ဖက်ဒရယ်လစ်ဇင်အကြောင်းအတွေးအမြင်

ဖက်ဒရယ်ရဲ့ မိသားစုစိတ်ဓါတ်

ဖက်ဒရယ်ရဲ့ မိသားစုစိတ်ဓါတ် | လင်းလက် – အတွေးအမြင်

နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရမယ်ဆိုတာကို လက်ခံထားကြပြီးပါပြီ။ ဒါပေမယ့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကြားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတာကို မှန်မှန်ကန်ကန်နားလည်ရဲ့လားဆိုတာက ဆန်းစစ်ရမယ့်ကိစ္စပါ။

ယေဘုယျအားဖြင့်ပြောရရင် ဖယ်ဒရယ်စနစ်ဆိုတာ တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးထားတဲ့ စနစ်လို့ နားလည်ကြပါတယ်။ ဒီအယူအဆက မမှားပါဘူး၊ ဒါပေမယ့် မပြည့်စုံပါဘူး။ ပြောမယ်ဆိုရင် ဖက်ဒရယ်စနစ်ဆိုတာ တိုင်းပြည်ထဲမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူနည်းစုဖြစ်စေ၊ လူများစုဖြစ်စေ သူတို့ရဲ့ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်ကို အာမခံချက်ပေးထားပြီး ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စတွေမှာ တိုင်းရင်းသားလူနည်းစုတွေရော၊ တိုင်းရင်းသားလူများစုကိုပါ တန်းတူရည်တူမျှမျှတတ ပါဝင်ဆုံးဖြတ်ခွင့်ပြုထားတဲ့ စနစ်ကို ဆိုလိုတာပါ။

ဒီအယူအဆကို လက်ခံတဲ့ပြည်သူတွေကြားမှာတောင် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်က ဘယ်လိုပုံစံမျိုးဖြစ်သင့်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူ ထားကြတာ မဟုတ်ပါဘူး။ အမျိုးမျိုးအဖုံဖုံအယူအဆတွေ ကွဲပြားနေကြတာပါ။

တိုင်းပြည်ကဖြတ်သန်းခဲ့တဲ့အခြေခံသမိုင်းကြောင်းအပေါ် အခြေခံစဉ်းစားကြည့်ရင် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်နယ်ဘယ်လောက်အရေအတွက်နဲ့ ဖွဲ့စည်းမှာလဲ။ ပြည်နယ်တွေကို စဉ်းစားတဲ့နေရာမှာ ပထဝီအနေအထားအပေါ် အခြေခံစဉ်းစားမှာလား။

ဒီမေးခွန်းတွေက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖွဲ့စည်းမယ်ဆိုရင် မဖြစ်မနေဖြေရမယ့် မေးခွန်းတွေပါ။ ဒီတော့ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ အခြေခံယူနစ်ကို ပြည်နယ်လို့ပဲ သတ်မှတ်ထားပါတော့။ ဒီပြည်နယ်မှာ ဘယ်လိုရပိုင်ခွင့်တွေရှိမလဲ၊ ဘယ်လိုတာဝန်ဝတ္တရားတွေရှိမလဲ။

အကြားအမြင်များတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးပြောပြတာက မွန်နိုင်ငံရေးအင်အားစုတွေ ရေးဆွဲထားတဲ့ မွန်ပြည်နယ်ဖွဲ့စည်းပုံမှာ မွန်ဘာသာကို တရားဝင်ရုံးသုံး ဘာသာအဖြစ်ပြဌာန်းဖို့ ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်မှာ မွန်ဘာသာကို တရားဝင်ရုံးသုံးဘာသာအဖြစ် ပြဌာန်းလိုတာကို နားလည်နိုင်ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သေးပါဘူး။ အခုစောလွန်းပါတယ်။ ပြည်နယ်ကိုကိုယ်စားပြုတဲ့ ယန္တရားတွေမှာ မွန်ဘာသာကိုနားလည်တဲ့ ဝန်ထမ်းအရေအတွက် ဘယ်လိုမှလုံလုံလောက်လောက်မရှိနိုင်သေးပါဘူး။

ပြည်နယ်ကိုယ်စားပြုယန္တရားတွေမှာ အမိန့်၊ ညွှန်ကြားချက်၊ မှတ်တမ်းစတာတွေကို မွန်ဘာသာနဲ့ အပြည့်အစုံ ပြင်ဆင်ဆောင်ရွက်ဖို့ဆိုတာ အချိန်တိုအတွင်း မဖြစ်နိုင်သေးပါဘူး။ မွန်ဘာသာအပါအဝင် တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ စာပေမြှင့်တင်ရေးကို ဖက်ဒရယ်နိုင်ငံတော်သစ်ရဲ့ အရေးကြီးတဲ့ရေရှည်နိုင်ငံရေးဦးတည်ချက်အဖြစ် ချမှတ်ဆောင်ရွက် ရမှာဖြစ်ပေမယ့် ရေတိုကာလအတွင်း တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်တာကတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးအရ ဆိုးကျိုးတွေကို တုန့်ပြန်ဖြစ်စေမှာပါ။

အရေးကြီးတဲ့နိုင်ငံရေးအခြေခံမူကတော့ မွန်ပြည်နယ်မှာ မွန်ဘာသာကို တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်မယ်ဆိုရင် မွန်ပြည်နယ်နယ်နမိတ်ထဲမှာ နေထိုင်ကြတဲ့ မွန်လူမျိုးမဟုတ်တဲ့ ကျန်ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ဆန္ဒ၊ အတည်ပြုမှုကိုလည်း ရယူဖို့လိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်မှာ လူများစုဖြစ်တဲ့ဗမာတွေက သူတို့စိတ်တိုင်းကျတစ်ဖက်သတ်လုပ်ရပ်တွေကို လုပ်ပိုင်ခွင့်မရှိသလို ပြည်နယ်တစ်ခုချင်းမှာလည်း လူများစုဖြစ်တဲ့ လူမျိုးစုတစ်ရပ်က ကျန်ပြည်နယ်သူ၊ ပြည်နယ်သားတွေအပေါ် သူတို့စိတ်တိုင်းကျတစ်ဖက်သတ်လုပ်ရပ်တွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။

ဒီမြေ၊ ဒီရေ၊ ဒီလေမှာ ဘိုးဘေးဘီဘင်အဆက်ဆက် အခြေချနေထိုင်ရုန်းကန်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးစုကို ဂုဏ်ပြုအသိအမှတ်ပြုတဲ့အနေနဲ့ သက်ဆိုင်ရာလူမျိုးအလိုက် ပြည်နယ် တွေကိုသတ်မှတ်ပေးရမှာဖြစ်ပေမယ့် ဒါဟာ ပြည်နယ်နယ်နမိတ်ဧရိယာတစ်ခုလုံးကို ဒီလူမျိုးစုတွေကို အမွေခွဲ၊ အပိုင်ပေးလိုက်တာ မဟုတ်ပါဘူး။ ပြည်နယ် ကိုယ်စားပြု ယန္တရားအားလုံး၊ ပြည်နယ်ကိုယ်စားပြုဆုံးဖြတ်ချက်အားလုံးဟာ ဒီပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးဆန္ဒကို ထင်ဟပ်ကိုယ်စားပြုရမှာဖြစ်ပါတယ်။

အရေးအကြီးဆုံးအခြေခံလိုအပ်ချက်ကတော့ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေက ဘာကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် စုစည်းနေထိုင်ကြမှာ ဆိုတာ ကို မှန်မှန်ကန်ကန်နားလည်ဖို့ လိုအပ်ပါတယ်။ ဖယ်ဒရယ်ပဠိဉာဉ်မှာ ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝသယံဇာတတွေကို သက်ဆိုင်ရာပြည်နယ်ကပဲ ပိုင်ဆိုင်ခွင့် ရှိစေရ မယ်လို့ ဆိုထားပါတယ်။ အပေါ်ယံကြည့်ရင် မှန်ကန်တဲ့သဘောတရားလို့ ယူဆစရာရှိပေမယ့် လက်တွေ့မှာ ဒီသဘောတရားဟာ မှန်ကန်တဲ့သဘောတရားမဟုတ်ပါဘူး။

သယံဇာတနဲ့ပါတ်သက်ပြီး ကမ္ဘာ့ဖက်ဒရယ်နိုင်ငံတွေမှာ သက်ဆိုင်ရာပြည်နယ်က ဘယ်လောက်ရာခိုင်နှုန်းယူ၊ ကျန်ရာခိုင်နှုန်းကို ဖယ်ဒရယ်နိုင်ငံတော်တစ်ရပ်လုံးရဲ့ ရန်ပုံငွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ဖွဲ့စည်းကြမယ့် ပြည်နယ်တွေဟာ ပထဝီနယ်မြေအနေအထားခြင်း မတူညီနိုင်သလို ပြည်နယ်တစ်ခုချင်းအလိုက် ရှိတဲ့အားနည်းချက်၊ အားသာချက်တွေကလည်း အမျိုးမျိုးအဖုံဖုံကွဲပြားနေကြတာပါ။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် ဖွဲ့စည်းရတဲ့ ပင်မရည်ရွယ်ချက်ကလည်း ပြည်နယ်တစ်ခုချင်းအလိုက် ရှိနေတဲ့အားနည်းချက်တွေကို ကျန်ပြည်နယ်တွေရဲ့ အားသာချက်တွေနဲ့ ဖေးမဖြည့်ဆည်းပေးပြီး ပြည်နယ်တစ်ခုချင်းအလိုက် အားသာချက်တွေကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်လုံးကောင်းကျိုးအတွက်  အကောင်းဆုံးဟန်ချက်ညီညီပေါင်းစပ်နိုင်ဖို့ပါ။

နမူနာအဖြစ် ဥရောပသမဂ္ဂ(EU)နဲ့ အာဆီယံကို ကြည့်စေလိုပါတယ်။ ဥရောမသမဂ္ဂမှာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေဟာ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယားတို့လို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံငယ်တွေထက် စီးပွားရေးအင်အားအရရော၊ နည်းပညာတိုးတက်မှုအရပါ အဆများစွာသာပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇နိုင်ငံစလုံးရဲ့ ကောင်းကျိုးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံး ညှိနှိုင်းချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက တခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်နာရပါတယ်။

ဒီလိုမှမလိုက်နာဘူးဆိုရင် အမေရိကန်၊ တရုတ်၊ ဂျပန်စတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံကြီးတွေက ဥရောပသမဂ္ဂကို တစ်ခုတည်းသောအဖွဲ့အစည်းအဖြစ် ဘယ်လိုမှ လေးစားအသိအမှတ်ပြုဆက်တံမှာ မဟုတ်ပါဘူး။

ဒီလိုအသိအမှတ်ပြုဆက်ဆံမှလည်း ဥရောပသမဂ္ဂဟာ နိုင်ငံတကာစီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်နိုင်မှာပါ။ အဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံသဘောတူထားတဲ့ မူဘောင်ခိုင်ခိုင်မာမာမရှိသလို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းအလိုက် မူဝါဒသဘောထားတွေက အမျိုးမျိုးအဖုံဖုံဖြစ်နေတဲ့အတွက် အာဆီယံအဖွဲ့ဟာ ဥရောပသမဂ္ဂ(EU)လို ခိုင်မာအားကောင်းတဲ့ ရပ်တည်ချက်မျိုးမရှိပါဘူး။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရဲ့ အခြေခံအနှစ်သာရကိုက ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်(Self-Rule)နဲ့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စရပ်တွေအတွက် ပြည်ထောင်စု အဖွဲ့ဝင်နယ်မြေတိုင်းက တန်းတူရည်တူပါဝင်ဆုံးဖြတ်ပိုင်ခွင့်တို့ကို ဟန်ချက်ညီညီပေါင်းစပ်ဖွဲ့စည်းရတာပါ။

ပြည်နယ်တစ်ခုချင်းအလိုက် ရှိနေတဲ့အားနည်းချကိုတွေကို ကျန်ပြည်နယ်တွေရဲ့ အားနည်းချက်တွေနဲ့ ဖေးမဖြည့်ဆည်းပေးပြီး ပြည်နယ်တစ်ခုချင်းရဲ့ အားသာချက်တွေကို ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်လုံးရဲ့ ကောင်းကျိုးအတွက် အပြန်အလှန်စုစည်းအသုံးချနိုင်အောင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖွဲ့စည်းတာပါ။

ဒီနိုင်ငံရေးအနှစ်သာရကို မှန်မှန်ကန်ကန်နှလုံးသွင်းနိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖွဲ့စည်းနိုင်မှာပါ။

  • လင်းလက်

Related Articles

Back to top button