သတင်း

ကိုးကန့်ဒေသမှာ ဒီဇင်ဘာလကုန်ထိ အပစ်ခတ် ရပ်စဲထားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်​နေပြီလို့ MNDAA အသိပေး

ကိုးကန့်ဒေသမှာ ဒီဇင်ဘာလကုန်ထိ အပစ်ခတ်ရပ်စဲထားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်​နေပြီလို့ MNDAA အသိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၀၊ ၂၀၂၃
 
ရက်အနည်းငယ်ကြာတိုက်ပွဲတွေငြိမ်သက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်၊ မနက်ပိုင်းအချိန်ကနေစတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ် ပြီလို့ MNDAA အသိပေး ထုတ်ပြန်လာပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်၊ ညနေပိုင်းအချိန်က စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်နဲ့ MNDAA ခံတပ်ကို သုံးကြိမ် တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၁၉ရက်ကစတင်ပြီး ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောမှာ တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
စစ်ကောင်စီတပ်နဲ့ MNDAAဟာ ဒီဇင်ဘာလ ၁၀ ရက်စတင်ပြီး ကိုးကန့်ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွား တာမရှိခဲ့ပေမယ့် ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA ရဲ့ ခံတပ်ကို စတင် ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့တာကြောင့် တိုက်ပွဲတွေပြန်ဖြစ်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
“အပစ်ရပ်ထားပေမယ့် MNDAAကတော့ ကိုးကန့်ဒေသကို အလုံးစုံမရမချင်း တိုက်နေအုံးမှာလို့ မြင်တယ်။ စစ်တပ်ကလည်း ပေးဖို့ပြင်ဆင်နေတယ်လို့ထင်ရတာပေါ့နော်။ တစ်ခုရှိတာက နှစ်ဖက် စလုံးအတွက် စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအချက်အချာကျတဲ့ ကွမ်းလုံကိုပါ MNDAA က ထိန်းချုပ်ချင်နေတာကြောင့် ညှိနှိုင်းမှုတွေ အဆင်မပြေ သေးဘူးလို့ ထင်ပါတယ်”လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူတစ်ဦးက FJMMကိုပြောပါတယ်။
 
စစ်ကောင်စီဟာ ကွမ်ရင်ရှမ်(တရုတ်ဘုံကျောင်း)နဲ့ ဖီဖာရွှေနေရာကနေ MNDAAရဲ့ ခံတပ်ကို လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဂျက်လေယာဉ်နဲ့ MNDAAရဲ့ ခံတပ်ကို သုံးကြိမ် တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို စစ်ကောင်စီတပ်ရဲ့ ရန်စပစ်ခတ်တိုက်ခိုက်မှုကြောင့် MNDAA မှ ခုခံစစ်အနေနဲ့ တုန့်ပြန် တိုက် ခိုက် လာပြီးနောက် ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်းက တရုတ်နိုင်ငံမှာ တွေ့ဆုံ ခဲ့ကြပြီးနောက် MNDAA နဲ့ စစ်ကောင်စီတပ်ဟာ အခုဒီဇင်ဘာလကုန်အထိ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားကြတာ ဖြစ်ပါ တယ်။

ဓါတ်ပုံ – The KoKang (ပုံဟောင်း)

Related Articles

Back to top button