စကားဝိုင်း

၂၀၂၃ တော်လှန်ရေး အရွေ့ ကို ပြန်လည်သုံးသပ်ခြင်း (စကားဝိုင်းအနှစ်ချုပ်)

၂၀၂၃ တော်လှန်ရေး အရွေ့ ကို ပြန်လည်သုံးသပ်ခြင်း (စကားဝိုင်းအနှစ်ချုပ်)

၂၀၂၃ ခုနှစ်ရဲ့ တော်လှန်ရေး အရွေ့ နှင့် ဦးဆောင်မှုအပေါ်  ဆွေးနွေးသုံးသပ်ကြည့်ခြင်း

 (၁) ၂၀၂၃ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေးအရွေ့ကို အားရကျေနပ်မှုရှိပါသလား။ ဘယ်လိုမြင်ပါသလဲ။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

အပေါ်ယံကြည့်မယ်ဆိုရင် အားရကျေနပ်မှုကောင်းပါတယ်။ သို့ပေမဲ့ ၂၀၂၁၊ ၂၀၂၂ ခုနှစ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တော်လှန်ရေးနယ်မြေသစ်တွေထပ်တိုးလာ မတွေ့ရပါဘူး။ တိုက်ပွဲတွေ အရှိန်မြင့်လာပေမဲ့ အရင်က ဖြစ်နေတဲ့ နေရာတွေမှာဘဲ ထပ်တလဲလဲဖြစ်နေတာတွေ့ရပါတယ်။ နယ်မြေသစ်တွေမှာ ထပ်ဆောင်းဖြစ်လာတာ နည်းပါတယ်။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

တော်လှန်ရေးဆိုတာ အချိန်လိုပါတယ်။ နွေဦးတော်လှန်ရေးကို ကြည့်မယ်ဆိုရင် နှစ်ပိုင်းခွဲကြည့်လို့ရပါတယ်။ ကိုယ်ပိုင်ပြဌာန်းအခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အရင်တိုင်းရင်းသားဒေသတွေမှာ ရှိပြီးသား တော်လှန်ရေးနဲ့ ၂၀၂၁ အာဏာသိမ်းမှု အပြီးမှာ ထွက်ပေါ်လာတဲ့ တောလှန်ရေးနဲ့ ပေါင်းစပ်လာတာ ဖြစ်ပါတယ်။ ၁၀၂၇ နဲ့ ၁၁၁၁ စစ်ဆင်ရေးလှိုင်းတွေ ထွက်ပေါ်လာတဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ရှိလာတဲ့အတွက် အားတက်စရာနေရာတွေ ဖြစ်ပါတယ်။ ၂၀၂၃ ဟာ ဖြစ်သင့်ဖြစ်ထိုက်အခြေအနေကို ရောက်ရှိတယ်လို့ သုံးသပ်လို့ ရပါတယ်။

 ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

တော်လှန်ရေးဟာ ဆန္ဒအပေါ်မှာ မမူတည်ဘဲ လက်တွေ့အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ တိုက်ပွဲဖော်ဆောင်မှုအပေါ် အားရကျေနပ်မှုရှိပေမဲ့၊ သတင်းအချက်အလက်လျို့ဝှက်မှုနဲ့ မျှော်လင့်ချက်အမှားပေးမှုတွေနဲ့ပတ်သက်ပြီးတော့ လိုအပ်ချက်ရှိနေသေးပါတယ်။ အခြေအနေတွေအချိန်တိုင်းပြောင်းလဲနေတဲ့အပေါ်မှာ အချိန်ကိုက်လုပ်ဆောင်ဖို့လိုပါတယ်။ ၂၀၂၃ ဟာ စစ်ကောင်စီအတွက် အထိအနာဆုံးနှစ်လို့ ပြောလို့ရပါတယ်။ လာမဲ့နှစ်တွေမှာ ဒီထက်ပိုကြိုးစားသွားရမှာ ဖြစ်ပါတယ်။

(၂) ၂၀၂၃ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ ထင်သာမြင်သာရှိတဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေက ဘယ်အရာတွေလဲ။ တော်လှန်ရေးပန်းတိုင်အတွက် ဘယ်လောက်အထိ တွန်းအားဖြစ်စေခဲ့ပါသလဲ။

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

မတူကွဲပြားမှုတွေ များတဲ့ ဗမာပြည်လူ့အဖွဲ့အစည်းမှာ  အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ပြည်နယ်သစ်ပေါ်ထွန်းလာရေးအတွက် ပြည်နယ်ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲမှုတွေနဲ့ ပြည်နယ်သစ်ရေးဆွဲမှု ထွက်ပေါ်လာမှုက အားသာချက်တစ်ရပ်ဖြစ်ပါတယ်။  

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

နိုင်ငံရေးအရ စစ်ကောင်စီက အသုံးပြုနေရတဲ့လေယာဉ်ဆီကို တင်သွင်းနေတဲ့ MOGE ကို Sanction ချနိုင်ခဲ့တာက အားအကောင်းဆုံးကိစ္စဖြစ်ပါတယ်။ လူထုကို အထိအခိုက်အနည်းဆုံးတိုက်ပွဲတွေဖြစ်တဲ့ ကရင်နီနဲ့ ချင်းစတာတွေက ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအတွက် အကောင်းဆုံးပုံစံဖြစ်ခဲ့ပါတယ်။

(၃) ၂၀၂၁၊ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ၂၀၂၃ ခုနှစ်ရဲ့ တော်လှန်ရေးအားသာချက်၊ အားနည်းချက်တွေက ဘာတွေ ဖြစ်မလဲ။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

တော်လှန်ရေးအားသာချက်က ၂၀၂၃ မှာ ပိုပြီးလက်တွေ့ကြတဲ့အလုပ်တွေ ပိုလုပ်လာနိုင်တယ်။ (ချင်း၊ ကရင်နီ၊ ရှမ်းမြောက်) ပိုပြီး စနစ်ကျ၊ ရည်ရွယ်ချက် ရှိတဲ့အလုပ်တွေ ပိုလုပ်နိုင်ပါတယ်။ MOGE ကို ဆန်ရှင်လုပ်နိုင်ခဲ့ခြင်းနဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ဆက်လက်ရရှိခဲ့တာက အားသာချက်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ဖက်ဒရယ်နိုင်ငံသစ်နဲ့အညီ ရေးဆွဲရမဲ့ မြေပုံအသစ်တွေ ရေးဆွဲဖို့အတွက် ရှင်းလင်းတဲ့အတွေးအခေါ်တွေမရှိနေသေးဘူး။ လက်ရှိအတိုင်းကို ဆွဲထားချင်တာ က အန္တရာယ်။ ဗဟိုအားကြီးမှုက စိုးရိမ်စရာကောင်းပါတယ်။ လိုအပ်ချက်တွေကို သိပြီး ပြင်ဆင်သွားမယ်ဆိုရင် အားသာချက်တွေ ဖြစ်လာမှာဖြစ်ပါတယ်။

 ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

တိုက်ပွဲမှာ Drone တွေနဲ့ ဗုံးကြဲလာနိုင်သလို၊ လေယာဉ်ကို ပစ်ချလာနိုင်တဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် နည်းပညာအားပိုကောင်းလာတာ တွေ့ရပါတယ်။ အားနည်းချက်ကတော့ တော်လှန်ရေးအင်အားစုအကြား ပွတ်တိုက်မှုတွေ များလာတာတွေ့ရပါတယ်။ တော်လှန်ရေးကာလမှာ တိုက်ပွဲကြား လူထုကို မကာကွယ်ပေးနိုင်ရင် တော်လှန်ရေးနဲ့ ပြည်သူတွေ ပိုမိုအလှမ်းဝေးလာနိုင်ပါတယ်။

(၄) စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ဖို့အတွက် ဘယ်အရာတွေကို အလေးစိုက် လုပ်ဆောင်ဖို့လိုအပ်ပါသလဲ။

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

လက်တွေ့ဘဝရဲ့ ရင့်ကျက်မှု၊ ကျွမ်းကျင်မှုက တော်လှန်ရေးအားသာချက်ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု၊ စုပေါင်းခေါင်းဆောင်မှုနဲ့ တပြည်လုံးအတိုင်းအတာနဲ့ တပ်ပေါင်းစုမဖွဲ့စည်းနိုင်နေသလို၊ စစ်ဘုရင်ဝါဒကြီးထွားလာတာက အားနည်းချက်တစ်ရပ်ဖြစ်ပါတယ်။

(၅) ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဘယ်အရာတွေကို အလေးစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါ သလဲ။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

အားလုံးအကြား အတွေးအခေါ် ရှင်းဖို့လိုပါတယ်။ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှုလျော့ချဖို့ လုပ်နေတာလားအပေါ်  ကွဲပြားဖို့လိုပါတယ်။ နယ်မြေနဲ့ဆက်စပ်တဲ့အခွင့်အရေး၊ နယ်မြေနဲ့မဆက်စပ်တဲ့ နိုင်ငံသားဆိုင်ရာအခွင့်အရေးကို လည်း အာမခံဖို့ လိုပါတယ်။ အသီးသီးကြားမှာ ဝှက်ထားတဲ့ ဖဲချပ်တွေ ရှိသေးတယ်လို့ ခံစားရပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လိုပုံစံနဲ့ လိုချင်ကြသလဲဆိုတာကို ပြောဖို့လိုပါတယ်။ လူထုသဘောထားကို ထည့်သွင်းပြီး နိုင်ငံတော်ကို တည်ဆောက်ဖို့ လိုပါတယ်။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ) )

ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် (၁) အရပ်ဘက်- စစ်ဘက် မျှချေဖြစ်ဖို့လိုပါတယ်။ ပြည်နယ်တခုကို တည်ဆောက်တဲ့နေရာမှာ အတည်စုစည်းမှု လုပ်မယ်ဆိုရင်၊ လက်နက်အင်အားကြီးတဲ့အပေါ်မှာ အခြေခံပြီးတော့ လူထုရဲ့ ဆန္ဒကို အခြေမခံဘူးဆိုရင် အခြေအနေတွေ ပိုဆိုးသွားလာနိုင်ပါတယ်။

အောင်မြင်တဲ့ တော်လှန်ရေး အရွေ့နှင့် တည်ငြိမ်တဲ့ အုပ်ချုပ်ရေးယန္တယား ပေါ်လာစေဖို့ အကြံပြု ဆွေးနွေးခြင်း

(၁) လက်ရှိနွေဦးတော်လှန်ရေးဟာ အချိန်ဘယ်လောက်အထိ ကြာနိုင်မယ်လို့ ခန့်မှန်းပါသလဲ။ အပြီးသတ်နိုင်ဖို့ နီးပြီလား။ ဝေးနေသေးသလား။

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

ဘယ်လောက်ကြာမလဲက ဘယ်လောက်ညီညွတ်နိုင်မလဲအပေါ် မူတည်ပါတယ်။ ရန်သူအင်အား၊ မိမိအင်အားအပေါ် မူတည်ပါတယ်။ အပြန်အလှန်အသိအမှတ်ပြုမှု၊ သွေးစည်းချစ်ကြည်မှု၊ ညီညွတ်မှုနဲ့ တပ်ပေါင်းစုကို တည်ဆောက်ပြီး ရန်သူကို တိုက်ခိုက်ဖို့ လိုပါတယ်။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

တော်လှန်ရေးအောင်မြင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအကြား စုစည်းမှု၊ အပြန်အလှန်ယုံကြည်မှု၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပြန်အလှန်ယုံကြည်မှုတွေ ပိုမိုတည်ဆောက်ဖို့လိုပါတယ်။

(၂) ၂၀၂၃ ခုနှစ်အလွန်ကာလမှာ တော်လှန်ရေးအရွေ့က ဘယ်လို အပြောင်းအလဲ ဖြစ်လာနိုင်သလဲ။ အဲဒီအရွေ့  အတွက် ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေက ဘယ်လောက်ထိ အရေးပါတယ်လို့ ယုံကြည်ထားပါသလဲ။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica) ၊

စခန်းသိမ်းတိုက်ပွဲတွေ လုပ်တာက အလွန်ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ သို့ပေမဲ့ မြို့သိမ်းတာက သတိကြီးကြီးထားလုပ်ဆောင်ဖို့ လိုပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ လုပ်ပေးပြီးနောက်မှာ စကစက မြို့တွေကို အပြီးပိုင်ဖျက်သိမ်းလိုက်တဲ့အချိန်မှာ ပြည်သူတွေအပေါ် ထိခိုက်မှုကြီးပါတယ်။ ထိန်းချုပ်မှုထက် ဩဇာအာဏာ ဖြန့်ကျက်နိုင်မှုကို ပိုမို အားစိုက်ဖို့ လိုပါတယ်။ ပြင်ဆင်မှုရှိရှိနဲ့သာ တိုက်ပွဲတွေကို ဖော်ဆောင်ဖို့ လိုပါတယ်။

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်နဲ့ ပတ်သက်ပြီး ဥက္ကဌမော် ပြောခဲ့တာကို ပြန်ကိုးကားရမယ်ဆိုရင် ရန်သူစခန်းကို ကိုယ်က သိမ်းလိုက်၊ ကိုယ့်ကို ရန်သူက လာတိုက်ခိုက်လိုက်၊ တဖန် ရန်သူရဲ့တောင်ပံကို ရိုက်ချိုးလိုက်နဲ့ တော်လှန်ရေးကိုအောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။ တပြည်လုံးလွတ်မြောက်ရေးအတွက် တပြည်လုံးအတိုင်းအတာနဲ့ တပ်ပေါင်းစုတစ်ခု တည်ဆောက်ပြီး စစ်ရေးကို ဖော်ဆောင်ဖို့လိုပါတယ်။ မြောက်ပိုင်းတိုက်ပွဲနဲ့ပတ်သက်ပြီး သူတို့အစီအစဉ်နဲ့ သူဖြစ်ပါတယ်။ သူများတိုက်ပွဲကို ကိုယ့်တိုက်ပွဲမလုပ်ပါနဲ့။ ကိုယ့်တိုက်ပွဲကို ကိုယ်တိုင်ဖော်ဆောင်ဖို့လိုပါတယ်။

(၃) တဆက်တည်းမှာဘဲ တပ်စခန်းသိမ်းမှုတွေ၊ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုတွေကနေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ယန္တယား ဘယ်လိုဖော်ဆောင်သင့်ပါသလဲ။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

လက်ရှိတော်လှန်ရေးအင်အားစုတွေ ရထားတဲ့နေရာအများစုသည် အသွင်အားဖြင့် မတူကွဲပြားတွေ အများကြီးရှိပါတယ်။ မြို့နေလူထုရဲ့ သဘောထားကို ကြည့်ဖို့လိုပါတယ်။ တိုက်ပွဲသိမ်းနိုင်ရုံနဲ့ အုပ်ချုပ်ရေးကို တည်ထောင်အုပ်ချုပ်မယ်ဆိုရင် ပြည်သူက ထွက်ပြေးမှာ ဖြစ်ပါတယ်။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

အုပ်ချုပ်ရေးကိုတည်ထောင်ရာမှာ ၁၉၄၉ ခုနှစ် တော်လှန်ရေးအင်အားစုတွေ သုံးခဲ့တဲ့နည်းနာကို ပြန်ပြောချင်ပါတယ်။ ၁၉၄၉ ခုနှစ် တော်လှန်ရေးအင်အားစုတွေ အားကောင်းချိန်ကို ပြန်ကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးကိုဖော်ဆောင်တဲ့အချိန်မှာ မြို့မိမြို့ဖ သုံးချိုးနှစ်ချိုး၊ တော်လှန်ရေးအင်အားစုက သုံးချိုး တစ်ချိုးနဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်သင့်ပါတယ်။ စစ်ကောင်စီရဲ့ ရက်ရက်စက်စက်တုံ့ပြန်မှုကိုလည်း သတိထားဖို့ လိုပါတယ်။

(၄) လက်ရှိတော်လှန်ရေး အင်အားစုတွေအတွက် စိန်ခေါ်မှုကြီး ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကနေ အကာအကွယ် ရနိုင်ဖို့ လက်ရှိ စဉ်းစားချက် (ကတုတ်ကျင်းကောင်း တည်ဆောင်ခြင်း) တွေထက်ပိုတဲ့ နောက်ထပ် ဘယ်လို နည်းလမ်းတွေကို စဉ်းစား သင့်ပါလဲ။ 

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

ရန်သူလာမှ ကတုတ်ကျင်းထဲဝင်တာထက်စာရင် ရန်သူရှိရာကို သွားပြီး ရန်သူ့ရဲ့ အခြေစိုက်စခန်းကို သွားရောက် တိုက်ခိုက်မှုကသာ လေကြောင်းရန် ကာကွယ်မှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

လက်ရှိအချိန်တော့ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် အလွန်ခက်ပါတယ်။ ကတုတ်ကျင်းတူးတာတဲ့ ပိုတဲ့ နည်းလမ်းကိုတော့ လက်တွေ့မှာတော့ မစဉ်းစားမိသေးပါဘူး။ လက်ရှိမှာတော့ ပြည်သူတွေ ပိုမိုရှောင်လာနိုင်တာတွေ တွေ့ရပါတယ်။ နောက်တခုကတော့ လေယာဉ်ဆီရောင်းချတဲ့နိုင်ငံတွေကို ရှုတ်ချတာ၊ အပြစ်တင်တာတွေလုပ်ဖို့၊ နိုင်ငံတကာကို No Fly Zone တောင်းဆိုမှုတွေ ဆက်လုပ်ဖို့ လိုပါတယ်။ နောက်တခုက လေတပ်စခန်းတွေကို ပိုမိုတိုက်ခိုက်ဖို့ လိုပါတယ်။

 (၅) ၂၀၂၃ ခုနှစ်ကာလအလွန်မှာ တော်လှန်ရေးအားကောင်းဖို့အတွက် ဘယ်အရာတွေကို အလေးထားအားစိုက် လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။

ယိင်းမွေလျန်း (သျှမ်းလူငယ်တက်ကြွလှုပ်ရှားသူ)

တော်လှန်ရေး အားကောင်းဖို့အတွက်ဆိုရင် အချင်းချင်းကြား စုစည်းနိုင်ဖို့လိုသလို၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့လိုပါတယ်။

(၆) တပ်ပေါင်းစု NUG နဲ့ EAO အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရပါသလဲ။

ကိုမိုးထက်နေ (နိုင်ငံရေးနှင့် သုတေသန အကြံပေး၊ Nyan Lynn Thit Analytica)

ဗဟိုချုပ်ကိုင်မှုကို လျော့ချဖို့လိုပါတယ်။ တပ်ပေါင်းစုပေါ်တဲ့အချိန်က နိုင်တဲ့အချိန်ဘဲ။ (၁) မဟာမိတ်ဆက်ဆံရေးကို အတိအကျ တည်ထောင်ဖို့လိုပါတယ်။ (၂) သူများတိုက်ပွဲကို ကိုယ့်တိုက်ပွဲမလုပ်ဖို့လိုပါတယ်။ (၃) အပြန်အလှန် လေးစားမှု ၊ (၄) နက်ရှိုင်းတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုပါတယ်။ ထမင်းလုံးနဲ့ကပ်ထားတဲ့ တပ်ပေါင်းစုမဖြစ်ဖို့လိုပါတယ်။

(၇) NUG နဲ့ EAO ကြား ဘာကြောင်း မဟာမိတ် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးတာလဲ။

ရဲဘော်ကောင်းထက်ကျော် (အထွေထွေအတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအင်အားစု)

အပြန်အလှန်အသိအမှတ်ပြုမှု မရှိမှု ကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်နိုင်မှု၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ ခံယူချက်ခိုင်မာမှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေကလည်း NUG ကို အစိုးရအနေနဲ့ အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ သို့ပေမဲ့ အစိုးရအဖြစ် အသိအမှတ်ပြုခြင်းဟာ  NUG လက်အောက်ခံအနေနဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တော်လှန်ရေးတစ်ရပ် အောင်မြင်ဖို့အတွက် ဆိုရင် (၁) နိုင်ငံရေးအရ တည်ဆောက်ရေး၊ (၂) တပ်တည်ဆောက်ရေး၊ (၃) ဒေသတည်ဆောက်ရေး။

Related Articles

Back to top button