မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံပါတီ ZPM က နေရာအများစုအနိုင်ရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၃
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံနိုင်ငံရေး ပါတီ ဖြစ်တဲ့ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိထားတယ်လို့ ဒေသတွင်း ရုပ်သံသတင်းဌာန Zonet ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ မဲရလာဒ်ကို ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စ၍ ရေတွက်ကြရာမှာ မဲဆန္ဒနယ်မြေ ၄၀ တွင် ZPM ပါတီက ၂၇ နေရာ၊ လက်ရှိအစိုးရ MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနှင့် INC ပါတီက ၁ တစ်နေရာရရှိခဲ့သည်ဟု Zonet က ဖော်ထားပါတယ်။
အဲဒီထဲက ထူးခြားချက်ကတော့ လက်ရှိ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကတော့ ထပ်မံ ရွေးကောက်ခြင်း မခံခဲ့ရဘူးလို့ သိရပါတယ်။
အိန္ဒိယရွေးကောက်ပွဲကော်မရှင်က အနိုင်ရရှိတဲ့ ပါတီကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေး ပေမယ့် မဲရေတွက်မှုရလဒ်အရတော့ Zoram People Movement (ZPM) ပါတီက မဲဆန္ဒနယ်မြေ ၂၇ နေရာမှာ အနိုင်ရရှိနေပြီဖြစ်လို့ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ပါတယ်။
Zoram People Movement (ZPM) ပါတီဟာ ဒေသအခြေပြု အမျိုးသားရေးပါတီတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ် စုများ ပေါင်းစည်းညီညွတ်ရေးကို လိုလားတဲ့ အမျိုးသားရေးပါတီတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Zonet Cable TV Pvt Ltd