သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ တပ်တွင်းစည်းရုံးလှုပ်ရှားလာကြောင်း လေ့လာသူတွေပြော

စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ တပ်တွင်းစည်းရုံးလှုပ်ရှားလာကြောင်း လေ့လာသူတွေပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၃၊ ၂၀၂၄
စစ်ကောင်စီဟာ အောက်ခြေတပ်တွင်းထိ ဆင်းကာ တပ်မိသားစုဝင်များအကြား ရွေးကောက်ပွဲဆိုင်ရာ ဟောပြော စည်းရုံးလှုပ်ရှားမှုတို့ကို ခပ်စိတ်စိတ် ပြုလုပ်လာနေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အနောက်တောင်တိုင်း စစ်ဌာနချုပ်သွားပြီးတော့ စစ်ကောင်စီတပ် လက်အောက်ခံများကို စစ်ခေါင်းဆောင်ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကြိုတင်ပြင်ဆင်မှုများ အားလုံးပြီးဆုံးပါက ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး စည်းရုံးခဲ့တယ်လို့ သိရပါ တယ်။
စစ်ကောင်စီဟာ၂၀၂၄ ထဲမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီး ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ပြောလေ့ရှိနေပါတယ်။ ဒါ့ကြောင့် အခုဆိုရင် စစ်ကောင်စီ လက်အောက်ခံတွေက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ မြို့ အနည်းငယ်မှာ ရွေးကောက်ပွဲလှုပ်ရှားမှုတွေ ပြုလုပ်နေတာ တွေ့ရှိ ရတယ်လို့ စောင့်ကြည့်လေ့လာ နေတဲ့ ဗမာ့ ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ပြောပါတယ်။
BACS ရဲ့ စောင့်ကြည့်မှုအရ စစ်ကောင်စီဟာ ရွေးကောက်ပွဲ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အခုတပတ် ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံတွေက ရွေးကောက်ပွဲလှုပ်ရှားမှု ၂၂ ကြိမ်ထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ မဲပေးစက် စမ်းသပ်တာ ၈ ကြိမ်၊ သန်းခေါင်စာရင်းအတွက် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်း ၇ ကြိမ်၊ Biometric Data ကောက်ယူမှု ၄ ကြိမ်၊ သက်ဆိုင်ရာ အစည်းအဝေး ၁ ကြိမ်နဲ့ ပန်းချင်းစီမံချက် ၃ ကြိမ်အထိ လှုပ်ရှားမှု ရှိခဲ့ပါတယ်။ စစ်ကောင်စီ လက်အောက်ခံတွေ လှုပ်ရှားခဲ့တဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတွေကိုတော့ နေပြည်တော်၊ မန္တလေးမြို့ပေါ်နဲ့ ပဲခူးတိုင်း၊ မော်လမြိုင်မြို့ပေါ်နဲ့ ပြည်မြို့တို့မှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကလည်း အခုနှစ် ၂၀၂၄ ဇန်နဝါရီလ အတွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပုံဖော်မှုနဲ့အတူ တွေ့ဆုံပွဲတွေ ပြုလုပ်လာနိုင်တာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ပါတီတခုချင်းစီအရ လှုပ်ရှားမှုအများဆုံးကိုတော့ စစ်တပ်နောက်ခံရှိတဲ့ USDP ပါတီက တပတ်အတွင်း ၂၄ ကြိမ်လှုပ်ရှားမှု ရှိခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ – NUP ကတော့ ၅ ကြိမ်ထိ လှုပ်ရှားမှု ရှိခဲ့ပေမယ့် စစ်ကောင်စီထံ မှတ်တင်ပုံတင်ထားတဲ့ အခြားပါတီတွေကတော့ အများပြည်သူသိရှိအောင် လှုပ်ရှားမှုတွေကို အသိပေးခြင်း မရှိခဲ့ သေးဘူးလို့ လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့တွေက ပြောပါတယ်။

ဓါတ်ပုံ – BACS

Related Articles

Back to top button