စီ၏ ခြိမ်းခြောက် ပြောဆိုမှုကြောင့် စစ်မှုထမ်းရန် စာရင်းပေးလိုက်ရကြောင်း ရွာသားများထံမှ သိရသည်။  စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃၀ ကျော်မှာ ကျေးရွာအတွင်း တပ်စွဲပြီး လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူခြင်းကြောင့် မတတ်သာ၍ စာရင်းပေးလိုက်ရသည်ဟု ရွာသားတစ်ဦး ကပြောသည်။ “သူတို့က ရပ်ရွာကာကွယ်ရေးအတွက်ပဲလို့တော့ ပြောတယ်။ သူတို့ပြောလာတော့ ဘယ်သူကလွန် ဆန်နိုင်မှာလဲ။ ဒီတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင် လူငယ်ပိုင်းလေးတွေလည်း မနစ်နာရအောင် အဆင်ပြေလောက်မယ့်လူတွေကို စာရင်း သွားပေးခဲ့ရတယ်။ စာရင်းမှာ ပါတဲ့သူတွေက သူတို့စစ်မှုထမ်းချင်လွန်းလို့ စာရင်းပေးကြတာလည်း မဟုတ်ဘူး။ မတတ်သာလို့ သာ” ဟု ပြောသည်။ စာရင်းပေးခံရသည့် လူငယ်အများအစုမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၀ အတွင်းကပါဝင်ပြီး ရွာလူကြီး ထံမှတစ်ဆင့် စာရင်းပေးလိုက်ရသည်ဟု သိရသည်။
စစ်မှုထမ်းရန် လူစာရင်းမပေးပါက ရွာပြာကျသွားမည်ဟု သစ်ပုံကျေးရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်း ခြောက်ပြောဆိုနေကြောင်း ရွာသားတစ်ဦးကဆိုသည်။ “စစ်မှုထမ်းစားရင်းပေးရတဲ့ကိစ္စနဲ့  ရွာမှာစာကပ်ပြီးဆန္ဒထုတ်ဖော်တာ မျိုးဖြစ်ခဲ့တယ်။ ဘယ်သူကလုပ်တာလဲသေချာမသိပါဘူး။ စစ်တပ်အလိုမရှိဆိုတဲ့စာတွေနဲ့ပေါ့။ အဲ့ဒါကို စစ်ကောင်စီဖက်က သိသွားတော့ ရွာကိုလာပြီး ပြောတယ်။ ရွာပြာကျသွားချင်လားလို့ပြောတယ်” ဟု ပြောသည်။ သစ်ပုံကျေးရွာတွင် အိမ်ထောင်စု ၅၀၀ ခန့်ရှိပြီး မာန်အောင်မြို့နယ်က ကျေးရွာများမှာ စစ်မှုထမ်းရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ဖိအားပေးမှုများ နေသည်။  Read ni full

၂၁။ MSFR တပ်ကို လူငယ်ရာချီဆက်သွယ်လာ၊ အယောက် ၅၀ ကျော်ကို စစ်သင်တန်းပေးနေ
 April 9, 2024
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ မွန်ပြည်တော်လှန်ရေးတပ် (MSFR) ထံ နိုင်ငံတဝန်းက လူငယ်ရာနဲ့ချီ ဆက်သွယ်ခဲ့ပြီး လက်ရှိမှာ လူငယ်အယောက် ၅၀ ကျော်ကို စစ်ပညာသင်ကြားပေးနေတယ်လို့ MSRF ဆီကသိရ ပါတယ်။ မွန်ပြည်တော်လှန်ရေးတပ်ကို ဆက်သွယ်လာသူတွေဟာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ပြည်နယ်ဘက်က ဆက်သွယ်ခဲ့ပေမဲ့ နောင်တချိန်မှာ ပြည်နယ်တပ်အနေနဲ့ ဖွဲ့စည်းတည်ထောင်ဖို့အတွက် မွန်ပြည်နယ်အတွင်းနေထိုင်သူတွေကို သာ အဓိကခေါ်ယူသွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးတာဝန်ခံ ရဲဘော်တလနိုင် ကပြောပါတယ်။ အသက် ၁၈ နှစ် က နေ ၄၀ အကြား လူငယ်‌တွေကို စိစစ်ကာ MSRF တပ်ဖွဲ့က လက်ခံပြီး  အနည်းဆုံး နှစ်နှစ် စစ်မှုထမ်း ဆောင်ရမယ်လို့ ဆိုပါ တယ်။ မွန်ပြည်တော်လှန်ရေးတပ်ထံ ရောက်ရှိလာတဲ့ လူငယ်တွေကို MSRF စခန်းတည်ရှိရာနေရာမှာ အခြားတော်လှန်ရေး တပ် ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အခြေခံစစ်ပညာ သင်ကြားပေးနေတယ်လို့လည်း သိရပါတယ်။
သင်တန်းသားရဲဘော်တဦးက “ပထမ‌ကတော့ နိုင်ငံရေးက ကျနော်တို့နဲ့ မဆိုင်ဘူးဆိုပြီး နေခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီ က ၁၈ နှစ်ပြည့်တဲ့သူတွေကို စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးတဲ့အချိန်မှာ လူတော်တော်များများ ထိတ်လန့်ပြီးတော့ တချို့ ဆို ထိုင်းကို ပြေးရတယ်။ ကျနော်က တော်လှန်ရေးဘက်ကို ရွေးချယ်ပြီးတော့ အခုတပ်ထဲကို ရောက်လာတာဖြစ်တယ်။ တပ်ထဲ မဝင်ခင် ဘာတွေပြင်ရမလဲဆိုရင် စိတ်ဓာတ်ကပြင်ရပါမယ်။ တပ်ထဲ မဝင်ခင်က သာမာန်ပြည်သူတယောက်ဖြစ်ခဲ့ပေမဲ့ အခု တော်လှန်ရေးထဲသွားမယ်ဆိုလို့ရှိရင် ပြည်သူတွေအတွက် လုပ်ဆောင်ရမှာဖြစ်တယ်။ ခက်ခဲကြမ်းတမ်းမယ်ဒါကြောင့် စိတ်ဓာတ် ကို အရင်ပြင်ရပါမယ်။ စိတ်ဓာတ်တခုတည်းနဲ့ ကျနော်တို့ သွားလို့မရပါဘူး။ ကိုယ်လက်ကျန်းမာ ကြံ့ခိုင်သန်စွမ်းဖို့လည်း လိုပါ တယ်။ တော်လှန်ရေးထဲသွားမယ်ဆိုရင် ဘယ်လိုအခက်တွေ ဖြတ်သန်းခဲ့ရလဲဆိုရင် မိသားစုပေါ့။ တော်လှန်ရေးထဲသွားပြီး လက်နက်ကိုင်မယ်ဆိုရင် မိဘတွေကစိတ်ထဲက ပေးမသွားခြင်ပါဘူး။ ဒါပေမဲ့ ကျနော်ကတော့ ညာပြီးတော့ အများလိုပဲ ထိုင်းကို သွားမယ်ဆိုပြီး ထွက်လာတာဖြစ်တယ်။ အိမ်နဲ့သေသေချာချာ မနှုတ်ဆက်ခဲ့ရတာတော့ စိတ်မကောင်းဖြစ်မိတယ်။ တပ်ထဲ ရောက်တော့ အခက်အခဲက ကျနော့်အတွက်က အစားအသောက်ပေါ့။ စစ်သင်တန်းတက်တာက စစ်ကောင်စီတိုက်ဖို့၊ ကိုယ့် ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ပါ။ အကြမ်းဖက်စစ်ကောင်စီထံမှာ စစ်မှုထမ်းမယ့်အစား MSRF ထဲ ဆက် သွယ်ပြီးတော့ ကိုယ့်လူမျိုးရဲ့တာဝန်ကို ထမ်းဆောင်ဖို့လာကြပါလို့ ပြောခြင်ပါတယ်”လို့ ဆိုပါတယ်။ Read ni full

၂၂။ ကဏ္ဍစုံကနေ အာဏာရှင်ကိုတော်လှန်ဖို့ PNLA က တပ်သားသစ် ခေါ်ယူနေ
 April 8, 2024
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နိုင်ဖို့အတွက် တပ်သားသစ်တွေကို ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PNLA ) ကနေ ခေါ်ယူနေပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး စစ်အာဏာရှင်ကိုအမှန်တ ကယ် တွန်းလှန်တိုက်ခိုက်လိုသူတိုင်းကို လူဦးရေအကန့်အသတ်မရှိလက်ခံနေတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က ပြောပါတယ်။“ကျနော်တို့ ရဲဘော်အသစ်တွေကို လူမျိုးမရွေးဘာသာမရွေး အကန့်အသတ်မရှိလက်ခံနေပါတယ်။ ကန့်သတ် ချက်ကတော့ များများစားစားမရှိပါဘူး။ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ဖျက်ချင်တဲ့ အသက်လည်း ၁၈ နှစ် အနည်းဆုံးရှိ တယ်ဆိုရင်တော့ ကျနော်တို့ လက်ခံရရှိပါတယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ဝင်လာမည့် တပ်သားသစ်တွေအနေနဲ့ တိုက်ခိုက်ရေးအပြင် အခြားသော တော်လှန်ရေးကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင် နိုင်မှာဖြစ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။“ကျနော်တို့ တော်လှန်ရေးဆိုတာက တိုက်ခိုက်ရေးတစ်ခုတည်း မဟုတ်ပါ ဘူး။ တိုက်ခိုက်ရေး၊ ဆေးတာဝန်၊ ထောက်ပို့၊ နည်းပညာ စသဖြင့်ပေါ့နော် အများကြီးရှိပါတယ်။ အဲ့တော့ ကိုယ်နဲ့ ကိုက်ညီရာ ကိုယ်နဲ့ ဝါသနာပါရာ ကဏ္ဍတွေမှာ ဝင်ရောက်ပြီးတော့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်” လို့ သူက ဆက် ပြောပါတယ်။ ဆက်သွယ်ဝင်ရောက်လာသူတွေအနေနဲ့ PNLA ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ (PNLA News and Information) လာရောက် ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ပါဝင်ပေးကြဖို့ PNLA က ဖိတ်ခေါ်ထားပါတယ်။ Read ni full

၂၃။ ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်စခန်းတစ်ခု နေရာရွေ့ပြောင်းရ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ လိုအပ်နေ
April 8, 2024
ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်း တစ်ခုဟာ ယခု နွေရာသီကာလအတွင်းမှာ နေရာရွေ့ပြောင်းနေထိုင်မှာ ဖြစ်တဲ့အတွက် နေရာအသစ်မှာ နေထိုင်ဖို့ အမိုးအကာတွေ လိုအပ်လျှက်ရှိနေတယ်လို့ သိရပါတယ်။ ယခုလက်ရှိနေရာမှာ နေထိုင်တာဟာ အခက်အခဲတွေ ရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတာကြောင့် ကျန်းမာ ရေး အခြေအနေ အရေးပေါ်ဖြစ်နေသူတွေကို အချိန်မှီ ဆေးရုံ၊ ဆေးခန်း မပို့ဆောင်နိုင်ခဲ့ရာ အသက်သေဆုံးသူတွေ ရှိလာတဲ့ အတွက် ရွေ့ပြောင်းနေထိုင်ရခြင်း ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ကျနော်တို့ စခန်း ရွေ့ပြောင်းရတဲ့ အကြောင်းရင်းကတော့ မိုးတွင်းဆိုရင် ကျနော်တို့ ရိက္ခာသယ်ရတာ အခက်အခဲရှိတယ်။ ပြီးတော့ ကျန်းမာရေး၊ ပညာရေးလုပ်ဆောင်ရတဲ့အခါမှာ အရမ်းခက်ခဲနောက်ကျတာ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ရွေ့ပြောင်း ရခြင်း ဖြစ်ပါတယ်။ လူနာ အချိန်မှီ ကျနော်တို့မပို့နိုင်လိုက်တဲ့ လူနာတွေရှိတယ်။ ရေကြီးတာ၊ ချောင်းရေကြီးတာကြောင့် ကျနော်တို့ လူနာပို့တာ နောက်ကျတာတွေကြောင့် အသက်ဆုံးရှုံးတာတွေ ကြုံတွေ့ခဲ့ရတယ်။” လို့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေးအရေးပေါ် ဖြစ်ပွားတဲ့ လူနာတွေကို အချိန်မှီ ဆေးရုံ၊ ဆေးခန်း မပို့ဆောင်နိုင်ဘဲ အသက်ဆုံးရှုံးသွားရတဲ့ လူနာ ၅ ဦးအထိ ရှိလာပြီး တနေ့တည်းကို ၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိနေထိုင်ရာ စစ်ဘေးရှောင်စခန်းအထိ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အလှူရှင်တွေ ရောက်လာနိုင်ခြင်း မရှိ သလို စစ်ဘေးရှောင်လူထုများကိုယ်တိုင် စားနပ်ရိက္ခာ သယ်ယူရာမှာလည်း အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။ လူဦးရေ တစ်ထောင့်သုံးရာဝန်းကျင် ရွေ့ပြောင်းနေထိုင်ရမှာ ဖြစ်တဲ့အတွက် သက်ကြီးရွယ်အို၊ ကလေးငယ်တွေအတွက် ရွေ့ပြောင်းရေး မှာ ကူညီဆောင်ရွက်ပေးနိုင်တဲ့ ကားတွေအတွက် စက်သုံးဆီတွေလည်း လိုအပ်နေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။“အရင်က ကျနော်တို့ကို ပေးခဲ့တဲ့ မိုးကာတွေက တစ်နှစ်လောက်ရှိပြီပေါ့နော်။ ကျနော်တို့ ဖြုတ်လိုက်တာနဲ့ ပြဲကုန်တယ်၊ ယိုယွင်းပျက်စီးကုန်တယ်။ အဲ့လိုဖြစ်တော့ ကျနော်တို့ ဘယ်လိုဆက်နေသွားရမလဲဆိုတဲ့ အခက်အခဲမျိုးတွေ အများကြီး ကြုံတွေ့ ရတယ်။” လို့ စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။ Read ni full

 

၂၄။ ကျောက်စိမ်းခိုးယူသည်ဟုစွပ်စွဲပြီး ကုမ္ပဏီတာဝန်ရှိသူများက ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးApril 8, 2024
ကျောက်စိမ်းခိုးယူသည်ဟု စွပ်စွဲပြီး ကျောက်စိမ်းကုမ္ပဏီက ဖမ်းဆီးရိုက်နှက်ခဲ့သည့်ဝန်ထမ်းတစ်ဦး ရိုက်နက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း သိရသည်။ ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာ မီးသတ်ရုံးအနီးရှိ ကချင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ (KNDPC) က ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည့် ဝန်ထမ်းတစ်ဦးမှာ နောက်တစ်ရက်တွင် သေဆုံးသွားသည်ဟု ရှရော်ခကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ “နေ့လယ်ပိုင်းလောက်မှာသေသွားတာ။ သေဆုံးသွား ပြီဆိုတာကိုတော့ မိသားစုတွေထံ အကြောင်းကြားပေးတယ်လို့ပြောတယ်။ လျော်ကြေးက သိန်း ၃၀ ပဲပေးတယ်တဲ့။ ရိုက်ရင်း လက်လွန်သွားတာ ဟုတ်တယ်။ ကုမ္ပဏီကလူကြီးတွေ လုပ်ခိုင်းလို့ လုပ်ရတာလို့သိရတယ်” ဟုပြော သည်။ သေဆုံးသူမှာ အသက် (၃၁) နှစ်ခန့်အရွယ် ဦးအောင်တင်ထွေး (ခေါ်) ဂွတို ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် ရိုက်နက်ခံထားရသောကြောင့် အညိုအမဲစွဲနေသည့် ဒဏ်ရာများနှင့် အရေပြားလှန်နေသည့် ဒဏ်ရာများရရှိထားသည်ကို တွေ့ရသည်။

ဦးအောင်တင်ထွေး(ခေါ်)ဂွတို သေဆုံးမှုကြောင့် ကုမ္ပဏီဝန်ထမ်းအချို့က အလုပ်မှ နှုတ်ထွက်ရန် ပြောဆိုနေကြပြီး သံသယရှိ ဖမ်းဆီးခံထားရသူများ ရှိနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးကပြောသည်။ “အခု သူတို့က တော ဘက်က ဖမ်းသလိုပုံစံနဲ့ ကုမ္ပဏီထဲမှာထားထားတယ်။ သံသယရှိတဲ့သူအကုန်ခေါ်ပြီး မေးလိုက်၊ ရိုက်လိုက်နဲ့။ အခုလည်း အဆောင်ထဲမှာ ကျန်သေးတယ်။ အပြင်ဘက်ကနေသော့ခတ်ထားပေးတာ”ဟုပြောသည်။ The Red News Agency သတင်းဌာန တွင် ဖော်ပြထားသည့် ရုပ်သံအရ အဆိုပါကုမ္ပဏီတွင် ကျောက်စိမ်းခိုးသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ဝန်ထမ်း အချို့ရှိပြီး ထရံဖြင့်ဆောက်လုပ်ထားသော အဆောင်တစ်ခုတွင် သော့ပိတ်ကာ ထည့်ထားသည်ကိုတွေ့ရပြီး ပိတ်လှောင်ခံထားရ သည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်းပြောသည့် အသံများလည်းပါဝင်သည်။ ဖမ်းဆီးပိတ်လှောင်ခံရထားသည့်အကြောင်းအရင်းနှင့် လူဦးရေမည်မျှရှိသည်ကိုမသိရှိရပါ။ ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(KNDPC)က ဖားကန့်မြို့နယ်တွင် လုပ် ကွက်ဆိုဒ်ခွဲများစွာရှိပြီး သေဆုံးသူအတွက် ကုမ္ပဏီဘက်မှလျှော်ကြေးငွေ ကျပ်သိန်း ၉၀၀ ပေးခဲ့သည်ဟု ဒေသတွင်းသတင်းရင်း မြစ်များထံက သိရသည်။ Read ni full

၂၅။ ရခိုင်မြောက်ပိုင်းရှိ လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က စားနပ်ရိက္ခာ ‌‌‌‌‌‌‌ဖြန့်ဝေပေး
April 8, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးပေါ်ကယ် ဆယ်ရေး စားနပ်ရိက္ခာအကူအညီတွေ ‌‌‌‌‌‌‌ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း United Nations Myanmar က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကနေ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံကို ပြင်းထန်လာတဲ့ တိုက်ပွဲ တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုတွေကြားမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီတွေ ‌‌‌‌‌‌‌ဖြန့်ဝေပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခဒဏ်ကို ခံစားနေရကြရသူတွေဟာ အခုချိန်မှာ အလိုအပ်ဆုံးဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ အာဟာရ အကူအညီတွေကို ရရှိခဲ့ကြပြီး တစ်တပ်တစ်အားကူညီပေးခဲ့ကြတဲ့ ရပ်ရွာစေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာလည်း ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ ‌မြောက်ပိုင်းတို့မှာ WFP အနေနဲ့ ဆက်လက်ပြီး ရိက္ခာအထောက်အပံ့ တွေ ဖြန့်‌‌‌‌‌‌‌‌ဝေသွားဖို့ စီစဉ်ထားပြီး လက်ရှိရခိုင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ တိုးများလာတာနဲ့အတူ အရင်က စားနပ် ရိက္ခာဖူလုံခဲ့ သူ တွေပါ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့လာနေရတဲ့ အခြေအနေဖြစ်နေပါတယ်လို့ သိရပါတယ်။ WFP အနေနဲ့လည်း အကူ အညီလိုအပ်နေသူတွေထံ သွားရောက်ကူညီနိုင်ရေး အခက်အခဲတွေကြားထဲက အကန့်အသတ်ရှိနေတဲ့ အရင်းအမြစ်တွေကို သုံး ပြီး ရခိုင်ပြည်နယ်တစ်ဝန်းသာမက မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်သူတွေရှိတဲ့ ဘယ်နေရာအတွက်မဆို အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ အသိပေးထားပါတယ်။ Read ni full

၂၆။ KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေဆဲ
April 8, 2024
ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ KIA က စခန်းသိမ်းတိုက်ပွဲ အဖြစ် တိုက်ပွဲဆင်နွှဲပြီးသိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်တံတားအနီး ဒါဆိုင်း၊ ခူးလီနဲ့ နောင်လိုက် တစ်ဆက်တည်းရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၈ ရက်နေ့က မနက်ပိုင်း Y – 12 လေယာဉ်နဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။“ဒီကနေ့မနက်အစောပိုင်း ၄ နာရီလောက်မှာ တက်လာတဲ့ လေယာဉ်က ဒါဆိုင်း၊ ခူးလီ၊ နောင်လိုက် ဒီတစ်ကြောကို တပြိုင်နက် ပစ်သွားတယ်။ ပစ်တဲ့ ပုံစံကလည်း လှည့်ပြီးပစ် ၄ ၊ ၅ ၊ ၈ ကြိမ်လောက် ပစ်သွားတယ်။ တခြားထိခိုက်တာတွေတော့ သေချာတော့မသိသေးဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေက KIA နဲ့ PDF ပူးပေါင်းတပ်တွေရှိနိုင်တဲ့ နေရာဘက်ကို ဦးတည်ပြီး လာရောက်ပစ်ခတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒါဆိုင်း နဲ့ တစ်ကြောရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော နေရာတွေမှာ ပုံမှန်လာရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။
ဧပြီလ ၇ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအထက် ဝရှဂါးဘွမ့် (Wa Shaga Bum) နေရာမှာ စစ်ကောင်စီတပ်အပါ ဝူယာန်ပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တို့ကြား နေ့လည်ပိုင်းမှာ တိုက်ခိုက်ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနား ဘက်ကနေ ဂျက်လေယာဉ် ၂ စီး၊ Y- 12 လေယာဉ်အမျိုးအစားနဲ့ တစ်နာရီလောက်အကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ် ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIA တပ်ရင်း ၁၁ နယ်မြေဘက်ကိုလည်း စစ်ကောင်စီတပ်တွေက ဧပြီလ ၆ ရက်နေ့ ည ၁၁ နဲ့ ၁၂ နာရီဝန်းကျင်ကြားမှာ ၄ ၊ ၅ ကြိမ်ထက်မနည်း လှည့်ပတ်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်လာပြီဖြစ်တဲ့ မြစ်ကြီးနား – ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲ နေရာမှာ လည်း စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင် နေသေးတယ်လို့ ဒေသခံတွေ က ပြောပါတယ်။“အခုကတော့ နားနားပြီးပစ်နေတယ်။ KIA က တစ်ခါတိုက်လိုက်တိုင်း သူတို့ဘက်က တိုက်တဲ့အခါတိုင်း ပြန် ပြန်တိုက်နေတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာပစ်တယ်။ တစ်ရက်ကိုအနည်းဆုံးတစ်ကြိမ်တော့လာပစ်တယ်။ အဲဒါကြောင့် KIA ဘက်လည်း သိမ်းနိုင်ဖို့ခက်နေသေးတယ်လို့ပြောတယ်”လို့ပြောပါတယ်။ Read ni full

၂၇။ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသားတွေ ဆေးဝါးကုသမှုမရ
 April 9, 2024
ကရင်နီပြည်၊ လွိုင်ကော် အကျဥ်းထောင်မှာ အကျဥ်းကျခံနေရသူတွေဟာ ဆေးဝါးကုသမှုတွေ မရရှိကြဘူးလို့ အကျဥ်း ထောင်နဲ့ နီးစပ်သူတွေကပြောကြပါတယ်။ အကျဥ်းထောင်မှာ ဆရာဝန်တွေရှိနေပေမယ့် အကျဥ်းသားတွေကို ကျန်းမာရေးစောင့် ရှောက်မှုမပေးဘူးလို့ ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ထားဖိုးက ပြောပါတယ်။“အခုထောင်ထဲမှာက ဆေးဝါးတွေ ပြတ်လပ်နေတယ်။ နောက်တစ်ချက်က ဖျားနာတဲ့အချိန်မှာ လာကြည့်ပြီးတော့ ကုသပေး မယ့်ဆရာဝန် ရှိတော့ ရှိတယ်။ သို့ပေမယ့် လာပြီးတော့ ကြည့်ရှုကုသပေးခြင်း မရှိတဲ့ အခြေအနေ ရောက်နေတယ်ပေါ့နော။”လို့ ထားဖိုးက ပြောပါတယ်။ လက်ရှိ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသား ၅၀၀ ဝန်းကျင်ရှိနေပြီး နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ပါရှိတယ်လို့ သိရပါတယ်။ အကျဥ်းကျခံနေရစဥ် အမျိုးသမီးတွေလည်း မီးဖွားရာမှာလုံလောက်တဲ့ ကျန်းမာရေးစောင့် ရှောက်ခွင့်တွေ မရရှိဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အထဲမှာကိုယ်ဝန်လစေ့လို့ မွေးရရင်လည်း ဆေးရုံမှာ ရဲမေ ၂ယောက်က လက်တဖက်ကို လက်ထိပ်ခတ်ခံရပြီး မိခင် က မွေးရတယ်။ ၂ ရက် နေ တန်းဆင်းခိုင်းပြီး အချူပ်ထဲမှာ အိပ်ယာကျပ်ကျပ်နဲ့ အများနဲ့နေရတော့ ကလေးကောမိခင်ကော မီး လည်းမနေရပဲ အခင်းပါးပါးနဲ့ ခက်ခက်ခဲခဲနဲ့ နေရတဲ့ အဖြစ်ပေါ့။ မိခင်က မွေးဖွားပြီးလည်း ကျန်းမာရေးစောင့်ရှောက်ခွင့် ဆုံးရှုံးပြီး မီးယပ်ချမ်း ထနိုင် တဲ့အခြေအနေနဲ့ နေရတာပေါ့။ မီးနေသည် တယောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မူကောင်းကောင်းမရဘူး ပေါ့။”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။“ကျနော်တို့က အချိန်ပြည့် ICRC တို့ UNOCHA တို့ကို တောင်းဆို နေတဲ့ဟာတွေ ရှိသော်ငြားလည်း တစ်ဖက်ကနေ ပြန်လည် လက်တွေ့ကျတဲ့ action ပိုင်းမှာ ကျနော်တို့ တွေ့မြင်ရခြင်းမရှိဘူး။ မီဒီယာကနေလည်း ကျနော်တို့ အမြဲတမ်းဖြေကြားလေ့ရှိတယ်ပေါ့နော။ အခြေအနေအရပ်ရပ်ကြောင့် ဒီနိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့ကို လှည့်မကြည့်နိုင်တာလား။ ကျနော်တို့ မသိဘူး။ သို့ပေမယ့် ဒီနိုင်ငံရေးအကျဥ်းသား ကဏ္ဍက နိုင်ငံရေးလှုပ် ရှားမှု ကွင်းပြင်ထဲမှာ မီးမှိတ်နေတဲ့ အနေအထားမှာရှိတယ်။” ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က ပြန်ကြားရေးတာဝန်ခံ ထားဖိုးက ပြောပါတယ်။ Read ni full

၂၈။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ အထူးသင်တန်း အောင်မြင်စွာပြီးဆုံး
 April 6, 2024
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့က သင်ကြားပို့ချပေးသည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာ ရပ်များ အထူးသင်တန်းကို ဧပြီလ ၅ ရက်နေ့က အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့၏ မူဝါဒနှင့်ဖွဲ့စည်းပုံ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးများ သိသင့်သိထိုက်သည့် ရဲလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ခေါင်း ဆောင်မှုပိုင်းဆိုင်ရာပညာရပ်များ သင်ကြားပို့ ချသည့် အထူးသင်တန်းကို မတ်လ ၂၈ ရက်နေ့က စတင်ခဲကြပြီး မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးများ၊ ဒုတိယမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့မှူးများနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးများတွင် အဓိကတာ ဝန်ထမ်းဆောင်ကြသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၆)ဦး တက်ရောက်ခဲ့ကြပါသည်ဟု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
အဆိုပါသင်တန်းကာလတွင် လူကိုယ်တိုင် မတက်ရောက်နိုင်သည့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် Zoom မှ တဆင့် တက်ရောက်ခဲ့ကြပြီး ဧပြီလ ၅ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲချုပ်၊ ရဲရေးချုပ်နှင့် ရဲလေ့ကျင့်ရေးချုပ်များ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။  ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် ချင်းပြည်နယ်၏ မြို့နယ်အသီးသီးရှိ ဒေသ/နယ်မြေ ရဲစခန်းမှူးများ၊ အမှုစစ်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ အပါအဝင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအားလုံးတို့၏ ရဲလုပ်ငန်းပိုင်းဆိုင်ရာစွမ်းရည်မြှင့်တင်နိုင်ရေး အတွက် အထူးသင်တန်းများ ဆက်လက် ဖွင့်လှစ်သွားမည်ဟုသိရသည်။ Read ni full

၂၉။ ကလေးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ လူတစ်သောင်းနီးပါး ထွက်ပြေး
 April 9, 2024
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဆည်ကြီး၊ မော်စီ၊ ငှက်ပျော တော၊ ဟံသာ၊ ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွှဲ၊ နန်းချောင်း၊ ပြည်တော်သာနဲ့ ညောင်တော စတဲ့ရွာတွေက ဒေသခံတွေ ထွက် ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။“စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့အပတ်ကစလို့ ထိုးစစ်ဆင်လာတာ အခုလော လောတယ်က ကျွန်တော်တို့ မြောက်ပိုင်းဘက်က ရွာတွေ ထွက်ပြေးနေကြတယ်။ နီးစပ်ရာ တောတောင်တွေတချို့က ဆွေမျိုး တွေဆီနဲ့ ချင်းတောင်ဘက်ကို ရှောင်ကြတယ်” ကလေးမြို့နယ် မြောက်ပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ် တောက်ခံထားရတယ်လို့ သူက ဆိုပါတယ်။
ဧပြီလ ၅ ရက်နေ့ကစလို့ ကလေးမြို့ မြောက်ပိုင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေပြီး ငါးရက်တွင်း လက်နက်ကြီးကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလကုန်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။ Read ni full

၃၀။ မိုင်းယောင်းမြို့ “နဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
  April 8, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “နဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေး အနီး ဖွင့်လှစ်ထားသည့် “နဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ် (၄) ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာ ပြီး အနီးပတ်ဝန်းကျင်ကို သေနတ်ပစ်ခတ် ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို ဓားပြတိုက် လုယူသွားခဲ့ကြောင်း မိုင်းယောင်းမြို့ဒေသခံများကပြောသည်။“ဆိုင်ကယ်နှစ်စီးနဲ့ အားလုံး ၄ ယောက်လာတာမျက်နှာတောင်မအုပ်ထားဘူး။ ဆိုင်ရှင် လည်း အဝတ်ဆိုင်နောက်မှာ ဝင်ပုန်းတာတောင် လိုက်ပစ်ခံရပြီး ခြေထောက်ကို သေနတ်ကျည်မှန်သွားတယ်။ မိန်းကလေး တစ်ယောက်က အိမ်မှာနေရင်း သွားကြည့်မိတာ၊ သေနတ်ပစ်ခံရပြီးတော့ ဆုံးသွားတယ်။ ရွှေထည့်ထားတဲ့ ကတ္တပါဗန်း ၃ ဗန်း ပါသွားတယ်”ဟု မိုင်းယောင်းမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
 “ဆုံးသွားတဲ့တစ်ယောက်က ရွှေဆိုင်က မဟုတ်ဘူး၊ ဘေးအိမ်မှာ ဖိနပ်ဆိုင်ဖွင့်တဲ့ အမျိုးသမီးလေး။ သူက သမီးလည်း ၂ ယောက်ရှိတယ်၊ တစ်ယောက်က လသားအရွယ် နို့စို့ကလေးပဲ ရှိသေးတာ။ ဓားပြ ၄ ယောက်လုံးက သေနတ်ကိုင်ပြီး လမ်းပေါ် ထွက်လာတဲ့ လူတွေကို လျှောက်ပစ်တော့ သူ့ကို သေနတ်ကျည်ဆံ မှန်သွားတာ” မိုင်းယောင်းမြို့မှ ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။ မိုင်းယောင်းမြို့ရှိ “နဝရတ်”ရွှေဆိုင်ကို ‌ သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဓားပြတိုက်ခံရမှုကြောင့် ရွှေထည်ပစ္စည်း များ ထည့်ထားသည့် ကတ္တပါဗန်း ၃ ဗန်း လုယူခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက ပြောသည်။ လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည့် သေနတ်ကိုင်ဆောင်သူ ၎င်းလူငယ် (၄) ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။ Read ni full

၃၁။ ထောင်တွင်း နိုင်ကျဉ်းသေဆုံးမှု မြင့်တက်၊ ၃ လအတွင်း ၁၀ ဦးသေဟု AAPP ထုတ်ပြန်
 April 8, 2024
အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုနှုန်းတွေ မြင့်တက်လာပြီး အခုနှစ် ဇန်နဝါရီလကနေ မတ်လ အထိ သုံးလတာအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထိ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားရှစ်ဦး ပါဝင်နေပြီး အများစုကတော့ လုံလောက် တဲ့ ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာ လုယူပြီးနောက် နိုင်ငံတဝန်း စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားခုခံကာကွယ်ရေးတပ်တွေကြား ကျယ် ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ကျန်ရှိခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ စစ်လက်နက် ခဲယမ်းတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် များပြားလာပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ သုံးလတာ ကာလအတွင်း စစ်အုပ်စု မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ခုနစ်ယောက်ကို AAPP က မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်းမှာတော့ စစ်တပ်အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၄,၈၆၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၃၁၇ ဦး လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၉၀၈ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ သေဒဏ်ချ မှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၃ ဦး ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦး ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ် မြောက်လာသူ ဦးရေကတော့ ၆,၁၇၃ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ Read ni full

၃၂။ စစ်အာဏာရှင်ကို မွန်အဖွဲ့အစည်း ၃ ခု ပူးပေါင်းတိုက်ခိုက်မည်
  April 8, 2024
စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ကာကွယ်ရေးတပ် (MSDF) တို့ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဧပြီ ၇ ရက်မှာ ပူးတွဲကြေညာပါတယ်။ မွန်လူမျိုး တွေ ဦး‌ဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားဖို့ MSFC ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ဆုံးဖြတ်ခဲ့ပြီး ခုလို ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။ “MSFC ရဲ့ ဒုတိယညီလာခံကနေ ဆုံးဖြတ်ခဲ့တာပါ။ MSDF အပြင် တခြား မွန်လက်နက်ကိုင်‌တွေ စာရေးပို့ထားတာ ရှိပါတယ်။ တချို့အဖွဲ့ တွေလည်း စကားပြောနေဆဲ အခြေအနေ ရှိပါတယ်။ ပူးပေါင်းနိုင်ဖို့ကို ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” မွန်ပြည် ဖက်ဒရယ်ကောင်စီက မွန်ကာကွယ်ရေးတပ်ကို ရိက္ခာ၊ ဆေးဝါးတွေနဲ့ ဒဏ်ရာရရှိတဲ့ ရဲဘော်တွေကို ဆေးကုသမှု လုပ်‌ဆောင်ပေး တာ စတဲ့ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်သူတွေ လိုလားတဲ့ မွန်တော်လှန်‌ရေးအဖွဲ့အစည်းတွေ ပေါင်းစည်းဖို့အတွက် ပထမအဆင့်အနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားရေး ရပ်တည်ချက်ချင်းတူတဲ့ MSFC၊ MSRF တို့နဲ့ ပူးပေါင်းခဲ့တာ‌လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။“ကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ မွန်နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမှာပါ။ ဘုံရန်သူ‌ကို တိုက်ခိုက်တဲ့နေရာမှာ တဖွဲ့ချင်း စတိုက်မယ့် အစား မွန်လက်နက်ကိုင်အကုန်လုံး ပေါင်းတိုက်မယ်ဆိုရင် မျှော်မှန်းထားတာတွေ လွယ်လင့်တကူရမှာပါ။ မွန်ပြည်သူတွေ လိုချင်တာကလည်း မွန်လက်နက်ကိုင်တွေ တစုတစည်းတည်း မြင်ချင်တာပါ။ အဲဒီအတွက် ပူးပေါင်းခဲ့တာပါ။” လက်ရှိမှာ MSDF နဲ့ MSRF တို့ဟာ အခြေခံစစ်သင်တန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အတူတကွလုပ်ဆောင်ဖို့၊ စစ်ဘက်ဆိုင်ရာ သတင်းအချက် အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေ အပြန်အလှန် ဖလှယ်သွားဖို့၊ စစ်ဆင်ရေးတိုက်ပွဲတွေ ဖြစ်ပေါ်လာပါက မဟာမိတ် အနေနဲ့ အတူတကွ တိုက်ပွဲဝင်သွားဖို့ သဘောတူခဲ့ပါတယ်။ Read ni full

၃၃။ မောင်တောမြို့ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
  April 8, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်‌ကောင်စီတပ်က စစ်အင်အားဖြည့်တင်း‌နေသည်ဟု ဒေသခံများထံက သိရသည်။ မောင်တောတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်အောက်ခံဝန်ထမ်းတချို့ ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်အနေဖြင့် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ မောင်တောဒေသခံ ၁ ဦးက”ရေလမ်းကနေပို့နေတာတွေ့ရတယ်။ ပြည်မဘက်ကရော စစ်တွေ ကရောပို့နေ​တာလို့ပြောကြတယ်​။ အုပ်ချုပ်ရေးမှူး ထွက်ပြေးပြီးမှ အင်အားဆက်တိုက်ဖြည့်နေတယ်”ဟုဆိုသည်။ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက် ညအချိန်တွင် ထွက်ပြေးသွား ခြင်းဖြစ်သည်ဟု ဒေသခံ များထံကသိရသည်။ လက်ရှိတွင်မောင်တောမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီး ဒေသခံအများအပြာသည် လည်း မြို့အား စွန့်ခွာထွက်ပြေးနေကြဟု မောင်တောမြို့ခံ ၁ ဦးကပြောသည်။ ၎င်းက “မောင်တောမြို့ပေါ်မှာ ရခိုင်တွေက အိမ် စောင့် လောက်ပဲကျန်တော့တယ်။ တချို့ကျန်ခဲ့တာက ခရီးစရိတ်မတတ်နိုင်လို့ကျန်တာတွေရှိတယ်။ အကုန်လုံးနီးပါးမြို့ကိုစွန့် ခွာနေကြပါတယ်။ မြို့ပေါ်ထိတိုက်ပွဲ​တွေရှိနေ​​တော့အကုန်လုံးကတိမ်းရှောင်နေကြပါတယ်”ဟု ဆိုသည်။
မောင်တောတွင် အင်တာနက်ပြတ်တောက်နေပြီး ကုန်စျေးနှုန်းမြှင့်တက်နေသည့်အတွက် ဒေသခံများအခက်အခဲ အမျိုး မျိုးကြုံတွေ့နေကြသည်။ စစ်ကောင်စီတပ်က မောင်တောမြို့ပေါ်ရှိ ခရိုင်ပြည်သူ့ဆေးရုံအား ပြီးခဲ့သည့် မတ်လကစ၍ တပ်စခန်း ချရန်အတွက် ဆေးရုံအားပိတ်ခဲ့သည်။ မောင်တောတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွား နေပြီး AA က နယ်ခြားစောင့် စခန်းအများအပြားအား သိမ်းပိုက်ထားသည်။ ထို့ပြင် ကျန်ရှိနေသည့် ကြိမ်ချောင်းစခန်းကဲ့သို့ လက်ကျန် စခန်းများကိုလည်း ထိုးစစ်များဖြင့် ဆက်လက် တိုက်ခိုက်နေသည်ဟု AA က ပြီးခဲ့သည့် ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ Read ni full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button