သတင်းဆောင်းပါး

စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူနေမှုဒုက္ခများ

စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူနေမှုဒုက္ခများ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

မတ် ၂၅၊ ၂၀၂၄

မင်းကျော်ဖေ | သတင်းဆောင်းပါး

“ဒီမြေကွက်လပ်လေးဌားပြီး မိသားစုငါးစုလောက်စုပေါင်းနေကြတယ်၊ အိမ်ခန်းတွေကို ဝါးနဲ့အကုန် ဆောက်ထား တယ်။ စားသောက်စရာကတော့ အိမ်ကထွက်လာတုန်းကယူလာတဲ့ ဆန်၊ ဆီ၊ အခြောက်အခြမ်းလေးတွေ ချက်စားကြတယ်။ လူဦးရေကတော့ အားလုံးပေါင်း ကလေးလူကြီး၃၂ယောက် ရှိတယ်။ ဒီမှာနေတာတော့ တစ်လကျော်ပြီ၊ လောလောဆယ်အလုပ်တော့မရှိသေးဘူး”လို့ စစ်ဘေးရှောင်စခန်းမှာ တွေ့ရတဲ့ အဘွားဒေါ်ညိုက ပြောပါတယ်။

အခုစစ်ဘေးရှောင်လာတဲ့သူတွေအားလုံးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကနေ တောင်ကြီးမြို့နဲ့ တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတချို့မှာလာရှောင်နေကြသူတွေ ဖြစ်ကြပါတယ်။

၂၀၂၄ခုနှစ်၊ ဖေဖော်ရီလအတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)ပူးပေါင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)နဲ့ အခြားပူးပေါင်း တော်လှန်ရေးအဖွဲ့တွေ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲများ ယနေ့ထိဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)နဲ့ပူး ပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဆီဆိုင်မြို့ကိုထိန်းချုပ်ထားပြီးနောက်ပိုင်း ဆီဆိုင်မြို့နဲ့ အနီးအနားကျေးရွာများကို အာဏာသိမ်းစစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့က လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူတချို့ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြားဘုန်းတော်ကြီးကျောင်းတွေနဲ့ ကျေးရွာတွေအတွင်း စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးလာကြဲတာတွေကြောင့် ဆီဆိုင်မြို့နဲ့ အနီးအနား ပတ်ဝန်းကျင်ရွာတွေက ပြည်သူတွေဟာ နေအိမ်တွေမှာမနေဝံ့ကြတော့ပဲ တောင်ကြီးမြို့နဲ့ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတွေဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးဒုက္ခသည်အဖြစ် ဒီကနေ့အထိ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။

ကရင်နီ(ကယား)နဲ့ ရှမ်းပြည်တောင်ပိုင်း နယ်ချင်းဆက်ဒေသများနဲ့ ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာလည်း စစ်ပွဲများကြောင့် စစ်ဘေးရှောင်နေသူ လူဦးရေသောင်းချီရှိပါတယ်။ ရက်ပိုင်းအတွင်း ပင်လောင်းနယ်ဆောင်းပြောင်းဒေသဘက်မှာ တိုက်ပွဲတွေပြန်ဖြစ်ပွားနေပြီး နောက်ထပ်စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေတယ်။ နောက်ဆုံးသတင်းတွေအရ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေပိတ်ပြီး ဝန်ထမ်းတွေလုံခြုံရေးအရ တောင်ကြီးမြို့ပေါ်ပြောင်းရွေ့နေကြပြီလို့ သိရပါတယ်။

အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့အတူ အရင်ရောက်နေတဲ့ စစ်ဘေးရှောင်တွေကော၊ အခုထပ်တိုးလာတဲ့ စစ်ဘေးရှောင်နေရသူများပါ နေရေးစားရေးနဲ့ အိမ်ပြန်နိုင်ရေးတွေအတွက် အဖြေခက်နေဦးမယ့် အခြေအနေ ဖြစ်နေဆဲဖြစ်ပါတယ်။

“ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီဒေသတွေအပါအဝင် တစ်နိုင်လုံးနီးပါး ဖြစ်ပွားနေတဲ့ တော်လှန်ရေးစစ်ပွဲတွေ တော်တော်နဲ့ ပြီးဆုံးသွားမယ်လို့ မမြင်မိဘူး။ ဘာကြောင့်လည်းဆိုတော့ တစ်ဖက်နဲ့တစ်ဖက်အပြတ်အသာစီး ရသွားတယ်လို့ ပြောရခက်တဲ့အနေအထားတွေရှိတော့လေ။ တချို့နေရာတွေမှာ တော်လှန်ရေးဘက်က ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေ ရှိတယ်။ ဒါပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်၊ လက်နက်ကြီးရန်ကလည်း ရှိပြန်သေးတယ်။ ဒီတော့ဟိုဘက်ကချလိုက်၊ ဒီဘက်ကပြန်ချလိုက်နဲ့သွားနေတယ်။ ဒါကြောင့်ထိခိုက်ပျက်စီးမှု တွေက ရှိနေတုန်းဆိုတော့ ပြည်သူတွေကခံကြရဦးမှာ။ ကိုယ့်နေရာဒေသ၊ ကိုယ့်အိမ်လည်း ပြန်မနေရဲကြသေး ဘူးလေ။ လယ်ယာစိုက်ပျိုးရေးနဲ့ အခြားအသက်မွေးလုပ်ငန်းတွေလည်း ပြန်လုပ်လို့မရသေးဘူးဖြစ်နေဦးမှာပဲ။ ဒီလိုအခြေအနေတွေဆက်ဖြစ်နေဆဲဆိုရင်တော့ နေရပ်ပြန်ရေးကစောနေသေးတယ်လို့ ပြောရမယ်”လို့ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့က စစ်ရေးနိုင်ငံရေးအမြင်ရှိသူတစ်ဦးက စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်ပြီးသုံးသပ်ပြောဆိုပါတယ်။

စစ်ဘေးရှောင်တွေဘက်မှာတော့ တချို့စစ်ဘေးရှောင်တွေဆို နှစ်ပေါက်အောင်ကြာနေကြပြီ။ နေစရာအိမ်တွေ မီးလောင်ပျက်စီးသွားသူ၊ နေအိမ်ရှိပစ္စည်းတွေအခိုးခံရလို့ အခွံကြီးပဲကျန်ခဲ့သူတွေ၊ ရောက်တဲ့ဒေသမှာ ရရာအလုပ်လုပ်ပြီး ဝမ်းရေးဖြေရှင်းနေရသူတွေ အမျိုးစုံရှိကြတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ အိမ်ဌားပြီး နေနိုင်ကြပေမယ့် အများစုကတော့ ‌ငွေကြေးမတတ်နိုင်ကြတော့ အခုထိစစ်ဘေးရှောင်စခန်းတွေမှာ နေနေရပြီး အလုပ်လုပ်ချင်ပေမယ့် ခေါ်ခိုင်းမယ့်သူမရှိတာတွေနဲ့ တခါတရံတော့အလုပ်ရပြီး လုပ်နေသူတွေရှိတယ်လို့ စစ်ဘေးရှောင်တွေဆီကပြန်ပြောပါတယ်။

“စစ်ရှောင်စခန်းမှာလာလှူတဲ့လူတွေရှိပေမယ့် ခေတ်အခြေအနေအရ စီးပွားရေးလည်းကြပ်တည်းတော့ အလှူရှင် အမြဲတမ်းမရှိနိုင်ဘူးလေ။ နေရတဲ့အချိန်ကလည်း ကြာလာပြီဆိုတော့ အခက်အခဲတွေများပါတယ်”လို့ စစ်ဘေးရှောင်နေရတဲ့ ဦးအုန်းမောင်က ပြောပါတယ်။

မြန်မာနိုင်ငံအဝှမ်းဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီ)နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲများနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ လူဦးရေက သိန်းချီရှိနေပြီဖြစ်ပါတယ်။ ဒါအပြင်အခုနောက်ဆုံးထုတ်ပြန်ထားတဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်း မနေရဥပဒေကြောင့် ထွက်ပြေးနေရသူတွေပါ ထပ်တိုးလာနေပါတယ်။

“ဒီလိုရေရှည်စစ်ဘေးရှောင်နေရမယ်လို့ မထင်ခဲ့ဘူး။ အခုဒီရွာမှာအိမ်ဌားနေတာ တစ်နှစ်ကျော်ပြီလေ။ ရောက်စက အိမ်ကပါလာတဲ့ဆန်ဆီစတဲ့ စားသောက်ရိက္ခာတွေနဲ့ နေလို့စားလို့ရသေးတယ်။ ကြာတော့လည်း ပါလာတဲ့စားသောက်စရာအပြင် ရွှေတိုရွှေစတွေထုခွဲရောင်းသုံးရတယ်။ အခုတော့ ရောင်းစရာလည်းကုန်ပြီ။ အဲဒီတော့ရွာထဲကလူတချို့နဲ့ ဆက်စပ်မိပြီးရရာအလုပ်ဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်။ အေးချမ်း ရင်တော့ ကိုယ့်ဒေသပြန်နေပြီး လုပ်ကိုင်စားချင်ပါတယ်”လို့ ကယားပြည်နယ်ကနေ တောင်ကြီး မြို့နယ်ထဲ က ကျေးရွာတရွာမှာ စစ်ဘေးလာရှောင်နေသူတစ်ဦးက ပြောပါတယ်။

နောက်ထပ်လည်းဒေသတချို့မှာ စစ်ရေးတွေအရှိန်မြင့်လာဖို့ရှိနေသလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်တပ်တို့ အဖြေတစ်ခုထွက်သည်အထိ တိုက်ပွဲတွေဆက်ဖြစ်နေကြဦးမှာက မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ အဲဒါနဲ့အတူစစ်ဘေးရှောင်ပြည်သူတွေ တိုးလာဦးမှာလည်း အမှန်ပဲဖြစ်ပါတယ်။   ။

(စစ်ဘေးရှောင်ပြည်သူတွေ လုံခြုံရေးအရ နာမည်လွှဲရေးထားပါတယ်)

Related Articles

Back to top button