ဆောင်းပါးအတွေးအမြင်

၂၀၂၄ မှာ ဘာတွေကို ဖြိုချလို့ ဘာတွေကို တည်ဆောက်ကြမလဲ?

၂၀၂၄ မှာ ဘာတွေကို ဖြိုချလို့ ဘာတွေကို တည်ဆောက်ကြမလဲ? – ဆလိုင်းဒိုခါရ် | အတွေးအမြင်

နိဒါန်း

၂၀၂၃ ခုနှစ်အား မြောက်ပိုင်းမဟာမိတ်ညီနောင် (၃) ဖွဲ့ဖြစ်ကြသော ULA/AA၊ PSLF/TNLA နှင့် MNTJP/MNDAA တို့မှ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခြင်းဖြင့် မြို့ကြီး၊ မြို့ငယ်၊ စခန်းကြီး၊ စခန်းငယ်များစွာ သိမ်းပိုက်ချေမှုန်းခြင်းဖြင့် အဆုံးသတ် လှစေခဲ့ပါသည်။

ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” သည် နွေးဦးတော်လှန်ရေး အောင်ကိုအောင်ရမည် ဟူသည့် မျှော်လင့်ချက် ပြန်လည် ရှင်စေသော စစ်ဆင်ရေးကြီးဖြစ်ကာ ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့မှာ စစ်စခန်းငယ် များကိုပင် တိုက်ခိုက် သိမ်းပိုက်ရာတွင် အခက်အခဲရှိသည့် တော်လှန်ရေး အင်အားစုများလည်း အလွယ်တကူ စခန်းသိမ်းနိုင် သည်အထိ စိတ်အားထက်သန် စေသည့်အပြင် အကြမ်းဖက်စစ်အုပ်စုသည်လည်း အရပ်မျက်နှာ ပေါင်းစုံမှ တော်လှန်ရေး အင်အားစုများ ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို စိုးရိမ်မှုဖြင့် စိတ်ဓာတ် ကျဆင်းကာ စခန်းများစွာကို စွန့်ခွါမှုများလည်း ရှိလာသည်။

Photo : MNDAA (The Kokang Facebook)

ထို့အပြင် အကြမ်းဖက် စစ်အုပ်စု၏ ဘဏ္ဍာငွေ ထောက်တိုင်ဖြစ်သော Myanmar Oil and Gas Enterprise (MOGE) နှင့် ဆက်စပ်သည့် အမေရိကန်၏ ဘဏ္ဍာရေးဝန်ဆောင်မှု တချို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ကန့်သတ်ပိတ်ဆို့ ခံရကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် နွေဦး တော်လှန်ရေးသည် စစ်စခန်းကြီး၊ ငယ် ပေါင်း ရာချီနှင့်  မြို့ကြီး၊ မြို့ငယ်ပေါင်း ဒါဇင်ချီပြီး သိမ်းပိုက် ချေမှုန်းနိုင်ခြင်းဖြင့် စစ်ရေးအောင်မြင်မှု ရရှိခဲ့သည့်အပြင် ဘဏ္ဍာရေး စစ်မျက်နှာစာတွင်လည်း အောင်မြင်မှု အသစ်များရရှိကာ စစ်ရေး၊ ဘဏ္ဍရေး စစ်မျက်နှာ အောင်မြင်မှု ရလဒ်များကြောင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းခဲ့သော နိုင်ငံများအား ရပ်တည်ချက် ပြောင်းလဲစေ နိုင်ခဲ့သည်။

ဤသို့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ၃ လ အတွင်းမှာ အောင်မြင်မှု ရရှိနေခြင်း၏ အကြောင်းရင်းကို အလေးအနက် စဉ်းစားကြမည်ဆိုပါက “တော်လှန်ရေး အင်အားစု များကြား တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီလာမှု” ဟု ဆိုရမည် ဖြစ်သည်။

Photo : MNDAA (The Kokang Facebook)

တဆက်တည်းတွင် ၂၀၂၃ ခုနှစ် နွေးဦးတော်လှန်ရေး အောင်မြင်မှုမှ အဆုံးသတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲနိုင်ရေးသည် ဘုံရန်သူတူညီမှုကြောင့် တော်လှန်ရေး အင်အားစုများ စုစည်းခြင်း မဟုတ်ဘဲ နိုင်ငံရေး ဘုံသဘောတူညီချက်များနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဘုံသဘောတူညီချက်များ လိုအပ်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ ပညာရှင်များမှ ထောက်ပြလာကြသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ဘယ်အရာများကို စစ်မျက်နှာဖွင့်ကာ ဘယ်လို စစ်ဆင်ရေးဆင်နွှဲကြမည် နည်းဆိုသည့် အချက်သည် အလွန်ရေးပါနေသည်။

၂၀၂၄ ခုနှစ်အတွင်း အဓိကဖြိုရမည့်အချက်များနှင့် တည်ဆောက်ရမည့် အချက်များ

အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနှင့် နိုင်ငံတကာ နယ်စပ်ရှိ စကစဂိတ်များကို စစ်မျက်နှာဖွင့် ဖြိုကာ အိမ်နီးချင်း နိုင်ငံများနှင့် တရားဝင်သံတမန် ဆက်ဆံရေး တည်ဆောက်နိုင်ရေး ကြိုးပမ်းရန် လိုအပ်နေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကုန်လမ်းဆက်သွယ်ရေးဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သည့် နိုင်ငံတကာ နယ်စပ်ဂိတ်များ စွာရှိသည်။ အဆိုပါ နယ်စပ်ဂိတ်များစွာမှ ထက်ဝက်ဝန်းကျင်သည် တော်လှန်ရေး အင်အားစုများမှ ထိန်းချုပ်နိုင်ပြီဟု ဆိုရမည် ဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံသည်သာ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအား သူ့ကိုယ်ကျိုးစီးပွားနှင့် စပ်လျဉ်းပြီး လိုအပ်သလို ဆက်သွယ်ချိတ်ဆက်မှု ဆောင်ရွက်ကာ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အခြေအနေကို စောင့်ကြည့်နေဆဲ အနေအထား ဖြစ်သည်။ ထို့ကြောင့် ဤစီမံချက်သည် တော်လှန်ရေး အောင်မြင်ရန်တွက် များစွာ အထောက်အကူ ဖြစ်စေမည့် စီမံချက် ဖြစ်သည့် အပြင် သံတမန်ရေး စစ်မျက်နှာများတွင် UN နှင့် ASEAN တို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင်လည်း အကြမ်းဖက် စစ်အုပ်စုအား အနိုင်ရယူစေမည် ဖြစ်သည်။

တဆက်တည်းတွင် အဆိုပါ စစ်ဆင်ရေးစီမံချက် အကောင်အထည် ဖော်ရမည်ဆိုပါက တော်လှန်ရေးအပေါ် သံတမန်ရေးအရ အမှန်တကယ် သက်ရောက်မှုရှိ လာစေရန် နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား အမြန်ဆုံး သဘောတူညီချက် တစုံတရာ ရရှိရန် လိုအပ်မည် ဖြစ်သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် တော်လှန်ရေး ပြက္ခဒိန်တွင် နိုင်ငံတကာရှိ အကြမ်းဖက် စစ်သံရုံးများအား ဖြိုကာ နိုင်ငံကာမှာ တော်လှန်ရေး အစိုးရ၏ တရားဝင်သံရုံးဖွင့်လှစ်နိုင်ရေး လူထုလှုပ်ရှားမှု အင်အားတည်ဆောက်ရန် အရေးတကြီး လိုအပ် နေသည်။

နွေးဦးတော်လှန်ရေးအား နိုင်ငံတကာမှ အသိအမှတ်ပြုလာနိုင်ရေးအတွက် နိုင်ငံတကာ နယ်စပ်ဂိတ်များရှိ အကြမ်းဖက်စစ်စခန်းများအား စစ်မျက်နှာ စနစ်တကျဖွင့်ကာ စစ်ရေးအရ အကြမ်းဖက် စစ်အုပ်စုအား အနိုင်ယူခြင်းအပြင် မဖြစ်မနေ လူထုအင်အား တည်ဆောက်ကာ နိုင်ငံ အသီးသီးမှာရှိသော တော်လှန်ပြည်သူများ တောင်းဆိုမှုဖြင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာ သံရုံးများ ဖြိုနိုင်ရေး စစ်မျက်နှာ ဖွင့်ရန်လည်း လိုအပ်သည်။

အကြောင်းရင်းမှာ မြန်မာနိုင်ငံ၌  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရား အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားအပြီး  ကမ္ဘာပေါ်တွင် အာဏာသိမ်းမှုဖြစ်ပွားသော နိုင်ငံ ဒါဇင်နှင့်ချီရှိခဲ့ကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် အာဏာသိမ်းမှုဖြစ်ပွားသော နိုင်ငံများ၏ အခြေအနေကို မသိနိုင်သလို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်ကို သိသော နိုင်ငံများလည်း နည်းမည်မှာ အသေအချာ ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာတွင် အမျိုးသားညီညွတ်ရေးအစိုးရအား ဆက်ဆံရေးရုံး ဖွင့်ခွင့်ပြုသော နိုင်ငံများသည် လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ သံရုံးများနှင့်သာ ဆက်လက်ပြီး သံတမန် ဆက်ဆံရေးကို လက်တွဲနေဆဲဖြစ်သောကြောင့် ဤအဆင့်ဖြင့် သံတမန်ရေး အောင်မြင်မှုအဖြစ် ဂုဏ်ယူနေ၍ မရကြောင်း အားလုံးအသိ ဖြစ်သည်။

ထို့ကြောင့် သံတမန်ရေး စစ်မျက်နှာ ပြန်ဖွင့်နိုင်‌ရေးအား ပြည်တွင်း ပြည်ပမှာရှိသော မြန်မာပြည် သူထူထုတရပ်လုံး ဟန်ချက်ညီညီ လှုပ်ရှားမှု ဖော်ဆောင်နိုင်ရေးနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့၏ ပူးတွဲ သံတမန်ရေး စီမံချက်သည် လွန်စွာ အ‌‌ရေးပါနေပြီ ဖြစ်သည်။

ထို့မှ တဆင့် နိုင်ငံတကာရှိ အကြမ်းဖက်စစ် သံရုံးများ၏ သံရုံးများကို ဖြိုကာ တော်လှန်ရေးအစိုးရ၏ သံရုံးများဖြင့် အစားထိုးရေးကို အောင်မြင်နိုင်မည်ဟု ယူဆမိပါသည်။  

နွေးဦးတော်လှန်ရေး၏ သုံးနှစ်တာကာလတွင် အကြမ်းဖက်စစ်အုပ်စုအား အပြင်းအထန် ဒေါသထွက်စေသော စစ်မျက်နှာများအနက် အကြမ်းဖက်စစ်တပ်နှင့် ဖက်စပ် အကျိုးစီးပွားများအား တိုက်ခိုက်ခြင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း အရေးပါသော စစ်မျက်နှာအဖြစ် အကြမ်းဖက်စစ်တပ်နှင့် ဖက်စပ်အကျိုးစီးပွားများအား စစ်မျက်နှာဖွင့်ကာ ထိန်းချုပ်နယ်မြေတိုးချဲ့ တည်ဆောက် ရေးလည်း ထည့်သွင်းရန် လိုအပ်သည်။

စစ်ကောင်စီနှင့် မိသားစုဝင်များအား တိုက်ရိုက် ထိခိုက်ရန် တိုက်ခိုက်ရေးသည် သူတို့စီးပွားရေး လုပ်ငန်းများ၊ သူတို့စီးပွားကို မောင်းနှင်ပေးနေသော လူပုဂ္ဂိုလ်များအား စစ်မျက်နှာဖွင့် ထိုးစစ်ဆင်ခြင်း ဖြစ်သောကြောင့် ဤကဏ္ဍကို အထူးစစ်မျက်နှာဖွင့်နိုင်ရန် သီးခြား လေ့ကျင့်ပေးသော တပ်ဖွဲ့များဖြင့် စစ်မျက်နှာဖွင့်ရေး လိုအပ်သည်။

လက်ရှိအချိန်တွင် မြို့ပြ ပျောက်ကြားအဖွဲ့များမှ ကိုယ့်နည်း ကိုယ်ဟန်ဖြင့် ဆင်နွှဲနေသော စစ်မျက်နှာများကိုသာ အားထားရပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြမ်းဖက် စစ်တပ်နှင့် ဖက်စပ် အကျိုးစီးပွား များအား စစ်မျက်နှာဖွင့်ကာ စနစ်တကျ တိုက်ခိုက်စေမှု အလွန်နည်းသည်ဟု ဆိုရမည် ဖြစ်သည်။

ဤသို့ စနစ်တကျဖြင့် အကြမ်းဖက် စစ်တပ်နှင့် ဖက်စပ်အကျိုးစီးပွားများကို ဦးတည်တိုက်ခိုက်ခြင်းသည် စစ်အင်အား မလုံလောက်သော အကြမ်းဖက် စစ်တပ်အား သူ့ကိုယ်ကျိုးစီးပွား ကာကွယ်ရန် အင်အားတိုးချဲ့ ချထားခြင်း ဆောင်ရွက်မှု ဦးစားပေးစေမှာ ဖြစ်ပြီး အချို့သော စစ်စခန်းများသည် တိုက်ခိုက်ရန်မလိုအပ်ဘဲ စွန့်လွှတ်စေမည် ဖြစ်သည်။

ဤအချက်များအား ၁၀၂၇ စစ်ဆင်ရေးစတင်အပြီး တိုက်ခိုက်စရာမလိုအပ်ဘဲ စခန်းများ စွန့်လွှတ်မှုများလာသည့် အကြမ်းဖက်စစ်တပ်၏ အခြေအနေက သက်သေပြနေပြီ ဖြစ်သည်။  ထို့သို့ ထိန်းချုပ်နယ်မြေ တိုးချဲ့ လာခြင်းမှ တဆင့် အကြမ်းဖက်စစ်တပ် အုပ်ချုပ်ရေးဖြိုကာ ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေး အုတ်မြစ်ချ တည်ဆောက်ခြင်း ကိုလည်း ဦးတည်ရန် လိုအပ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် နေရာအနှံ့တွင် ပုံစံမျိုးစုံဖြင့် တော်လှန်ရေး အင်အားစုများမှ ဒေသန္တရအဆင့် အုပ်ချုပ်ရေးများကို ဖော်ဆောင်နေ ကြသည်။ သို့သော် ဤဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှုများသည် ရွေ့လျားအုပ်ချုပ်ရေး ပုံစံမျိုးများပြီး အမျိုးသား ညီညွတ်ရေး အစိုးရ ညွှန်ကြားချက် (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်များမှ တိုက်ရိုက်စီမံသော အုပ်ချုပ်မှု ပုံစံများကာ တော်လှန်ရေး၏ အဓိက ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လိုအပ်သည့် နိုင်ငံ‌ရေး၊ အုပ်ချုပ်ရေး အုတ်မြစ်ချနိုင်မှုသည် အားနည်းနေဆဲ ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ် အုပ်ချုပ်ရေး ဖြိုကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကျိုးပြုမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး အုတ်မြစ်များကို ချထားနိုင်ရေး စနစ်တကျ ပြင်ဆင်ရန် လိုအပ်လာပြီ ဖြစ်သည်။ ၎င်းအပြင် ၂၀၂၄ ခုနှစ်တွင်  နိုင်ငံရေး လောဘ၊ အာဏာ လောဘတွေများကို ဖြိုချကာ စုပေါင်းခေါင်းဆောင်မှုဖြင့် အင်အားသစ် တည်ဆောက်ရေးလည်း မဖြစ်မနေ လိုအပ်နေသည်။ လက်ရှိအချိန်တွင် တော်လှန်ရေးနိုင်မည်ကို အလွန်ဝမ်းသာသူများ ရှိကြပြီး ပြည်သူများဝမ်းသာပီတိ ဖြစ်နေကြချိန်တွင် နိုင်ငံရေးလောဘ သားများကလည်း စနစ်တကျ တော်လှန်ရေး ရလဒ်အား နိုင်ငံရေးအရ လက်ဦးမှု ရယူနေခြင်းလည်း ရှိပြန်ပါသည်။

ထို့ကြောင့် တော်လှန်အင်အားစု အချင်းချင်းကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားလာပြီး တော်လှန်ရေး အောင်မြင်ပါက အချင်းချင်း စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခသို့ ဦးတည်သွားကြမည်ကို တော်လှန်ပြည်သူများအား စိုးရိမ်စေပြန်သည်။  ဤသို့ သဘောထား ကွဲလွဲမှုများအနက် ထင်သာမြင်သာရှိသော ဖြစ်စဉ်များမှာ ချင်းပြည်၌ နိုင်ငံရေးဦးဆောင်ကောင်စီ Interim Chin National Consultative Council နှင့် Chinland Council ဟူ၍ နှစ်ခုရှိနေခြင်းနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် တော်လှန်ရေး အင်အားစုများနှင့် ညှိနှိုင်းမှုမရှိဘဲ CRSH, CRMH, CRTH အစရှိသော လွှတ်တော် ကိုယ်စားပြု ကော်မတီများမှ ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံဥပဒေ မူကြမ်း အတည်ပြုမှုများ ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေး ဦးဆောင်သူများအနေဖြင့် အာဏာလောဘ၊ နိုင်ငံရေး လောဘများလျှော့ကာ အလွန်အရေးပါသော ကာလဖြစ်သည်ကို သတိပြု၍ ၂၀၂၄ ခုနှစ်အား စုပေါင်းခေါင်းဆောင်မှု ပိုမိုမြှင့်တင်ရေးအား ဦးတည်ကြရန် လိုအပ်သည်။

နိဂုံး

မည်သို့သော အခြေအနေမျိုး ဖြစ်နေပါစေ အကြမ်းဖက်စစ်အုပ်စုသည် တဖြည်းဖြည်း အင်အား ပြန်လည် တည်ဆောက် နိုင်ခွင့် အလွန်နည်းပါးနေသည်။ သို့သော် တော်လှန်ရေး အင်အားစုများ၏ သဘောထား ကွဲလွဲမှုများ၊ စနစ်တကျ စစ်မျက်နှာမဖွင့်နိုင်ခြင်းများ၊ စစ်ရေး နိုင်ငံရေးဟန်ချက် မညီမှုများသည် အကြမ်းဖက် စစ်အုပ်စုအား ရှိသ‌လောက်အင်အားဖြင့် တောင့်ခံစေနိုင်သော အခွင့်အလမ်းနှင့် အကြောင်းရင်းများ ဖြစ်သည်။

ထို့ကြောင့် ဦးစားပေးရမည့် စစ်မျက်နှာအား စနစ်တကျ ပြင်ဆင်ခြင်း၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုများအား ညှိနှိုင်းအဖြေရှာခြင်း၊ သံတမန်ရေး စစ်မျက်နှာအား တိုးချဲ့ခြင်းနှင့် ကိုယ့်အင်အားစုအတွင်း အားနည်းချက် များအား ပြင်ဆင်ခြင်းများသည် ၂၀၂၄ ခုနှစ်အတွင်း မရှိမဖြစ် လိုအပ်သော ပြည်သူ့တော်လှန်ရေး အိမ်စာများ ဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်ကို ပြန်လည်အမှတ်ရကြပါက စစ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနှင့် နိုင်ငံခြားရေး ကဏ္ဍများမှအပ စနစ်တကျဖြင့် အားထုတ်ကြိုးပမ်းမှု ထင်သာမြင်သာ မရှိလှပေ။ ‌

ထိုနည်းတူ တော်လှန်ရေး၏ ဦးစားပေး ကဏ္ဍများတွင်ပင် အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ခြင်းသည်လည်း တော်လှန်ရေး ဦးဆောင်သူများ အချင်းချင်းကြား မသိမသာ အားပြိုင်မှုများနှင့် ရန်သူ့အပေါ် အထင်သေးလွန်းမှု၏ နောက်ဆက်တွဲဟု ဆိုရမည် ဖြစ်သည်။ ထိုအချက်များအား လက်မခံပါက တော်လှန်ရေး ဦးဆောင်သူများ အရည်အချင်း ညံ့ဖျင်းမှုများသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ထို့ကြောင့် အောင်ကိုအောင်မည့် နွေဦးတော်လှန်ရေး၏ ၂၀၂၄ ခုနှစ် လက်ရှိတော်လှန်ရေး ပြက္ခဒိန်သည် တော်လှန်ရေး အောင်ပွဲခံမည့်နှစ်ဟု သတ်မှတ်ခြင်းထက် တော်လှန်ရေး အနိုင်လှရေး ကြိုတင်ပြင်ဆင်သော နှစ်တစ်နှစ် ပိုဖြစ်သင့်နေပြီး ထိန်းချုပ် နယ်မြေများတွင် ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်နိုင်မှုကို စတင်အသက်သွင်း သင့်နေပြီဟု ဆိုရမည် ဖြစ်သည်။

– ဆလိုင်းဒိုခါရ်

Related Articles

Back to top button