ဆောင်းပါး

နိုင်ငံရေးနဲ့ဝါဒဖြန့်ချီရေး

နိုင်ငံရေးနဲ့ဝါဒဖြန့်ချီရေး

နိုင်ငံရေးနယ်ပါယ်မှာ ( Propaganda ) ဝါဒဖြန့် ချီခြင်းဆိုတဲ့ စကားလုံးကို အားလုံးယဉ်ပါးပြီးဖြစ်ပါတယ် ၊ နိုင်ငံရေး ၊ စစ်ရေးတွေမှာ ဝါဒဖြန့်ချီရေးဟာ မရှိမဖြစ်လိုအပ်တဲ့ အဓိကလုပ်ငန်းတခုဖြစ်ပါတယ်။ လူမှုဘ၀   မှာ လည်း လူ့အဖွဲ့အစည်းအတွင်း နေ့စဉ်ကြား၊ သိ၊ ကြုံတွေ့နေတဲ့ အကြောင်းအရာပေါင်းစုံမှာ ၊ ဝါဒဖြန့်ချီ ခြင်းဆိုတဲ့ အမည်နာမကို တိုက်ရိုက်သုံးစွဲမှု မရှိကြပေမဲ့၊ အခြားသောပုံသဏ္ဍာန်မျိုးစုံနဲ့အသက်ဝင်နေတာကို တွေ့နိုင်ပါ တယ်။

နိုင်ငံတိုင်း၊ အစိုးရအဖွဲ့အစည်းတိုင်းဟာ ကဏ္ဍပေါင်းစုံကိစ္စတွေ ( နိုင်ငံရေး ၊ စစ်ရေး ကိုပိုအလေးထား တာကို တွေ့ရပြီး ၊ ယနေ့ကာလမှုာ နိုင်ငံရေး ၊ စီးပွားရေးကိစ္စ – ) တွေအတွက် အမြဲလိုအပ်နေတဲ့ ဝါဒဖြန့်ချီ ရေး လုပ် ငန်းကို အလေးထား ဆောင်ရွက်လေ့ရှိကြတယ်၊ တည်ငြိမ်နေတဲ့ ကာလတွေမှာတောင် အမြဲလိုအပ် နေတဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် ၊ လှုပ်ရှား ရုန်းကန်နေရတဲ့ ကာလတွေနဲ့ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကာလမျိုး တွေမှာဆို ပိုမိုအရေးကြီးလိုအပ်ပါတယ်။

လူထုကိုစည်းရုံးတဲ့နေရာမှာ ဝါဒဖြန့်ချီရေးဟာ အလွန်အရေးကြီးပြီး၊ အခြေခံကျတဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါ တယ်၊ လူထုအတွင်း ထဲထဲဝင်ဝင်နဲ့ထိရောက်ကျယ်ပြန့်တဲ့ ဝါဒဖြန့်ချီရေးလုပ်ခြင်းမရှိပဲ၊ လူထုကို တသားတည်း စုစည်းပါဝင်လာအောင်လုပ်ဖို့ အင်မတန်ခက်ပါတယ်။

တကယ်တော့ ဝါဒဖြန့်ချီရေးဆိုတာဟာ စည်းရုံးခြင်းတမျိုးလို့လည်း ပြောလို့ရပါတယ်၊ ဝါဒဖြန့်ချီရေး လုပ်ခြင်းဟာ ကိုယ်ပစ်မှတ် ( မိမိစည်းရုံးလိုသူများ ) အပေါ် တိုက်ရိုက်စည်းရုံးခြင်း ( သို့ ) အချိန်တိုအတွင်းမှာ လက်ခံ လာအောင်ပြောဆိုစည်းရုံးဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ ဝါဒဖြန့်ချီရေး အသွင်သဏ္ဍာန်နဲ့အသုံးပြု လေ့ရှိကြ ပါတယ်၊ ဒါကြောင့် ဝါဒဖြန့်ချီရေးရဲ့အသွင်ဟာ တိုက်ရိုက်စည်းရုံးခြင်းထက်သွယ်ဝှိက်တဲ့ စည်းရုံးခြင်း အလုပ်ကို လုပ်ကိုင်တဲ့ အသွင်ကို ဆောင်ပါတယ်၊ အချို့သောအကြောင်းအရာတွေဟာ တိုက်ရိုက်ပြောဆိုခြင်း အားဖြင့် စည်းရုံးမှုကို အထမမြောက်စေနိုင်သလို၊ လက်ခံလာအောင် အချိန်ယူပြီးမှ စည်းရုံးသိမ်းသွင်းရတာမျိုး လည်း ရှိပါတယ် ၊ ဒီအခါမျိုးမှာ ဝါဒဖြန့်ချီမှုပုံစံကို အဓိကထား အသုံးပြုကြခြင်းဖြစ်တယ်။

 ဝါဒဖြန့်ချီရေးလုပ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ လူထုရဲ့ယုံကြည်မှု၊ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို စည်းရုံးရေးသဘောအရ ရရှိနိုင်ဖို့ပဲဖြစ်တယ် ၊ လုပ်ငန်းရဲ ့ပုံစံ သဘောသဘာဝအရကတော့ လူ ထုရင်ထဲမှာ ရှိနေတဲ့ ခံစားချက်မျိုးစုံ ( မကျေနပ်မှု ၊ မျော်လင့်ချက် ၊ ကြောက်ရွံ့မှု ၊ ဝမ်းနည်းမှု ၊ နာကျည်းမှု ၊ ပျော်ရွင်မှု – – – အစရှိသဖြင့်) ကို အကြောင်းအရာ၊ အခြေအနေ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အစရှိတဲ့ တခုခု အပေါ်မှာ ) ပိုမိုကြီးထွား လာအောင် သို့တည်းမဟုတ် ပြောင်းလဲလာအောင် ပုံဖော်ပေးဖို့တွန်းအားပေးလုပ်ဆောင်တဲ့ လုပ်ငန်းမျိုး ဖြစ်တယ်။

             

ဝါဒဖြန့်ချီရေးလုပ်တဲ့အခါ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီ၊ ကာတွန်း၊ စကား၊ လှုပ်ရှားမှု၊ ပိုစတာ၊ စာရွက်စာတမ်း အစရှိသဖြင့် ပုံသဏ္ဍာန်မျိုးစုံနဲ့ဖော်ဆောင်လေ့ရှိကြတယ်၊ ဒီအခါမှာလည်း ထိရောက်မှုရှိပုံခြင်း၊ ပြန့်နှံ့မှု အားကောင်းခြင်း၊ အားနည်းခြင်း၊ မြန်ဆန်မှု ရှိခြင်း၊ မရှိခြင်း၊ ခိုင်မာမှုရှိခြင်း စတဲ့ အချက်တွေ ပေါ်မှာ ကွာဟမှု ရှိကြသလို၊ အရေးပေါ် အခြေအနေမျိုးတွေမှာ သုံးစွဲရတဲ့ ပုံစံတွေခြင်းလည်း ကွဲပြားနိုင်ပါတယ် ၊ ဘယ်သို့ပင်ဆို စေ လူထုမှာရှိနေတဲ့ ၊ ရှိဖို့လိုအပ်နေတဲ့ ခံစားချက် တခုခုနဲ့အဟပ်တည့်ရပါမယ်။

ဒီနေရာမှာ တစ်ချက်သိထားဖို့လိုတာကတော့ ဝါဒဖြန့်ချီတဲ့ အကြောင်းအရာဟာ၊ အချက်အလက် အရ အားလုံး အမှန်ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာပါပဲ၊ တခါတရံမှာ လုံးဝမရှိတာ၊ မဖြစ်တာကို အဟုတ်အမှန် သဘော ရောက်အောင် လုပ်ကြံဖန်တီးလေ့ရှိတယ်၊ အချို့အခြေအနေမျိုးတွေမှာတော့ အချက်အလက် တချို့ အပေါ် တည်ဆောက်ယူရတယ်၊ ဘာကြောင့်ဆို လူတွေရဲ့သဘောသဘာဝအရ အမှန်ကိုပြောတိုင်း ယုံကြည် ချင်မှ ယုံကြည်လိမ့်မယ်ဆိုတာကို မေ့ထားလို့မရလို့ပါပဲ၊ လူထုရဲ့အာရုံစိုက်မှုဟာ အလွန်ထူးခြားတယ်၊ နိုင်ငံရေး သမားတွေ အရေးကြီးတယ်ထင်တဲ့ အချက်အလက်ဟာ လူထုအတွက် တခါတရံ ရီစရာဖြစ်နေတတ်တာ ကိုတွေ့ ရတယ်။

             

ဝါဒဖြန့်ချီရေးအတွက် အခြခံအချက်အလက်ရဖို့ လူထုကြားကို ဆင်းဖို့လိုတယ်၊ လူထုရဲ့အာရုံ စိုက်မှုဟာ ဘာလဲဆိုတာ သိဖို့လိုတယ်၊ လတ်တလောအာရုံစိုက်မှုနဲ့ပင်ကိုယ်မှုရင်း အလေ့အထကို သိဖို့ လိုတယ် ၊ ဒီနောက်တော့ အကြောင်းအရာရွေးချယ်မှု မှန်ကန်ဖို့လိုတယ်၊ တင်ပြပုံ မှန်ဖို့လိုတယ် ၊ အကြိမ်များစွာ ပြောသလို ဖြစ်ဖို့လိုတယ်။

လူထုကြားထဲကို ရောက်စေချင် ၊ သိရှိ ပြန့်နှံ့စေချင်တဲ့အဖြစ်အပျက် ၊ သတင်းအချက်အလက် ၊ မူဝါဒ ၊ အကြောင်းအရာ ၊ အခြေအနေတွေကို ပေးပို့တဲ့အခါ ၊ တင်ပြပုံ ဂရုစိုက်ရမယ် ၊ ကြော်ငြာသဘောဆန်ရမယ် ၊ ရှင်းလင်းရမယ် ၊ နားလည်လွယ်ရမယ် ၊ ခံစားချက်ကို ပေးနိုင်ရမယ် ၊ တိုတို တုတ်တုတ်ဖြစ်ရမယ် ။

           

ဝါဒဖြန့်ချီရေးလုပ်ဖို့တရားဝင် လွတ်လွတ်လပ်လပ် မရှိဘူးဆိုတဲ့ အခြေအနေမျိုးမှာ ၊ စာရွက်စာ တမ်း ဖြန့်ဝေခြင်းဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တယ် ( ယနေ့ခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေကို လည်း အသုံးပြုနိုင်တယ် ) ၊ ကမ္ဘာစစ်ကာလတွေနဲ့နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးကာလတွေမှာ မပါမဖြစ် လုပ်ဆောင်ခဲ့ကြရတဲ့ အဓိကနည်းလမ်းဖြစ်တယ် ၊ ဒီလိုလုပ်တဲ့အခါမှာ ဇာတ်လမ်းတိုပုံစံ၊ သတင်း ပေးတဲ့ ပုံစံ ၊ အသိပေးပြောကြားတဲ့ ပုံစံ၊ ဆိုင်းဘုတ်ပုံစံ ၊ လက်ကမ်းကြောငြာပုံစံ ၊ သဘောထားကြေညာချက် ပုံစံ ၊ ရုပ်ပုံနဲ့တင် ပြောတဲ့ပုံစံ၊ ကာတွန်းပုံစံ စသဖြင့် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့တင်ပြနိုင်တယ်၊ ဝါဒဖြန့်ချီရေး လုပ်ငန်းဟာ တချို့အစိတ် အပိုင်းတွေမှာ၊ စီးပွားရေးလုပ်ငန်း သဘောအရ လုပ်ဆောင်လေ့ရှိတဲ့ ကြော်ငြာ သ ဘောနဲ့အတော်ဆင်တူတာကို တွေ့ရတယ်။

             

ထိရောက်တဲ့ ဝါဒဖြန့်ချီရေးအတွက် ရေးသားတဲ့စာဟာ ပညာရှင်သဘောဆန်လို့မရပါဘူး ၊ အရပ် သ ဘောအပြည့်ပါရတယ် ၊ အကောက်အယူမမှားဖို့ရာ အရိုးရှင်းဆုံးရေးသားရတယ် ၊ အကြောင်းအရာတခုကို အ ကြိမ်ရေ များများပြောခြင်း ၊ ဖော်ပြခြင်းဟာလည်း ဝါဒဖြန့်ချီရေး ပုံစံတမျိုးပဲဖြစ်တယ် ၊ နောက်တခါ ဝါဒဖြန့်ချီ ရေးလုပ်ငန်းကို နှစ် ရှည်လများ အချိန်ယူလုပ်ဆောင်လေ့ရှိကြတာကိုလည်း တွေ့နိုင်ပါတယ် ၊ ( ဥပမာ – ထိုင်း နိုင်ငံမှာ ဗမာမုန်းတီးရေးနဲ့ဗမာမကောင်းကြောင်းကို စာပေ ၊ ဂီတ ၊ ရုပ်ရှင်နဲ့ကျောင်းသင်ခန်းစာတွေမှာ အမြဲတ စေ ဝါဒဖြန့်လုပ်ဆောင်နေကြတာကို ယနေ့ထက်တိုင်တွေ့နိုင်ပါတယ် )။

          

ဝါဒဖြန့်ချီရေးလုပ်ခြင်းနဲ့ပတ်သက်ပြီး၊ လူထုရဲ ့စိတ်ဓါတ်မတည်မငြိမ်ဖြစ်နေတဲ့အခါ ( အကြောင်း တ စုံတစ်ရာပေါ်မှုတည်ပြီး စိတ်ဓါတ် အလွန်အမင်းတက်ကြွနေတဲ့အခါ ၊ ဒါမှမဟုတ် စိတ်ဓါတ်အလွန်အမင်း ကျ ဆင်းနေတဲ့အခါ ) မျိုးနဲ့အကြပ်အတည်းမျိုးစုံ ဖြစ်ပေါ်နေတဲ့ အခါမျိုးတွေမှာ ၊ ဝါဒဖြန့်ချီရေးရဲ ့အရေးပါမှုဟာ ပို မို သိသာသလို ၊ ပိုမိုထိရောက်တယ် ၊ ဒါပေမဲ့ သတိထားဖို့လိုတာက လူထုရင်ထဲမှာ မယုံကြည်မှု ၊ မုန်းတီးမှု ၊ မကျေနပ်မှု ၊ ကြောက်ရွံ့မှု စတဲ့ခံစားချက်တွေကို ဝါဒဖြန့်ချီနေသူတွေအပေါ် ဆုပ်ကိုင်ထားပြီဆိုရင်တော့ ဘယ် လိုပဲ ဝါဒဖြန့်ချီသည်ဖြစ်စေ ( တခါတရံ အမှန်ကို ထုတ်ဖော်ပြောဆိုရေးသားတာတောင် မယုံကြည်တော့တာ ၊ လက်မခံကြတော့တာကို တွေ့ရတယ် – ) မအောင်မြင်နိုင်ပါဘူး ။

             

တဖက်မှာဝါဒဖြန့်ချီရေးရဲ့သဘာဝအရလည်း အမှန်ကိုပြောဆို၊ တင်ပြတယ်ဆိုရုံနဲ့အလုပ်မဖြစ်နိုင်၊ မအောင်မြင် နိုင်ပါဘူး၊ တင်ပြပုံဟာ အင်မတန်အရေးကြီးပါတယ် ၊ အချိန်အခါ ၊ အခြေအနေနဲ့အဟပ်ညီအောင် ဝါဒဖြန့်ချီနိုင်ဖို့ လိုပါတယ်၊ လူထုရဲ ့စိတ်ဝင်စားမှုရပြီး တတယ်ထိရောက်တဲ့ ဝါဒဖြန့်ချီမှုဟာ ထပ်ဆင့်ဝါဒဖြန့် ချီမှုကို လူထုကြား ထဲမှာတင် ဖြစ်ပေါ်စေနိုင်တယ်၊ လူထုကိုယ်တိုင်က လက်ဆင့်ကမ်းပြောကြားမှုကိုလုပ်တဲ့ အ ခါ ဝါဒဖြန့်ချီမှု အတွက်ပိုပြီး အကျိုးများစေတယ်၊ ဘာကြောင့်ဆို ပြောကြားသူဟာ နားထောင်သူရဲ့ စိတ်ဝင်စားမှုရအောင် သူ့နည်းသူ့ဟန်နဲ့ပြောကြားလို့ပဲဖြစ်တယ်၊ သာမာန်လူအချင်းချင်း အရပ်ပြောပြောတဲ့ လုပ်ရပ်ဟာ ပြန့်နှံ့မှုအရမ်း လျှင်မြန်သလို၊ လူတွေရဲ ့စိတ်ဝင်စားမှုကို ပိုပြီးရစေတယ်၊ စာရွက်စာတမ်းတွေဆိုရင်တောင် တချို့( လူထုထဲကတင် – ) ထပ်ဆင့်ကူးယူပြီး သူတို့ကိုယ်ပိုင်ဟန်နဲ့ဖြန့်ချီလိုက်တာကို တွေ့ရတယ် ။

          

ဝါဒဖြန့်ချီရေးရဲ့အကျိုးသက်ရောက်မှုဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားသလို ၊ ခန့် မှန်းဖို့လည်း အတော်ခက်တယ်၊ ဒုတိယကမ္ဘာစစ်သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်သူ နိုင်ငံရေးသိပ္ပံပညာ ရှင်တွေရဲ့ အဆိုအရ ဝါဒဖြန့်ချီရေးလုပ်ငန်းကြောင့် မဟာမိတ်နိုင်ငံတွေဟာ စစ်ပွဲရဲ ့ငါးဆယ်ရာခိုင်နူံးကို အ နိုင်ရ ခဲ့တယ်လို့ ဆိုတယ်၊ အဲဒီကာလမှာ ဂျာမနီ အာဏာရှင်ဟစ်တလာဆိုရင် မဟာမိတ်နိုင်ငံတွေရဲ ့ဝါဒဖြန့် ချီရေး လိုင်းဂယက် ဒဏ်ကြောင့် ဘီးလူးသဘက် တစ်ကောင်လို မကောင်းဆိုးဝါး သတ္တဝါအဖြစ်နဲ့ကမ္ဘာ့လူထု ကြားထဲ ပုံပေါ်သွားခဲ့ ရတယ်။

လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းထဲမှာတော့ အဓိကအားဖြင့်အခြားသောနိုင်ငံမှလူထုများ၊ အ ခြား အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ ၊ ပြည်သူ တရပ်လုံး ( လူထုတရပ်လုံးအပေါ်လွမ်းခြုံ ပစ်မှတ်ထားတဲ့ အခါ မျိုုးတွေမှာ ) အပေါ်ကို ပစ်မှတ်ထား ပြီး ဝါဒဖြန့်ချီရေးကို လုပ်ဆောင်ကြတယ် ၊ ဝါဒဖြန့်ချီရေး ကို အများအား ဖြင့် မှန်မှန်ကန်ကန်သတင်းမျိုး   နဲ့အချက်အလက်မျိုးတွေ အပေါ်မှာ အသုံးပြုမှုနည်းပါး တာကို တွေ့ရပါတယ် ၊ မိမိ ဖြစ်လိုသည့် ၊ ရလို သည့် အခြေအနေတခု ( သို့ ) အကြောင်းအရာတခု ကို မိမိပစ်မှတ်မှ လက်ခံလာ အောင်  ဟန်ပန်မျိုးစုံ ဖြင့် ( စနစ်တကျ စီစဉ်ပြီး ) ကြိမ်ဖန်များစွာ ( သ တင်းအဖြစ် ) ထုတ်လွင့်ခြင်း ၊ ပြောဆို ခြင်းဖြင့် လုပ် ဆောင်ခြင်းဟာ ဝါဒဖြန့်စည်းရုံးခြင်းပဲဖြစ်ပါတယ် ။ ဒီလိုလုပ်ခြင်းဖြင့် လူအများရဲ ့စိတ်ဝင်စား မှု ဖမ်းစား နိုင်ပြီး၊ မှားယွင်းနေသည့် သတင်းမျိုးကိုပင် အမှန့် သတင်းမျိုးဟုပင် ထင်ယောင်မှား လက်ခံမှုမျိုး ဖြစ် စေမှုတွေကို  ရရှိစေပါတယ် ။

အများအားဖြင့် ဝါဒ ဖြန့်ချီရေးဆို တာဟာ ဆန့်ကျင်ဖက်သဘော ၊ အကန်သဘောကို ဆောင် ပါတယ် ၊ ဘာကြောင့်ဆို ဝါဒဖြန့်ချီရေးကို ပြုလုပ်လာတဲ့ အဖွဲ့အစည်း ၊ နိုင်ငံတခုကိုသာအကျိုးရှိစေဖို့ ရည် ရွယ်ချက်ဖြစ်ပြီး ၊ ပစ်မှတ်ထားဝါဒဖြန့်ချီခံရတဲ့နိုင်ငံ ၊ အဖွဲ့အစည်း ၊ လူ့အဖွဲ့အစည်းကတော့ ဆန့် ကျင်ဖက် အကျိုး ရ လဒ် ကိုသာရစေနိုင်လို့ပါပဲ ၊ သို့သော်လည်း ဝါဒဖြန့်ချီ ရေးပြုလုပ်ပုံ မှားယွင်းခဲ့ရင် ( သို့ ) အား နည်း ချက်များခဲ့ရင်တော့ စည်းရုံးလိုသူတွေအနေနဲ့ ( ဝါဒဖြန့် ချီရေးလုပ်သူများ ) ရ နိုင်တာကတော့ သူတို့ မျော်လင့်တဲ့အကျိုးဆက်ရဲ့ ပြောင်းပြန်ရလဒ်ပဲဖြစ်ပါတယ်၊ ဒါကလည်း ဝါဒဖြန့် ချီရေးရဲ့သဘော သဘာ၀ ကိုက ဖြားယောင်း သွေးဆောင်မှုအသွင်၊ လိမ်ညာမှု အသွင်ကို ဆောင်နေလို့ပဲဖြစ်ပါတယ်၊ အကြိမ်ကြိမ် ပြောဆိုခြင်းအားဖြင့် လူတွေရဲ့ယုံကြည်စိတ်ကို လှည့် ဖြားရယူခြင်းမျိုး ဖြစ်တယ် ၊ မမှန်သတင်း ( သို့တည်း မဟုတ် ) အလွန်တရာချဲ့ကားထားတဲ့ သတင်းတွေကို ထုတ်လွင့် ခြင်းအားဖြင့်လူထု ( လူ့အဖွဲ့အစည်း ) အား စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေပြီး လူတွေရဲ ့အငုပ်စိတ်ကို ( ဒေါသ ၊ မကျေနပ်စိတ် ၊ ကြောက်စိတ် ၊ ရက် စက်လိုစိတ် ၊ ဆန့်ကျင်လိုစိတ် ၊ ယုံမှားသံသယစိတ် ၊ အားကိုးလိုစိတ် ) ဖွင့်ထုတ်လာအောင်လုပ်ခြင်းပဲ ဖြစ် ပါတယ် ။

မည်သည့်နိုင်ငံမှာပဲဖြစ်ဖြစ် အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အခါမှာ၊ ဝါဒဖြန့်ချီရေးကို အ ဆင့်နှစ်ဆင့် ခွဲခြားမြင်နိုင်တယ် ၊ အဆင့်နိမ့်တဲ့ ဝါဒဖြန့်ချီရေးကတော့ တော်လှန်ရုံ ၊ ဆန့်ကျင်ရုံသက်သက်လုပ် ခြင်းပဲဖြစ်ပြီး ၊ အဆင့်မြင့်တဲ့ ဝါဒဖြန့်ချီရေးကတော့ လူထုမြင်ကွင်းကို ထင်သာမြင်သာအောင် ရှင်းရှင်းပြရမယ် ၊ လူထုရဲ့ စိတ်ဓါတ်ကိုပြောင်းလဲနိုင်ရမယ် ၊ ဘာကြောင့် ၊ ဘယ်သူကြောင့် ၊ ဘာအတွက်ကြောင့် ဘယ်လိုတွေ ဖြစ်နေတယ် ၊ ဘယ်လိုလုပ်သင့်တယ် ၊ လုပ်ရမယ်ဆိုတာ မြင်လာအောင် ၊ သိလာအောင်လုပ်ရမယ် ၊ သဘော ကတော့ လူထုကို စိတ်ဓါတ်ရေးရာ မြှင့်တင်မှုနဲ့ယုံကြည်ချက်တွေကို ပြောင်းလဲလာအောင် ခိုင်မာလာအောင် လုပ်ခြင်းဖြစ်တယ် ၊ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ်အားလုံးနဲ့ပါတ်သက်လို့လူထုရဲ ့အခြေအနေမှန်ကို ထင်ဟပ် ပြောပြနိုင်ရမယ် ၊ အပြောင်းအလဲကို မြင်အောင်ပြနိုင်ရမယ် ၊ မျော်လင့်ချက်ကို ပေးနိုင်ရမယ် ၊ ပူးပေါင်းပါဝင် လာအောင်ဆွဲ ဆောင်နိုင်ရမယ် ။

ဝါဒဖြန့်ချီရေးလုပ်ငန်းရဲ့ အောင်မြင်မှုရှိ မရှိ ဆိုတာကိုတော့ ၊ ဝါဒဖြန့်ချီခြင်းကို ပုံဖော်တဲ့ အဖွဲ့အ စည်း ၊ ပုဂ္ဂိုလ်ရဲ့ တင်ပြလိုက် ၊ ပြောဆိုလိုက်တဲ့ အကြောင်းအရာပေါ်မှာ လူထုရဲ့စိတ်ဝင်စားမှု ၊ လက်ခံယုံ ကြည်မှု ၊ ပူးပေါင်း လှုပ်ရှားမှု ဘယ်လောက်ရသလဲဆိုတာနဲ့တိုင်းတာလို့ရပါတယ်။       ။

                                                                                               

သက်ထွန်း ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၃၊ ၂၀၂၂ 

Related Articles

Back to top button