သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

သုံးလတာ ကာလအဖြစ်အပျက်များ (၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၄ ဇန်နဝါရီ (၃)လအတွင်း အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများကို အောက်ပါအတိုင်း စုစည်းတင် ပြထားပါသည်။

အပိုင်း (၁)

(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်သားသေဆုံးမှု

၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာ နှင့် ၂၀၂၄ ဇန်နဝါရီ သုံးလတာအတွင်း တိုင်းရင်းသားပြည်နယ်ဒေသ များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုအကြိမ်ပေါင်း (၁၁၃၁)ကျော်ရှိခဲ့ရာ ရှမ်းပြည်နယ်တွင် (၄၆၀)ကြိမ်ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်တွင် (၂၉၉)ကြိမ်ခန့်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီတပ်သား‌ (၁၆၈၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်သားကျဆုံးမှု (၂၉၆)ဦးခန့်ရှိခဲ့ပါသည်။

(၁) ကချင်ပြည်

ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၃)ကြိမ်နှင့် စစ်ကောင်စီတပ်သား (၂၅)ဦးသေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးတပ်သားကျဆုံးမှုဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် – KIAနှင့် ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့များသည် ကချင်ပြည် ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့်စသော ကချင်-စစ် ကိုင်းနယ်စပ်ရှိ မြို့နယ်များနှင့် ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချိုစသော ကချင်-ရှမ်းမြောက် မြိုနယ်များသို့လည်း KIAတပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင် လျှက်ရှိပါသည်။

(၂) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇၃)ကြိမ်၊ စစ်ကောင်စီ တပ်သားသေဆုံးမှု (၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၅)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး(CNF/A)နှင့် မြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ – CDFs ပူးပေါင်းစစ်ဆင်မှုသည် အဓိကကျပါသည်။ ချင်းလဲန်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကောဒေသတစ်ဝိုက်နှင့် စစ်ကိုင်းမှကလေးကဘော်ဒေသများ တွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

(၃) ရခိုင်ပြည်နယ်

သုံးလအတွင်း ရခိုင်ပြည်နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု (၁၁၁)ကြိမ်၊ စစ်ကောင်စီတပ်သားများ သေဆုံးမှု (၆၇)ဦး နှင့် တော်လှန်ရေးရဲဘော်များသေဆုံးမှု (၄)ဦးအား မှတ်တမ်းတင်နိုင်ခဲ့သည်။

ရခိုင်တပ်တော် – AA သည် ချင်းပြည်နယ်ပလက်ဝမြို့နယ်၊ စစ်ကိုင်းတိုင်းထီးလင်းမြို့နယ်နှင့် ရှမ်းမြောက်ဒေသများတွင်လည်း စစ်ဆင်မှုရှိပါသည်။

(၄) ရှမ်းပြည်

ဤသုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၄၆၀)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၆၄၈)ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ကျဆုံးမှု(၁၀၉)ဦး အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့များ၊ ကချင်အမျိုးသားတပ်မတော် – KIA၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ထိတွေ့ ပစ်ခတ်မှုများရှိသည်။

(၅) ကယား(ကရင်နီ)ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၂၈)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၅၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှတပ်သားကျဆုံးမှု (၁၃၈)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော်(KA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြားကရင်နီ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် ကရင်နီအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်သော ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ ရှမ်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ချို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။

(၆) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂၉၉)ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၂၇၆)ဦးနှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၀)ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် KNLA၏ ဦးဆောင်စစ်ဆင်မှုသည် အဓိကဖြစ်ပြီး ကရင်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းများအပြင် မွန်ပြည်နယ်အခြေပြုအဖွဲ့အစည်းများဖြစ်သော အထူးစစ်ဆင်ရေး တပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့-ABSDF၊ ဒေါနစစ်ကြောင်းနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့သည် KNLAနှင့် ပူးတွဲစစ်ဆင်မှုရှိပါသည်။ ကော်သူးလေ အုပ်ချုပ်နယ်မြေတွင် မွန်ပြည်နယ်မြို့နယ်များထဲမှ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုစသော မြို့နယ်များလည်းပါဝင်သည်။

(၇) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၇)ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် စစ်ကော်စီအစေအပါးများ သေဆုံးမှု (၁၅)ဦးအား မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်းနှင့် ကျိုက်ထို စသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ (ခေါ်) KNU/KNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် အလျောက် ၎င်းမြို့နယ်အခြေခံသော ကာကွယ်ရေးတပ်ဖွဲ့များသည် KNLA၏ စစ်ရေးကွပ်ကဲမှုဖြင့် ပူးပေါင်း စစ်ဆင်လျက်ရှိပါသည်။

(ခ) အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ

၂၀၂၃ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၄ ဇန်နဝါရီ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ မြေမြုပ်မိုင်း များကြောင့်ထိခိုက်မှုနှင့် တိုက်ပွဲအတွင်းပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၅၀၆)ဉီးနှင့် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီးထိခိုက်ခံရမှု များကြောင့် အရပ်သားအိမ်ခြေ (၁၆၄၀)လုံးပျက်စီးမှုအား မှတ်တမ်းတင်နိုင်ခဲ့သည်။

ဤသုံးလတာကလာအတွင်း ရှမ်းပြည်နယ်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး အရပ်သား ပြည်သူ (၂၂၇)ဦးသေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကရင်ပြည်နယ်တွင် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံးဖြစ်ကာ (၉၇)ဉီးနှင့် ကရင်နီပြည်နယ်သည် အရပ်သားသေဆုံးမှု (၇၃)ဉီးဖြင့် တတိယအများဆုံး ဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် (၆၉)ဉီး၊ ချင်းပြည်နယ်တွင် (၂၇)ဉီးနှင့် ကချင်ပြည်နယ်တွင် (၁၃)ဦးစသည်ဖြင့် အရပ်သားသေဆုံးမှုအသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ပြည်သူ့အိုးအိမ်ပျက်စီးမှုအနေဖြင့်မူ ကချင်ပြည်နှင့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပြီး (၅၅၇)လုံး၊ ကရင်နီပြည်နယ်တွင် ဒုတိယအများဆုံးဖြင့် (၄၈၁)လုံး၊ ကရင်ပြည်နယ်တွင် (၂၇၄)လုံးဖြင့် တတိယအများဆုံး ဖြစ်ကာ၊ ရခိုင်ပြည်နယ်တွင် (၁၉၆)လုံး၊ ချင်းပြည်တွင် (၁၂၇)လုံးနှင့် ကချင်ပြည်နယ်တွင် (၅)လုံး အသီးသီးမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အပိုင်း(၂)

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

(၁) ချင်းလဲန်ကောင်စီ (Chinland Council)

ပထမအကြိမ် ချင်းပြည်(Chinland)ကောင်စီညီလာခံကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်မှ (၇) ရက် အထိ Victoria Base၊ ချင်းပြည်တွင်ပြုလုပ်ခဲ့ပြီး ၎င်းညီလာခံသို့ ချင်းအမျိုးသားတပ်ဦး (CNF)မှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစု အဖွဲ့မှကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပဧည့်သည်များအပါအဝင် စုစုပေါင်း (၂၁၅)ဦးတက်ရောက်ခဲ့ သည်။

၎င်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (Chinland Constitution)ကို အတည်ပြုခဲ့ပြီး ချင်းပြည်ကောင်စီ (Chinand Council)ကိုလည်း (က) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ (ခ) နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေးအာမခံချက်ရှိသော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရန်၊ (ဂ) ဒီမိုကရေစီစနစ်တည်ဆောက်ရန်ဟူသော အချက် (၃)ချက်ဖြင့် အတည်ပြု ဖွဲ့စည်းခဲ့သည်။

ချင်းလဲန်းကောင်စီတွင် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒေသ/မြို့နယ် အခြေပြုအုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ကောင်စီ၏ အကြီးအကဲများမှာ အောက်ပြအတိုင်းဖြစ်သည်။

၁။ Pu Zing Cung (CNF/A) – ဥက္ကဌ
၂။ Salai Min Nyo (Chin MP) – ဒုတိယဥက္ကဌ
၃။ Pu Bawi Kung ( ) – ဒုတိယဥက္ကဌ
၄။ Salai Paul (CDF-Paletwa) – အတွင်းရေးမှုး
၅။ Salai Htet Ni (CNF/A) – တွဲဖက်အထွေထွေအတွင်းရေးမှုး (၁)
၆။ Pu Tial Ling (Chin MP) – တွဲဖက်အတွင်းရေးမှုး (၂)

ချင်းလဲန်းကောင်စီသည် ချင်းလဲန်းလွှတ်တော်၊ ချင်းလဲန်းအစိုးရအဖွဲ့နှင့် ချင်းလဲန်းတရားလွှတ်တော် ချုပ်တို့ကို ရက်ပေါင်း (၆၀)အတွင်း ဖွဲ့စည်းသွားမည်ဟု ညီလာခံကထုတ်ပြန်ထားသည်။

ပထမအကြိမ် ချင်းလဲန်းကောင်စီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် ချင်းလုံမြို့ တွင်ကျင်းပခဲ့ပြီး ချင်းပြည်ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃)ရပ်အတွက် လုပ်ငန်းစဉ် နှင့်လမ်းညွှန်ချက်များကို ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရေးဆွဲချမှတ်ခဲ့သည်။

ဤအစီရင်ခံကာလ အတွင်း ချင်းလဲန်းကောင်စီသည် ချင်းလဲန်းအစိုးရဖွဲ့စည်းရေးအတွက် လိုအပ်သော လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

ကိုးကားချက်များ –
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ နှင့် လူမှုအဖွဲ့အစည်းများ
၄) ဖက်ဒရယ်ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက်၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် (မြန်မာ) စုစည်းတင်ပြသည်။
——၀၀၀——-

PDF File ဖြင့် သိမ်းဆည်း ဖတ်ရှုလိုပါက – CLICK HERE TO DOWNLOAD

Related Articles

Back to top button