သတင်း

ရှမ်းတောင်မှာ တစ်ပတ်အတွင်း တော်လှန်ရေးနဲ့ ပတ်သက်ကြောင်း စွပ်စွဲဖမ်းဆီးခံရသူ ၃၀ ဦးကျော် ရှိလာ

ရှမ်းတောင်မှာ တစ်ပတ်အတွင်း တော်လှန်ရေးနဲ့ ပတ်သက်ကြောင်း စွပ်စွဲဖမ်းဆီးခံရသူ ၃၀ ဦးကျော် ရှိလာ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၈၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ တစ်ပတ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ် ပတ်သက် တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃၀ဦးကျော် ရှိလာပြီလို့ ဖမ်းဆီးခံရသူ တွေရဲ့ မိသားစုဝင်တွေထံကနေ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်က ရွာငံဒေသခံ ၈ဦးကို စတင်ဖမ်းဆီးသွားတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်အထိ ဖမ်းဆီးခံရသူ ၃၂ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
 
“ရွာငံ၊ အလည်ချောင်ရွာက ချိူးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့က တော်လှန်ရေးရဲဘော် ကိုပြူးကို ဖမ်းမမိတော့ သူ့မိသားစုဝင် ၈ဦးကိုဖမ်းသွားတာ။ ကိုပြူးကို အစကတည်းက သူ့မိသားစုဝင်တွေက အမွေပြတ်စွန့်ထားတာကြာပြီ၊ ဒါပေမယ့် စစ်တပ်က အဲဒီကနေ နောက်ဆက်တွဲဖမ်းဆီးခံရတာလည်း ဆက်တိုက်ပဲ၊ စွပ်စွဲပြီးဖမ်းတာပေါ့”လို့ မိသားစုဝင်တစ်ဦးက FJMM ကို ပြောပါတယ်။
 
ရွာငံမြို့နယ်မှ ၁၂ဦး၊ တောင်ကြီးမြို့နယ်မှ ၁၁ဦး၊ ပင်းတယမြို့နယ်မှ ၂ဦး၊ ဖယ်ခုံမြို့နယ်မှ ၃ဦး၊ ညောင် ရွှေမြို့နယ်မှ ၃ဦး၊ ကလောမြို့နယ်မှ ၁ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
“လောလောဆယ်တော့ နိုင်ငံရေးမှာဘာမှမပါတ်သက်ဘူးဆိုတာပြပြီး ငွေပေးညှိနှိုင်းဖို့ပြင်နေတယ်။ သူ့သူငယ်ချင်းတစ်ယောက်က တော်လှန်ရေးရဲဘော်ဖြစ်နေတော့ အဆက်အသွယ်လုပ်တယ်ဆိုပြီး စစ်တပ်က လာဖမ်းသွားတာ”လို့ ဖမ်းဆီးခံရသူတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက FJMM ကို ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ နားလည် ရပြီး မိသားစုဝင်တွေနဲ့တော့ တွေ့ဆုံခွင့် ဆက်သွယ်ခွင့် မရသေးဘူးလို့လည်း သိရပါတယ်။

Related Articles

Back to top button